← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း။ ၁၃၁

လုံယီ၏ စကားများကို ကြားလိုက်ရသောအခါ မည်မျှပင် ထုံထိုင်းသောသူဖြစ်ပါစေ ဤလူသည် လမ်းကြုံဝင်လာခြင်းမျိုးမဟုတ်ဘဲ တမင်သက်သက် ပြဿနာရှာရန် လာရောက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။

"တောက် သေချင်နေတာပဲ"

သွေးဓားတစ်ယောက် ဒေါသဖြင့် တုန်ရင်လာသည်။

သူသည် အမြဲတမ်း သူတစ်ပါးကို ဒုက္ခပေးနေသူဖြစ်သော်လည်း ယနေ့တွင်မူ လူငယ်တစ်ဦး၏ လှောင်ပြောင်ကစားခြင်းကို ခံလိုက်ရသည်။ ဤသည်မှာ သူ၏ဂုဏ်သိက္ခာအရ လုံးဝ သည်းမခံနိုင်သော ကိစ္စပင်။

ရွှမ်း….

သွေးရောင်လွှမ်းနေသော ရတနာဓားသည် ဓားအိမ်အတွင်းမှ ထွက်ပေါ်လာပြီး လျှောက်ပြောနေသော လုံယီထံသို့ တည့်တည့်မတ်မတ် ဦးတည်လိုက်သည်။ ထိုနေရာရှိ လူများမှာ သွေးရောင်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး ၎င်းမှာ ထိုဓား၏ အရှိန်အဟုန် မည်မျှပင် မြန်ဆန်ကြောင်း သက်သေပြနေသည်။

"သူ့ကို သတ်လိုက်စမ်း"

ရှုဟောက်ရင်၏ ချောမောသော မျက်နှာတွင် ဒေါသနှင့် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။

ရှူး…

နီရဲသော ဓားအလင်းသည် လေထုကို ဥက္ကာခဲတစ်ခုအလား ဖြတ်သန်းသွားပြီး မတ်မတ်ရပ်နေသော လုံယီကို ထိမှန်တော့မည့်အလားပင်။ ရှုမိသားစုဝင်များ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ယှက်သန်းနေသကဲ့သို့ စူးမိသားစုဘက်မှ လူများမှာမူ လုံယီသည် မိမိတို့ဘက်တော်သားဖြစ်ကြောင်း သိရှိသဖြင့် စိုးရိမ်တကြီး ကြည့်နေကြသည်။

"မြန်မြန်ရှောင်"

ထွားကြိုင်းသော သံမဏိသခင်မမှာ မြေပြင်မှ အားယူထလာပြီး လုံယီကို သတိပေးရန် အော်ဟစ်လိုက်မိသည်။

နောက်တစ်စက္ကန့်တွင်...

“လျင်မြန်ခြင်း”

ပွယောင်းသော ဘောင်းဘီအတွင်းရှိ လုံယီ၏ ခြေထောက်ကြွက်သားများမှာ ရုတ်တရက် တောင့်တင်းသွားပြီး ခါးနှင့် ကျောရိုးတစ်လျှောက်ရှိ ကြွက်သားများမှာလည်း တင်းနေသော လေးကြိုးတစ်ချောင်းအလား ဖြစ်သွားသည်။ သူ၏ ဒူးခေါင်းပတ်ဝန်းကျင်ရှိ ကြွက်သားများမှာ နွေဦးပေါက် စပရင်များကဲ့သို့ ခရုပတ်ပုံစံ အားယူလိုက်ကြသည်။

ခြေထောက်များမှ ပေါက်ကွဲထွက်လာသော ခွန်အားနှင့်အတူ သူသည် လေထဲသို့ ခပ်ဖွဖွ ခုန်တက်လိုက်ရာ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။ သူသည် တစ္ဆေတစ်ကောင်အလား ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး သွေးဓား၏ ညာဘက်ဘေးသို့ ချက်ချင်းပင် ရောက်ရှိသွားသည်။

ထို့နောက် သူသည် ဘယ်ခြေကို မြှောက်ကာ တင်ပါးဆုံမှတစ်ဆင့် ခွန်အားအပြည့်ဖြင့် ဝှေ့ယမ်းလိုက်ပြီး ပြိုင်ဘက်၏ ခါးဘေးသို့ ဘေးတိုက်ကန်ချက်ဖြင့် ပါးနပ်စွာ တိုက်ခိုက်လိုက်တော့သည်။

ဖြောက်…

သူ၏ ကိုယ်လက်အင်္ဂါ အဆစ်အမြစ်များမှာ တစ်ပြိုင်နက်တည်း အားစိုက်လိုက်သဖြင့် တစ်

ကိုယ်လုံးမှာ တစ်သားတည်း ဖြစ်သွားပြီး မီးရှူးမီးပန်းများ ပေါက်ကွဲသံကဲ့သို့ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ညာဘက်ခြေထောက်ဖြင့် နင်းချလိုက်သော မြေပြင်မှာလည်း ချက်ချင်းပင် ကျွံဝင်သွားတော့သည်။

သူ၏ ဘယ်ဘက်ခြေကန်ချက်မှ ထွက်ပေါ်လာသော ခွန်အားပမာဏမှာ ခန့်မှန်းကြည့်ရန်ပင် ခက်ခဲလှသည်။

သွေးဓား၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး သူ၏ခန္ဓာကိုယ်မှာ လေထဲသို့ မြှားတစ်စင်းအလား လွင့်စင်သွားကာ အနုစိတ်ထွင်းထုထားသော ကျောက်တောင်တုကြီးဆီသို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။

ဝုန်း….

