ရေတွင်းထဲက ဖားသူငယ် ... ။
Vol. 73 Ch. 873
ယွီရှစ်ချန်ဘေးတွင် ရပ်နေသော ထွတ်မြတ်ကိုးပါးနန်းတော် အကြီးအကဲယန်စုနီ တစ်ယောက် မသက်မသာ ဖြစ်သွားသည်။
သူမသည် ယွဲ့ရှစ်ချန်ကို အလွန်တန်ဖိုးထားပြီး နောက်ဆုံးပိတ်တပည့် အဖြစ် လက်ခံရန် ရည်ရွယ်ထား၏။
သို့သော် ယခုမူ နတ်ဓားရှင်သည် လူအများရှေ့တွင် ဤသို့ပြောဆိုလိုက်ခြင်းဖြင့် သူမကိုတားဆီးသွားလေသည်။ အဆုံး၌ ဗီဇအတိုင်း သည်းမခံနိုင်တော့ဘဲ၊
“ အကြီးအကဲစု ... အကြီးအကဲရဲ့ တစ်သက်မှာ တပည့်တစ်ယောက်မှ ထပ်ပြီး လက်မခံတော့ဘူးလို့ ကိုယ်တိုင်ပြောခဲ့ဖူးတယ် မဟုတ်လား ...
... အခုကျမှ ဘာလို့ ငါ့လိုမျိုးဆက်သစ် တစ်ယောက်ဆီကနေ တပည့်တစ်ယောက်ကို လုချင်နေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ဤစကားသည် မည်မျှ ရဲရင့်ကြောင်း မြင်သာချေပြီ။ ပတ်ဝန်းကျင်ရှိ အဖိုးကြီးများမှာ ယန်စုနီအစား စိတ်မကောင်းဖြစ်ကုန်တော့၏။
သူမဟူသည် အရိုင်းမြေကိုးပါး၌ အလားအလာအကောင်းဆုံးသော အမျိုးသမီး ဧကရာဇ်တစ်ပါးပေပင်။
သို့သော် တပည့်တစ်ဦးရယူရန် နတ်ဓားရှင်နှင့် ယှဉ်ပြိုင်နေခဲ့ရသည့်အပေါ် ကံဆိုးမှုဟုသာ မှတ်ယူရနိုင်တော့၏။
သူမကဲ့သို့ ဂျူနီယာတစ်ဦးမဆိုနှင့် ထွတ်မြတ်ကိုးပါးနန်းတော်မှ သူမ၏ဘိုးဘေး သည်ပင် စုရွှမ်ကြွယ်လက်မှ တပည့်တစ်ဦးကို ယှဉ်ပြိုင်လုယူဝံ့မည် မဟုတ်ချေ။
“ ငါတပည့် လက်ခံမယ်လို့ မပြောမိသေးပါဘူး ... မိန်းကလေးရှစ်ချန်ဓားကို လမ်းညွှန်ပေးရုံ သက်သက်ပါပဲ။ ”
စုရီက လှောင်ပြုံးဖြင့် တုန့်ပြန် ဖြေကြားလိုက်သည်။ ဤသည်မှာ ယန်စုနီကို မျက်နှာသာပေးခြင်း ပေပင်။ သူမ၏ဘိုးဘေး သည်ပင် ဤသို့ငြင်းခုန်ဝံ့ခြင်းမရှိချေ။
ထို့နောက် အချိန်ဆွဲမနေတော့ဘဲ ထျန်းဝူတောင်တန်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားတော့၏။
ကွင်းပြင်ရှိ မရေမတွက်နိုင်သော လူအုပ်ကြီး၏ အကြည့်များသည်လည်း သူ့ပုံရိပ် နောက်သို့ ပါလာကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်းငါးရာက နတ်ဓားရှင်သည် အမှန်တကယ် သေဆုံးခြင်း မဟုတ်ဘဲ ဝင်စားခြင်းလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် ယခင်ကဲ့သို့ အစွမ်းထက်ခြင်း ရှိ၊မရှိကို သိရှိလို၏။ ဤမတိုင်မီ နတ်ဆိုး တစ်သောင်း တောင်တန်း တိုက်ပွဲသတင်းကို သူတို့ကြားသိထားသည်။
