← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း။ ၁၃၉

“ဧရာမ ဝံပုလွေကြီးလား”

“ဒုတိယဗိုလ်မှူးက ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ကို ရောက်နေပြီလေ။ သာမန် ဝိညာဉ်သားရဲတွေ သူ့ကို မသတ်နိုင်ပါဘူး”

“ခေါင်းနှစ်လုံးတောင် ပါတယ်ဆိုတော့ သာမန် ဝံပုလွေဝိညာဉ် မဟုတ်တော့ဘူး ဝံပုလွေမိစ္ဆာပဲ ဖြစ်ရမယ်”

“ဝံပုလွေမိစ္ဆာ ပေါ်လာပြီဆိုရင်တော့ မြို့စားမင်းအိမ်တော်က သိုင်းပညာရှင်အစစ်အမှန်တွေကို လွှတ်မှရတော့မယ်။ ငါတို့တွေကတော့ သူ့ကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး”

ဒုတိယဗိုလ်မှူး သေဆုံးသွားသည့် သတင်းကြောင့် သားရဲလိုက် အစောင့်အကြပ်များအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ ချိုင်ဖုန်းအဖွဲ့ဝင်များသည်လည်း တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်မိကြသည်။ သူတို့ ရင်ဆိုင်ခဲ့ရသည့် ထိုသတ္တဝါဆိုးနှင့် ဒုတိယဗိုလ်မှူးတို့ လမ်းမှာ ဆုံခဲ့ကြသည်မှာ သေချာသလောက်ပင်။

ဒုတိယဗိုလ်မှူးနှင့် သူ၏ အခြွေအရံများ သေဆုံးသွားခြင်းမှာ စခန်းအတွင်းရှိ အစိုးရအာဏာစက် ကွယ်ပျောက်သွားခြင်းပင်။ ယခုအခါ သားရဲလိုက်စခန်းတွင် အမိန့်ပေးမည့်သူ သို့မဟုတ် ကြီးကြပ်မည့်သူ မရှိတော့ဘဲ ဥပဒေမဲ့နယ်မြေတစ်ခု ဖြစ်သွားသည်။

အန္တရာယ်ရှိသော အငွေ့အသက်များက လေထုထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။ သားရဲလိုက် အစောင့်အကြပ်များသည် တစ်ဦးနှင့်တစ်ဦး သတိကြီးစွာဖြင့် အလိုအလျောက် ခပ်ခွာခွာ နေလာကြသည်။ ဤစခန်း၏ ငြိမ်းချမ်းမှုမှာ အစဉ်အလာအရ ထိန်းသိမ်းမှုနှင့် အစိုးရ၏ တင်းကျပ်သော စီမံခန့်ခွဲမှုအပေါ်တွင်သာ အဓိက အမှီပြုနေခြင်းဖြစ်သည်။ စခန်းအတွင်း ရန်ပွဲဖြစ်ပွားသူ မည်သူမဆို မြို့စားမင်းအိမ်တော်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရမည့်အပြင် သားရဲလိုက်ဗျူရို၏ နာမည်ပျက်စာရင်းသို့ အသွင်းခံရမည်ဖြစ်သည်။

သို့သော် ယခုအခါ စခန်း၏ ထိပ်တန်းအရာရှိ သေဆုံးသွားပြီဖြစ်ရာ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုများမှာလည်း ရှိမနေတော့ပေ။

“ဒီညတော့ တစ်ယောက်ယောက် ကင်းစောင့်မှ ဖြစ်မယ်”

တဲအတွင်းသို့ ပြန်ရောက်သောအခါ ရှီချိုင်ဖုန်းက ပြောလိုက်သည်။

“မှန်တယ် ဒီညတော့ အေးအေးဆေးဆေး ရှိမှာမဟုတ်ဘူးလို့ ငါလည်း သံသယရှိတယ်”

ကျန်းချန်းယွီကလည်း ခေါင်းညိတ်ထောက်ခံသည်။

အဖွဲ့ဝင်များ တိုင်ပင်ဆွေးနွေးပြီးနောက် ရှီချိုင်ဖုန်းနှင့် ကျန်းချန်းယွီတို့က ညဦးပိုင်းတွင် ကင်းစောင့်ရန် လုံယီနှင့် ယန်ကျဲ့တို့က ညသန်းခေါင်ကျော်တွင် ကင်းစောင့်ရန် ဆုံးဖြတ်လိုက်ကြသည်။ လုံယီသည် တဲအတွင်းရှိ သစ်သားခုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ သူ၏ ဘေးပတ်ပတ်လည်ရှိ ခုတင်များကို ကြည့်လိုက်