ကျောက်တောင်တုကြီးမှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားရသည်။ ကြည့်ရှုနေသူအားလုံး၏ မျက်နှာတွင် အံ့အားသင့်တုန်လှုပ်သော အရိပ်အယောင်များ ထင်ဟပ်နေကြသည်။

“သူ့အရှိန်က... အရမ်းမြန်တာပဲ”

တစ်ဦးက ရေရွတ်လိုက်မိသည်။

သွေးဓား၏ အရှိန်မှာ သာမန်လူများ လိုက်မကြည့်နိုင်လောက်အောင် မြန်ဆန်လှသော်လည်း လုံယီကမူ နောက်မှတိုက်ခိုက်သော်လည်း ဦးစွာထိမှန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ သွေးဓားမှာ ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးပင်မရဘဲ လွင့်ထွက်သွားခဲ့ရခြင်းဖြစ်သည်။

ငါသာဆိုရင်ရော... ဟု တွေးမိလိုက်သောအခါ ရှုမိသားစုမှ သိုင်းပညာရှင်များအားလုံး၏ မျက်နှာတွင် ကြောက်ရွံ့ရိပ်များ လွှမ်းမိုးသွားတော့သည်။ တစ်ဖက်တွင်မူ စူးမိသားစုဝင်များသည် မျှော်လင့်ချက်အလင်းရောင်ကို ပြန်လည်မြင်တွေ့လိုက်ရသည့်အလား ဝမ်းသာအားရ ကြွေးကြော်နေကြသည်။

ထျန်းစူးရှီ၏ လှပသောမျက်ဝန်းများမှာမူ လုံယီထံ၌သာ စူးစိုက်နေတော့သည်။

ဘာလို့ ဒီလူက ရင်းနှီးနေသလို ခံစားနေရတာလဲ။ အထူးသဖြင့် သူ့ရဲ့ ကျောပြင်က...

သို့သော် ကွင်းပြင်အတွင်းမှ တိုက်ပွဲမှာမူ မပြီးဆုံးသေးပေ။

“ကောင်လေး... မင်း ငါ့ကို တကယ်ဒေါသထွက်အောင် လုပ်လိုက်ပြီ”

သွေးဓားသည် မျက်နှာတစ်ခုလုံး သွေးများဖြင့် ရဲရဲနီလျက် ကျောက်ပုံကြားမှ ခုန်ထွက်လာသည်။ သူ၏မျက်လုံးများတွင် စူးရှသော သတ်ဖြတ်လိုစိတ်များ ယှက်သန်းနေပြီး “ ကျော်ကြားတဲ့ ဓားသမားလေးဦးက သိုင်းလောကမှာ ဘာကြောင့် ဒီလောက်နာမည်ကြီးသလဲဆိုတာ မင်း သိသေးပုံမရဘူး” ဟု အံကြိတ်ကာ ပြောလိုက်သည်။

သူ၏တစ်ကိုယ်လုံးတွင် သွေးစွမ်းအင်များ ဝုန်းဒိုင်းကြဲ စီးဆင်းလာပြီး အဖြူရောင် အခိုးအငွေ့များက သူ့ကို ဝန်းရံထားတော့သည်။ ရင်ဘတ်နှင့် ကိုယ်လက်ရှိ ကြွက်သားများမှာ ဖောင်းကားလာကာ ခန္ဓာကိုယ်မှာ တစ်ဆိုဒ်ခန့် ပိုမိုကြီးမားသွားသည်။

လျှို့ဝှက်သွေးများမှာ သူ၏လက်မောင်းများဆီသို့ စီးဝင်သွားပြီး ထိုလက်မောင်းများမှာ နီမြန်းကာ မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ၏ရင်ဘတ်မှာလည်း နိမ့်တုံမြင့်တုံဖြင့် သူ၏ထူးခြားသော အသက်ရှူနည်းစနစ်ကို အရှိန်အဟုန်ဖြင့် လည်ပတ်စေနေတော့သည်။

သူသည် ဓားကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာဆုပ်ကိုင်ကာ ရှေ့သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်

“သွေးပင်လယ်အဆုံးမဲ့”

ဓားသွားမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလောင်းတောင်ပုံပုံထားသော သွေးပင်လယ်ပြင်ကြီးအလား ကြောက်မက်ဖွယ်ကောင်းလှသဖြင့် အနီးနားရှိ လူများမှာ ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး မလှုပ်ရှားနိုင် ဖြစ်သွားကြရသည်။ အကယ်၍ အရှိန်ကို အားပြုသော သိုင်းသမားတစ်ဦးသာဆိုလျှင် ဤတိုက်ကွက်အောက်၌ ခွန်အားမှာ သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။

လုံယီ၏ မျက်နှာထားမှာလည်း အနည်းငယ် ပိုမိုတည်ကြည်သွားသည်။ ချီစွမ်းအင်ပတ်လမ်းအဆင့်ကျော်လွန်သော သိုင်းပညာရှင်များ၏ အဆင့်မြင့်သိုင်းကွက်များမှာ စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်တုန်လှုပ်စေသော အာနိသင်များ ပါဝင်နေတတ်သည်။

ရှားဟူနှင့် ရင်ဆိုင်ခဲ့စဉ်ကတည်းက လုံယီသည် ဤအချက်ကို သဘောပေါက်ခဲ့ပြီးဖြစ်သည်။ သူသည် ရင်ဘတ်အတွင်းမှ အနက်ရောင်သံမဏိပုဆိန်ကို ထုတ်ယူလိုက်ပြီး မည်သည့်ထိန်ချန်မှုမျှမရှိဘဲ ရှေ့သို့ ဝှေ့ယမ်းလိုက်တော့သည်။

“တောင်ဖြိုခွင်းခြင်း”

မျက်စိဖြင့်မမြင်ရသော စွမ်းအင်လှိုင်းများသည် သွေးဓားထံသို့ ဦးတည်သွားပြီး တစ်ဖက်လူ၏ ဓားအရှိန်အဝါနှင့် ထိပ်တိုက်တွေ့ဆုံကာ တစ်ခုနှင့်တစ်ခု အားပြိုင်လျက် ပျောက်ကွယ်သွားကြသည်။ သူ၏ကိုယ်ပေါ်တွင် ပါရှိသော ဝိညာဉ်ပုတီးစေ့နှစ်စေ့မှာလည်း စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုများကို ထပ်မံလျှော့ချပေးလိုက်သည်။

ဂလောင်..

