ဓားသုံးချက် ... ။
Vol. 73 Ch. 875
ဤမတိုင်မီ လူအများသည် စုရီတွင် နတ်ဓားရှင်ပြန်လည်ဝင်စားသူ ဖြစ်သောကြောင့် တိုက်ပွဲဝင်စွမ်းအားမှာ ကောင်းကင်ကို စိန်ခေါ်နိုင်ကြောင်း သိထားကြ၏။
သို့သော် ရွှမ်ကျောက်အဆင့်သည် ယခင်ဘဝအထွတ်အထိပ်ခွန်အားဖြင့် ယှဉ်ရန် ခက်ခဲနေသေးသည်။
ထို့ကြောင့် ပင်းမိုနှင့် တိုက်ခိုက်သော အခါတွင် ကျင့်ကြံမှုကွာခြားချက်အပေါ် မည်သို့ ဖြေရှင်းမည်ကို မတွေးတတ်ကြချေ။
ယခုခမ်းနားထည်ဝါသော ဤဓားကို မြင်ချိန်တွင် လူအများ အံ့အားသင့်သွားကြပြီး အလွန်အမင်း သက်ရောက်မှု ခံစားလာရ၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိုက်ပွဲဝင် ဆန္ဒများဆူပွက်လာကာ တွင်အောင်းကြွက်အို ကြီးများကိုပင် အံ့အားသင့်စေကုန်၏။
ပြန်ဝင်စားလာသော နတ်ဓားရှင်သည် ယခင်ထက် ကြောက်မက်ဖွယ်ကောင်းလှသည့် လမ်းသစ်ကို လျှောက်လှမ်းနိုင်ခဲ့ကြောင်း သေချာသွားချေပြီ။
“ ဟားဟားဟား ... ဆရာ မင်းရဲ့ အထွတ်အထိပ်အချိန်ဆိုရင် တစ်ချက်တည်းနဲ့ ဒီတပည့်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ် အခုတော့ ... ဒီတပည့် ခန့်မှန်းထားတဲ့အတိုင်း ဆရာ့ရဲ့ကျင့်ကြံမှုက သိသိသာသာ ကျဆင်းသွားခဲ့ပါပြီ။ ”
ထိုစကားများသည် ဆူပွက်နေသော လေထုကိုရုတ်တရက် တိတ်ဆိတ်သွားစေခဲ့၏။ လူအုပ်ခမျာ သို့လော၊သို့လောပေပင်။
သူတို့အတွင်းမှ လူတိုင်းနီးပါးသည် စု၇ွှမ်ကြွယ်၏ အထွတ်အထိပ်ခွန်အားကို မြင်ဖူး ရန်ပင် အရည်အချင်း မပြည့်မီကြသောကြောင့် ပင်းမိုစကားအပေါ် နားယောင်လာသည်။
“ ဘယ်လောက် အရှက်မဲ့လိုက်လဲ တူညီတဲ့အဆင့်သာဆိုရင် မင်းရဲ့ဆရာက မင်းကို သတ်ပစ်လိုက်တာကြာပြီ။ ”
တစ်ဖက်တွင် အဆိပ်ဘုရင်သည် ရွံရှာဖွယ်အသွင်ဖြင့် လှောင်ပြောင်လိုက်သည်။ ပင်းမိုမှ သူ့ကိုလျစ်လျူရှုထား၏။ အကြည့်များ စုရီထံသာ ပို့လွှတ်လျက်၊
“ ဆရာ၊ ဒီနေ့ကို တပည့်ကအကြာကြီး စောင့်မျှော်နေခဲ့ရတာပါ ဒဏ္ဍာရီလာပုဂ္ဂိုလ်က ဘယ်လောက်အထိ သန်မာနိုင်မလဲ တကယ်သိချင်ပါတယ်။ ”
-ဟု ပြောကြာလိုက်၏။ သူ့စကားကြောင့် စုရီမှ မျက်ခုံးပင့်သည်။
“ ကောင်းပြီ ... မင်းတကယ်သိချင်ရင် ငါ့ဓားသုံးချက်ကိုခံနိုင်ရည်ရှိတာနဲ့ ရှုံးနိမ့်ကြောင်း ငါဝန်ခံပေးမယ်။ ”
“ ဟမ့် ... ဓားသုံးချက်လား ... ။ ”