သောအခါ ယန်ကျဲ့၊ ကူးယွီနှင့် ဝမ်လုံတို့မှာလည်း ဟိုဘက်ဒီဘက် လူးလှိမ့်နေကြပြီး အိပ်မပျော်နိုင်ကြသည်ကို တွေ့ရသည်။

စခန်းအတွင်း ဤမျှကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေချိန်တွင် လူတိုင်း စိတ်လှုပ်ရှားနေကြသည်မှာ မဆန်းပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အိပ်ပျော်နိုင်သူမှာ အလွန်ပင် စိတ်အေးလက်အေး ရှိသူသာ ဖြစ်ပေလိမ့်မည်။ လုံယီ ထိုသို့တွေးနေစဉ်မှာပင် ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ဤသို့သော အချိန်တွင် ချိုင်ဖုန်းအဖွဲ့ထဲ၌ ရှီချင်းတ တစ်ဦးတည်းသာ အိပ်ပျော်နိုင်သည်။ သူ၏ စိတ်ဓာတ်ခိုင်မာမှုကို ချီးကျူးရမလား သို့မဟုတ် သူ၏ အကြောက်အလန့်မရှိသော အာရုံကြောများကို ဆူပူရမလားပင် မဝေခွဲနိုင်တော့ပေ။

ဒုန်း ဒုန်း ဒုန်း…

ဖြောင်း ဖြောင်း ဖြောင်း…

လုံယီ အနည်းငယ် အိပ်ချင်မူးတူး ဖြစ်လာသည့် ခဏမှာပင်...

တဲအပြင်ဘက် မီတာရာဂဏန်းအကွာ၌ ပြင်းထန်သော တိုက်ခိုက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

“မြွေဆိုး... မင်း ရူးနေတာလား”

ထိုဆူညံသံကြောင့် အားလုံးမှာ ခုတင်ပေါ်မှ ခုန်ဆင်းကာ တဲအပြင်ဘက်သို့ ဝှစ်ခနဲ ပြေးထွက်သွားကြသည်။ အပြင်တွင် လူအတော်များများ စုရုံးကာ ကြည့်ရှုနေကြပြီဖြစ်သည်။

ရန်ဖြစ်နေသူနှစ်ဦးစလုံးမှာ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ တစ်ဦးမှာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တစ်ဝက်ခန့် ဖြူနေကာ အသက် ၅၀ သို့မဟုတ် ၆၀ ခန့် ရှိပုံရသည်။ အခြားတစ်ဦးမှာမူ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၃၀ ခန့် ရှိကာ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး မြွေဆိုး တစ်ကောင်ကဲ့သို့ ကောက်ကျစ်သော အကြည့်များ ရှိသည်။

အနက်ရောင်ဝတ်စုံနှင့်လူက ရက်စက်သောအသံဖြင့် “လီအဘိုးကြီး... ပြီးခဲ့တဲ့အကြိမ် ထျန်းတုတောင်မှာ မင်း ငါတို့ကို ပစ်ထားခဲ့လို့ ငါ့လူနှစ်ယောက် သေခဲ့ရတယ်။ ဒီနေ့တော့ ငါ့လူတွေအတွက် ငါ ကလဲ့စားချေတော့မယ်” ဟု ပြောလိုက်သည်။

“စောက်တလွဲတွေ လာမပြောနဲ့ မင်းလူတွေကို လိုက်နေတာက မြွေကြီးဝိညာဉ်ကွ။ အဲဒီမြွေကြီးက စွမ်းအင်စက်ဝန်းပြည့် အဆင့်လောက် သန်မာတာကို ငါဝင်ကူရင် ငါရော သေတွင်းထဲ ဆင်းရမှာပေါ့”

အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးက ဒေါသတကြီး ပြန်အော်သည်။

“မင်း အဝေးကနေ ဝင်နှောင့်ယှက်ပေးလို့ ရသားပဲ မင်းက ငါ့လူတွေ သေတာကို ထိုင်ကြည့်

ချင်နေတာပဲမလား”