လက်နက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ခွန်အားချင်း ယှဉ်ပြိုင်ရာတွင် သူတို့နှစ်ဦးမှာ အင်အားချင်း တူညီနေကြပြီး အရှုံးအနိုင်မပေါ်ဘဲ တောင့်ခံထားကြသည်။ လုံယီသည် မွေးရာပါ ခွန်အားကြီးမားသည့် သိုင်းသမားဖြစ်ပြီး သွေးဓားမှာမူ ဆဠမချီစွမ်းအားအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကာ စွမ်းအင်စက်ဝန်းပြည့် အဆင့်သို့ပင် အလှမ်းကပ်နေသည့် ပညာရှင်တစ်ဦး ဖြစ်သည်။

သို့သော် လုံယီ၌ ဝှက်ဖဲများစွာ ကျန်ရှိနေသေးသည်။

“နဂါးဖောက်ထွင်းနည်းစနစ်”

နောက်တစ်စက္ကန့်တွင် လျှို့ဝှက်သွေးများသည် ခန္ဓာကိုယ်အတွင်းရှိ နဂါးထိချက်ကို ထိမှန်သွားပြီး တစ်ကိုယ်လုံးကို ထုံကျင်သွားစေကာ သွေးစွမ်းအင်များ ထပ်မံပေါက်ကွဲထွက်လာတော့သည်။ ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ဦးတည်ချက်တစ်ခုတည်းသို့ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။

ရေစီးကြောင်းများအလား ထိုခွန်အားများသည် ညာဘက်လက်မောင်းဆီသို့ အဆက်မပြတ် စုပြုံစီးဝင်သွားပြီး အရှိန်အဟုန်အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ဝုန်း…

ထပ်ဆင့်အားလှိုင်းများ၏ ပေါင်းစပ်မှုကြောင့် လုံယီ၏ ခွန်အားမှာ ထိုခဏ၌ ပေါင် ၁၀,၀၀၀ ကျော်အထိ ချက်ချင်းပင် မြင့်တက်သွားတော့သည်။

သွေးဓား၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လုံယီသည် ပြိုင်ဘက်၏ဓားကို အလွယ်တကူပင် ဖြတ်ကျော်ကာ ၎င်း၏ လည်ပင်းကို ကရုဏာမဲ့စွာ ခုတ်ချလိုက်သည်။

ဖြောက်…

ဦးခေါင်းမှာ ပြတ်ထွက်သွားပြီး ဘောလုံးတစ်လုံးအလား ရှုဟောက်ရင်၏ ဘေးသို့ လွင့်ကျသွားကာ သွေးများ စင်ဟပ်သွားတော့သည်။

“အားးးးး”

ရှုဟောက်ရင်၏ မျက်နှာမှာ ဖြူလျော်သွားပြီး စူးရှစွာ အော်ဟစ်လျက် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးတော့သည်။

“သခင်လေးကို ကာကွယ်ကြ”

ကျန်ရှိနေသော အိမ်စောင့်ရဲမက်များသည် သစ္စာရှိစွာဖြင့် လုံယီ၏လမ်းကို ပိတ်ဆို့ကြသော်လည်း လုံယီကမူ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ အလွယ်တကူပင် သုတ်သင်လျက် စွမ်းအင်များကို ဆက်လက်စုပ်ယူနေတော့သည်။

ထွက်ပြေးသွားသော ရှုဟောက်ရင်နှင့် ပတ်သက်၍မူ လုံယီ၏ မျက်လုံးများမှာ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း လိုက်လံသတ်ဖြတ်ခြင်း မပြုတော့ပေ။

အစေခံအချို့ကို သတ်ဖြတ်ခြင်းနှင့် မိသားစုတစ်ခု၏ သားကြီးဖြစ်သူကို သတ်ဖြတ်ခြင်းမှာ လုံးဝကွာခြားသော ကိစ္စရပ်များဖြစ်သည်။ ရှုမိသားစုအား အစွန်းရောက်သည်အထိ ရန်စရန် သို့မဟုတ် သိုင်းလောကတွင် ကျော်ကြားလှသော ဝိညာဉ်ဖျက်ဓားကို ဒေါသထွက်အောင်လုပ်ရန်မှာ လက်ရှိတွင် မလိုအပ်သေးပေ။ လုံယီအနေဖြင့် သိုင်းဆရာသခင်အဆင့်ရှိသူတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အသင့်မဖြစ်သေးပေ။

“မင်းဆီမှာ သွေးတွေ ထွက်နေတယ်”

လုံယီက ထျန်းစူးရှီကို ကြည့်ကာ သတိပေးလိုက်သည်။

သူမ၏ အဝတ်အစားမှာ ညာဘက်လက်မောင်းတွင် ပြဲအာနေပြီး ဖြူဝင်းနူးညံ့သော လက်မောင်းသားလေး ပေါ်ထွက်နေသည်။ ထိုနေရာတွင် မသေးငယ်သော ဒဏ်ရာတစ်ခုရှိနေပြီး သွေးများလည်း ထွက်နေဆဲပင်။

ရွှမ်း

လက်ဝါးခန့်ရှိသော အနက်ရောင် ကြွေပုလင်းငယ်တစ်ခုသည် ဝင်းပြင်ပမှ လုံယီထံသို့ လွင့်ပျံလာရာ သူက လျင်မြန်စွာ ဖမ်းယူလိုက်သည်။ ၎င်းမှာ ရှီချိုင်ဖုန်း၏ လက်ချက်ဖြစ်သည်မှာ ယုံမှားသံသယရှိစရာ မလိုပေ။

“ရော့... ဒါယူထားလိုက်”

လုံယီက ထိုပုလင်းကို ထျန်းစူးရှီထံ ကမ်းပေးလိုက်သည်။ ၎င်းမှာ အနာလိမ်းဆေးဖြစ်ကြောင်း သေချာသလောက်ရှိသည်။

“ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး... အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ မင်းရဲ့ အမည်နာမကို သိခွင့်ရှိမလား”

ထျန်းစူးရှီသည် ဆေးကို ချက်ချင်းမလိမ်းသေးဘဲ သူမ၏ လှပသော မျက်ဝန်းများဖြင့် လုံယီ၏မျက်နှာကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“တစ်ခုခုကြောင့် မင်းက ငါ့အတွက် အရမ်းရင်းနှီးနေသလိုပဲ တစ်နေရာရာမှာ ဆုံဖူးသလို ခံစားရတယ်”

“ငါ့ကို ဂုဏ်ယူဖွယ် ကောင်းကင်မင်းသားလို့ ခေါ်နိုင်ပါတယ်”

လုံယီသည် သူ၏ အေးစက်တည်ငြိမ်သော ပုံစံကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။

ထိုအမည်ကို ကြားလိုက်ရသောအခါ ထျန်းစူးရှီမှာ သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်

ပုတ်ခတ်လုပ်ရင်း ဘာမှမပြောတော့ပေ။ သူမက ဆက်လက်၍ “ကျွန်မရဲ့ အဖေက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့ ကုသဖို့အတွက် သမင်နက်ဝိညာဉ်ရဲ့ သွေးအဆီအနှစ် လိုအပ်နေပါတယ်။ ဂုဏ်ယူဖွယ် ကောင်းကင်မင်းသား အနေနဲ့ အဲဒါလေးကို ခွဲဝေပေးနိုင်မလားဟင်။ ကျွန်မဘက်ကလည်း ထိုက်တန်တဲ့ ဥစ္စာဓနတွေ ပြန်ပေးပါ့မယ်”

သူမသည် စကားအဆုံးတွင် ဘေးရှိလူအားလုံးကို အချက်ပြလိုက်ရာ ထိုသူက တစ်စောင်လျှင် ငွေစင်တစ်ထောင်တန်သော ငွေစက္ကူ ၇ စောင်၊ ၈ စောင်ခန့်ကို ချက်ချင်း ထုတ်ပေးလိုက်သည်။ လုံယီသည်လည်း ခေါင်းညိတ်သဘောတူလိုက်၏။ အမှန်စင်စစ် သမင်နက်ဝိညာဉ်မှာ သူ့အတွက် သိပ်ပြီးအသုံးမဝင်လှသလို သူတို့ပေးသော ဥစ္စာဓနမှာလည်း လုံလောက်လှသည်။

“သခင်မလေး... သခင်မလေး...”

ထိုစဉ်မှာပင် ပန်းရောင်ဝတ်စုံနှင့် အစေခံမလေး ရှောင်ချန်းသည် လူအုပ်ကြီးကို ဦးဆောင်ကာ တံခါးဝမှ အပြေးအလွှား ဝင်ရောက်လာသည်။

“သခင်မလေး ဘာမှမဖြစ်လို့ တော်ပါသေးတယ်”

ရှောင်ချန်းသည် သူမ၏ ရင်ဘတ်ကို ဖိကာ အသက်ရှူရင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် ပြောရှာသည်။

“ကံကောင်းလို့ ဒီသူရဲကောင်းလေးက ကယ်တင်ပေးခဲ့တာပါ”

ထျန်းစူးရှီက ပြုံး၍ပြောလိုက်သည်။ သို့သော် သူမ ပြန်ကြည့်လိုက်ချိန်တွင် လုံယီမှာ မည်သည့်နေရာသို့ ရောက်သွားသည်မသိ ပျောက်ကွယ်သွားပြီဖြစ်ရာ သူမ၏ ရင်ထဲတွင် ဟာတာတာနှင့် ကျန်ရစ်ခဲ့တော့သည်။

အပြန်လမ်းတွင်

“ဟေ့... အဲဒီ အမျိုးသမီးလေးက စူးမိသားစုကနေ ဝေးဝေးလံလံကို အိမ်ထောင်ကျသွားတဲ့ သမီးကြီး မဟုတ်လား။ ငါကြားတာတော့ သူမရဲ့ ခင်ပွန်းက အသတ်ခံလိုက်ရလို့ ဒီကို ပြန်ပြေးလာတာတဲ့။ ဒါပေမဲ့ သူမရဲ့ မိသားစုဝင်တွေက သူမအပေါ် မနာလိုဖြစ်နေကြတယ်လို့ ကြားတယ်”

“စူးမိသားစုရဲ့ အဓိက မျိုးရိုးမှာ ဒီသမီးတစ်ယောက်ပဲ ရှိတာလေ။ မူလကတော့ အာဏာတွေက တခြားမျိုးနွယ်ခွဲတွေဆီ ရောက်တော့မှာ။ ဒါပေမဲ့ အခု မိသားစုသခင်က ကွယ်လွန်သွားတဲ့ သူ့ညီရဲ့ မြေးကို သားအဖြစ် မွေးစားဖို့ ပြင်နေတယ်လို့ ကြားတယ်။ အဲဒီလိုဆိုရင်တော့ မိသားစုလုပ်ငန်းတွေကို တရားဝင် ဆက်ခံနိုင်မှာပဲ။ ဒါပေမဲ့ ကန့်ကွက်မှုတွေကတော့ အများကြီးပဲပေါ့...”

