← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း။ ၁၃၃

“သခင်လေးရှုက ဝိညာဉ်ဖျက်ဓားရဲ့ ဆက်ခံသူပီသပါပေတယ်။ နောင်တစ်ချိန်မှာ သိုင်းလောကတစ်ခုလုံးမှာ မသိသူမရှိအောင် နာမည်ကျော်ကြားလာမှာ အသေအချာပါပဲ”

ကျားဟုန်က နှုတ်ခမ်းလေးဟကာ စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။

ထိုစကားကြောင့် ရှုဟောက်ရန်၏ မျက်နှာမှာ အပြုံးပန်းများ ဝေဆာသွားပြီး ကျားဟုန်အပေါ် ထားရှိသော သူ၏ စိတ်ဝင်စားမှုမှာလည်း ပိုမိုပြင်းထန်လာတော့သည်။

ထို့နောက်တွင် ဖူလင်အစောင့်အကြပ်အဖွဲ့နှင့် ထျန်းမိသားစုကဲ့သို့သော ထင်ရှားသည့် အနွယ်ဝင်များ၊ ဂိုဏ်းသားများက ရှေ့သို့ထွက်၍ မိမိတို့၏ မျိုးရိုးလိုက် သိုင်းပညာရပ်များကို အလှည့်ကျ ပြသကြသည်။ မျိုးရိုးမြင့်သခင်လေးများသည် တစ်ဦးကိုတစ်ဦး မြှောက်ပင့်ချီးကျူးကြရင်း ဝိုင်းဖွဲ့စကားပြောကြသဖြင့် ပွဲ၏အရှိန်အဝါမှာ ပိုမိုသက်ဝင်လှုပ်ရှားလာသည်။

ကျားဟုန်သည် လူအုပ်၏ အလယ်ဗဟိုတွင် ရေထဲကငါးအလား ကျွမ်းကျင်စွာ လှုပ်ရှားနေပြီး သူမ၏ ညှို့ဓာတ်ပြင်းသော အပြုံးများက လူတိုင်းကို ဆွဲဆောင်ထားသည်။ တစ်ခါတစ်ရံ သူမ၏ စကားတစ်ခွန်းကပင် ပွဲ၏အရှိန်ကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေနိုင်သည်။

အခြားတစ်ဖက်တွင်မူ လုံယီ၊ ကျန်းဝေတနှင့် အခြားသော အစွန်းရောက်လက်သီးဂိုဏ်းသား ၇ ဦး၊ ၈ ဦးခန့်မှာ ခန်းမ၏ အစွန်ဆုံး စားပွဲတွင် ထိုင်နေကြရသည်။ မည်သူကမျှ သူတို့ကို အာရုံမစိုက်ကြသဖြင့် အခြေအနေမှာ အတော်ပင် မျက်နှာပျက်စရာ ကောင်းလှသည်။

“တောက်... ငါပြောသားပဲ။ ဒီကိုလာတာ မကောင်းပါဘူးဆို။ အဲဒီမိန်းမ ကျားဟုန်ကတော့ တကယ့်လူပဲ”

ကျန်းဝေတက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

“ငါတို့က သူတို့ကို အလှဆင်ပေးတဲ့ အရံလူတွေ ဖြစ်နေသလိုပဲနော်”

အခြားဂိုဏ်းသားတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။

တင်စားပြောရလျှင် ပန်းလှရန်အတွက် အစိမ်းရောင်အရွက်များ လိုအပ်သည်မဟုတ်ပါလား။ နောက်ခံအင်အားမရှိသော သာမန်တပည့်များသာ မရှိပါက ဤနေရာရှိ မျိုးရိုးမြင့်သခင်လေးများ၏ ဂုဏ်သိက္ခာမှာ ဘယ်လိုလုပ် ပေါ်လွင်နိုင်မှာလဲ။

ဤစကားကို ကြားလိုက်ရချိန်တွင် အားလုံးမှာ အရှက်ရမှုနှင့် ဒေါသတို့ ရောပြွမ်းသွားကြသည်။ သူတို့ကို ဖိတ်ကြားထားသော်လည်း မည်သူနှင့်မျှ မိတ်ဆက်ပေးခြင်း မရှိပေ။ ထို့ပြင် အဝေးဆုံးထောင့်တွင် သီးသန့်နေရာချထားခြင်းမှာ ကျားဟုန်အနေဖြင့် သူတို့အပေါ် ဂရုမစိုက်ကြောင်း ပြသနေသဖြင့် စိတ်ပျက်စရာ ကောင်းလှသည်။

လုံယီကမူ ဘာမှမပြောဘဲ စားပွဲတွင် ထိုင်ကာ အစားအသောက်များကိုသာ အာရုံစိုက် စားနေတော့သည်။ သူသည် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရသူဖြစ်ရာ ဤမျှကောင်းမွန်သော အစားအစာများကို အလဟဿ အဖြစ်မခံနိုင်ပေ။ ပန်းရနံ့သင်း ကြက်ပေါင်း၊ ရှာလကာရည်ငါး၊ ခြင်္သေ့ခေါင်း အသားလုံး နှင့် အရက်နှပ်ဂဏန်း ကဲ့သို့သော အရသာရှိသည့် အစားအစာများသည် သူ သစ်ခုတ်သမားဘဝက အိပ်မက်ပင် မမက်ဖူးသော အရာများ ဖြစ်ကြသည်။

“မင်းက ဝက်နှစ်မှာ မွေးတာလား”

ကျန်းဝေတက ထိုမြင်ကွင်းကို ကြည့်ကာ မနေနိုင်ဘဲ ငေါက်လိုက်မိသည်။

ထိုစဉ် ခန်းမအတွင်း၌ ကျားဟုန်၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။

“ဒီက လူငယ်ပညာရှင်တွေအားလုံးက သူတို့ရဲ့ အစွမ်းတွေကို ပြသပြီးပြီဆိုတော့ ကျွန်မလည်း နောက်ကျကျန်နေလို့ မဖြစ်ဘူးပေါ့။ ကျွန်မတို့ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ လက်သီးသိုင်းကတော့...”