အနက်ရောင်ဝတ်စုံနှင့်လူက လှောင်ပြောင်လိုက်ပြီး မည်သည့်ရှင်းပြချက်ကိုမျှ နားမထောင်တော့ပေ။

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦး၏ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပြန်လည် တိုက်ခိုက်ကြတော့သည်။ နှစ်ဦးစလုံး လက်နက်မသုံးကြပေ။ အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီး၏ လက်သိုင်းမှာ အလွန်ပင် ခိုင်ခံ့ပြီး ဟာကွက်မရှိလှပေ။ အနက်ရောင်ဝတ်စုံနှင့်လူကမူ အဆိပ်လက်သည်း အတတ်ကို ကျွမ်းကျင်ပုံရပြီး သူ၏ ခရမ်းပုပ်ရောင် လက်သည်းရှည်ကြီးများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဝင်းလက်နေသည်။

ဖုန်း ဖုန်း ဖုန်း…..

ဖုန်မှုန့်များနှင့် သဲများ လေထဲတွင် လွင့်စင်သွားပြီး သူတို့၏ တိုက်ပွဲဒဏ်ကြောင့် သစ်သားတဲနှစ်လုံးမှာ ပြိုကျပျက်စီးသွားခဲ့ရသည်။ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် သိုင်းပညာရှင်တစ်ဦးက ပေါင်လေးငါးထောင်ခန့် ခွန်အားကို ထိန်းချုပ်နိုင်ရာ လူသားပုံစံ ဝက်ဝံကြီးများကဲ့သို့ပင် ဖျက်ဆီးနိုင်စွမ်း ရှိကြသည်။ ဘေးမှကြည့်နေသူများမှာ ဘေးမသင့်စေရန် အလျင်အမြန် နောက်ဆုတ်သွားကြသည်။

“အဲဒါ ကလဲ့စားချေအဖွဲ့က မြွေဆိုးပဲ။ သူက အရမ်းအငြိုးကြီးပြီး သဘောထားသေးသိမ်တယ် ငါ သူ့ကို မကြိုက်ဘူး”

ကျစ်ဆံမြီးနှင့် ယန်ကျဲ့က လုံယီကို ပြောပြသည်။

“ဟိုဘက်က အသက်ကြီးတဲ့လူကတော့ ထာဝရစိမ်းလန်းအဖွဲ့က လီချန်းချင်းပဲ။ သူကတော့ နာမည်ကောင်းရှိတယ်”

လီချန်းချင်းတွင် နာမည်ကောင်းရှိသော်လည်း ဤကဲ့သို့သော ကမောက်ကမဖြစ်နေချိန်တွင် မည်သူကမျှ ဝင်ရောက်မတားဆီးရဲကြပေ။ သို့သော် လီချန်းချင်းမှာ အသက်ကြီးပြီး အတွေ့အကြုံရင့်သူပီပီ မြွေဆိုးအား တဖြည်းဖြည်း အသာစီးရလာကာ တစ်လှမ်းချင်း နောက်ဆုတ်သွားအောင် ဖိအားပေးနေသည်။ အမြင်ရှိသူတိုင်း မြွေဆိုး ရှုံးတော့မည်ကို သိနိုင်သည်။

ရုတ်တရက်...

ဝှစ်

နက်မှောင်သော လျှို့ဝှက်လက်နက်တစ်ခုသည် တိုက်ပွဲဖြစ်ပွားရာ နေရာအတွင်းသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ထိုလျှို့ဝှက်လက်နက်၏ အရှိန်မှာ သာမန်မြားများထက် အဆပေါင်းများစွာ သာလွန်လှပြီး မမျှော်လင့်ထားသည့် လီချန်းချင်း၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွားတော့သည်။

လီချန်းချင်းမှာ အော်ဟစ်လိုက်ရပြီး သူ၏ ခုခံစစ်မှာ ပျက်ယွင်းသွားခဲ့သည်။ ၎င်းကို မြင်လိုက်ရသောအခါ မြွေဆိုး၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။ သူ၏ လက်များကို လက်သည်းများသဏ္ဍာန် ပြောင်းလဲကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပစ်သွင်းလိုက်ရာ လီချန်းချင်း၏ လည်ပင်းတွင် သွေးချင်းချင်းနီသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်လာတော့သည်။