နတ်ဆိုးများဘုရင် ထင်းရှူးနီ နတ်ဆိုးသည်ပင် ထိုတိုက်ပွဲတွင် ဤလူငယ်၏ ခွန်အားကို အသိအမှတ်ပြုခဲ့ရ၏။
ဆိုလိုသည်မှာ ဝင်စားလာသော နတ်ဓားရှင်သည် ရွှမ်ကျောက်အဆင့်ထက် ကျော်လွန်သည့် တိုက်ပွဲဝင်စွမ်းအားမျိုး ပိုင်ဆိုင်နေပြီဟု အဓိပ္ပါယ်ရ၏။
ထို့ကြောင့် ယနေ့တွင် သမိုင်းကို မျက်မြင်အတည်ပြုနိုင်တော့မည်ဖြစ်ရာ လူတိုင်း စိတ်လှုပ်ရှားနေကြသည်မှာ သဘာဝပေပင်။
“ စီနီယာစု ... ငါ့ဆရာတော်ရဲ့ အမိန့်အရ လာရောက်နှုတ်ဆက်ပါတယ်။ ”
ရုတ်တရက် စုရီတစ်ယောက် ထျန်းဝူတောင်သို့ မရောက်မီ အဝါရောင်သင်္ကန်း ဝတ်ဆင်ထားသည့် ဘုန်းကြီးတစ်ပါးက လက်အုပ်ချီကာ နှုတ်ဆက်လာ၏။
ဤသည်မှာ အနောက်ဘက် သုခဘုံမှ ဆရာတော်ကျိယွမ်ပေပင်။ ကျိယွမ်ကို မြင်ချိန်၌ ရွှမ်နင်း၏ အကြည့်များ အေးစက်သွားသည်။
မကြာသေးမီက ဆရာသခင်သည် သူ့ဝိညာဉ်ထဲမှ လျှို့ဝှက်တံဆိပ်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ စုရီကကျိယွမ်ထံ တစ်ချက်မျှ စောင်းငဲ့ကြည့်ပြီး အေးစက်စက်ဖြင့် တုန့်ပြန်ပြောကြားလိုက်သည်။
“ မင်းဂိုဏ်းကို ပြန်ရောက်တဲ့အခါ မင်းရဲ့ဆရာကို ငါ့ကိုယ်စားနှုတ်ဆက် စကား ပေးလိုက်ပါ ... ငါမကြာခင်လာခဲ့မယ်။ ”
စုရီတွင် စကားအများကြီး ပြောစရာမရှိချေ။ ရွှမ်နင်ဝိညာဉ်ရှိ လျှို့ဝှက်တံဆိပ်ကို တွေ့ရှိချိန်မှ စ၍ ဤဘုန်းကြီးပေါက်စ သို့မဟုတ် ကျောက်တုံးနှလုံးသားတွင် ပြဿနာ ရှိနေကြောင်း နားလည်ထားသည်။
အနာဂါတ်တွင် သူကိုယ်တိုင် အနောက်ဘက်သုခဘုံသို့ သွားရောက်ကာ အမှန်တရားကို စုံစမ်းရပေမည်။
“ ဆရာ ... ဆရာ့တပည့် ဒီမှာ စောင့်နေပါတယ်။ ”
စုရီ ပုံရိပ်ထျန်းဝူတောင်အနီးသို့ ကပ်သွားသည်နှင့်တပြိုင်နက် သံမဏိကဲ့သို့ လေးလံအေးစက်သော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
စကားလုံးတိုင်းသည် မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာအသီးသီးထံ ပြန့်ကားသွားကာ လေနှင့်မိုးပင် အရောင်ပြောင်းသွား၏။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ မရေမတွက်နိုင်သော အကြည့်များသည် ထျန်းဝူတောင်ထိပ်ထံသို့ ပြိုင်တူရောက်ရှိကုန်၏။