“ကျွန်တော်တို့ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ လက်သီးသိုင်းဟာ အစွန်းရောက် ဆိုတဲ့ စကားလုံးကို အဓိကထားပါတယ်”

လုံယီသည် ရုတ်တရက် ထရပ်လိုက်ပြီး ကျားဟုန်၏ စကားကို ကြားဖြတ်ပြောလိုက်သည်။ ထို့နောက် ခန်းမအလယ်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားကာ “ အစွန်းရောက် ဆိုတာရဲ့ အနှစ်သာရကတော့ အကန့်အသတ်ကို ကျော်လွှားတာ ထိပ်ဆုံးကို ရောက်တာနဲ့ အစွမ်းကုန် ကြိုးစားအားထုတ်တာပဲ ဖြစ်ပါတယ်” ဟု ပြောလိုက်သည်။

“အကယ်၍ ကိုယ့်ရဲ့ စိတ်ဆန္ဒကသာ ပြင်းပြမယ်ဆိုရင် အဆင့်မြင့် သံမဏိတုံးကြီးတစ်တုံးကိုတောင် လက်သီးတစ်ချက်တည်းနဲ့ အမှုန့်ဖြစ်အောင် ချေဖျက်ပစ်နိုင်တယ်”

လုံယီ၏ စကားကြောင့် အစွန်းရောက်လက်သီးဂိုဏ်းသားများအားလုံး ဆွံ့အကုန်ကြသည်။

အခြေအနေအရပ်ရပ်ကို အမြဲထိန်းချုပ်ထားနိုင်သူ ကျားဟုန်မှာလည်း ခေတ္တမျှ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ လုံယီက ရှေ့သို့ထွက်၍ ဤမျှ ရဲတင်းလှသော စကားများဖြင့် ပွဲဖျက်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ဒီလောက်တောင် စွမ်းတာလား ငါတော့ မယုံဘူး”

ယွမ်မိသားစုမှ တပည့်တစ်ဦးက ထရပ်၍ ကျယ်လောင်စွာ စိန်ခေါ်လိုက်သည်။

ယွမ်မိသားစုမှာ ကျန်းမိသားစု၊ ဟွမ်မိသားစုတို့နှင့် အဆင့်အတန်းတူညီပြီး ပိုးထည်လုပ်ငန်းကို အဓိကလုပ်ကိုင်ကာ ထိုက်မြို့ဈေးကွက်၏ ထက်ဝက်ကျော်ကို ချုပ်ကိုင်ထားသူများ ဖြစ်သည်။ သူက လုံယီ၏စကားကို သံသယဝင်ခြင်းမှာ စကားကြောင့်ထက် လုံယီ၌ နောက်ခံအင်အား မရှိခြင်းကြောင့်လည်း ပါဝင်သည်။ အကယ်၍ ရှုမိသားစု၏ ဆက်ခံသူကသာ ဤစကားကို ပြောခဲ့ပါက သူ မယုံကြည်လျှင်ပင် မျက်နှာပျက်အောင် လုပ်လိမ့်မည်မဟုတ်ပေ။

“မင်းက သံမဏိတုံးကို ချေဖျက်နိုင်တယ် ဟုတ်လား မင်းက သိုင်းဆရာသခင်လား။ မင်းက သိုင်းဆရာသခင် ဖြစ်နေရင်တောင် အဲဒါက ဒီလောက် မလွယ်ကူဘူး”

စူးမိသားစုမှ အမျိုးသားတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျွန်တော့်မှာ အဲဒီလောက် ပါရမီမရှိပါဘူး ပထမအဆင့်ကို အခုမှ အောင်မြင်ခဲ့တာပါ”

လုံယီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အစွန်းရောက်လက်သီးကတော့ မဖြစ်နိုင်တာတွေကို ဖြစ်လာအောင် ဖန်တီးပေးနိုင်တယ်။ ဆိုရိုးစကားရှိတယ် မဟုတ်လား နှလုံးသား ကြီးမားလေ ကမ္ဘာကြီး ကျယ်ပြောလေ လက်သီးသိုင်း ပိုသန်မာလေတဲ့”

“ဖူး...”

ဖူလင်အစောင့်အကြပ်အဖွဲ့မှ ခါးကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသည့် အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးငယ်လေးမှာ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

“ဪ... မိန်းကလေး မင်းကော မယုံဘူးလား”

လုံယီသည် သူမ၏ အနီးသို့ ချဉ်းကပ်သွားပြီး သူမ၏ ဖြူစင်သော ပါးပြင်လေးကို စိုက်ကြည့်လိုက်သည်။

မိန်းကလေးမှာ ရှက်သွေးဖြန်းသွားသော်လည်း ခေါင်းကိုမူ တအားယမ်း၍ ငြင်းပြောလိုက်သည်။

“ဒါဆိုရင် လောင်းကြမလား”

လုံယီက ယုံကြည်မှုအပြည့်ဖြင့် အကြံပြုလိုက်သည်။

“အဆင့်မြင့် သံမဏိတုံးတစ်တုံး ယူလာခဲ့ပါ။ ကျွန်တော် ချေဖျက်ပြမယ်။ အကယ်၍ ကျွန်တော် ရှုံးနိမ့်ခဲ့ရင် ငွေစင်တစ်ထောင် ပေးမယ်။ အကယ်၍ နိုင်ခဲ့ရင်တော့ ငွေမလိုချင်ဘူး။ မင်းတို့ဆီမှာ ဖီးနစ်သွေးကျောက်၊ နှင်းရည်ဖြူကျောက်၊ အရိုးဖောက်သစ်ခွ ဒါမှမဟုတ် မြေနဂါးအဆီအနှစ် အကြောတွေ ရှိရင် အဲဒါတွေနဲ့ အစားထိုး ပေးရမယ်”

“ကျွန်မဆီမှာ ရှင်ပြောတဲ့ အရာတွေ တစ်ခုမှ မရှိဘူး”

မိန်းကလေးက တိုးတိုးလေး ပြန်ဖြေရှာသည်။

“နှမြောစရာပဲ”

လုံယီက နှမြောတသဟန် ပြလိုက်သည်။

“ဒီမှာ... အပြောကြီးမနေနဲ့”

ရှုဟောက်ရန်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။

“မင်းစကားကို ဘယ်သူက ယုံမယ် ထင်နေလို့လဲ”

“လောင်းမလား မလောင်းဘူးလား”

လုံယီက မေးလိုက်သည်။

“မင်းက သိုင်းဆရာသခင် တစ်ယောက်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းနည်းရှိဦးမယ်။ အခုတော့ ပထမအဆင့်လေးနဲ့...”

