ငါ့ကို ဘယ်သူ သံသယဝင်ဝံ့သလဲ ... ။
Vol. 73 Ch. 869
“ မောက်မာလိုက်တာ ... ။ ”
ရွှေရောင်ဝတ်လုံနှင့် အဖိုးအိုခမျာ မျက်ခုံးပင့်ပြီး အနည်းငယ် တွန့်ဆုတ်သွားသည်။ စုရီ၏ မောက်မာလွန်းသော အမူအရာကြောင့် ချက်ချင်းတိုက်ခိုက်လိုခဲ့သော်လည်း တစ်စုံ တစ်ရာမှ သူ့အပေါ်တားဆီးနေခဲ့၏။
ယင်းသည် ဗီဇအသိပေပင်။ ထို့ကြောင့် အံကြိတ်လျက် သည်းခံလိုက်ကာ ပြုံးရယ်ပြီး၊
“ ဒါဆို ... ငါ့ကို ထွက်သွားခွင့်ပေးနိုင်မလား။ ”
-ဟု မေးမြန်းလိုက်၏။ စုရီမှ တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်ကတိပေးသည်။
“ ကောင်းပြီ မင်းထွက်သွားနိုင်ပြီ ... ။ ”
“ ဟားဟားဟား ... စုရွှမ်ကြွယ် ... ဒီကမ္ဘာကြီးမှာ မင်းလိုလူက မင်းရဲ့ကတိအပေါ် အမြဲစောင့်ထိန်းတာ ငါသိထားတယ်။ ”
ထို့နောက် ရွှေရောင်ဝတ်အဖိုးအိုက ကျင်းခွိုက်ကိုပိတ်လှောင်ထားသော တံဆိပ်ပြား တစ်ချပ် စုရီထံပစ်ပေးလိုက်၏။
စုရီက တံဆိပ်ပြားအတွင်း စစ်ဆေးရာ ဒဏ်ရာမရှိဘဲ သတိလစ်နေသောကျင်းခွိုက်ကို မြင်လိုက်ရလေသည်။
“ စုရွှမ်ကြွယ် ... ဒီနေ့ မင်းရဲ့မောက်မာ ခဲ့သမျှသတိရပါ ငါတို့မိန်းကလေးထွက်လာတဲ့ နေ့ကျရင် မင်းနဲ့စာရင်းရှင်းလိမ့်မယ်။ ”
ထို့နောက် ရွှေရောင်ဝတ်အဖိုးအိုသည် ရှဲ့ယွမ်ချွမ်ကိုခေါ်ဆောင်ကာ ကောင်းကင်ပေါ် ပျံတက်ထွက်ခွာသွားတော့၏။ စုရီက သူတို့ကို ဟန့်တားခြင်းမပြုချေ။
“ ဆရာ... သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား။ ”
ယွီလောင်နှင့် အခြားသူများက ထိုရွှေရောင်ဝတ်အဖိုးကြီးထံ မျှော်ကြည့်လျက် မေးမြန်းလိုက်ကြ၏။ စုရီက ဝိုင်အိုးထုတ်လျက် တစ်ငုံမော့သောက်လိုက်ပြီး၊
“ ငါ့ကတိအတိုင်း ငါ့စကားကိုမပြင်ဘူး ... ဒါပေမယ့် သူတို့လွတ်မြောက်နိုင်မလားဆိုတာ သူတို့အပေါ်ပဲ မူတည်ပါတယ်။ ”
-ဟု အေးဆေးစွာ ပြန်ဖြေသည်။ သူ့စကား မဆုံးသေးမီမှာပင် ဝေးလံသောကောင်းကင်ယံမှ ဒေါသတကြီးကျိန်ဆဲသံများ ထွက်ပေါ်လာ၏။
“ စုရွှမ်ကြွယ် ... မင်းလူယုတ်မာပဲ ... ငါတို့ကိုချုံခိုတိုက်ဖို့ ကြိုတင် လူလွှတ်ထားတယ် အယုတ်တမာကောင် ... ။ ”
“ မြန်မြန် ... အကြီးအကဲမင် ငါ့ကိုကယ်ပါ။ ”
“ ဘုန်း ... ။ ”
“ အား ... ။ ”
များမကြာခင် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားသံများ၊ လျှပ်စီးနှင့် မိုးကြိုးပစ်သံများ ကောင်းကင်တခွင် ဆူညံနေတော့၏။
“ ဝှစ် ... ။ ”