ထိုအရပ်တွင် ခန့်ညားထည်ဝါသော လူရိပ်တစ်ရိပ်သည် လေထုအလယ်ရပ်တန့်ပြီး အနက်ရောင် သူ့ဝတ်ရုံစများသည် လေထဲ တလွင့်လွင့် ဖြစ်နေသည်။
မျက်နှာသွင်ပြင်မှာ တည်ငြိမ်လွန်းပြီး ဆံပင်ရှည်များဖရိုဖရဲလွင့်နေလျက် ရောင်ဝါအရ မြင့်မြတ်သောလေထုကို ပေးစွမ်းချေပြီ။
သူကား ပင်းမိုတည်း။ သူ ပေါ်ထွက်လာ သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးပေါ် လေးလံသော ဖိအားများ ဖုံးလွှန်းလာသည်။
ကျင်းခွိုက်၊ ဝမ်ချွယ်၊ ယွီလောင်၊ ရွှမ်နင်နှင့်ပိုင်ရီတို့၏ မျက်နှာများမှာ ချက်ချင်း မည်းမှောင်သွား၏။
ဒေါသ၊ အမုန်းနှင့် နားမလည်နိုင်မှုများ ရောထွေးနေသည်။ သူတို့၏အစ်ကိုကြီးသည် အဘယ့်ကြောင့် သစ္စာဖောက်သွားရသည်ကို ယနေ့တိုင် အဖြေရှာမရနိုင်သေးချေ။
နှစ်ပေါင်းငါးရာ ကြာမြင့်ပြီးနောက် မိမိ၏တပည့်ကြီးကို ပြန်လည် မြင်တွေ့ရချိန်၌ စုရီ၏မျက်ဝန်းထဲ ရှုပ်ထွေးသည့် ခံစားချက်များ ဖြတ်ပြေးသွားလေသည်။
“ ပင်းမို ... နှစ်တွေတလျှောက်လုံး ဆရာကမင်းအပေါ်မှာ ဘယ်တုန်းကများ ဆိုးဆိုးရွားရွားဆက်ဆံခဲ့ဖူးလဲ ... မင်းဘာလို့ ဆရာ့ကို သစ္စာဖောက်ရတာလဲ။ ”
အဆုံးတွင် ပိုင်ရီသည် သည်းမခံနိုင်ဘဲ အော်ဟစ်မေးမြန်းလိုက်သည်။ သူ့ မျက်နှာတွင် အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ဆူပွက်နေ၏။
“ ညီရှစ် ... လူဆိုတာ မြင့်ရာကို မျှော်လင့်ရတယ် ... ရေစီးကြောင်းတွေကတော့ နိမ့်ရာကိုစီးဆင်းတယ် ... မင်းကငါမဟုတ်တော့ ငါ့ရဲ့အကြောင်းရင်းကို ပြောပြရင်တောင် မင်း နားလည်နိုင်မှာ မဟုတ်ဘူး ... ။ ”
ပင်းမိုက ခေါင်းအနည်းငယ် ခါယမ်းကာ ပိုင်ရီမေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် စုရီထံကြည့်လျက်၊
“ ဆရာ ... တိုက်ပွဲမစခင်မှာ ဆရာ့ရဲ့ တပည့်ကြီးတစ်ယောက်အနေနဲ့ တစ်ခုလောက် သတိပေးချင်ပါတယ်။”
-ဟု ပြောကြားလိုက်သည်။ စုရီတစ်ယောက် မျက်ခုံးပင့်သွား၏။ ပင်းမိုက၊
“ ဆရာက ... မင်းမှာ ဝင်စားခြင်းလျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားတာမို့ ကြယ်ဗဟိုဒေသက အင်အားစုတွေရဲ့ မျက်စိကျတာ ခံနေရပါပြီ ...
