← Chapters

သတင်းကောင်းသည်လော သတင်းဆိုးသည်လော။

Vol. 73 Ch. 870

သတင်းကောင်းသည်လော သတင်းဆိုးသည်လော။

Vol. 73 Ch. 870

အချိန်အတော်ကြာ တိတ်ဆိတ် သွားပြီးနောက် ကျင်းခွိုက်က ပြန်လည်သတိဝင် လာပြီး အလျင်အမြန်ရှေ့တိုးလာကာ စုရီကို ရိုသေစွာဦးညွှတ်လိုက်သည်။

“ တပည့်ကျင်းခွိုက် ဆရာ့ကို ဂါရဝပြုပါတယ်။ ”

သူမသည် အပြာရောင်အင်္ကျီနှင့် လိမ္မော်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်ကျော် အရွယ် အမျိုးသမီး တစ်ဦးကဲ့သို့ ထင်မှားရလေသည်။

စုရီက ခေါင်းညိတ်လိုက်ပြီး၊

“ နှစ်ပေါင်းငါးရာပဲ ရှိသေးတယ်... မင်းရဲ့ကျင့်ကြံမှုက ရွှမ်ယုနှောင်းပိုင်း အဆင့်ကို ရောက်နေပြီ တကယ်မဆိုးဘူး။ ”

-ဟု ချီးကျူးလိုက်သည်။

ကျင်းခွိုက် မျက်ဝန်းများတွင် ပျော်ရွှင်မှုကြောင့် တောက်ပသွား၏။ ငယ်စဉ်က ဆရာဖြစ်သူသည် သူမအပေါ် ကလေးငယ် တစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်ကို ပြန်သတိရလာသည်။

ရှည်လျားလှသော အချိန်ကာလများ ကုန်လွန်ပြီးနောက် ဆရာ့ထံမှ နွေးထွေးမှုကို ပြန်လည်ရရှိလိုက်သဖြင့် ရင်ထဲကြည်နူးမှုများ ဝင်ရောက်လာတော့၏။

“ ဝှစ်... ။ ”

ထို့အချိန်တွင် စုရီကအင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ မိုးပြာမျိုးစေ့အတွင်းမှ ရွှမ်နင် ထွက်ပေါ်လာ၏။

ရွှမ်နင်က နိုးထလာချိန်တွင် ယွီလောင်၊ ကျင်းခွိုက်၊ ပိုင်ရီနှင့် ဝမ်ချွယ်တို့ကို မြင်လိုက်ရ သဖြင့် မျက်လုံးပြူးသွားပြီး၊

“ ဆရာ ... တပည့်ကို အတွင်းနတ်ဆိုးတွေ နှိပ်စက်ခံနေရပြီထင်တယ် ... ဘာလို့ ... ဘာလို့ သူတို့အားလုံးကို ဒီမှာမြင်နေရတာလဲ။ ”

-ဟု ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

“ ဖြန်း... ။ ”

စုရီက သူ့ဇာတ်ပိုးကို ရိုက်လိုက်ပြီး၊

“ ဘာအတွင်းနတ်ဆိုးလဲ ... မင်းက ငါ့ဘေးမှာ တချိန်လုံးရှိနေတာ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဟားဟားဟား၊ လိပ်မိုက်လေး ... မင်းဘယ်လောက်အထိ မိုက်မဲနေဦးမှာလဲ။ ”

ဆရာတူ ညီအစ်ကိုမောင်နှမများအားလုံး ပြန်လည်ဆုံစည်းကြသဖြင့် ရယ်​မောသံများသာ တောင်စောင်းတစ်ခွင် လွှမ်း​ခြုံနေတော့သည်။

သူတို့အားလုံးသည် တစ်ချိန်က ကောင်းကင်လှိုဏ်ဂူတွင် မိသားစုပမာနေထိုင် ခဲ့ကြသည့် ကလေးများဖြစ်၏။ အတိတ်သည် ပြန်ပြောင်း လွမ်းဆွတ်စရာပေပင်။

စုရီက ချောက်ကမ်းပါးစွန်းသို့ လျှောက်လှမ်းသွားကာ ကြိမ်ကုလားထိုင်ဖြင့် အနားယူတော့သည်။

ကောင်းကင်နတ်ဆိုးဧကရာဇ်က ရှည်လျားလှပသော သူမ၏ခြေတံများကို ချောက်ကမ်းပါးအောက်သို့ တွဲလောင်းချလျက် စုရီဘေးတွင် ထိုင်ချလိုက်၏။