ပင်းမိုတစ်ယောက် အံ့အားသင့်သွားပြီး မျက်ခုံးပင့်သွား၏။ ဆရာသည် ပြောကြားသည့် အတိုင်း လုံးဝဖြစ်အောင်လုပ်ပြတတ်သည်။ ယင်းက သူ့ကို မသက်မသာဖြစ်စေ၏။
“ ကောင်းပြီ ... ဒီလိုဆိုရင် ဆရာရှုံးနိမ့်ကြောင်းဝန်ခံဖို့ ပြင်ဆင်ထားပါ။ ”
စကားဆုံးသည်နှင့် ကျင့်ကြံမှုကို အဆုံးထိ တွန်းပို့လျက် လျှို့ဝှက်နည်းစနစ်အသုံးပြုကာ ရောင်ဝါမြှင့်တင်လိုက်၏။
လက်ထဲရှိ ကောင်းကင်သတ်ဓားမှ တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲထွက်လာကာ လေထဲ စတင်လွှဲရမ်းလိုက်သည်။
သူ့အရည်အချင်းဖြင့် ဆရာသခင်၏ ဓားသုံးချက်ကိုပင် မခံနိုင်ကြောင်း သူ မယုံချေ။ မဟုတ်သော် ဤနှစ်များအတွင်း ပင်းမိုဟူသည် အလားကားလူဖြစ်သွားပေမည်။
“ ဝူး ... ။ ”
ကောင်းကင်နှင့် မြေကြီးတုန်ခါသွားပြီး နေနှင့်လ အလင်းရောင်ပျောက်ကွယ်သွားခဲ့၏။ စစ်နတ်ဘုရားတစ်ပါးလို လွှမ်းမိုးနိုင်သော အသွင်သို့ ပြောင်းလဲလာသည်။
သူ့ဓားကို လွှဲရမ်းနေရာ ပတ်ဝန်းကျင် လေဟာနယ်သည် စက္ကူတစ်ချပ်ကဲ့သို့ ကွဲကြေ လိုက်လာတော့၏။
တစ်ဖက်တွင် စုရီ၏လရိပ်ဓားသည် မီးခိုးရောင်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကြား အေးစက်သော ဓားရည်ရွယ်ချက်များ ပြည့်နှက်သွား၏။
ဝင်စားခြင်း ဥပဒေ။ ဤသည်မှာ ဝင်စားခြင်းဥပဒေစည်းမျဉ်း လျှို့ဝှက်ချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
သူသည် ဤဥပဒေစည်းမျဉ်းကို ကနဦးနားလည်မှုသို့ ရရှိနေပြီဖြစ်သောကြောင့် ငရဲဘုံကိုးပါးဓားရောင်ဝါ အသုံးပြုရန် မလိုအပ်တော့ချေ။
ဤဝင်စားခြင်း ဥပဒေစည်းမျဉ်းသည် မရဏကမ္ဘာ၏ ပြီးပြည့်စုံသော ဥပဒေကြီးဖြစ်ရာ နိဗ္ဗာန်ဝိညာဉ်ဥပဒေ၊ ကောင်းကင်ဆန္ဒဥပဒေနှင့် ကြယ်ဆိတ်သုန်းခြင်းဥပဒေကို ယှဉ်နိုင်၏။
ထိုဥပဒေစည်းမျဉ်းများသည် သက်ဆိုင်ရာကြယ်စုကြီး၏ အသန်မာဆုံးသော ဥပဒေများဖြစ်သည်။
ဤစွမ်းအားကြောင့်ပင် ထိုကြယ်စု သုံးခုသည် နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်နေခြင်းဖြစ်၏။
တစ်ဖက်တွင် စုရီသည်ရွှမ်ဟွမ်မိခင်ချီကို သန့်စင်ပြီးနောက် ပြန်ဝင်စားခြင်းဥပဒေအပေါ် ထိန်းချုပ်နိုင်စွမ်းသည် ပြီးပြည့်စုံလုနီးပါးပေပင်။ ကျွမ်းကျင်မှုရရှိရန် အချိန်သာ လိုအပ်ချေပြီ။
