ဓားကောင်းတယ် ... လူ မကောင်းဘူး။
Vol. 73 Ch. 874
ပင်းမိုတစ်ယောက် စုရီ၏စကားကို ကြားသောအခါ သူ့မျက်နှာထားတွင် ပို၍ အေးစက်သွားပြီး၊
“ ကောင်းပါပြီ ... တပည့်က ဆရာ့ကို နားဝင်အောင် ပြောမရမှတော့ အနိုင်အရှုံးကိုပဲ ဆုံးဖြတ်ကြတာပေါ့။ ”
-ဟု ပြောကြားလိုက်သည်။
“ ဝင်္ကပါအသက်ဝင် ... ။ ”
ထို့နောက် လက်ဝှေ့ရမ်းလိုက်ရာ ထျန်းဝူနတ်တောင်ရှိ တားမြစ်ဝင်္ကပါကြီးထံမှ အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်လာတော့၏။
“ ဝှစ် ... ။ ”
တာအိုဂိုဏ်းငါးဂိုဏ်းမှ အကြီးအကဲများ အားလုံးသည်လည်း ပြိုင်တူပေါ်ထွက်လာကြပြီး ဝင်္ကပါ၏ဆုံချက်အသီးသီးတွင် နေရာယူကာ စောင့်ကြပ်လိုက်ကြသည်။
ရွှမ်ကျောက် (၇၂ ယောက်၊ ရွှမ်ယု (၂၄)ယောက်နှင့် ရွှမ်ဟဲ (၃)ယောက်တို့ဖြစ်၏။ ဤလူအင်အားစာရင်းကို မြင်လိုက်ရသောအခါ လူအများ အသက်ရှူမှားသွားကြသည်။ မျိုးဆက်ဟောင်း ပုဂ္ဂိုလ်ကြီးများပင် မျက်နှာပျက်ကုန်၏။
“ တာအိုဂိုဏ်းကြီး ခြောက်ဂိုဏ်းမှာ ငါးဂိုဏ်းပဲကျန်တော့ပေမယ့် သူတို့က ပင်းမိုနဲ့ ပူးပေါင်းပြီး လမ်းဆုံးထိလျှောက်ဖို့ ...
... ဆုံးဖြတ်ထားပုံပဲ ... ဂိုဏ်းထဲက သူတို့ရဲ့ဧကရာဇ်အဆင့် ရှိသူတွေအားလုံးကို အကုန်ထုတ်သုံးနေကြပြီ။ ”
တစ်စုံတစ်ယောက်က လေးနက်သော အမူအရာဖြင့် ရေရွတ် မှတ်ချက်ပေးလိုက်သည်။ ထျန်းဝူနတ်တောင် ဝင်္ကပါလည်ပတ်လာသည် နှင့်အမျှ ပေတစ်သောင်းပတ်လည်အတွင်း ကောင်းကင်နှင့် မြေကြီး တုန်ခါသွား၏။
တောင်များ မြစ်များ တုန်ဟည်းကာ လေဟာနယ်ပင် မငြိမ်မသက် ဖြစ်လာသည်။ ကမ္ဘာပျက်မတတ် ဖျက်ဆီးလိုသော စွမ်းအား အရှိန်အဝါသည် ဒီရေအလား ဖုံးလွှမ်းလျက် အသက်ရှူကျပ်သွားစေ၏။
“ မြန်မြန် ပြန်ဆုတ်ကြ ... ။ ”
လူအုပ်ကြီး၏ အော်ဟစ်သံများနှင့်အတူ ဆုတ်ခွာထွက်ပြေးကုန်သော လူရိပ်များစွာကို မြင်လိုက်ရသည်။
“ ဒီလို လူအင်အားမျိုးက နတ်ဆိုးတစ်သောင်း တောင်တန်းမှာတုန်းက ဆင်ထားတဲ့ ထောင်ချောက်ထက် အဆ ပေါင်းများစွာ ပိုကြောက်စရာကောင်းတယ်။ ”
ယွီလောင်က မှတ်ချက်ပေးသည်။ ပင်းမိုသည် အလွယ်တကူ လက်လျော့ပေးမည် မဟုတ်ကြောင်း မည်သူမဆို မှန်းဆနိုင်၏။