“ အစ်ကိုစု ... အတိတ်က ဆရာနဲ့တပည့် ဆက်ဆံရေး​တွေကို အရမ်းအ​လေးထားနေတာပဲ ဘယ်ဂိုဏ်းမှာပဲဖြစ်ဖြစ် သစ္စာဖောက်ဆိုတာ ရှိစမြဲပါ သိပ်ခံစားမနေနဲ့။ ”

သို့သော် စုရီက ထိုအကြောင်းကို မပြောလိုသဖြင့် နှလုံးသားပြခန်းဂိုဏ်း၏ အင်အားစုအကြောင်းသာ ရှင်းပြလိုက်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးဧကရာဇ်မှ စိတ်ဝင်စားလာပြီး၊

“ ငါတို့မှာလည်း အဲဒီလို​ပြီးပြည့်စုံတဲ့ တာအိုဥပဒေစည်းမျဉ်းသာရှိရင် သူတို့ကိုလည်း ကြက်တွေ၊ ခွေးတွေကို သတ်နိုင်လိမ့်မယ်။ ”

-ဟု မထီမဲ့မြင်ပြောကြားလိုက်၏။

“ ဟမ့် ... ။ ”

နှစ်ယောက်သား စကားစမြည်များ ပြောကြားနေစဉ် ရုတ်ချည်း မျက်မှောင်ကြုတ် လိုက်ပြီး ကောင်းကင်နတ်ဆိုးဧကရာဇ်က လေထဲလှမ်းဆွဲလိုက်သည်။

လက်ဖဝါးထဲ ကျောက်စိမ်းပြား တစ်ချပ်ပါလာလေသည်။ ကျောက်စိမ်းပြားကို စစ်ဆေးပြီးနောက် သူမမျက်နှာသည် ထူးဆန်း သွားတော့၏။

“ အစ်ကိုစု ... မင်းရဲ့တပည့်ပင်းမိုက တကယ်အရည်အချင်းရှိတာပဲ ... သူက မင်းကို ကိုင်တွယ်ဖို့ ကောင်းကင်ကိုးပါးနန်းတော်နဲ့ ပူးပေါင်းနေပြီ။ ”

“ မင်း ... ဘာကို ဆိုလိုတာလဲ။ ”

စုရီက မျက်မှောင်ကြုတ်သွား၏။

“ ဒီကျောက်စိမ်းပြားက ကောင်းကင်ဘုံ ကိုးပါးနန်းတော်ရဲ့ ဆဋ္ဌမကြယ်အရာရှိဆီကနေ လာတဲ့ သတင်းပဲ ... ပင်းမိုက မင်းရဲ့စစ်မှန်တဲ့ လက္ခဏာကို သူတို့ဆီမျှဝေခဲ့တယ် ...

... ဒါကြောင့် သူတို့ပူးပေါင်းလိုက်ကြပြီ ငါသာမင်းကို ဖမ်းပေးနိုင်ရင် ကောင်းကင်လမ်း အတွက် လျှို့ဝှက်ချက်တွေကိုပေးအပ်မယ်လို့ ကမ်းလှမ်းလာတယ်။ ”

ဤသည်မှာ သတင်းဆိုးပေပင်။ ကောင်းကင်နတ်ဆိုးဧကရာဇ်က ဆဋ္ဌမမြောက် ကြယ်အရာရှိ အစွမ်းထက်ကြောင်းကို ဆက်လက်သတိပေးလာ၏။

“ အဲဒီလူမှာ မိုးပြာဝိညာဉ်လို့ခေါ်တဲ့ တာအိုဓားတစ်လက်ရှိတယ် ... အဲဒီဓားက ငါ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ကြောက်စရာကောင်းတယ်။ ”

“ မိုးပြာဝိညာဉ် ... ။ ”

စုရီက ဓားအမည်ကို ကြားချိန်တွင် စိတ်ဝင်စားသွားသည်။ ၎င်းသည် ကောင်းကင် ကိုးပါးနန်းတော်၏ အမြင့်မြတ်ဆုံး အမွေအနှစ် ဖြစ်ပြီး ထူးခြားချေ၏။

“ အဲဒီဓားအကြောင်း ထပ်ပြောပြပါ။ ”

“ ဓားဟာ အရှည်လေးပေရှိပြီး အချင်းလေးလက်မရှိတယ် ကိုယ်ထည်တစ်ခုလုံး အနက်ရောင်ပဲ ... အဖျားက မယုံနိုင်လောက်အောင် ထက်ရှမှုတယ် …

... ငါ့အာရုံကို တကယ် ဆွဲဆောင်နိုင်တဲ့အရာက ဓားရဲ့လက်ကိုင်ပါပဲ အဲဒီနေရာမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေရောင် မျက်လုံးပုံရေးထိုးထားတယ် ...