“ ပထမဓား ... ။ ”
လရိပ်ဓားသည် မီးခိုးရောင် အလင်းတန်းတစ်ခုကို သယ်ဆောင်ပြီး လေထု အလယ် ဖြတ်သန်းလာခဲ့၏။
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
နားကွဲလုမတတ် ပေါက်ကွဲသံသည် နားစည်အတွင်းဝင်ရောက်ကာ ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်သွားစေသည်။
ကြယ်အလင်းများသည် မြစ်ကြီးတစ်စင်းအလား စီးဆင်းလာနေသည်ကို မြင်လိုက်ရသဖြင့် ကျင့်ကြံသူများစွာသည် နှလုံးသားများ တုန်လှုပ်သွားကြ၏။
“ ခရစ် ... ။ ”
ပင်းမိုခမျာ တောင်ကြီးတစ်လုံးဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ သူဖန်တီးထားသော ဓားအကာအကွယ်အလွှာများ ပြိုကျသွား၏။
အကျိုးဆက်အနေဖြင့် ကြိုးပြတ်စွန်တစ်ကောင်အလား နောက်ပြန် လွင့်စင်သွားလေသည်။ ပေပေါင်းများစွာ အကွာသို့ ရောက်မှသာ ဟန်ချက်ထိန်းနိုင်ခဲ့၏။
သို့တိုင် နှလုံးသားလေးလံသွားပြီး ဆူနာမီလှိုင်းလုံးကြီးတစ်ခု ပြိုကျလာသည့် အလား သူ့ခန္ဓာကိုယ်ထဲသို့ ဓားစွမ်းအင်များ ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။
“ အဟွတ် ... အဟွတ် ... ဝေါ့ ... ။ ”
အဆုံး၌ သည်းမခံနိုင်တော့ဘဲ အရိုးများအက်ကွဲကာ သွေးချောင်းဆိုးသွား တော့သည်။
မျက်ဝန်းများတွင်လည်း အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကာ သူ့လက်ထဲရှိ ဓားကို လွတ်ကျလုနီးပါး တုန်ခါလာ၏။
ဓားတစ်ချက်ဖြင့် ရွှမ်ကျောက်အဆင့် တစ်စုံတစ်ယောက်သည် ကနဦးရွှမ်ဟဲအဆင့် ကျင့်ကြံသူကို ဤမျှသောဒဏ်ရာများ ပေးနိုင်သည်မှာ မယုံနိုင်စရာပေပင်။
ဝမ်ချွယ်သည် မကြာသေးခင်ကမှ သူကိုယ်တိုင်ခံစားကြုံတွေ့ခဲ့ရသည့် ဆရာ၏ ခွန်အားကို အကြွင်းမဲ့ယုံကြည်ထား၏။
ထို့ကြောင့် ဓားတစ်ချက်တည်းဖြင့် ပင်းမိုတစ်ယောက် ရှုံးနိမ့်သွားသ်ည့အပေါ်တွင် ထူးထွေဆန်းပြားခြင်းမရှိခဲ့ချေ။
ဤလောကတွင် မည်သူမဆို နယ်ပယ်မည်သို့ပင် ရှိစေကာမူ ဆရာသခင်၏ ပြိုင်ဘက် မဟုတ်ကြောင်း ပြောနိုင်၏။
ဆရာသခင်သည် ကမ္ဘာတစ်ဝှမ်းတွင် ဒဏ္ဍာရီလာ ပြန်ဝင်စားခြင်းလျှို့ဝှက်ချက်ကို နားလည်နိုင်ခဲ့သည့် တစ်ဦးတည်းသော လူ ဖြစ်သည်။
“ ဟမ့် ... နှလုံးသားပြခန်းမှာ နှစ်ပေါင်းများစွာ ခွေးတစ်ကောင်အဖြစ် ရှင်သန်နေခဲ့တာတောင်မှ ... သူတို့ရဲ့ နိဗ္ဗာန် ဝိညာဉ်ဥပဒေတွေကို မင်း မကျွမ်းကျင်သေးတာ တကယ့်ကို သနားစရာပါပဲ။ ”