“ဪ... ဒါကြောင့်ကိုး”

လုံယီသည် ထျန်းစူးရှီ၏ အခြေအနေ အဘယ်ကြောင့် ခက်ခဲနေရသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။

“ဒါပေမဲ့ ဒီသခင်မလေးက တကယ့်အလှလေးပဲ။ မင်းက စိတ်မဝင်စားဘူးဆိုရင် ငါ့ကိုပဲ လွှဲပေးလိုက်ပါလား”

ရှီချိုင်ဖုန်းက သူမ၏ မေးစေ့ကို ပွတ်သပ်ရင်း ရမ္မက်ပါသော အကြည့်များဖြင့် စနောက်လိုက်သည်။

ဒီမိန်းမ ထပ်ပြီးပေါကြောင်ကြောင်စကားတွေ ပြောပြန်ပြီ။

အခန်း။ ၁၃၂

“သွားစမ်း”

လုံယီက စိတ်ပျက်လက်ပျက်ဖြင့် ငေါက်ငေါ့လိုက်သည်။

တစ်ဖက်တွင်မူ ရှုဟောက်ရင်သည် အိမ်သို့ အပြေးအလွှား ပြန်လာပြီး ခန့်ညားတည်ကြည်သော လူလတ်ပိုင်းအမျိုးသားတစ်ဦးထံတွင် ငိုယိုတိုင်တန်းနေတော့သည်။

“အဖေ... ကျွန်တော့်အတွက် ကလဲ့စားချေပေးရမယ်။ အဲဒီ ဂုဏ်ယူဖွယ် ကောင်းကင်မင်းသား ဆိုတဲ့ကောင်က အရမ်းရမ်းကားတာပဲ။ ကျွန်တော်တို့ မိသားစုက လူအများကြီးကို သတ်သွားတယ်...”

ဖြောင်း…

စကားပင်မဆုံးသေးမီ သူ၏ပါးပြင်ထက်သို့ လက်ဝါးချက်တစ်ခု ကျရောက်လာရာ ရှုဟောက်ရင်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

“ငါ မင်းကို ငြိမ်ငြိမ်နေပါ ပြဿနာမရှာပါနဲ့လို့ ပြောထားတယ် မဟုတ်လား။ သမင်နက်

ဝိညာဉ်ကိုတောင် ဆုံးရှုံးအောင် လုပ်ခဲ့တယ် မင်းက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ”

“ထွက်သွားစမ်း”

ရှုဟောက်ရင် တုန်တုန်ရင်ရင်ဖြင့် ထွက်ခွာသွားပြီးနောက် အခန်းတွင်းမှ ခပ်အက်အက် အသံတစ်သံ ထွက်ပေါ်လာသည်။

“အဲဒါ ပျောက်သွားတာကမှ ပိုကောင်းသေးတယ်။ ဒါမှ တခြားလူတွေ ငါတို့ကို သတိမထားမိမှာငါတို့ရဲ့ အစီအစဉ်ကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်လို့ရမယ်”

ရှုမိသားစုသခင်က ခဏမျှ စဉ်းစားပြီးမှ “ဒါပေမဲ့ ငါတို့ဘက်က ဘာတုံ့ပြန်မှုမှ မပြရင်လည်း သူများတွေ သံသယဝင်ကုန်လိမ့်မယ်။ အဲဒီ ဂုဏ်ယူဖွယ် ကောင်းကင်မင်းသား ဆိုတဲ့လူကို စုံစမ်းဖို့ လူလွှတ်လိုက်။ အကယ်၍ သူက မြို့စားမင်းအိမ်တော်နဲ့ ပတ်သက်မှုမရှိဘူးဆိုရင် သတ်ပစ်လိုက်တော့” ဟု အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ ခင်ဗျာ”

အစွန်းရောက်လက်သီးဂိုဏ်း….

“လက်သီးနည်းစနစ်နဲ့ အသက်ရှူနည်းစနစ်ကို အရင်ဆုံး သီးခြားစီ လေ့ကျင့်ပါ။ ကျွမ်းကျင်သွားပြီဆိုမှ ရောနှောပြီး ကြိုးစားကြည့်ကြ ဒါမှ ဝရုန်းသုန်းကား မဖြစ်မှာ”

“မင်းရဲ့ ကိုယ်နေဟန်ထား မှားနေတယ်။ ခြေထောက်တွေကို အရမ်းကြီး တင်းမထားနဲ့။ လျှော့ထား... လျှော့ထားစမ်း”

“လာပါ... ခါးကို မတ်မတ်ထား ငါ ကူညီပေးမယ်...”

လုံယီသည် သိုင်းကျောင်းဝင်း၏ ထောင့်တစ်နေရာသို့ လျှောက်သွားစဉ် ကျန်းဝေတသည် မိန်းကလေးငယ်တစ်ဦးကို အနီးကပ်ကပ်၍ သင်ကြားပေးနေသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ အတော်ပင် နှာဘူးကျနေပုံရ၏။ ထိုမိန်းကလေး၏ မျက်နှာမှာ နီမြန်းနေပြီး သူမ၏ ဆံပင်ရှည်များကိုလည်း သေသပ်စွာ ထုံးဖွဲ့ထားကာ ဘေးတစ်ဖက်စီတွင် ကျစ်ဆံမြီးကလေးများ တွဲလောင်းကျနေသည်။

မိန်းကလေးသည် အစိမ်းရောင်အထည်ဝတ်စုံကို ဆင်မြန်းထားသဖြင့် သူမ၏စင်ကြယ်သော အလှမှာ ပိုမိုပေါ်လွင်နေသည်။

လုံယီ ချဉ်းကပ်လာသည်ကို မြင်သည်နှင့် ကျန်းဝေတသည် မိန်းကလေးကို ချက်ချင်းလွှတ်လိုက်ပြီး သူ၏ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာတော့သည်။

“မင်း ဒုတိယအဆင့် အသက်ရှူနည်းစနစ်ကို ကျွမ်းကျင်သွားပြီလား ငါ့ကို မြန်မြန်သင်ပေးစမ်းပါ”

သူက အနီးသို့ရောက်သောအခါ တိုးတိုးလေး မေးလိုက်သည်။

“ရတာပေါ့ မင်းရဲ့ ဝင်းထဲကို သွားကြမလား”

“မင်္ဂလာပါ... စီနီယာအစ်ကိုလျို”