“လောင်းမလား မလောင်းဘူးလား မလောင်းဘူးဆိုရင် ပါးစပ်ပိတ်ထားလိုက်တော့”

“မင်း”

ရှုဟောက်ရန်မှာ ဒေါသကြောင့် သွေးစွမ်းအင်များ ဆူပွက်လာတော့သည်။ သူ့ကို ဤကဲ့သို့ ပြောရဲသည့်သူမှာ ထိုက်မြို့တွင် ရှားလှသည်။

“အစ်ကိုလျို... ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့”

ကျားဟုန်က သူမ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်စုစည်းပြီး လုံယီကို နေရာသို့ ပြန်ခေါ်ရန် ကြိုးစားလိုက်သည်။

သို့သော် လုံယီက သူမကို လျစ်လျူရှုကာ ဘေးသို့ ခုန်ရှောင်လိုက်ပြီး သူမ၏တားဆီးမှုကို ဖယ်ရှားလိုက်သည်။ သူသည် ရှုဟောက်ရန်ကိုသာ စိုက်ကြည့်လျက် “ရှုမိသားစုရဲ့ သားကြီးက ဒီလောက်ကလေးတောင် မလောင်းရဲဘူးလို့ မထင်ထားခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဒီလောက်တောင် ကင်းမဲ့နေတာလား” ဟု ပြောလိုက်သည်။

“ဘာလို့ မလောင်းရဲရမှာလဲ ဒါပေမဲ့ မင်းမှာကော ငွေရှိလို့လား”

ရှုဟောက်ရန်က နှာခေါင်းရှုံ့၍ မေးလိုက်သည်။

သာမန်မိသားစုများအတွက် ငွေစင်တစ်ထောင်ဆိုသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ပမာဏဖြစ်သည်။

ဖြောင်း…

ငွေစင်တစ်ထောင်တန် ငွေစက္ကူတစ်ရွက်ကို လုံယီက စားပွဲပေါ်သို့ ရဲရဲဝံ့ဝံ့ပင် ရိုက်ချလိုက်သည်။

“ငါ့မိသားစုမှာ နှင်းရည်ဖြူကျောက် တစ်စေ့ရှိတယ် ငါလောင်းတယ်”

လုံယီကို ဦးစွာ သံသယဝင်ခဲ့သည့် ယွမ်မိသားစုမှ သခင်လေးက ရှေ့သို့ တိုးလာသည်။

“ နှင်းရည်ဖြူကျောက်ရဲ့ တန်ဖိုးက ငွေတစ်ထောင်ထက် အများကြီး ပိုများတယ်။ မင်းဘက်က အနည်းဆုံး ငွေသုံးထောင်တော့ တင်ရမယ်”

ဖြောင်း….

ငွေစက္ကူတစ်ဆယ်ကျော်ကို လုံယီက စားပွဲပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်ရာ ထိုနေရာရှိ မျိုးရိုးမြင့်သခင်လေးများအားလုံး ဆွံ့အကုန်ကြသည်။ သူတို့ကဲ့သို့ ချမ်းသာသူများပင်လျှင် ဤမျှများပြားသော လက်ငင်းငွေသားကို တစ်ပြိုင်နက်တည်း ကိုင်ဆောင်ထားနိုင်ရန် ခဲယဉ်းလှသည်။

“တခြား လောင်းမယ့်သူ ရှိသေးလား”

လုံယီက မာန်ပါပါဖြင့် ထပ်မံ စိန်ခေါ်လိုက်သည်။

“ငွေလား... ငါ့မှာ အများကြီးရှိတယ်”

“ငါလောင်းမယ် ငါ့ဆီမှာ အရိုးဖောက်သစ်ခွ ရှိတယ်”

ဆေးဝါးလုပ်ငန်းရှင်ကြီး ဖုန်းမိသားစုမှ တပည့်တစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ငါကတော့ ငွေတစ်ထောင် လောင်းမယ်”

အခြားတစ်ဦးကလည်း ငွေသားဖြင့် ပါဝင်လာရာ လုံယီက မည်သူ့ကိုမျှ ငြင်းဆိုခြင်း မပြုပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ဆယ်ကျော်ခန့်သည် လုံယီ၏ လောင်းကစားဝိုင်းအတွင်းသို့ ရောက်ရှိလာကြတော့သည်။ သေချာစွာ စီစဉ်ထားသော သိုင်းပညာဖလှယ်ပွဲကြီးမှာ လုံယီကြောင့် လောင်းကစားဝိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရ၏။

ကျားဟုန်၏ မျက်ခုံးများမှာ ဒေါသကြောင့် လှုပ်ခါနေပြီး လုံယီကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေတော့သည်။ သူမ အားစိုက်ပြင်ဆင်ထားသော ပွဲကြီးကို လုံယီက ဖျက်ဆီးလိုက်ခြင်းပင်။ အကယ်၍ အကြည့်ဖြင့် သတ်၍ရပါက လုံယီမှာ အကြိမ်ပေါင်း ရာနှင့်ချီ၍ သေဆုံးပြီးနေလောက်ပြီ ဖြစ်သည်။

လုံယီကမူ ထိုအရာများကို ဂရုမစိုက်ဘဲ ထပ်မံလောင်းမည့်သူ မရှိတော့သည့်အခါ အော်ဟစ်

လိုက်သည်။

“ကောင်းပြီ... အခုတော့ အစွန်းရောက်လက်သီးရဲ့ စစ်မှန်တဲ့ စွမ်းအားကို မင်းတို့ကို ပြရတော့မှာပေါ့”

“ဘယ်သူ့ဆီမှာ အဆင့်မြင့်သံမဏိရှိသလဲ”

လုံယီက မေးလိုက်သည်။

“ကျွန်မဆီမှာ ရှိပါတယ်”

ဖူလင်အစောင့်အကြပ်အဖွဲ့မှ ချစ်စဖွယ်မိန်းကလေးငယ်က လက်သီးဆုပ်ခန့်ရှိသော သံမဏိလုံးတစ်လုံးကို ယူဆောင်လာပြီး စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