သို့သော် သူသည် တာအိုဂိုဏ်းငါးခု၏ အင်အားအကုန်လုံးကို ထုတ်သုံးကာ ဤမျှအထိ စွန့်စားလိမ့်မည်ဟု မထင်မှတ်ထားချေ။
ထိုကဲ့သို့သော ဝင်္ကပါအစီအရင်သည် ရွှမ်ဟဲအဆင့်ရှိသူကိုပင် ပိတ်လှောင်သတ်ဖြတ် နိုင်စွမ်းရှိသည်။
တစ်ဖက်တွင် ဤမြင်ကွင်းကို ရင်ဆိုင်နေရသောစုရီသည် မျက်နှာအမူအရာ မပြောင်းလဲတည်ငြိမ်နေဆဲပေပင်။
“ ဆရာနဲ့တပည့် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်တယ်ဆိုတာ အရက်စက်ဆုံးပါပဲ ... မင်းတို့ကို ဒီအရှုပ်ထုပ်ထဲ ပါလာစေဖို့ ငါ့ဆန္ဒက ခွင့်မပြုဘူး ... မင်းတို့အားလုံး နောက်ဆုတ်နေပါ။ ”
ကျင်းခွိုက်၊ဝမ်ချွယ်၊ယွီလောင်နှင့် ပိုင်ရီတို့သည် စုရီအပေါ် ကူညီလိုသော်လည်း အမိန့်ကို မလွန်ဆန်ရဲသဖြင့် တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။
“ ဟား ဟား ဟား ... ဆရာ မင်းကအရင်လိုပါပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲနေတုန်းပါလား။ ”
ထိုမြင်ကွင်းကြောင့် အဝေးမှ ပင်းမိုက သက်ပြင်းချကာ လှောင်ပြောင်သရော်မှုများနှင့် မှတ်ချက်ပေးလိုက်၏။
စုရီတစ်ယောက် သူ့ကိုဂရုမစိုက်တော့ဘဲ ကျန်သူများအားလုံးကို ဝေ့ဝဲကြည့်လျက်၊
“ ဒီနေ့တိုက်ပွဲက ငါ့ရဲ့မိသားစုအရေးပဲ မိတ်ဆွေတို့အနေနဲ့ ငါစုရီ မျက်နှာကိုထောက်ပြီး ဝင်မပါကြဖို့ မျှော်လင့်ပါတယ်။ ”
-ဟု ဆက်လက်ပြောကြားလိုက်သည်။
အထူးသဖြင့် အဆိပ်ဘုရင် ထျန်းဟူကို လှည့်ကြည့်လိုက်၏။ အဆိပ်ဘုရင်ထျန်းဟူက သက်ပြင်းချကာ၊
“ အဘိုးကြီးစု စိတ်ချနေပါ ... ငါရှိနေသရွေ့တော့ ဘယ်သူမှဝင်မရှုပ်စေရဘူး။”
- ဟု ကတိပေးသည်။
စုရီမှ ခေါင်းညိတ်၏။ ထို့နောက် ပင်းမိုဘက်သို့လှည့်ကာ၊
“ ဒီလောက် လူအင်အားနဲ့တော့ မလုံလောက်သေးဘူး ... မင်းရဲ့ နှလုံးသားပြခန်းက လူတွေကိုပါ ထွက်လာခိုင်းလိုက်ပါ။ ”
-ဟု ဆိုပြီး လှမ်းတက်သွားခဲ့သည်။
“ ဆရာ ... မင်းသာ အရင်ဘဝရဲ့ အထွတ်အထိပ်ကျင့်ကြံမှုမျိုးဆိုရင် ဒီတပည့် အနေနဲ့ အခုလိုဝင်္ကပါအစီအရင်မျိုးနဲ့ ဧည့်ခံရဲမှာမဟုတ်ပါဘူး ...