အချိန်အနည်းမျှ ကြာပြီးနောက် တိုက်ပွဲဖြစ်ပွားနေသံများ ရပ်တန့်သွားကြကာ ပုံရိပ်တစ်ခု ကောင်းကင်မှ အရုတ်ကြိုးပြတ် ပြုတ်ကျလာခဲ့သည်။
“ ဘုန်း ... ။ ”
ဤသည်မှာ အခြားသူမဟုတ်ချေ။ ရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုဖြစ်၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသွေးချင်းချင်းနီနေပြီး မြေပြင်ပေါ် လဲကျသွားကာ ပြန်မထနိုင်တော့ချေ။
“ အစ်ကိုစု ... မိုးကြိုးနတ်ဘုရားဂိုဏ်းက လူတော့သေသွားပြီ ... ဒီလူက မျက်လုံးသုံးလုံး ရွှေဖားတစ်ကောင်ပဲ ... သူ့ကိုအရေခွံစုတ်ပြီး ကင်စားကြရအောင်။ ”
ရုတ်တရက် နူးညံ့ကြည်လင်သော အမျိုးသမီးတစ်ဦး၏အသံ ပဲ့တင်ထက်လာ၏။ ထိုအသံသည် ကြားရသူတိုင်း၏ စိတ်နှလုံးကို တိမ်းညွှတ်နူးညံ့လာစေသည်။
ထို့ကြောင့် လူတိုင်းက စိတ်လှုပ်ရှားစွာ အသံထွက်ပေါ်လာရာ ကောင်းကင်ကြီးပေါ်သို့ ချက်ချင်းမော့ကြည့်လိုက်ကြသည်။
လေထုအလယ် နီရဲနေသောဝတ်စုံနှင့် မိန်းမလှလေးတစ်ဦး ပျင်းရိစွာထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။
သူမ၏ တုနှိုင်းမဲ့အလှတရားသည် အကြယ်အလင်းများအောက်တွင် တောက်ပပြီး မှင်သပ်စဖွယ်ပေပင်။
ဤသည်မှာ ကောင်းကင်နတ်ဆိုး ဧကရာဇ်ဖြစ်၏။ နက်နဲတာအိုနယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်နေထိုင်ခဲ့သည့် နတ်ဆိုးဘိုးဘေးပေပင်။
အရိုင်းမြေကိုးပါးတွင် သူမနှင့် ယှဉ်ပြိုင်နိုင်သူသည် အနည်းငယ်မျှသာရှိသည်။ ယင်းကြောင့် နှလုံးသားပြခန်းမှ ရွှမ်ယုအဆင့် ထိုဖားကြီးကို အနိုင်ယူရန်မှာ မခက်ချေ။
ဝမ်မျိုးနွယ်စုဝင် အကြီးအကဲများအားလုံးသည် ထိတ်လန့် တုန်လှုပ်ကုန်တော့သည်။
လေထုအလယ်ရှိ ထိုအမျိုးသမီးသည် မည်သူမည်ဝါဖြစ်ကြောင်း မသိကြသော်လည်း သူမထံမှထွက်ပေါ်လာသည့် ဖိအားသည် အသက်ရှူပင် ကြပ်စေ၏။
လေဟာနယ်တစ်ခုလုံး ပြိုကျသွားသလို ဦးရေပြားများ ကျိန်းစပ်လာသည်။ ထို့ကြောင့် ဆံပင်ဖြူအဘိုးအိုနှင့် အကြီးအကဲများမှာ မျှော်လင့်ချက်မဲ့ကုန်၏။
“ ဖားပြုတ်တစ်ကောင်ရဲ့ အသားက ဘယ်လိုအရသာရှိမှာလဲ တွေးကြည့်တာနဲ့တင် ပျို့အန်ချင်စရာကြီးပါ။ ”
စုရီက ခေါင်းကို အနည်းငယ်ခါယမ်းပြီး တုန့်ပြန်လိုက်၏။ သူ့စကားကြောင့် မြေပြင်တွင် ကျင့်ကြံမှုပိတ်ခံထားရသည့် မျက်လုံး(၃)လုံး ရွှေဖားခမျာ မျက်လုံးများပြူးသွားသည်။
သို့သော် နိုင်သူစုရီ ရှုံးသူရွှေဖား ဖြစ်နေသောကြောင့် ဆိုဖွယ်မရှိချေ။ ထို့နောက် စုရီသည် မြေပြင်ပေါ်တွင် လဲကျနေသော အဘိုးအိုထံသို့ ငုံ့ကြည့်ကာ၊