မိန်းကလေးက သွက်လက်စွာပင် ရှင်းပြသည်။

“ဒါက ကျွန်မအဖိုးရဲ့ သံမဏိသီးပါ။ အဆင့်မြင့်သံမဏိနဲ့ လုပ်ထားတာတင်မကဘဲ နက်နဲသောသံမဏိ အနည်းငယ်တောင် ရောစပ်ထားတာမို့ သာမန်သံမဏိတွေထက် ပိုပြီးတော့တောင် မာပါသေးတယ်”

ထိုစကားကို ကြားသောအခါ ယွမ်မိသားစုမှ သခင်လေးက သူ၏ဓားကို ဆွဲထုတ်ကာ သံမဏိသီးကို ခုတ်ကြည့်လိုက်သည်။

ဂလောင်

သံမဏိသီးမှာ အရောင်လက်လက်ဖြင့် ပုံမပျက်ဘဲ ရှိနေသော်လည်း ဓားသွားတွင်မူ အစင်းရာလေးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

“ဒီဓားကလည်း အဆင့်မြင့်သံမဏိနဲ့ လုပ်ထားတာပဲ။ မိန်းကလေးလင်း ပြောတာ အမှန်ပဲဖြစ်ရမယ်”

ယွမ်သခင်လေးက မှတ်ချက်ပေးလိုက်သည်။

“မင်း ဘယ်လိုချေဖျက်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”

ရှုဟောက်ရန်က လှောင်ပြုံးပြုံးလိုက်၏။ လူတိုင်း၏ မျက်လုံးများမှာ လုံယီထံသို့ ရောက်ရှိနေပြီး သူ ဘာဆက်လုပ်မလဲဆိုသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

လုံယီကမူ အလျင်မလိုဘဲ ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေရင်း “မင်းတို့ရဲ့ လောင်းကြေးတွေကို အရင်ယူလာခဲ့ကြဦးလေ။ နောက်မှ မင်းတို့ စကားဖျက်သွားရင် ဘယ်လိုလုပ်မလဲ”

“ငါတို့က ဂုဏ်သရေရှိ မိသားစုတွေကပါ မင်းကို လိမ်မှာမဟုတ်ဘူး”

“အဲဒါကတော့ မသေချာဘူးလေ။”

ဤစကားကြောင့် ရှုဟောက်ရန်နှင့် အခြားသူများမှာ ဒေါသထွက်သွားကြသော်လည်း မတတ်သာဘဲ အပြင်ရှိ အစေခံများကို လှမ်းခေါ်ကာ ပစ္စည်းများ သွားယူခိုင်းလိုက်ကြရသည်။

ခဏအကြာတွင်...

အရိုးဖောက်သစ်ခွနှင့် နှင်းရည်ဖြူကျောက်တို့ ရောက်ရှိလာရာ လုံယီ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားတော့သည်။ သူ အလိုချင်ဆုံး ဖြစ်နေသည့် ပစ္စည်းများကို ဤမျှလွယ်လွယ်ကူကူ ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တကယ်ပဲ လူများတော့ အလုပ်ပြီးတာပဲ။ ရှေးလူကြီးတွေ ပြောတာ မမှားဘူး။

နှမြောစရာကောင်းတာက မြေနဂါးအဆီအနှစ် အကြောပဲ။ အဲဒါက အရမ်းရှားလွန်းလို့ ဒီက သခင်လေးတွေဆီမှာတောင် မရှိဘူး ဖြစ်နေတယ်။

လုံယီက လောဘတကြီး တွေးလိုက်မိသည်။

“အားလုံး ခပ်လှမ်းလှမ်းကို ဖယ်ပေးကြပါ။ မဟုတ်ရင် ငါ့လက်သီးက ကြမ်းပြင်ကိုပါ ဖောက်

ထွက်သွားလိမ့်မယ်”

လုံယီသည် လူအားလုံးကို ခေါ်ဆောင်ကာ ပထမထပ် မြေပြင်သို့ ဆင်းလာခဲ့သည်။ သံမဏိသီးကို မြေပေါ်သို့ တင်လိုက်ပြီး အေးအေးဆေးဆေးပင် “ငါ လက်သီးတစ်ချက်တည်းပဲ သုံးမယ်။ သေချာကြည့်ထားကြ” ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ညာလက်သီးကို သံမဏိသီးထံသို့ ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

သံမဏိနှင့် လက်သီး ထိတွေ့လိုက်သည့် ခဏ၌ သူ၏ လက်သီးမျက်နှာပြင်မှာ ကျောက်စိမ်းရောင်ကဲ့သို့ ဖြူဝင်းသွားသည်။ သို့သော် ကြည့်နေသည့် ထောင့်ကြောင့် မည်သူမျှ ထိုပြောင်းလဲမှုကို သတိမပြုမိလိုက်ကြပေ။

ဒုန်း…

သံမဏိသီးမှာ မြေကြီးထဲသို့ပင် ကျွံဝင်သွားလုနီးပါး ဖြစ်သွားပြီး ၎င်း၏ မျက်နှာပြင်မှာ ချက်ချင်းပင် ချိုင့်ဝင်ကာ အလုံးပုံစံမှ လှေပုံစံသို့ ပြောင်းလဲသွားတော့သည်။ လုံယီက သူ၏ ညာလက်ကို မြှောက်ပြလိုက်ရာ အရေပြားမှာ အနည်းငယ် နီမြန်းနေရုံမှအပ အစင်းရာလေးတစ်ခုပင် မထင်ပေ။

“မဖြစ်နိုင်ဘူး”

ရှုဟောက်ရန်မှာ မယုံကြည်နိုင်လောက်အောင် အော်ဟစ်လိုက်မိတော့သည်။

အခန်း။ ၁၃၄

“ဘာလို့ မဖြစ်နိုင်ရမှာလဲ”

လုံယီသည် ပြားချပ်သွားသော သံမဏိလုံးအား ထိုနေရာရှိ လူအများ ကြည့်ရှုစစ်ဆေးနိုင်ရန် ကမ်းပေးလိုက်သည်။ သူတို့သည် လက်ဖြင့် ညှစ်ကြည့်ခြင်း၊ ဓားဖြင့် ခုတ်ကြည့်ခြင်းတို့ ပြုလုပ်ကြသော်လည်း ရှုဟောက်ရန်ကဲ့သို့ပင် အံ့အားသင့်မှင်သက်နေကြတော့သည်။ ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သော အရာပင်။