... အခုချိန်မှာတော့ ဆရာ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက ကောင်းကင်ဘုံကို ဆန့်ကျင်ပေမယ့် အရင်ဘဝနဲ့ ယှဉ်လိုက်ရင် အများကြီး ကွာခြားနေပါသေးတယ်။ ”
ထို့နောက် ပင်းမိုမှ စကားခဏရပ်လိုက်ပြီး မျက်လုံးများ တောက်ပလာကာ ကောင်းကင်နှင့် မြေကြီးကိုတုန်လှုပ်သွားစေသော အရှိန်အဝါများ ထုတ်ဖော်လျက်၊
“ အခု ... တပည့်ကိုယ်တိုင် ဆရာ့ကို အရင်စမ်းသပ်ကြည့်ပါရစေ ... ဆရာ့အနေနဲ့ နှလုံးသားပြခန်းကို ဖိတ်ခေါ်နိုင်လောက်တဲ့ အရည်အချင်း ရှိ၊ မရှိ ဆိုတာကို။ ”
-ဟု ပြောကြားလိုက်၏။
သူသည် ရွှမ်ဟဲအဆင့်သို့ ရောက်ရှိနေခဲ့သည်မှာ မကြာသေးသော်လည်း တိုက်ပွဲစွမ်းအားသည် ယနေ့အဖိုးကြီးများကို ယှဉ်နိုင်သည်။ စုရွှမ်ကြွယ်တပည့်ကြီးအနေဖြင့် သာမန်ထက်သာလွန်၏။
“ ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ ”
ရှေးဟောင်း ဘီလူးကြီးတစ်ကောင်က ညည်းတွားလိုက်သည်။ နတ်ဓားရှင်၏ တပည့် အနေဖြင့် ဆရာသခင်ကို ပြန်၍တိုက်နေသည့် မြင်ကွင်းသည် အလွန်ရက်စက်လွန်းလှ၏။
“ ချွင် ... ။ ”
လေးလံသော ဓားမြည်သံတစ်သံနှင့်အတူ ပင်းမိုလက်ထဲဓားတစ်လက် ရောက်ရှိလာသည်။ အရှည်လေးပေလေးလက်မရှိပြီး ကိုယ်ထည် တစ်ခုလုံး မှင်ရောင်ကဲ့သို့ မည်းနက်နေ၏။
ဓားလက်ကိုင်တွင် ထျန်းကြွယ်- (ကောင်းကင်ဖြတ်တောက်ခြင်း)ဟူသော စာလုံး နှစ်လုံး ရေးထွင်းထားသည်။
“ ဒီဓားနာမည်က ထျန်းကြွယ်ပါ... တပည့်ကိုယ်တိုင် သွန်းလုပ်ထားတဲ့ မွေးရာပါ နတ်ဘုရားလက်နက်ပဲ ... တပည့်တစ်ခါမှ မသုံးဖူးသလို သွေးလည်း မစွန်းဖူးသေးပါဘူး ... ဒီနေ့တော့ ဆရာ့ကိုပထမဆုံး ချီးမြှင့်ပါရစေ။ ”
“ ကလန် ... ။ ”
ပင်းမိုက ဓားသွားကို လက်ချောင်းဖြင့် ပွတ်သပ်လိုက်ရာ ဓားမြည်သံသည် မိုးခြိမ်းသံ ကဲ့သို့ ပဲ့တင်ထပ်လာ၏။
လေနှင့်မိုးများ ပြောင်းလဲသွားပြီး တောင်နှင့်မြစ်များ တုန်လှုပ်ကုန်သည်။ ရောင်ဝါ ဖိအားသည် ပို၍ကြောက်မက်ဖွယ်ကောင်း၏။
“ ဒီကောင်လေး မလွယ်ဘူး။ ”
စိတ်ဝိညာဉ်၊ ဓားရည်ရွယ်ချက်နှင့် တာအိုနိယာမတို့ကို ချိတ်ဆက်ထားမှုများသည် တစ်သားတည်းပေါင်းစပ်နေပြီ ဖြစ်သောကြောင့် အဆိပ်ဘုရင်မှ မျက်မှောင်ကြုတ်လိုက်သည်။
“ ဆရာသခင်သာ မရှိရင် ... ဒီကနေ့ ပင်းမိုဆိုတာလည်းဖြစ်လာမှာ မဟုတ်ပါဘူး ... အခုတော့ ဒီကျေးဇူးကန်းတဲ့ကောင်က ဆရာ့ကိုဓားနဲ့ ချိန်ရွယ်ရဲတယ်လား။ ”