သူတို့နှစ်ဦး မထွက်ခွာမီ ထိုမိန်းကလေးက လုံယီကို ချိုသာစွာ နှုတ်ဆက်လိုက်သည်။ သူမ ပြုံးလိုက်သောအခါ ပါးပြင်ပေါ်ရှိ ချစ်စဖွယ် ပါးချိုင့်လေးနှစ်ဖက်မှာ အထူးပင် သိသာထင်ရှားလှသည်။

လုံယီက ခေါင်းအသာငြိမ့်ပြကာ နှုတ်ဆက်မှုကို တုံ့ပြန်လိုက်သည်။

“အဲဒီမိန်းကလေး နာမည်က ဘယ်သူလဲ”

လမ်းတွင် လုံယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“သူ့နာမည်က ရှုယွင်တဲ့။ သူ့မိသားစုက အထည်လောကမှာ လုပ်ငန်းလုပ်တာဆိုတော့ အတော်အသင့် ပြည့်စုံတယ်လို့ ပြောလို့ရတာပေါ့”

ကျန်းဝေတ၏ လေသံအရ သူမ၏မိသားစုမှာ မြေပိုင်ရှင်အဆင့်အတန်းလောက်သာ ရှိပုံရသည်။ ကျန်းမိသားစုနှင့် ယှဉ်လျှင်မူ များစွာ ကွာခြားလှသည်။

“ဘယ်လိုလဲ... ငါ့မျက်စိက မဆိုးဘူးမလား”

ကျန်းဝေတက ဂုဏ်ယူစွာဖြင့် လုံယီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

“ကစားရုံပဲလား ဒါမှမဟုတ် အတည်လား”

လုံယီက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ငါက အဲဒီလိုလူမျိုးလား”

ကျန်းဝေတမှာ လုံယီ၏အမေးကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။

“ငါသာ မိန်းမတစ်ယောက် လိုချင်ရင် ဘယ်လိုမျိုးကိုမဆို ရနိုင်တာပဲ။ ကစားချင်တာဆိုရင် အစောကြီးကတည်းက လုပ်ပြီးသား ဖြစ်မှာပေါ့”

သူတို့နှစ်ဦး အေးအေးလူလူ စကားပြောရင်း လျှောက်လာစဉ် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက သူတို့၏ရှေ့မှ ပိတ်ရပ်လိုက်သည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျပြီး ရုပ်ရည်မှာလည်း နုနယ်လှပကာ ညှို့ဓာတ်ပြင်းသော မက်မွန်ပွင့်မျက်ဝန်းများက လူ့ဝိညာဉ်ကိုပင် ဖမ်းစားနိုင်စရာ ရှိသည်။ ရုပ်ရည်သက်သက်ကိုသာ ကြည့်မည်ဆိုပါက သူမသည် ရှုယွငထက် များစွာ ပိုမိုလှပပြီး သူမမှာ အခြားသူမဟုတ်ဘဲ ကျားဟုန်ပင်။

သူမကို မြင်လိုက်ရသောအခါ ကျန်းဝေတ၏ မျက်နှာထားမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

ကျားဟုန်က “အစ်ကိုလျို အစ်ကိုကျန်း.. ကျွန်မ ရှင်တို့နှစ်ယောက်ကို လိုက်ရှာနေတာ” ဟု ပြောလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

လုံယီက မေးလိုက်သည်။

“ကျွန်မတို့ သုံးယောက်လုံးက အချိန်တစ်ခုတည်းမှာပဲ အဆင့်တက်ခဲ့ကြတာဆိုတော့ ကံပါလာတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ သိုင်းလောကဆိုတာ ခက်ခဲတယ်လေ။ တစ်ယောက်တည်း ပုန်းအောင်းကျင့်ကြံနေရင် အဆင့်တက်ဖို့ နှေးကွေးတတ်တယ်”

ကျားဟုန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း သူမ၏ ရည်ရွယ်ချက်ကို ပြောပြသည်။

“ဒါကြောင့် ကျွန်မက မြို့ထဲက ထူးချွန်တဲ့ လူငယ်တွေကို ဖိတ်ကြားပြီး စားသောက်ပွဲတစ်ခု ပြင်ဆင်ထားပါတယ်။ အားလုံးနဲ့ ပညာချင်းဖလှယ်ရင်း ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းနိုင်

အောင်လို့ပါ”

“အိုး... အဲဒီ ထူးချွန်တဲ့လူငယ် ဆိုတာတွေက ဘယ်သူတွေများလဲ”

ကျန်းဝေတက စိတ်မရှည်သလိုဖြင့် နားကိုနှိုက်ရင်း မေးလိုက်သည်။

“ကျွန်မတို့ဂိုဏ်းကလူတွေအပြင် ရှုမိသားစု၊ ဖူလင်အစောင့်အကြပ်အဖွဲ့၊ စူးမိသားစုနဲ့ ထျန်းမိသားစုက တပည့်တွေလည်း ပါပါတယ်...”

ဤကဲ့သို့ ကျော်ကြားလှသော အမည်ကြီးမိသားစုများကို ကြားလိုက်ရချိန်တွင် ကျားဟုန်၏ စစ်မှန်သောရည်ရွယ်ချက်မှာ သိုင်းပညာဖလှယ်ရန်သက်သက် မဟုတ်နိုင်ကြောင်း လုံယီ ရိပ်မိလိုက်သည်။

“ဘယ်အချိန်လဲ”

ကျန်းဝေတက မေးသည်။

“မနက်ဖြန် ညနေ ၅ နာရီကနေ ၇ နာရီကြား လမင်းပွေ့ဖက်ရာရိပ်မြုံမှာပါ”

ကျားဟုန်က ပြုံး၍ပြောလိုက်သည်။

“အော်... ငါတော့မလာဘူး”

ကျန်းဝေတ၏ ပြတ်သားသောစကားကြောင့် ကျားဟုန်၏အပြုံးမှာ အေးခဲသွားတော့သည်။ သို့သော် သူမသည် ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းကာ ယဉ်ကျေးစွာဖြင့်ပင် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