စုရီက မှတ်ချက်ပေး၏။ အဝေး တစ်နေရာတွင် ပင်းမိုသည် နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ၊
“ ဓားတစ်ချက်နဲ့ ဒဏ်ရာနည်းနည်း ပေးနိုင်တာမို့ ဒီတပည့်ကို အနိုင်ယူနိုင်ပြီလို့ တကယ်ထင်နေတာလား။ ”
-ဟု ပြောကြားလိုက်သည်။
သူ့ခန္ဓာကိုယ်ရှိ ရောင်ဝါများသည် စူးရှစွာတောက်ပလျက် တာအိုနှလုံးသားသည် မြဲမြံနေဆဲပေပင်။
“ အသက်ဝင် ... ။ ”
ခုခံကာကွယ်ရေး လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ခန္ဓာကိုယ်အပေါ် သံချပ်ကာကဲ့သို့ လွှမ်းခြုံပစ်လိုက်၏။
“ ဝှစ် ... ။ ”
ထို့နောက် ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်သောအခါ သူ့လက်ထဲရှိဓားကို ကိုးချက်တိတိလွှဲရမ်းပြီး ဓားစွမ်းအင်လှိုင်းများ ထုတ်လွှတ်ပစ်လိုက်သည်။
တစ်ဖက်တွင် စုရီ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်များ ထွက်ပေါ် လာ၏။ သူ့အင်္ကျီလက်များ လှုပ်ရှားသွားပြီး လရိပ်ဓား လေထဲမြင့်တက်သွားသည်။
ဝင်စားခြင်းဥပဒေနိယာမ၏ အခွဲတစ်ခုဖြစ်သော သေလွန်ခြင်းနိယာမသည် ချက်ချင်းထွက်ပေါ်လာသည်။
“ ဝုန်း ... ။ ”
တောင်နှင့်မြစ်များ ကွဲထွက်သွားပြီး လေထုအတွင်း ရှုပ်ထွေးမှုများ အားလုံးသည် ပျောက်ကွယ်သွားတော့၏။ ကောင်းကင်နှင့် မြေကြီးကြား လေဟာနယ်အတွင်း ပြတ်ရှရာတစ်ခု ပေါ်လာသည်။
ပင်းမို၏ ခိုင်မာလွန်းသော ဓားပိုက်ကွန်အတားအဆီးများ အလွယ်တကူ ဖြိုခွင်းခံရကာ အနီရောင်ဓားအလင်းတစ်လက် တိုးဝင်သွား၏။
“ ရွှပ် ... ။ ”
မီးလျှံများ ပြန့်ကျဲသွားပြီး ဓားရည်ရွယ်ချက်သည် ပြိုင်ဘက်ကင်း ထက်ရှမှု ပေးစွမ်းလာသည်။
ထိုဓားအလင်းနှင့်အတူ မရဏကမ္ဘာရှိ ဒဏ္ဍာရီလာငရဲမြစ်ကြီးတစ်စင်း လိုက်ပါလာ၏။ ငရဲမြစ်အတွင်း ရှေးဟောင်းကျမ်းစာများ တောက်ပလျက် မီးပန်းများ ပွင့်နေသည်။
ပန်းပွင့်အတွင်း မရေမတွက်နိုင်သော သရဲတစ္ဆေများ၏ မှတ်တမ်းများစွာ ပါဝင်နေ၏။ နတ်ဘုရားများနှင့် မိစ္ဆာများသည် ငရံမြစ်၏ သန့်စင်ခြင်းခံနေရသည်။
“ မကောင်းတော့ဘူး ... ။ ”
ဤသည်မှာ သေလွန်ချိန်တွင် ကြံတွေ့ရနိုင်သည့် နက်နဲသော လျှို့ဝှက် ဆန်းကြယ်မှုပေပင်။
“ ဝုန်း ... ။ ”