... တပည့်သာ ဆရာ့နေရာမှာဆိုရင် ဝေးနိုင်သမျှဝေးဝေးထွက်ပြေးပြီး ပုန်းအောင်း နေမိလိမ့်မယ် ... အခုလို တုံးအတဲ့လုပ်ရပ်မျိုး လုပ်နေမိမှာမဟုတ်ဘူး။ ”
ဤသည်မှာ တပည့်ဖြစ်သူသည် ဆရာသခင်ကို တုံးအသည်ဟု လူအများရှေ့၌ အပြစ်တင်နေခြင်းပေပင်။ ကြီးစွာသော စော်ကားမှုဖြစ်၏။
ကျင်းခွိုက်နှင့် ယွီလောင်တို့သည် ဒေါသကြောင့် မျက်နှာများမည်းမှောင်ကုန်ပြီး အကြည့်များ အေးစက်လာခဲ့သည်။
တစ်ဖက်လူ၏ အပြုအမူနှင့် စကားလုံးများသည် ဆရာသခင်မဆိုနှင့် သူတို့ ရင်ထဲကိုပင် တဆစ်ဆစ်နာကျင်စေ၏။
တစ်ချိန်က ဆရာသခင်ပြီးနောက် ဒုတိယဆရာတပါးကဲ့သို့ သူတို့အပေါ် လမ်းပြ ပေးခဲ့သူသည် ဤကဲ့သို့ ပြောင်းလဲသွားလိမ့် မည်ဟု စိတ်ကူးပင်မယဉ်မိခဲ့ကြချေ။
“ မင်းမှာ တခြားပြောစရာရှိသေးလား။ ”
စုရီက တည်ငြိမ်နေသော်လည်း သူ့နှလုံးသားတွင် နာကျင်မှုသည် နှိုင်းဆမရချေ။ ဤသည်မှာ သူ့တပည့်ကြီးပင်လော။
“ ကျန်သေးတာပေါ့ ... ။ ”
ပင်းမိုက ချက်ချင်းပင် တုံ့ပြန်သည်။ ထို့နောက်။
“ ဆရာလည်း ... အဲဒီနှလုံးသားပြခန်း၊ ကောင်းကင်ကိုးပါးနန်းတော်နဲ့ ကြယ်မြစ်ဂိုဏ်း တွေလိုမျိုး အင်အားစုတွေနဲ့ အခုထိတွေ့ဖူးပြီ မဟုတ်လား ...
... တပည့်ပြောတာတွေက တကယ့်ရင်ထဲကလာတဲ့ စေတနာစကားတွေပါ ဆရာဂုဏ်သိက္ခာကို ပုတ်ခတ်စော်ကားတာမျိုး မဟုတ်ဘူးဆိုတာ ဆရာနားလည်ပေးပါ ...