မမျှော်လင့်ဘဲ သူတို့နှစ်ဦး သိုင်းကျောင်းဝင်းအတွင်းမှပင် မထွက်ရသေးမီ နောက်ထပ်လူတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရပြန်သည်။ ထိုသူမှာ ဝဖြိုးနီမြန်းသော ပါးပြင်ရှိပြီး ကြင်နာတတ်သောမျက်နှာထားဖြင့် ပြုံးရွှင်နေသူဖြစ်သည်။ သူကား လုံယီနှင့် ကျန်းဝေတတို့ကို သိုင်းပညာသင်ကြားပေးခဲ့သည့် အစွန်းရောက်လက်သီးဂိုဏ်းမှ စီနီယာအစ်ကိုကြီး လီယာကွေ့ပင်။

“ညီငယ်တို့ရေ... ငါက ဆရာသမားတွေကိုယ်စား လာပြောတာပါ။ မနက်ဖြန် ညီမလေး ကျားဟုန်က ဂိုဏ်းပေါင်းစုံက တပည့်တွေကို ဖိတ်ပြီး စားသောက်ပွဲလုပ်ဖို့ရှိတယ်။ ငါတို့ဂိုဏ်းအနေနဲ့လည်း ဂုဏ်သိက္ခာအရ အဆင့်တက်ခါစ တပည့်အချို့ကို ကိုယ်စားလှယ်အဖြစ် လွှတ်ဖို့လိုနေလို့ မင်းတို့နှစ်ယောက် တက်ရောက်ပေးနိုင်မလား”

စကားအဆုံးတွင် လီယာကွေ့က အသံကိုနှိမ့်ကာ “ညီမလေး ကျားဟုန်က တခြားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးထူထောင်နေတာက ငါတို့ဂိုဏ်းရဲ့ ဩဇာအာဏာချဲ့ထွင်ဖို့အတွက် အကျိုးရှိစေမှာပါ” ဟု ရှင်းပြရှာသည်။

ဒါက တပည့်တွေကြားက သံတမန်ရေးလမ်းစဉ်ပေါ့လေ။

မည်သို့ပင်ဆိုစေကာမူ လီယာကွေ့ကိုယ်တိုင် လာရောက်တောင်းဆိုသဖြင့် လုံယီနှင့် ကျန်းဝေတတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မတတ်သာသည့်အဆုံး လက်ခံလိုက်ကြရသည်။

လီယာကွေ့ ထွက်ခွာသွားပြီးနောက် “ကျားဟုန်က ဒီလောက်တောင် ဩဇာရှိတာလား” ဟု လုံယီက နားမလည်နိုင်စွာ မေးလိုက်သည်။

“ဟက်... သူက အတော်လေး စွမ်းဆောင်နိုင်ရည်ရှိတာပဲ”

ကျန်းဝေတက ကျားဟုန်ကို အထင်အမြင်သေးသောအပြုံးဖြင့် လှောင်ပြောင်လိုက်သည်။

“မင်းမသိသေးဘူးထင်တယ် သူက အခု ဂိုဏ်းရဲ့ မဟာအကြီးအကဲရဲ့ တပည့်ဖြစ်နေပြီလေ”

“အင်... ဘယ်လိုဖြစ်လို့လဲ”

လုံယီ အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် အကြီးအကဲကျိုးကို ဆရာအဖြစ် တင်မြှောက်ထားသည်ဟု သူ အသေအချာ မှတ်မိနေသောကြောင့်ဖြစ်သည်။

“သိုင်းပညာရှင်အဖြစ် အဆင့်တက်ပြီးတဲ့နောက်မှာ ကျားဟုန်ရဲ့ တိုးတက်မှုက အရင်ထက်

တောင် ပိုပြီးမြန်ဆန်လာတယ်”

“နောက်ပိုင်းမှာ ဂိုဏ်းရဲ့ အကြီးအကဲတွေက သူမကို စမ်းသပ်ကြည့်တော့မှ သူမက ရှေးဟောင်းကျမ်းစာတွေထဲမှာ ဖော်ပြထားတဲ့ သိုင်းပါရမီရှင် တစ်ဦးဖြစ်နေမှန်း သိလိုက်ကြတာ။ အဲဒါကြောင့်လည်း မဟာအကြီးအကဲကိုယ်တိုင်က သူမကို တံခါးပိတ်တပည့်အဖြစ် သိမ်းပိုက်

လိုက်တာပဲ”

ကျန်းဝေတက အနည်းငယ် မနာလိုသလို လေသံဖြင့် ပြောလိုက်သည်။

“ဒါကြောင့်သာ မဟုတ်ရင် သူမက ဒီလောက်အထိ ဂုဏ်သရေရှိတဲ့ လူငယ်တွေကို ဖိတ်နိုင်ပါ့မလား။ အားလုံးက မဟာအကြီးအကဲကို မျက်နှာထောက်ကြလို့ပဲ”

အစွန်းရောက်လက်သီးဂိုဏ်း၏ မဟာအကြီးအကဲ ကျိုးပုဖုန်းသည် စွမ်းအင်စက်ဝန်းပြည့် အဆင့်ရှိသူဖြစ်ပြီး သိုင်းဆရာသခင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သူဖြစ်သည်။ ထို့ပြင် တူညီသောအဆင့်များကြားတွင် သူသည် တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်းမရှိဘဲ ထိုက်မြို့တစ်မြို့လုံး၏ ထိပ်သီးပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