“မဖြစ်နိုင်ဘူး... ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ အရာပဲ”

ရှုဟောက်ရန်သည် မျက်နှာတစ်ခုလုံး ပြာနှမ်းလျက် မကျေမနပ် ရေရွတ်နေဆဲပင်။

သို့သော် ငြင်းကွယ်၍မရသော အချက်အလက်များနှင့် ဂုဏ်သရေရှိ သခင်လေးများစွာ၏ ရှေ့မှောက်တွင် သူသည် အရှုံးကို လက်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။

လုံယီသည် အားရပါးရ ရယ်မောရင်း စားပွဲပေါ်ရှိ ငွေစက္ကူများ၊ အရိုးဖောက်သစ်ခွ၊ နှင်းရည်ဖြူကျောက်နှင့် အခြားသော လောင်းကြေးပစ္စည်းများကို သိမ်းဆည်းကာ မာန်ပါပါဖြင့် ထွက်ခွာသွားတော့သည်။ ထိုပုံပျက်သွားသော သံမဏိလုံးကိုလည်း သူသည် မမေ့မလျော့ ယူဆောင်သွားခဲ့သည်။

ကျန်းဝေတသည်လည်း လုံယီ၏နောက်မှ လိုက်ပါသွားခဲ့သည်။ လမ်းခရီး၌ ကျန်းဝေတက လုံယီအား မည်သည့်မျက်လှည့်အတတ်ကို အသုံးပြုခဲ့တာလဲဟု အကြိမ်ကြိမ် မေးမြန်းသော်လည်း လုံယီကမူ ပြုံးရုံသာ ပြုံးနေခဲ့သည်။

ယနေ့ ရရှိခဲ့သော အကျိုးအမြတ်မှာ အလွန်ပင် များပြားလှသည်။ သူ၏ အသက်ရှူနည်းစနစ်နှင့် ပါရမီကို မြှင့်တင်ရန် လိုအပ်သော ပစ္စည်းများကို ရရှိခဲ့ရုံတင်မကဘဲ ငွေစင် တစ်သောင်းကျော်ကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူသည် သားရဲတစ်ရာတောင်တန်းဆီသို့ ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။

လမင်းပွေ့ဖက်ရာရိပ်မြုံ ခန်းမအတွင်းရှိ မျိုးရိုးမြင့် သခင်လေးများသည် လုံယီ၏ စွမ်းဆောင်ချက်အပေါ် အံ့ဩမှင်သက်နေကြဆဲဖြစ်ပြီး မည်သူမျှ စကားမဆိုနိုင်ကြသေးပေ။

“ကောင်းပြီ... အခုမှ ငါ အကုန်လုံးကို သဘောပေါက်တော့တယ်”

ရှုဟောက်ရန်သည် ရုတ်တရက် သတိဝင်လာဟန်ဖြင့် ဖူလင်အစောင့်အကြပ်အဖွဲ့မှ မိန်းကလေးထံသို့ လျှောက်သွားကာ ဒေါသတကြီး လက်ညှိုးထိုးလျက် “လင်းထျန်းချီ... မင်း အဲဒီကောင်နဲ့ ကြိုတင်ပေါင်းကြံထားတာ မဟုတ်လား။ မင်းက ပျက်စီးနေတဲ့ သံမဏိလုံးကို သူ့ကို ကြိုပေးထားပြီး သူက တိုက်ခိုက်နေတုန်းမှာ အစားထိုးလိုက်တာ မဟုတ်လား” ဟု စွပ်စွဲလိုက်သည်။

ရှုဟောက်ရန်၏ နှုတ်ခမ်းထောင့်တွင် သူသည် လှည့်ကွက်ကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ယုံကြည်သည့် အပြုံးတစ်ခု ပေါ်လွင်နေသည်။

“မင်း စိတ်မနှံ့တာဆိုရင်လည်း စောစောစီးစီး ဆေးကုထားတာ ကောင်းမယ်”

ချစ်စဖွယ် ကျစ်ဆံမြီးလေးနှင့် မိန်းကလေး လင်းထျန်းချီက မကျေမနပ် တုံ့ပြန်လိုက်ပြီး ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ရှုဟောက်ရန်၏ မျက်လုံးများတွင် အရိပ်အယောင်တစ်ခု လှုပ်ခတ်သွားသော်လည်း သူမကို မတားဆီးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် အစောင့်အကြပ်အဖွဲ့ခေါင်းဆောင်၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး သူမ၏ မိသားစုနောက်ခံမှာလည်း သူနှင့် အဆင့်အတန်း မနိမ့်ပါးသောကြောင့် ဖြစ်သည်။ လင်းထျန်းချီ ထွက်ခွာသွားပြီးနောက် ကျန်ရှိနေသောသူများမှာလည်း စိတ်ဝင်စားမှု လျော့နည်းသွားသဖြင့် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြတော့သည်။

မူလက မျိုးရိုးမြင့်သခင်လေးများနှင့် ရင်းနှီးမှုရယူရန် ရည်ရွယ်၍ စီစဉ်ခဲ့သော သိုင်းပညာဖလှယ်ပွဲကြီးမှာ မမျှော်လင့်ဘဲ ရုတ်တရက် ပြီးဆုံးသွားခဲ့ရသည်။

“စီနီယာအစ်ကိုလျို ဒီလောက်အထိ ရမ်းကားပြီး အစ်ကိုရှုကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး”

ကျားဟုန်၏ မျက်နှာပေးမှာ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားပြီးနောက် စားပွဲပေါ်ရှိ အရက်အိုးကို မကာ တောင်းပန်စကား ပြောလိုက်သည်။

“ကျွန်မ အစ်ကိုရှုကို အားနာတဲ့အတွက် အရက်သုံးခွက် သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးပါရစေ။ ဒီကိစ္စကို စိတ်ထဲမထားပါနဲ့ရှင်”