ပင်းမိုတစ်ယောက် ထိတ်လန့်စွာဖြင့် သူ့ကိုယ်သူခုခံကာကွယ်ရန် ဓားချက်များ ထပ်မံဖော်ထုတ်လိုက်သည်။
သို့တိုင် မအောင်မြင်ဘဲ နောက်ပြန် လွင့်စင်သွားပြီး သေလွန်ခြင်းဥပဒေပါဝင်သော ဓားစွမ်းအင်သည် လောင်ကျွမ်းနေသော မီးလျှံများအလား ကူးစက်သွား၏။
ခန္ဓာကိုယ်တစ်ခုလုံး ဖုံးလွှမ်းလျက် အရေပြားများစုတ်ပြဲကာ အသားနှင့်အရိုးများ အရည်ပျော်လာ၏။
သူ့ဝိညာဉ်သည် သန့်စင်ခြင်း ခံနေရသည့်အလား နာကျင်မှုဒဏ်ကြောင့် တဆတ်ဆိတ်တုန်နေခဲ့သည်။
လေထုအလယ် ဟန်ချက်ကို ပြန်လည်ထိန်းမတ်လိုက်သောအခါ အသက်ရှူ မဝတော့ဘဲ ခန္ဓာကိုယ်အနှံ့ အက်ကြောင်းများ ဖုံးလွှမ်းနေတော့၏။
ဤတစ်ကြိမ်တွင် တွင်အောင်း ကြွက်အိုကြီးများသည်ပင် ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် ဖြစ်လာချေပြီ။
စုရီ၏ ဒုတိယဓားသည် ထူးခြားဆန်းပြားလွန်းသော ဥပဒေတစ်ခု ပါဝင်နေ၏။ အလွန်ပင် တားမြစ်ဆန်နေပြီး ကြောက်စရာကောင်းချေပြီ။ သူတို့ ဘဝတလျှောက် မကြုံဖူးချေ။
“ တတိယ ဓား ... ။ ”
သေလွန်ခြင်းဥပဒေ၏ လျှို့ဝှက် ဆန်းကြယ်မှုသည် ချက်ချင်းပြောင်းလဲလျက် အဆုံးသတ်ဥပဒေသအဖြစ်သို့ ပြောင်းလဲသွားသည်။
လရိပ်ဓားသည် အလင်းနှင့် အမှောင် တလှည့်စီတောက်ပလာကာ အရာအားလုံး ဆိတ်ငြိမ်သွား၏။
တစ်ချက်တည်းဖြင့် ကောင်းကင်နှင့် မြေကြီးသည် အဆုံးမဲ့ ချောက်ကမ်းပါးကြီးထဲ ဆွဲငင်ခံလိုက်ရသလိုပေပင်။
“ ဘယ်လိုစွမ်းအားကြီးလဲ။ ”
ထိုအချိန်တွင် ပင်းမိုသည် ထိတ်လန့်တုန်လှုပ်သွားပြီး ကျောက်တုံးကဲ့သို့ မာကျောသောနှလုံးသား၌ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
စိတ်ဝိညာဉ်အတွင်း ဖော်ပြ၍မရသော ရှုံးနိမ့်မှုတစ်ခုကို ခံစားလာရ၏။ ဤဓားအပေါ် ခံနိုင်ရည်ရှိပြီး အသက်ရှင်နိုင်သရွေ့ သူ အနိုင်ရမည်ဖြစ်သည်။
သို့သော် ဤဓားသည် အလွန် ကြောက်စရာကောင်းပြီး သူ့ကိုအသက်ရှင်လျက် ကျန်ရစ်စေနိုင်မည်မဟုတ်ကြောင်း ယုံကြည်ထားချေ၏။
“ ဝုန်း ... ။ ”
ထိုဓားချက်သွားရာလမ်းတလျှောက် ကောင်းကင်နှင့် မြေကြီးညှိုးနွမ်းသွေ့ရော်ကာ အရာအားလုံး ပြိုလဲနစ်မြုပ်သွား၏။
“ မကောင်းတော့ဘူး ... ။ ”
ဤခြိမ်းခြောက်မှုကြောင့် ပင်မိုခမျာ တည်ငြိမ်မှုလုံးဝဆုံးရှုံးသွားပြီး တွန့်ဆုတ်မနေဘဲ ချက်ချင်းလှည့်ပြေးသွားတော့သည်။
***