အချိန်များ ကုန်လွန်သွားပြီးနောက် နောက်တစ်နေ့ ညနေ ၅ နာရီသို့ ရောက်ရှိလာခဲ့သည်။

လမင်းပွေ့ဖက်ရာရိပ်မြုံသည် မြို့တောင်ဘက်ရှိ အိမ်ရာတစ်ခုအတွင်း တည်ရှိပြီး ခရမ်းရောင်သန်းသော ကြာပန်းများ ဝေဆာနေသည့် ကန်ကြီးတစ်ခုက ဝန်းရံထားသည်။ ကန်ပေါ်ရှိ စားသောက်ဆိုင်အနီးတွင် တံငါသည်များက လှေငယ်များကို လှော်ခတ်နေကြသည်။ လှေတစ်စင်းပေါ်တွင်မူ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ကာ အနီရောင်ဝတ်စုံကို ဆင်မြန်းထားသည့် အဆိုတော်မလေးတစ်ဦးက သာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံများကို သီဆိုနေတော့သည်။

စားသောက်ဆိုင်ကြီးမှာ ခြောက်ထပ်အမြင့်ရှိပြီး အနီရောင်ဆေးများဖြင့် တောက်ပနေကာ ထွင်းထုမွမ်းမံထားသော အမိုးအကာများနှင့် ထုပ်တန်းများက ခန့်ညားလှသည်။ ၎င်း၏ ကျော့ရှင်းလှပမှုမှာ မြို့တောင်ပိုင်းတွင် နာမည်ကြီးသော ကျိဟိုင်မျှော်စင်နှင့် မုန်တိုင်းမျှော်စင်တို့ထက်ပင် များစွာ သာလွန်လှသည်။

ယခုအခါ အပေါ်ဆုံးထပ်တွင် မီးများ ထိန်ထိန်လင်းနေပြီး လူငယ်အုပ်စုတစ်စု ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့အနက် အများစုမှာ ပိုးထည်အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ထူးခြားသော အရှိန်အဝါများ ရှိကြကာ ရှေ့မှ အရသာရှိသော အစားအစာများကိုပင် စိတ်ဝင်စားပုံမရကြပေ။ သူတို့၏ အာရုံအများစုမှာ လူနှစ်ဦးထံသို့သာ ရောက်ရှိနေကြသည်။ သူတို့မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။

အမျိုးသမီးမှာ ကျားဟုန် ဖြစ်သည်။ ယနေ့တွင် သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အလှမှာ ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရကာ ထိုနေရာရှိ အခြားမိန်းကလေးများကို အရှိန်အဝါဖြင့် ဖိနှိပ်ထားသယောင် ရှိသည်။

အမျိုးသားမှာမူ မိုးပြာရောင် ပိုးထည်ဝတ်စုံကို ဆင်မြန်းထားပြီး ခါးတွင် ရွှေမြှုပ်ထားသော ကျောက်စိမ်းဆွဲပြားကို ချိတ်ဆွဲကာ ဦးခေါင်းတွင် ကျောက်စိမ်းသရဖူကို ဆောင်းထားသည်။ သူသည် မာန်နဂ္ဂဖြင့် ပြည့်နှက်နေပြီး ရှုမိသားစု၏ ဒုတိယမြောက်သား ရှုဟောက်ရန်ပင်။

ကျားဟုန်သည် ကျောက်စိမ်းခွက်ကို ကိုင်ကာ ထရပ်လိုက်ပြီး “ဒီနေ့ ကျွန်မရဲ့ ဖိတ်ကြားချက်ကို ဂုဏ်ပြုပြီး တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ သိုင်းသမားတစ်ယောက်ရဲ့ လမ်းခရီးဟာ အဝေးကြီး သွားရဦးမှာပါ။ ပိုပြီး တိုးတက်ဖို့ဆိုရင် အတွေ့အကြုံ ဖလှယ်ကြဖို့က မရှိမဖြစ် လိုအပ်ပါတယ်...”

“မိန်းကလေးကျား ပြောတာ လုံးဝမှန်ပါတယ်”

ရှုမိသားစု၏ ဒုတိယသခင်လေး ရှုဟောက်ရန်က ဦးစွာ ထောက်ခံလိုက်သည်။

သူသည် ကျားဟုန်ကို အထင်အရှားပင် မြတ်နိုးသော အကြည့်များဖြင့် ကြည့်ကာ “ဒါဆိုရင် ကျွန်တော်ကပဲ အရင်ဆုံး ပညာပြပါရစေ။ ကျွန်တော့် ရှုမိသားစုရဲ့ ဓားသိုင်းဟာ ခန့်မှန်းရခက်တာကြောင့် နာမည်ကြီးပါတယ်။ ဒီအဆင့်ကို ရောက်ဖို့ဆိုရင် ဓားနဲ့တစ်သားတည်း ဖြစ်နေဖို့ လိုတယ်။ နေ့တိုင်း လေ့ကျင့်နေရုံတင်မကဘဲ အိပ်တဲ့အခါမှာတောင် ဓားနဲ့အတူ အိပ်စက်ပြီး ဓားနဲ့လူ တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ရတာပါ” ဟု ပြောလိုက်သည်။

ရွှမ်း

ရှုဟောက်ရန်သည် သူ၏ ရတနာဓားကို ဆွဲထုတ်လိုက်ပြီး လျှပ်တပြက်အတွင်း ရှေ့သို့ ထိုးလိုက်သည်။ ဓားဦးဖျားတွင် ပဲစေ့ခန့်ရှိသော ယင်ကောင်တစ်ကောင်မှာ ထိုးစိုက်ခံလိုက်ရပြီး ၎င်း၏ အတောင်ပံများမှာ တဖျပ်ဖျပ် လှုပ်ခတ်နေဆဲဖြစ်ရာ လုံးဝ အသက်မပျောက်သေးကြောင်း သိသာလှသည်။

“တကယ့်ကို အံ့မခန်းတဲ့ ဓားကွက်ပဲ”

လူအများက ဝိုင်းဝန်း ချီးကျူးလိုက်ကြသည်။

ရှုဟောက်ရန်၏ မိသားစု အဆင့်အတန်းကို ဖယ်ထားလျှင်ပင် ဤတိုက်ကွက်မှာ သာမန် ခွန်အားထက် ကျွမ်းကျင်မှုနှင့် တိကျမှုကို များစွာ လိုအပ်လှသည်။

All Chapters