... ဆရာ့မျက်လုံးထဲမှာတော့ တပည့်ကို သစ္စာဖောက်လို့ မြင်ကောင်း မြင်နေနိုင်ပေမယ့် တပည့်တစ်ယောက်အနေနဲ့ ... ဆရာ့ကို အကြံပေးချင်တာရှိပါတယ်။ ”
ဤနေရာတွင် သူ့စကားကို ခဏရပ်ပြီး မျက်ဝန်းများတွင် လျှပ်စီးများလင်းလက်လျက် စုရီထံ စိုက်ကြည့်ကာ၊
“ ဘဝမြင့်နေတာတွေ ရပ်လိုက်ပါ ... ။ ”
-ဟု တစ်လုံးချင်း ပြောကြားလိုက်၏။
ထိုစကားလုံးများသည် မိုးကြိုး ပစ်ချလိုက်သကဲ့သို့ ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားတော့သည်။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။
ဆရာနှင့် တပည့်တွေ့ဆုံရာတွင် ရန်သူများကဲ့သို့ ထိပ်တိုက်တွေ့နေခြင်းသည် လောက၌ အနာကျင်ရဆုံးဖြစ်သည်။
ယခုကဲ့သို့ ဘဝင်မြင့်နေသည်များကို ရပ်လိုက်ဟု လူသိရှင်ကြားအကြံပြုခြင်းသည် သာ၍ဆိုးချေပြီ။ စုရီ အသွင်သည် ပို၍ပင် တည်ငြိမ်သွားပြီး၊
“ ငါ့က ဘဝင်မြင့်လွန်းနေတာလား ... မင်းရဲ့စိတ်ထဲမှာ ငါ့ကိုဒီလိုမြင်နေလိမ့်မယ်လို့ တကယ်ထင်မထားမိဘူး။ ”
-ဟု ရေရွတ်လိုက်သည်။
“ ဟား ဟား ဟား ... တပည့်က အဲဒီလိုမြင်နေတာမဟုတ်ဘူး ... ဒါအမှန်တရားပဲ ဆရာ ... မင်းက အရမ်းမောက်မာပြီး ဘဝမြင့်လွန်းနေပါတယ် ...
... တစ်ချိန်ကတော့ ဒီကမ္ဘာကြီးမှာ ဆရာဆိုတဲ့မင်းက ပြိုင်ဘက်ကင်းဘုရင်တစ်ပါး ဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ ဧကရာဇ်အဆင့်နဲ့ ပိတ်မိနေခဲ့တယ် မဟုတ်လား ...
... နက်နဲတာအိုနယ်ပယ်အထက်မှာ ကမ္ဘာ့ဘုရင်နယ်ပယ်ရှိတယ် ဆိုတာကိုတောင် ဆရာ မသိခဲ့ဘူး မဟုတ်လား ...
... ဒါကြောင့် ဆရာရဲ့ဖြစ်တည်မှုက ကြယ်တာရာဗဟိုဒေသရဲ့ အင်အားစုတွေ အမြင်မှာ ဘယ်လောက် ...
... ဟာသဆန်ပြီး ... ရယ်စရာ ကောင်းလိုက်လဲ ဒီလိုဧကရာဇ်လေးတစ်ပါးက ပျက်စီးနေတဲ့ ကမ္ဘာငယ်လေးထဲမှာ အဓိပ္ပါယ်မဲ့ မာနထောင်လွှားနေတာပဲ မဟုတ်လား။ ”
ဤတစ်ကြိမ်တွင် ကွင်းပြင်ကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိုတွင်းအောင်း ကြွက်အိုကြီးများပင် မျက်လုံးပြူးကုန်သည်။
ဧကရာဇ်နယ်ပယ်အထက်တွင် ကမ္ဘာ့ဘုရင်နယ်ပယ်ရှိသည်လော။ ဤသည်မှာ နှစ်ပေါင်းများစွာ ရှင်သန်နေခဲ့ဖူးသည့်တိုင် သူတို့ လုံးဝသိရှိခဲ့ခြင်းမရှိသော လမ်းပေပင်။ မည်မျှ မှော်ဆန်နိုင်ပေမည်နည်း။
ပင်းမိုက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက်၊
“ အဲဒီတုန်းက တပည့်အမြင်နိမ့်ပါးခဲ့လို့ ဆရာ့ကိုကောင်းကင်ကြီး တစ်စင်းလိုထင်ခဲ့တာ ဒါပေမယ့် ကြယ်တာရာဗဟိုဒေသအကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့ တပည့် သဘောပေါက်သွားတယ် ...