ဝမ်ချွယ်က အံကြိတ်ပြီး ပြောလိုက်သည်။ ကျင်းခွိုက်နှင့် ယွီလောင်မှ ခေါင်းညိတ်လိုက်၏။
“ ဓားကောင်းတစ်လက်ပဲ ... ဒါပေမဲ့ လူကတော့ မကောင်းဘူး။”
စုရီမှ ခေါင်းအနည်းငယ် ခါရမ်းလိုက်ပြီး လက်ဝါးဖြန့်လျက် လရိပ်ဓား ဆင့်ခေါ်လိုက်ကာ ပင်းမိုထံ လျှောက်လှမ်းသွားသည်။
“ ဘယ်လောက် ထက်ရှလိုက်တဲ့ ဓားလဲ။ ”
ဤမြင်ကွင်းက လူအုပ်ကြီးကို အသက်ရှူရပ်သွားစေ၏။ ဓားတစ်လက်ကိုင်ဆွဲ ထားရုံဖြင့် စုရီအသွင်သည် အမှန်ပင် ပြောင်းလဲသွားချေပြီ။
ထက်ရှလွန်းသော ဓားရောင်ဝါကြောင့် လူတိုင်း၏စိတ်ဝိညာဉ်များ နာကျင်သွားခဲ့ပြီး မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်ကုန်သည်။
ဤကဲ့သို့ ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးနိုင်လွန်းသော ဓားရည်ရွယ်ချက်မျိုး ရွှမ်ကျောက်အဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင် ထားကြောင်း ယုံနိုင်စရာမရှိချေ။
တစ်ဖက်တွင် သူ့ထံသို့ လျှောက်လှမ်းလာသော စုရီကိုစိုက်ကြည့်ကာ ပင်းမိုသည် ဖိအားများခံစားလိုက်ရပြီး ခန္ဓာကိုယ်တောင့်တင်းသွား၏။
သူမည်မျှပင် မောက်မာနေပါစေ ဆရာသခင်အပေါ် လျှော့မတွက်ဝံ့သည်မှာ သဘာဝပေပင်။
စုရီပုံရိပ် ပေတစ်ရာအကွာသို့ ရောက်ရှိလာသောအခါ ပင်းမိုမျက်လုံးများထဲ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာပြီး ရုတ်တရက် တိုက်ခိုက်လိုက်၏။
“ သွား ... ။ ”
ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာတွင် ရောင်ဝါကြောင့် ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားပြီး သူစုဆောင်းထားသော ကျင့်ကြံမှု အားလုံးကို ဓားထဲသို့ ပေါင်းထည့်ကာ ခုတ်ပိုင်းချလိုက်တော့၏။
“ ဝုန်း ... ။ ”
လွန်စွာ လေးလံသိပ်သည်းပြီး ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းတစ်လက် ထွက်ပေါ်လာသည်။ လေဟာနယ် ထက်ပိုင်း ကွဲသွားပြီး အရာအားလုံး ဖျက်ဆီးပစ်နိုင်သည့် ရောင်ဝါများကျဆင်းလာ၏။
ကျင့်ကြံသူ အများအပြား ကြောက်လန့်တကြား ဖြစ်ကုန်သည်။ ထိုဓား၏ ဖိအားသည် သူတို့၏စိတ်ဝိညာဉ်များအပေါ် ပြိုလဲလုမတတ်ပေပင်။
ဤသည်မှာ ရိုးရှင်းသော ဓားချက် ဖြစ်သော်လည်း တာအိုနိယာမနှင့် ဓားတာအို ပေါင်းစပ်ပါဝင်နေ၏။
“ တကယ် ရက်စက်တယ်။ ”