ရှုဟောက်ရန်က သဘောထားကြီးဟန်ဖြင့် လက်ယမ်းပြကာ “ကိစ္စမရှိပါဘူး အဲဒီလိုလူမျိုးကို ငါ အရေးလုပ်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ သူကသူ မင်းကမင်းပဲလေ မိန်းကလေးကျားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ မလိုပါဘူး” ဟု ပြောလိုက်သည်။

သူသည် ကျားဟုန်၏ အပြစ်ပြောစရာမရှိအောင် လှပသောမျက်နှာကို ရမ္မက်ရိပ်ယှက်သန်းနေသော အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။

ကျားဟုန်မှာ ထိုအကြည့်များအောက်တွင် ရှက်သွေးဖြန်းသွားဟန်ဖြင့် ခေါင်းလေးငုံ့လိုက်ရာ သူမ၏ အလှမှာ ပိုမို၍ ဆွဲဆောင်မှုရှိနေပြန်သည်။ အခြားသူများအားလုံး ထွက်ခွာသွားသည်ကို မြင်သောအခါ ရှုဟောက်ရန်မှာ မနေနိုင်ဘဲ သူမ၏ လက်ကလေးကို လှမ်းဆွဲရန် ကြိုးစားသော်လည်း သူမက မသိမသာပင် ရှောင်တိမ်းလိုက်၏။

ကျားဟုန်က ခပ်ဖွဖွရယ်မောလျက် ထရပ်လိုက်ရာ သူမ၏ သွယ်လျကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်မှာ ပေါ်လွင်သွားသည်။

“သခင်လေးရှု... နောက်မှ ပြန်ဆုံကြတာပေါ့ရှင်”

ထိုသို့ပြောကာ သူမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။ သူမ၏ ကျောပြင်ကို ကြည့်ရင်း ရှုဟောက်ရန်၏ မျက်လုံးများမှာ ပိုမို၍ တောက်ပလာခဲ့သည်။

သို့သော် သူ မမြင်လိုက်ရသည်မှာ ကျားဟုန်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး သူမ၏ မျက်ဝန်းများတွင် ရှားရှားပါးပါး ဒေါသရိပ်များ ဖုံးလွှမ်းသွားခြင်းပင်။

“ဒီလောက်တောင် ရဲတင်းတဲ့ လျိုယီက ငါ့ရဲ့ အစီအစဉ်ကြီးကို ဖျက်ဆီးပစ်တယ်ပေါ့လေ”

အစွန်းရောက်လက်သီးဂိုဏ်းတွင် မဟာအကြီးအကဲ ကျိုးပုဖုန်းသည် သူ၏ တပည့်မလေး ကျားဟုန်၏ တိုင်တန်းချက်ကို ကြားလိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း သွေးစွမ်းအင်များ အရှိန်အဟုန်ဖြင့် စီးဆင်းလာမှုကြောင့် ကြွက်သားများမှာ ဖောင်းကားလာပြီး သူဝတ်ဆင်ထားသော အနက်ရောင်ဝတ်စုံမှာ ပေါက်ထွက်လုနီးပါး ဖြစ်သွားရသည်။

“ငါကိုယ်တိုင်သွားပြီး အဲဒီကောင်ကို ပညာပေးရမယ်”

ကျိုးပုဖုန်းသည် ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး လုံယီကို ပြဿနာရှာရန် ပြင်တော့သည်။

“ဆရာ... သူက အကြီးအကဲကျန်းရဲ့ တပည့်ပါ...”

ကျားဟုန်က တိုးတိုးလေး သတိပေးလိုက်သည်။

“အကြီးအကဲကျန်းရဲ့ တပည့်ဖြစ်တော့ ဘာဖြစ်လဲ။ အဲဒီ အဘိုးကြီး ဝေယိုတောက်ရဲ့ တပည့်

ဖြစ်နေရင်တောင် ဒီနေ့တော့ ငါ သူ့ကို သင်ခန်းစာပေးရလိမ့်မယ်”

ကျိုးပုဖုန်းက မာန်ပါပါဖြင့် ပြောလိုက်သည်။ ထိုပုံစံကို မြင်ရသော ကျားဟုန်၏ မျက်လုံးများတွင် အထင်ကြီးလေးစားရိပ်များ ပေါ်လွင်သွားခဲ့သည်။

ကျိုးပုဖုန်းသည် သိုင်းကျင့်ကွင်းသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ကျန်းဝေတထံတွင် အကြည့်ကို ရပ်တန့်လိုက်သည်။

“ဟေ့... လုံယီဆိုတဲ့ကောင် ဘယ်မှာလဲ”

ကျန်းဝေတက “သူ့အိမ်မှာ အရေးကြီးကိစ္စရှိလို့ဆိုပြီး အခုတင်ပဲ ခွင့်တိုင်ပြီး ထွက်သွားပါပြီ” ဟု ပြန်ဖြေလိုက်သည်။

“ဟွန်း”

လုံယီ မရှိတော့ကြောင်း သိလိုက်ရသောအခါ ကျိုးပုဖုန်းသည် သူ၏ ဒေါသများကို မည်သို့ထွက်ပေါက်ရှာရမည် မသိတော့ဘဲ အံကြိတ်လျက် ပြန်လည်ထွက်ခွါသွားရတော့သည်။

ကျန်းဝေတသည် ထိုနေရာတွင်ပင် ရပ်တန့်နေခဲ့ပြီး လုံယီ မထွက်ခွာမီက ပြောခဲ့သော စကားကို ပြန်လည် အမှတ်ရနေမိသည်။

“တကယ်လို့ မင်းမှာ အင်မတန် အရေးကြီးတဲ့ ကိစ္စရှိလာရင် ရှီမိသားစု အပေါင်ဆိုင်ကို သွားလိုက်ပါ။ သူတို့ ငါ့ကို ရှာပေးနိုင်လိမ့်မယ်”