“ မင်းတို့ဂိုဏ်းက မိန်းကလေးဆိုတာ ဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်သည်။ ရွှေရောင် ဝတ်ရုံဝတ် အဘိုးအိုက မကျေမနပ်ဖြင့် ပြန်မော့ ကြည့်လိုက်ကာ၊
“ စုရွှမ်ကြွယ်... မင်းကိုလူကြီးလူကောင်း တစ်ယောက်လို့ ငါထင်ခဲ့တာ ဒါပေမယ့် မင်းက တကယ်ရွံစရာကောင်းတာပဲ။ ”
-ဟု ကဲ့ရဲ့လှောင်ပြောင်တော့၏။
စုရီက ရှင်းပြမနေတော့ဘဲ လက်ဝှေ့ယမ်းလိုက်ရာ အဘိုးအိုသည် မျက်လုံး သုံးလုံးရွှေဖားအဖြစ် ပြောင်းသွား၏။
တစ်ဆက်တည်းမှာပင် ထိုဖားကြီး၏ ဝိညာဉ်အတွင်းရှိ ပန်းချီဆရာ၏ ဆန္ဒဝိညာဉ် နိုးကြားလာခြင်းမရှိစေရန် ငရဲဘုံကိုးပါးဓား ရောင်ဝါဖြင့် တံဆိပ်ခတ်လိုက်တော့သည်။
“ အစ်ကိုစုက ငါ့အတွက် ကိုယ်တိုင် ကင်ပေးမယ်ဆိုရင်တော့ ဖားပြုတ်သားလည်း ငါစားနိုင်ပါတယ် ... ။ ”
လေထုအလယ် ခြေချိတ်ထိုင်နေသော ကောင်းကင်နတ်ဆိုးဧကရာဇ်က ရွှင်မြူးသည့် အသွင်ဖြင့် ကမ်းလှမ်းလာ၏။
“ ဒါဆို မေ့လိုက်တော့။ ”
စုရီက စိတ်မဝင်စားဘဲ မျင်လုံးသုံးလုံးရွှေဖားကို သိမ်းဆည်းလိုက်သည်။ ယင်းက ကောင်းကင် နတ်ဆိုး ဧကရာဇ်ကို မကျေနပ်မှုဖြစ်သွားစေ၏။
“ မင်းဘာလို့ အဲဒီလောက်အမြင့်မှာ ထိုင်နေရတာလဲ အောက်ကိုဆင်းလာခဲ့ပါ ငါ့ ဦးခေါင်းကိုမော့ဖို့ အဆင်မပြေဘူး။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်က နာခံမှုရှိသော အစေခံမလေးတစ်ဦးအလား စုရီဘေးသို့ ချက်ချင်းဆင်းသက်လာ၏။
ထိုစဉ် ဝမ်ကျန့်ယွမ်နှင့် ဝမ်မျိုးနွယ်စုဝင် အချို့သည် စုရီထံသို့ အရိုအသေပေးလာသည်။ ဝမ်ချွယ်သည်လည်း လှမ်းတက်လာပြီး၊
“ ဆရာ ... ဒါက ... ။ ”
-ဟု စကားစလိုက်၏။ စုရီက လက်ဝှေ့ယမ်းပြလိုက်ပြီး၊
“ မင်း ဘာပြောချင်နေလဲ ငါသိတယ် ... မင်းရဲ့ဝမ်မျိုးနွယ်စုကိစ္စတွေကို မင်းတို့ဘာသာ ဖြေရှင်းကြပါ ငါကတော့ကျေနပ်လောက်တဲ့ ရလဒ်တစ်ခုပဲ လိုချင်တယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
သို့မှသာ ဝမ်ချွယ်တစ်ယောက် စိတ်သက်သာရာရသွားလေသည်။ မဟုတ်သော် ဆရာပုံစံဖြင့် ယနေ့ညပြီးနောက် ဝမ်မျိုးနွယ်စု ဟူသည် ဤကမ္ဘာကြီးမှ အဆုံးတိုင် ပျောက်ကွယ်သွားရပေလိမ့်မည်။
“ ဝမ်ကျန့်ယွမ် ... ပြီးရင် မင်းငါနဲ့လာတွေ့ပါ။ ”
“ ဟုတ်ကဲ့ ... အကြီးအကဲစု။ ”
ထို့နောက် စုရီက သူ့တပည့်များ ခေါ်ဆောင်လျက် ဝမ်ဘိုးဘေးနယ်မြေထံသို့ ဦးတည်ပျံသန်းသွားတော့သည်။