... ကံမကောင်းစွာပဲ ငါ့အတွက် ဖျပ်ခနဲသာလှမ်းမြင်လိုက်ရတယ် ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း မမြင်ရဘူး ...

... ဒါပေမယ့် ... ဓားအမည်ကို မိုးပြာဝိညာဉ်လို့ ခေါ်တယ်ဆိုတာကိုတော့ ငါ သိလိုက်ရတယ်။ ”

စုရီတစ်ယောက် မျက်ခုံးများ မြင့်တက်သွားသည်။ ဤသည်မှာ ကောင်းကင် ကိုးပါးနန်းတော်၏ အမြင့်မြတ်ဆုံး နတ်ဘုရား လက်နက်မဖြစ်နိုင်ချေ။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ကိုးပါးနန်းတော်၏ ထိုဓားအပေါ် သူတို့၏ဂိုဏ်းချုပ်သာလျှင် ကိုင်ဆွဲနိုင်ကြောင်း ငရဲဘုရင်မှ ပြောကြားထားဖူး၏။

သို့သော် ဆဋ္ဌမကြယ်အရာရှိ၏ အဆင့်အတန်းအရ အလွန်ထူးခြားလှသော ရတနာဖြစ်မည်မှာ သေချာသည်။

မဟုတ်သော် ကောင်းကင်နတ်ဆိုး ဧကရာဇ်သည် ဤသို့အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှုမျိုး ခံစားရမည် မဟုတ်ချေ။ စုရီမှ ခဏလောက်စဉ်းစားပြီး၊

“ ငါတို့တွေအတူတူလုပ်ရင် ဆဋ္ဌမမြောက်ထောင်မှူးကို သတ်နိုင်မယ်လို့ မင်းထင်လား။ ”

-ဟု မေးမြန်းလိုက်သည်။

ကောင်းကင်နတ်ဆိုးဧကရာဇ်က မျက်လုံးပြူးသွားကာ၊ ‘မင်းသူတို့ကို တိုက်ခိုက်ဖို့ အစီအစဉ်ရှိနေတာလား၊’-ဟု အော်ဟစ်လိုက်၏။

“ ဟမ့် ... သူတို့က ငါ့ကို ပစ်မှတ်ထားနေတာကို ဒီအတိုင်း ထိုင်စောင့် နေရမှာလား။ ”

ကောင်းကင်နတ်ဆိုးဧကရာဇ်မှ မျက်လုံးများတောက်ပသွားပြီး၊

“ တိုက်ရိုက်ရင်ဆိုင်မှုမှာ ဘယ်သူနိုင်မယ်ဆိုတာတော့ ပြောဖို့ခက်ပါတယ် အဲဒီဆဋ္ဌမကြယ်အရာရှိရဲ့ အင်္ကျီထဲမှာဝှက်ဖဲတွေ ဘယ်နှစ်ချပ် ဝှက်ထားသလဲဆိုတာအပေါ် မူတည်လိမ့်မယ်။ ”

ထို့နောက်တွင် နှစ်ယောက်သား ဆဋ္ဌမကြယ်အရာရှိကို ဖမ်းဆီးနိုင်ရန်အတွက် အစီစဉ်များ ချမှတ်လိုက်၏။ ဆက်လက်၍၊

“ သုံးလအတွင်းမှာ ကောင်းကင်တောင်ကိုသွားပြီး သစ္စာဖောက် ပင်းမိုကို ငါကိုယ်တိုင်သတ်မယ်ဆိုတဲ့ သတင်း မင်းဖြန့်လိုက်ပါ။ ”

-ဟု ညွှန်ကြားလိုက်သည်။

ဤသည်မှာ ကမ္ဘာကြီးထံ စုရွှမ်ကြွယ် ပြန်ဝင်စားလာကြောင်း အတိအလင်းကြေညာ လိုက်ခြင်းဖြစ်၏။

တစ်နည်းအားဖြင့် သူ့အမည်အောက်၌ ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့မှ မည်သည့် အင်အားစုများသည် ပင်းမိုနှင့်အတူ ဆက်လက် ရပ်တည်မည်ကိုလည်း ရှင်းရှင်းလင်းလင်း သိရပေလိမ့်မည်။