ငါ့မှာ ဘာအရေးကြီးကိစ္စ ရှိနိုင်မှာမို့လို့လဲ ကျန်းဝေတသည် ခေါင်းကို ခါယမ်းကာ ထိုစကားကို သိပ်ပြီး အလေးမထားမိပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းမိသားစုကိုယ်တိုင် မဖြေရှင်းနိုင်သည့် ကိစ္စမျိုးကို လုံယီကလည်း သိပ်ပြီး အကူအညီပေးနိုင်လိမ့်မည် မဟုတ်ဟု သူ ထင်မြင်မိသောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်မူ လုံယီသည် မြို့မအတွင်းမှ ချက်ချင်း ထွက်ခွာခြင်း မပြုသေးပေ။ အဘယ်ကြောင့်ဆိုသော် ပန်းရောင်ဝတ်စုံနှင့် အစေခံမလေး ရှောင်ချန်းက သူ့ထံသို့ ရုတ်တရက် ရောက်ရှိလာသောကြောင့် ဖြစ်သည်။

“သခင်မလေးက ရှင့်ကို တွေ့ချင်နေတယ်”

ထိုစကားတစ်ခွန်းကိုသာ ပြောဆိုပြီးနောက် ရှောင်ချန်းသည် ဒေါသကြောင့် ပါးဖောင်းကာ ရထားလုံးတံခါးဝတွင် ရပ်နေခဲ့ပြီး လုံယီနှင့် စကားပင် ထပ်မပြောတော့ပေ။

“ငါ မင်းကို ဘာများ စော်ကားမိလို့လဲ”

လုံယီမှာ အတော်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။

“ရှင့်ကိုရှင် သိမှာပေါ့။ လပိုင်းလောက်ကြာရင် သခင်မလေးဆီ လာခဲ့မယ်လို့ ပြောထားပြီးတော့ ပျောက်နေတာလေ”

ရှောင်ချန်းသည် စိတ်ထဲရှိသမျှကို ဖုံးကွယ်ထားတတ်သူ မဟုတ်သဖြင့် ခက်ထန်စွာပင် ပြောလိုက်သည်။

“မကြာသေးခင်က သခင်မလေး ဘယ်လောက်တောင် အန္တရာယ်ကြီးတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတယ်ဆိုတာ ရှင်သိရဲ့လား”

“တကယ်လို့ အဲဒီအချိန်မှာ ပညာရှင်တစ်ယောက်သာ မတော်တဆ ဖြတ်မသွားခဲ့ရင်... ထားပါတော့ ကျွန်မ ဆက်မပြောတော့ဘူး။ ဒါပေမဲ့ ကျွန်မသာ သခင်မလေး နေရာမှာဆိုရင် ရှင့်ကို လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး”

ရှောင်ချန်းသည် လုံယီ ယခင်က တစ်ခေါက် လာခဲ့ဖူးသော်လည်း သူတို့ဘက်က အဖတ်မလုပ်ခဲ့သည်ကိုမူ ရွေးချယ်၍ မေ့လျောက်ပစ်လိုက်ပုံရသည်။ သူမ၏ စကားများကို ကြားရသောအခါ လုံယီသည် ဖြစ်ကြောင်းကုန်စင်ကို သဘောပေါက်သွားတော့သည်။

ထို့ကြောင့် သူက တမင်ပင် သူမအား စနောက်လိုက်သည်။

“အဲဒီ ပညာရှင်က ဘယ်လိုပုံစံလဲ ငါ့လောက်ကော ချောရဲ့လား”

ယခုအချိန်တွင် လုံယီသည် ရှောင်ချန်းပေးထားသော ဒုတိယမြောက် လူသားအရေပြား မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် ဖြူစင်သော အသားအရေနှင့် ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။

ရှောင်ချန်းမှာ မျက်နှာနီမြန်းသွားပြီးမှ “အဲဒီ ပညာရှင်က မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ ရှင်နဲ့မတူဘူး။ ရှင်ကတော့ စည်းစနစ်မရှိ ပေါ့ပျက်ပျက်နဲ့” ဟု ပြန်ပက်လိုက်သည်။

“စကားမစပ်... ငါတို့ စူးမိသားစုထဲ ရောက်ရင် လျှောက်မသွားနဲ့။ သူစိမ်းတွေနဲ့ စကားမပြောနဲ့။ တခြားအခန်းတွေထဲကိုလည်း မဝင်နဲ့...”

ရှောင်ချန်းသည် လုံယီ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် လမ်းတစ်လျှောက်လုံး အဘွားကြီး တစ်ယောက်ကဲ့သို့ တတွတ်တွတ် နားပူနားဆာ လုပ်လာခဲ့သည်။

ရထားလုံးသည် စူးမိသားစု၏ တံခါးဝသို့ ရောက်ရှိလာသည်။ တံခါးစောင့်များသည် သူတို့ကို မြင်သည်နှင့် တိုက်ရိုက်ပင် ဝင်ခွင့်ပြုလိုက်ကြ၏။ စူးမိသားစု၏ နေအိမ်ဝင်းမှာ အလွန်ပင် ကျယ်ဝန်းလှပြီး ခန့်ညားသော အဆောက်အဦးများ၊ ထွင်းထုထားသော လက်ရန်းများနှင့် ဆေးခြယ်ထားသည့် အိမ်ဆောင်များ၊ ကျောက်တောင်တုများနှင့် စီးဆင်းနေသော ရေတံခွန်

ငယ်များမှာ သူတို့၏ ချမ်းသာကြွယ်ဝမှုကို ဖော်ပြနေတော့သည်။

သူတို့နှစ်ဦးသည် အိမ်ဆောင်ဝင်းတစ်ခု၏ အဝင်ဝသို့ ရောက်ရှိသောအခါ ရထားပေါ်မှ ဆင်းလိုက်ကြသည်။ ထိုဝင်းအတွင်း၌ အမျိုးစုံလှသော ပန်းမာန်များက ဝေဆာစွာ ပွင့်လန်းနေကြသည်။

မီးခိုးရောင်ဝတ်စုံဝတ် အစေခံမလေးအချို့သည် ပန်းပင်များ၏ အကိုင်းအခက်များကို စိတ်ပါဝင်စားစွာ ညှပ်ထုတ်ပြင်ဆင်နေကြသည်။ လုံယီနှင့် ရှောင်ချန်းတို့သည် ထိုဝင်းအတွင်းမှ ဖြတ်ကျော်ကာ အတွင်းခန်းဆောင်သို့ ဝင်ရောက်ခဲ့ကြသည်။