အဆိပ်ဘုရင်ထျန်းဟူက မျက်နှာ မည်းမှောင်သွားလေသည်။ သို့သော် ယင်းသည် အဓိပ္ပါယ်ရှိကြောင်း လက်ခံရပေမည်။
အဘယ်ကြောင့်ဆိုသော် ပင်းမို၏ ပြိုင်ဘက်သည် တုနှိုင်းမဲ့ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး ဖြစ်နေသဖြင့် မည်သူမဆို ပေါ့ဆ၍မရချေ။
တစ်ဖက်တွင် စုရီသည် ပင်းမိုဓားကို ကြည့်ကာ ဝမ်းနည်းမှုအနည်းငယ်ဖြစ်လာ၏။ မိမိကိုယ်တိုင် သင်ကြားပေးခဲ့သော တပည့်၏ ဓားတာအိုသည် အမှန်ပင် အခြားသူများနှင့် ယှဉ်၍မရအောင် မြင့်မားနေသည်။
“ ဟိတ် ... ။ ”
စုရီက ရှောင်တိမ်းခြင်းမပြုဘဲ လရိပ်ဓားကိုဝှေ့ရမ်းကာ ပြန်၍ပိုင်းချလိုက်၏။ သူ့ဓားသည် သဘာဝတရားကို ကျော်လွန်ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသည့် အရှိန်အဝါမျိုး ပါဝင်သည်။
“ ဝုန်း ... ။ ”
မည်သည့် လှည့်စားချက်မျှမပါရှိဘဲ ဓားစွမ်းအင်နှစ်ခုသည် လေထုအလယ်တွင် ထိပ်တိုက်တွေ့ဆုံသွား၏။
ထိုနေရာတစ်ဝိုက်ရှိ ကောင်းကင်နှင့် မြေကြီးပြိုပျက်သွားပြီး ဓားစွမ်းအင်လှိုင်းများ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားကာ နတ်တောင်ကို ရိုက်ခတ်တော့သည်။
တားမြစ်ဝင်္ကပါ အစီအရင်သည် ပြင်းစွာလှုပ်ခါကုန်သဖြင့် တာအိုဂိုဏ်းငါးခုမှ ဧကရာဇ်များ မျက်နှာပျက်ယွင်းပြီး အစွမ်းကုန် ခုခံကာကွယ်လိုက်ရသည်။
ဝင်္ကပါနှင့် လွတ်ကင်းရာတွင်မူ တောင်များပြိုကျကာ လေဟာနယ်ကွဲအက်ပြီး နက်ရှိုင်းသော အက်ကွဲရာများ ဖြစ်ပေါ်လာ၏။
လူတိုင်း နတ်ဓားရှင်၏စွမ်းရည်ကို ဤသို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါမှ ဒဏ္ဍာရီဟူသည့် အဓိပ္ပါယ်အပေါ် နားလည် သွားကြတော့သည်။
ဖုန်မှုန့်များဖုံးလွှမ်းလျက် စုရီပုံရိပ်သည် မူလနေရာတွင် ကျောက်ဆောင်ပမာ ခိုင်မြဲစွာ ရပ်နေခဲ့ချေပြီ။
ဆံပင်ရှည်များနှင့် ကျောက်စိမ်းရောင် ဝတ်ရုံသည် လေထဲ တလွင့်လွင့် ဖြစ်နေသည်။ ဤမြင်ကွင်းသည် လူအများကိုတုန်လှုပ်စေ၏။ အဆိပ်ဘုရင်ထျန်းဟူပင် ပါးစပ်အဟောင်းသား မှင်သပ်သွားတော့သည်။
“ အဘိုးကြီးစု လျှောက်လှမ်းနေတဲ့ လမ်းသစ်က တကယ်ပဲကောင်းကင်ဘုံကို ဆန့်ကျင်နေနိုင်တာပဲ။ ”
သမိုင်းတစ်လျှောက်တွင် ရွှမ်ကျောက် ဧကရာဇ်သည် ရွှမ်ဟဲအဆင့်ဧကရာဇ်တစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သူ မည်မျှရှိမည်နည်း။
***