များမကြာခင် ကောင်းကင်နတ်ဆိုး ဧကရာဇ်က စုရီညွှန်ကြားသည့်ကောလဟာလ သတင်းစကားများဖြန့်ရန် ထွက်ခွာသွား၏။

သူမ ထွက်သွားပြီးမကြာမီ ရွှမ်နင်က စုရီအနားရောက်ရှိလာပြီး မတင်မကျဖြစ်သော ပြဿနာတစ်ရပ်ကို တင်ပြလာသည်။

ယင်းသည် အနောက်ဘက်သုခဘုံတွင် စုရီအမိန့်ဖြင့်သွားရောက်စဉ်က မှတ်ဉာဏ်အချို့ ပျောက်ဆုံးနေခြင်းဖြစ်၏။

“ ဒါက ... အိပ်မက်တစ်ခုလိုပဲ ဝေဝါးနေတယ်ဆရာ ငါ့ကိုအန္တရာယ်မရှိပေမယ့် အတိတ်မှာ တစ်ခုခုပျောက်ဆုံးနေသလို ဆက်စပ်ကြည့်လို့မရဘူး။ ”

သူ့စကားကြောင့် စုရီမှ မျက်မှောင်ကြုတ်လိုက်ပြီး၊

“ ဘာလို့ အဲဒီလိုထင်မြင်စေတာလဲ။ ”

-ဟု ပြန်မေး၏။ ရွှမ်နင်မှ ခေါင်းကုတ်ပြီး သူ့မှတ်ဉာဏ်များကို ပြန်လည်စစ်ဆေးကြည့် ပြန်သည်။

“ အဲဒီတုန်းက ဆရာ့ရဲ့တည်နေရာကိုရှာဖို့ ငါထွက်ခွာလာတုန်းက ကျောက်တုံးနှလုံးသားရဲ့ နောက်ဆုံးတပည့် ကျိယွမ်က ဒီတပည့်ကို သီးသန့်လာတွေ့ခဲ့ပါတယ် ...

... သူက ဗောဓိအရွက်နဲ့ထုလုပ်ထားတဲ့ အဆောင်တစ်ခုပေးပြီး ... ငါ့မှတ်ဉာဏ်တွေမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားရရင် အဲဒီ အဆောင်ထဲက ဂါထာကို တိတ်တိတ်လေး ရွတ်ဆိုနိုင်တယ်လို့ သူပြောတယ်။ ”

ရွှမ်နင်က ခဏရပ်လိုက်ပြီးနောက်၊

“ မကြာသေးခင်ကပဲ ဒီတပည့် ရွှမ်ကျောက်အဆင့် ကျင့်ကြံမှုပြန်ရလာတာမို့ ဝိညာဉ်ကိုသန့်စင်ဖို့ကြိုးစားတဲ့အခါ ရုတ်တရက် တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရတယ် ...

... ကျောက်တုံးနှလုံးသားနဲ့ တပည့်တို့ ပြောကြားခဲ့သမျှစကားလုံးတိုင်း မှတ်မိပေမယ့် တစ်နေရာရာမှာ တစ်ခုခုမှားနေသလို ခံစားရပြီး အဖြေရှာမရခဲ့ဘူး ...

... ဒါကြောင့် တပည့်က ကျိယွမ်ပေးခဲ့တဲ့ မန္တန်ကိုရွတ်ဆိုချင်ပေမယ့် သံသယဖြစ်စရာမိုလို့ ပေါ့ပေါ့ဆဆ မစမ်းသပ်ဝံ့ဘူး။ ”

-ဟု ပြောကြားလိုက်၏။

“ ကောင်းပြီ ... ဒါဆိုရင် ကျိယွမ်ပေးတဲ့ အဲဒီဂါထာကို မင်းအခုဖြည်းဖြည်းချင်းရွတ်ဆိုပါ ငါစောင့်ကြည့်ပေးထားမယ်။ ”

စုရီက ခေါင်းညိတ်ပြီး ရွှမ်နင်၏ စိတ်ဝိညာဉ်ကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ တစ်ဆက်တည်းမှာပင် ထိုးထွင်းသိမြင်နိုင်ခြင်း နတ်ကြေးမုံနည်းစနစ်ဖြင့် ရွှမ်နင်ဝိညာဉ်အပေါ် အုပ်မိုးစောင့်ကြည့်နေခဲ့၏။

“ အရာရာသည် အိပ်မက်တစ်ခုလို၊ ဆပ်ပြာပူဖောင်းတွေလို ... နှင်းစက်တွေလိုမျိုး တံလျှပ်တွေသာဖြစ်တယ်။ ”