အခန်းအတွင်းသို့ ရောက်ရှိချိန်တွင် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ အပြာနုရောင်ပိတ်သားပေါ်တွင် လှေလှော်နေသည့် အမျိုးသမီးတစ်ဦး၏ပုံကို ပန်းထိုးထားသည့် ဇာမျက်နှာပြင်တစ်ခုပင်။

ထိုမျက်နှာပြင်၏ နောက်ကွယ်တွင် လူရိပ်တစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရသည်။ ရှောင်ချန်းသည် လုံယီကို ခေါ်ဆောင်၍ ထိုမျက်နှာပြင်ကို ပတ်ကာ အတွင်းသို့ ဝင်ရောက်ခဲ့ရာ နောက်ဆုံးတွင် ထျန်းစူးရှီနှင့် တွေ့ဆုံခဲ့ရသည်။

သူမသည် စိမ်းပြာရောင် ဝတ်စုံကို ဆင်မြန်းထားပြီး ဝတ်စုံ၏ အောက်နားမှာ ခြေမျက်စိအထိ ရောက်ရှိနေသည်။ ခရမ်းရောင် ပိုးဖဲကြိုးစလေးက သူမ၏ သွယ်လျလှပသော ခါးလေးကို ထင်ရှားစေသည်။ သူမ၏ ဆံပင်များကို အထက်သို့ မြှင့်၍ ထုံးဖွဲ့ထားပြီး ကျောက်စိမ်းဖြူ ဆံထိုးတစ်ချောင်းကို ထိုးစိုက်ထားသည်။ နက်မှောင်သော ဆံနွယ်အချို့မှာ ဘေးသို့ ဝဲကျနေပြီး သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဥနေတော့သည်။ ရေလှိုင်းလေးများအလား တောက်ပနေသော သူမ၏ မျက်ဝန်းအစုံမှာ ကြည့်ရသူ၏ နှလုံးသားကို ဖမ်းစားနိုင်စွမ်း ရှိလှသည်။ မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသူပီပီ သူမ၏ ကိုယ်နေဟန်ထားမှာ ကျော့ရှင်းပြီး တည်ငြိမ်မြင့်မြတ်သော အရှိန်အဝါများ သဘာဝအတိုင်း ထွက်ပေါ်နေသည်။

“ရှောင်ချန်း... မင်း အပြင်ထွက်နေလို့ ရပြီ”

သူမ၏ ပထမဆုံး စကားတစ်ခွန်းကြောင့် လုံယီမှာ အံ့အားသင့်သွားရသည်။ သူမက ရှောင်ချန်းကို အရင်ထွက်သွားခိုင်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ရှောင်ချန်းမှာ မထွက်ချင်သော်လည်း သခင်မလေး၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် ထွက်ခွာသွားရတော့သည်။ မထွက်ခွာမီ သူမသည် လုံယီအား ရိုင်းရိုင်းစိုင်းစိုင်း မပြုမူရန် မျက်စောင်းခဲကာ သတိပေးသွားခဲ့သေးသည်။

ရှောင်ချန်း ထွက်သွားပြီးနောက် အခန်းအတွင်း၌ လုံယီနှင့် ထျန်းစူးရှီတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

“မကြာသေးခင်က ကျွန်မက အစေခံတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် ရှုသခင်လေးရဲ့ ထောင်ချောက်ထဲကို မတော်တဆ ရောက်ခဲ့ရတယ်။ အဲဒီတုန်းကတော့ ငါတော့ ဒုက္ခရောက်ပြီလို့ ထင်ခဲ့တာ... ဒါပေမဲ့ ပညာရှင်တစ်ယောက် ရုတ်တရက် ပေါ်လာပြီး ကျွန်မကို ကယ်တင်ပေးခဲ့တယ်”

ထျန်းစူးရှီက စတင်၍ ပြောလိုက်သည်။ သူမ၏ အသံမှာ အေးဆေးတည်ငြိမ်ပြီး စင်ကြယ်လှသည်။

“ဪ... ဟုတ်လား။ ခုနကပဲ ရှောင်ချန်း ငါ့ကို အဲဒီအကြောင်း ပြောပြနေသေးတယ်”

လုံယီက မည်သည့်အရိပ်အယောင်မျှ မပြဘဲ ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်လို့လား... ဒါဆိုရင် အဲဒီပညာရှင်က ဘာလို့ ရှင်နဲ့ အများကြီး တူနေရတာလဲ”

ထျန်းစူးရှီသည် ရုတ်တရက် လုံယီ၏အနားသို့ တိုးကပ်လာပြီး သူမ၏ နှာခေါင်းလေးကို ရှုံ့ကာ အနံ့ခံလိုက်သည်။

“ရှင် မသိသေးဘူးထင်တယ်။ ကျွန်မရဲ့ နှာခေါင်းက အမြဲတမ်း စူးရှတယ်လေ။ လူတွေရဲ့ ကိုယ်သင်းနံ့ကို ကျွန်မ မှတ်မိနေတတ်တယ်”

သူမသည် လုံယီ၏အနားသို့ အလွန်အမင်း တိုးကပ်လာသဖြင့် သူမ၏ နွေးထွေးသော အသက်ရှူသံမှာ လုံယီ၏ လက်မောင်းကိုပင် ထိတွေ့နေရသည်။ သူမ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ရနံ့သင်းသင်းကြောင့် လုံယီ၏ သွေးစွမ်းအင်များမှာ အကြောင်းရင်းမရှိဘဲ ဆူပွက်လာရတော့သည်။

လုံယီသည် သူမ၏ နူးညံ့လှသော သွယ်လျသည့် ခါးလေးကို ဆွဲဖက်လိုက်သည်။

“စူးစမ်းလိုစိတ် များလွန်းရင် ကြောင်တောင် သေတတ်တယ်ဆိုတာ မင်း မသိဘူးလား”

လုံယီက ပြုံးလျက် ပြောလိုက်သည်။

လုံယီ၏ ထိတွေ့မှုကြောင့် ထျန်းစူးရှီ၏ ခန္ဓာကိုယ်မှာ အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ပျော့ခွေသွားရသည်။ သူမ၏ ဝိုင်းစက်နေသော မျက်ဝန်းအစုံသည် လုံယီအား ထိတ်လန့်တုန်လှုပ်မှု အနည်းငယ်ဖြင့် မော့ကြည့်နေတော့သည်။

All Chapters