... ငါ့ဆရာ ဘယ်လောက်ပဲ စွမ်းအား ကြီးမားနေပါစေ ဘဝင်မြင့်နေတဲ့ ရေတွင်းထဲက ဖားတစ်ကောင်ထက် မပိုဘူးဆိုတာပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်တော့၏။
ထိုစကားကြောင့် တွင်းအောင်း သတ္တဝါကြီးများအားလုံး မျက်နှာမည်းမှောင်ပြီး ဒေါသများ ထွက်လာကုန်သည်။
အဓိပ္ပါယ်အရ သူတို့သည်လည်း ရေတွင်းထဲမှဖားသူငယ်များနှင့် မခြားတော့ချေ။ မည်သူ ဒေါသမထွက်ဘဲနေမည်နည်း။ သို့သော် စုရီသည် တည်ငြိမ်စွာပင် ရှိနေသေး၏။
“ ကြည့်ရတာ နှလုံးသားပြခန်းကို နောက်ခံရထားတာမို့ မင်းရဲ့အမြင်တွေတကယ် ပြောင်းလဲသွားပြီထင်တယ်။ ”
“ ဟားဟားဟား ... ဆရာ စိတ်မဆိုးပါနဲ့ ဒီတပည့်က ပိုမိုမြင့်မားတဲ့ကောင်းကင်ကြီးကို မြင်လိုက်ရလို့ ... ဆရာ့ကို စေတနာနဲ့ သတိပေးစကားပြောနေတာပါ ...
... တပည့်တစ်ယောက်အနေနဲ့ ကိုယ့်ဆရာက မျက်ကန်းဘဝနဲ့ ရှင်သန်နေရတာ မမြင်ချင်ပါဘူး။ ”
“ ရိုင်းလိုက်တာ ... ။ ”
ဤတစ်ကြိမ်တွင် ပိုင်ရီသည် သည်းမခံနိုင်တော့ဘဲ ဓားဆွဲထုတ်လိုက်သည်။ ကျင်းခွိုက်နှင့် ယွီလောင်တို့သည်လည်း စုရီသာ ခွင့်ပြုသော် တိုက်ရန်အသင့်ဖြစ်လာ၏။ သို့သော် စုရီမှလက်ကာပြလိုက်ပြီး၊
“ အလျင်မလိုနဲ့ သူ့ရင်ထဲက စကားတွေကို ဒီနေ့လေးပဲ ပြောပါစေ။ ”
-ဟု ဆိုလိုက်သည်။
ဤသို့ စုရီတစ်ယောက် တည်ငြိမ်လွန်းနေသည်ကို မြင်သောအခါတွင် ပင်းမိုသည် ပို၍မနာလိုဖြစ်လာပြီး၊
“ ဆရာ ... မင်းရဲ့တပည့်စကားကို နားထောင်ပြီး အခုချက်ချင်းသာ ထွက်သွားမယ် ဆိုရင် နှလုံးသားပြခန်းနဲ့ ....
... ဆရာ့ကြားက ရန်ငြိုးတွေကို ပြေလည်အောင် တပည့် အစွမ်းကုန်ကြိုးစား ပေးပါ့မယ်လို့ အာမခံပါတယ်။ ”
-ဟု ကမ်းလှမ်းလိုက်၏။
“ ဟား ဟား ဟား ... ။ ”
စုရီတစ်ယောက် မနေနိုင်တော့ဘဲ အော်ဟစ်ရယ်မောလိုက်သည်။
“ ကြည့်ရတာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေက မင်းကိုတော်တော် သက်ရောက်စေပုံရတယ် မဟုတ်ရင် ...
... မင်းလိုအကျင့်စရိုက်မျိုးနဲ့ ... လူတစ်ယောက်က နိုင်မယ်လို့သေချာပေါက် တွက်ဆထားတဲ့တိုက်ပွဲကို ဒီလောက်စကားတွေ အများကြီးပြောနေမှာ မဟုတ်ဘူး။ ”
ဤမှတ်ချက်က ပင်းမိုကိုမျက်နှာ အမူအရာအနည်းငယ်ပြောင်းသွားစေပြီး ခဏမျှ တိတ်ဆိတ်သွားစေသည်။
ဤသို့ဆရာသခင်၏ ကြီးစိုးလွန်းသော အပြုအမူမျိုးကို သူ မနာလိုဆုံးဖြစ်၏။ စုရီက အပြုံးကိုရုပ်သိမ်းလျက်၊
“ မင်းရဲ့အမြင်မှာတော့ ကြယ်တာရာဗဟိုဒေသက အင်အားစုတွေဟာ နတ်ဘုရားတွေပဲ မဟုတ်လား ...