ရွှမ်နင်က ဂါထာကို ဖြည်းဖြည်းခြင်း ရွတ်ဆိုကြည့်လိုက်သောအခါ ထူးဆန်းသော အနက်ရောင်သင်္ကေတတစ်ခု ပေါ်လာ၏။

သို့သော် ရွှမ်နင်ခမျာ ပြင်းထန်သော နာကျင်မှုကိုခံစားလာရသဖြင့် စုရီက ချက်ချင်း ရပ်တန့်စေလိုက်ရသည်။

“ ဆရာ တစ်ခုခု ရှာတွေ့လား။ ”

“ မှန်တယ် တစ်ယောက်ယောက်က မင်းရဲ့ဝိညာဉ်ထဲမှာ လျှို့ဝှက်တံဆိပ်တစ်ခုကို ချန်ထားခဲ့တာပဲ ... ဒါဟာ မင်းကနေတဆင့် ငါ့တည်နေရာကိုရှာဖို့ပဲ ...

... ကြည့်ရတာ ကျိယွမ်က မင်းအပေါ် ဒီတံဆိပ်ကိုထားခဲ့တာနေမယ် ဒါကောင်းဖို့လား၊ ဆိုးဖို့လားဆိုတာ ငါမဝေခွဲနိုင်သေးဘူး ...

... နောင်မှာ အနောက်ဘက် သုခဘုံကိုသွားတဲ့အခါ မတော်ဆမှုမဖြစ်အောင် မင်းမိုးပြာမျိုးစေ့ထဲဝင်နေပါ ... ။ ”

စုရီက သုံးသပ်လိုက်သည်။ သည့်နောက် ရွှမ်နင်ကိုခေါ်ကာ အနောက်ဘက်သုခဘုံအရပ်ရှိ ကျောက်တုံးနှလုံးသားထံသို့ သွားရောက် မေးမြန်းပေးမည်ဟု ကတိပေးလိုက်၏။

ထိုစဉ် ဝမ်မျိုးနွယ်စုမှ အကြီးအကဲများ ရောက်ရှိလာပြီး သစ္စာဖောက်များကို အပြစ်ပေး ပြီးကြောင်း အစီရင်ခံကြသည်။ စုရီက ကျေနပ် သွား၏။ ယင်းကြောင့် ဝမ်မျိုးနွယ်စုအတွင်း၌ ရက်အနည်းငယ် အနားယူရန်ဆုံးဖြတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုး တစ်သောင်းတောင်တန်း တိုက်ပွဲသတင်းသည် အရိုင်းမြေတစ်ခုလုံးသို့ တောမီးကြီးပမာ ပြန့်နှံ့သွားတော့၏။

စုရွှမ်ကြွယ် ပြန်လာသည်ဟူသော သတင်းသည်လည်း တွင်းအောင်းအဖိုးကြီးများ အတွက်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေစေသည်။

နှစ်ပေါင်း ငါးရာအတွင်း အရိုင်းမြေကိုးပါးသည် အထူးအုံကြွမှုများကို မြင်လာရတော့၏။

အင်အားစုကြီးငယ် အသီးသီးတို့သည် ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ထံမှ ထွက်ခွာကြောင်း သတင်းများ နေ့စဉ်ထုတ်ပြန်နေသည်။

မည်သူမဆို ကျွဲနှစ်ကောင်ခတ်ချိန်တွင် မြေဇာပင် မဖြစ်လိုကြချေ။ အိုးတစ်လုံးပွင့်သလို လေထုမှာ ပွက်ပွက်ဆူကုန်၏။

အထူးသဖြင့် ဝင်စားခြင်းဥပဒေ အမှန်တကယ် တည်ရှိကြောင်း ကြားသောအခါ ထိုမြေခွေးအိုကြီးများမှာ ရူးသွပ်ကုန်သည်။

အချို့သော အင်အားစုများသည် ပင်းမိုတစ်ယောက် သူ့ဆရာသခင်အပေါ် သစ္စာဖောက်ခဲ့ကြောင်း သိရှိပြီးနောက် အံ့အားသင့်ကာ ထိုပွဲကိုကြည့်ရှုနိုင်ရန် စိတ်အားထက်သန်လာကုန်၏။

ကောင်းကင်ဗဟိုမှ လာသော အင်အားစုများသည်ပင် ဒေသခံအင်အားစုများ အပေါ် စောင့်ကြည့်လျက် ငြိမ်သက်ကုန်၏။ မုန်တိုင်းမတိုက်ခင် ငြိမ်သက်မှုမျိုးပေပင်။

***

All Chapters