“ ဝှစ် ... ။ ”
တောင်တန်းကြီးပေါ် ရောက်သည်နှင့် စုရီသည် တံဆိပ်ကိုထုတ်၍ သတိလစ်နေသော တပည့်မ ကျင်းခွိုက်ကိုထုတ်ယူလိုက်၏။
ထိုမြင်ကွင်းကြောင့် ကောင်းကင် နတ်ဆိုးဧကရာဇ်က ချက်ချင်းပြေးတက်လာပြီး ကျင်းခွိုက်ကိုဖမ်းယူလိုက်လေသည်။ တစ်ဆက်တည်းမှာပင်၊
“ ဆရာနဲ့ တပည့်ကြားမှာတောင် သံသယဖြစ်စရာတွေကိုရှောင်ရမယ် ဒီတော့ ငါပဲ ဒီကလေးမလေးကို ပွေ့ထားပေးမယ်။ ”
-ဟု ပြောကြားလိုက်၏။
သူမစကားကြောင့် စုရီခမျာ ပြောစရာ စကားမဲ့သွားခဲ့သည်။ ဆရာနှင့်တပည့်ကြားတွင် အထင်လွှဲစရာ အခြေအနေရှိသည်လော။
မည်သူသည် စုရွှမ်ကြွယ်ဟူသည့် သူ့အပေါ်တွင် ထိုသို့သံသယဝင်ဝံ့နေသနည်း။ ထိုအတွေးဖြင့် ပိုင်ရီထံ လှမ်းကြည့်၏။
သူ့အကြည့်ကြောင့် ပိုင်ရီခမျာ ဆတ်ခနဲတုန်ယင်သွားပြီး ချက်ချင်းခေါင်းခါကာ မျက်နှာလွှဲသွားသည်။ စုရီက မျက်မှောင်ကျုံ့ပြီး ယွီလောင်ထံ အကြည့်ကိုရွေ့၏။
ထို့နောက် ဝမ်ချွယ်ထံဖြစ်၏။ သို့သော် သူ့တပည့် နှစ်ယောက်စလုံးသည် အလျင်အမြန် ခေါင်းရမ်းလျက် ကျင်းခွိုက်ထံလှမ်းကြည့်သည်။
အတိအကျဆိုရပါမူ ကျင်းခွိုက်ကို ပွေ့ချီထားသော ကောင်းကင်နတ်ဆိုးဧကရာဇ် ထံသို့ ဖြစ်ချေ၏။ စုရီတစ်ယောက် နှာခေါင်းကို ပွတ်သပ်လျက် ညောင်မြစ်တူးရန်စိတ်ကူးအား စွန့်ပစ်လိုက်ရလေသည်။
များမကြာမီ ကျင်းခွိုက်တစ်ယောက် နိုးထလာပြီး ပိုင်ရီ၊ ဝမ်ချွယ်နှင့် ယွီလောင်တို့ကို မြင်ချိန်တွင် ဇဝေဇဝါဖြစ်သွား၏။ ယွီလောင်နှင့် ပိုင်ရီက ပြုံးလျက် အဖြစ်အပျက်များကို ပြန်လည်ရှင်းပြလိုက်သည်။
“ ဒါဆို ... အစ်ကိုကြီးက ငါတို့ကို လှည့်စားခဲ့တာပေါ့။ ”
ယွီလောင်စကားဆုံးသည်နှင့် ကျင်းခွိုက်တစ်ယောက် အံ့အားသင့်သွားသည်။ ဤသတင်းကို အခြားသော တစ်စုံတစ်ဦးသာ ပြောကြားခဲ့သော် သူမ ယုံမည်မဟုတ်ချေ။
သက်ရောက်မှုသည် အမှန်ပင် ပြင်းထန်လှချေ၏။ အထူးသဖြင့် လှည့်စားပြီး အသုံးချခံထားရသောပိုင်ရီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
“ လောကကြီးမှာ လူတစ်ယောက်ကို အလွန်အမင်းယုံကြည်လာတဲ့အခါမှာ မင်းတို့က သူ့ရဲ့လှည့်စားခံရဖို့ အလွယ်ဆုံးပဲ ... ပင်းမိုက အဲဒီအချက်ကို အခွင့်ကောင်းယူသွားတာ သူ့ရဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်နိုင်စရာမရှိဘူး။ ”
စကားဆုံးသည်နှင့် စုရီမျက်ဝန်းအတွင်း သတ်ဖြတ်လိုသော အရိပ်အမြွက်များ ဖြတ်ပြေး သွားတော့သည်။
***