... ကောင်းပြီ ဒါဆို ငါမင်းကို မေးခွန်းတစ်ခုလောက်မေးပါရစေ ... မင်းရဲ့ အဲဒီ နတ်ဘုရားတွေက စွမ်းအားကြီးမားနေပါရဲ့နဲ့ ... ဘာကိစ္စအရိုင်းမြေကို လာနေကြတာလဲ။ ”
ပင်းမိုတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ စုရီက သူ့ကို စဉ်းစားခွင့်မပေးဘဲ ဆက်ပြော၏။
“ သူတို့က တကယ်ပဲ မင်းပြောသလို ဒီအရိုင်းမြေကို ရေတွင်းတစ်တွင်းလို့မြင်နေရင်၊ ငါ ... စုရွှမ်ကြွယ်ကို ရေတွင်းထဲကဖားငယ်လို့ မြင်နေတယ်ဆိုရင် ...
ဤနေရာအရောက်တွင် စုရီသည် သူ့စကားကိုခဏရပ်ကာ ပင်းမိုထံစိုက်ကြည့်ပြီး၊
“ ဘာကိစ္စ ငါ့နားလည်ထားတဲ့ ဝင်စားခြင်းဥပဒေကိုလုယူဖို့ ကြိုးစားနေတာလဲ မင်းရဲ့ နတ်ဘုရားတွေက အဲဒီလောက်တောင် အားယားပြီး ငတ်မွတ်နေကြတာလား။ ”
စကားဆုံးသည်နှင့် လူအုပ်ကြီးခမျာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး စုရီစကားကို ထောက်ခံလာကြသည်။
အစောပိုင်း ပင်းမို၏စကားများကြောင့် စိတ်နှလုံးထိခိုက်နေခဲ့ရသည့် ထိုတွင်းအောင်း သတ္တဝါကြီးများသည်ပင် စုရီတုံ့ပြန်မှုကို ကြားရသောအခါ ကျေနပ်သွားကြ၏။
တစ်စုံတစ်ဦးသည် ပင်းမိုပြောသကဲ့သို့ များစွာသန်မာနေခဲ့သော် ဤကမ္ဘာကြီးဆီသို့ အဘယ့်ကြောင့် လာရောက်မည်နည်း။
ပင်းမိုမှ စုရီစကားကို တုန့်ပြန်ရန် ပြင်လိုက်သော်လည်း စုရီမှအပြောမခံခဲ့ချေ။ လက်ကာပြကာ သူ့စကားကိုဆက်ပြောသည်။
“ မင်းရဲ့ မျက်လုံးထဲမှာ ငါက ဆရာတစ်ယောက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး မဟုတ်လား ကောင်းပြီ ... မင်းကိုငါ အသိပေးခဲ့ပါရစေ ...
... ငါက ရေတွင်းထဲက ဖားတစ်ကောင် ဆိုရင်တောင် နှလုံးသားပြခန်းက ကြွက်တွေကို သတ်ဖြတ်ပြီး ...
... ကြယ်မြစ်ဂိုဏ်းက တံငါသည်ရဲ့ ကိုယ်ပွားကို သူ့ကိုယ်သူဖျက်ဆီးပစ်အောင် ဖိအားပေးခဲ့တယ် ...
... ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ကြယ်အရာရှိတွေတောင် ငါ့ကိုမျက်နှာချင်းဆိုင် တိုက်ဖို့ သတ္တိမရှိဘူး ... ဒါဆိုဘယ်သူက ဖား၊ ဘဘ်သူက နတ်ဘုရားလဲ။ ”
ဤတစ်ကြိမ်တွင် ကွင်းပြင်ကြီးတစ်ခုလုံး လက်ခုပ်တီးအားပေးသံများဖြင့် ပွက်လောရိုက် သွားတော့သည်။
အရိုင်းမြေကိုးပါး ဧကရာဇ်များ၏ ဤဘုရင်သည် နှစ်ပေါင်းငါးရာပျောက်ကွယ်နေ ပြီးနောက် ယခုကြီးစိုးစွာ ရောက်ရှိလာချေပြီ။
အထက်ပါ ကိုယ်ရည်ကိုယ်သွေးသည် နတ်ဓားရှင်တစ်ဦးတည်းတွင်သာ မြင်နိုင်သော မောက်မာကြီးစိုးမှုဖြစ်၏။
သူ့ရန်သူများပင် မနာလိုစွာဖြင့် ချီးကျူးဝန်ခံရသော လွှမ်းမိုးမှုစရိုက်လက္ခဏာ ပေပင်။ ပင်းမိုကဲ့သို့ သစ္စာဖောက်တပည့်ကြီး အတွက် တုပမရသော အလှတရားဖြစ်၏။
“ ဆရာ ... မင်းသတ်ခဲ့တဲ့ လူတွေက အဲဒီနတ်ဘုရားတွေကို ကိုယ်စားမပြုနိုင်ပါဘူး သူတို့ကအစေအပါးတွေပါ ကမ္ဘာဘုရင်နယ်ပယ် အဆင့်တောင် မရှိသေးပါဘူး။ ”
ပင်းမိုမှ အံကြိတ်ကာ တုန့်ပြန်၏။ စုရီတစ်ယောက် ဆက်ပြောရန် စိတ်ကုန်သွားပြီ ဖြစ်သည်။
သူ့လက်ထဲတွင် ကောင်းကင်ကိုးပါး နန်းဆောင်မှလူများစွာ၏ အသက်သွေးများ စွန်းထင်းနေသည်။
ကြယ်မြစ်ဂိုဏ်းချုပ် တံငါသည် ကိုယ်ပွားသည်ပင် သူ့ကိုယ်သူဖျက်ဆီးပစ်ကာ ထွက်ပြေးခဲ့ရ၏။
ထိုစဉ်က ပန်းချီဆရာပေါ်လာဝံ့သော် ခေါင်းဖြတ်ပြီး ခွေးစာကျွေးပစ်မည်ဟု ကြေငြာ ခဲ့သည်။ နတ်ဘုရားများပင် သူ့ရှေ့တွင် ခေါင်းငုံ့နေရပေမည်။
ထို့ကြောင့် ပင်းမိုကဲ့သို့ ပုရွက်ဆိတ် တစ်ကောင်သည် စာဖွဲ့နေစရာအကြောင်းအရင်း မရှိချေ။ ဆရာနှင့်တပည့်ကြား တစ်ချိန်တုန်းက ပတ်သတ်မှုအရသာ ဤမျှခွင့်ပြုခြင်းပေပင်။
သည့်နောက် ဝိုင်အိုးကိုထုတ်ယူကာ တကျိုက်တည်း မော့သောက်ချလိုက်ပြီးနောက် အဝေးသို့လွှင့်ပစ်ကာ ပင်းမိုထံပြန်ကြည့်၏။
“ ပင်းမို ... ငါမင်းကိုပြင်ဆင်ချိန် ... သုံးလတိတိပေးခဲ့ပြီးပြီ ... နှစ်ပေါင်းငါးရာကျော် နှလုံးသားပြခန်းရဲ့ အစေခံတစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပြီးတဲ့နောက်မှာ ...
... မင်း ... ဘယ်လောက်အထိ အရည်အချင်းတိုးတက်လာသလဲဆိုတာကို ဒီနေ့ ငါကြည့်ပါရစေ။ ”
***