ဆယ်စုနှစ်ပေါင်းများစွာ သိုင်းလောကအတွင်း ကျင်လည်ခဲ့သော လီချန်းချင်းတစ်ယောက် ယနေ့တွင်မူ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ခဲ့ရပြီး နေရာမှာတင် အသက်ပျောက်သွားခဲ့ရသည်။ မြွေဆိုးသည် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော အကြည့်များမှာ ကျန်ရှိနေသည့် ထာဝရစိမ်းလန်းအဖွဲ့သားများဆီသို့ ရောက်ရှိသွားသည်။

“သူတို့အားလုံးကို သတ်ပစ်ကြစမ်း”

သူက နောက်လိုက်များကို အမိန့်ပေးလိုက်သည်။ အန္တရာယ်မှန်သမျှကို အမြစ်ပြတ်ရှင်းပစ်ရန် သူ ဆုံးဖြတ်ထားပြီးဖြစ်သည်။

“ပြေးကြတော့”

“မြွေဆိုး... ဒါတွေက ငါတို့နဲ့ မဆိုင်ပါဘူး”

ထာဝရစိမ်းလန်းအဖွဲ့ဝင်အချို့မှာ ထွက်ပြေးကြပြီး အချို့မှာမူ အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည်။ သို့သော် မြွေဆိုးမှာမူ ရက်စက်ကြမ်းကြုတ်စွာဖြင့် တစ်ဖွဲ့လုံးကို အပြတ်ရှင်းရန်သာ စိတ်ပိုင်းဖြတ်ထားသည်။ သူ၏ ဦးဆောင်မှုအောက်တွင် ထာဝရစိမ်းလန်းအဖွဲ့ဝင်များမှာ တစ်ဦးပြီးတစ်ဦး အသတ်ခံလိုက်ရပြီး မည်သူမျှ အသက်ရှင်လျက် မလွတ်မြောက်ခဲ့ကြပေ။

မြွေဆိုးသည် ဤစခန်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ပထမဦးဆုံး စတင်လိုက်သူ ဖြစ်လာသည်။ ကြည့်ရှုနေသူအားလုံး၏ စိတ်ထဲတွင်လည်း ရှင်းပြ၍မရသော ရိုင်းစိုင်းကြမ်းကြုတ်သည့် စိတ်ရိုင်းများ နိုးထလာကြသည်။ ဖရိုဖရဲဖြစ်မှုဆိုသည်မှာ ကူးစက်တတ်သော ရောဂါတစ်ခုနှင့်ပင် တူလှသည်။

မကြာမီမှာပင် အတုယူသူများ ပေါ်ထွက်လာတော့သည်။

“ဟန်ကျန်း... ပြီးခဲ့တဲ့အကြိမ်က မင်း ငါ့ကို ချောင်းတိုက်ခဲ့တယ်နော်။ ဒီနေ့တော့ အပြတ်ရှင်းကြရအောင်”

“စောက်တလွဲတွေ လာမပြောနဲ့ မင်းကသာ ငါ့ကို အရင် ချောင်းတိုက်ခဲ့တာ”

“ရှန်ကျင့်... နောက်နှစ် ဒီလိုအချိန်ဟာ မင်းရဲ့ နာရေးရက် ဖြစ်စေရမယ်”

“သတ်စမ်း... သတ်ကြစမ်း... ဒီနေ့တော့ မင်းသေ ဒါမှမဟုတ် ငါသေပဲ”

ဓားချင်းရိုက်သံများ လက်သီးချင်း ထိတွေ့သံများ အရာဝတ္ထုများ ပျက်စီးသံများနှင့်အတူ အမျိုးသား အမျိုးသမီးတို့၏ အော်ဟစ်သံများမှာ စခန်းတစ်ခုလုံးတွင် ပျံ့လွင့်နေတော့သည်။ နှစ်ပေါင်းများစွာ သတ်ဖြတ်မှုများကြားတွင် ရှင်သန်လာခဲ့သော သားရဲလိုက်အစောင့်အကြပ်များသည် အတွင်းစိတ်၌ ဖိနှိပ်ထားသော ရိုင်းစိုင်းမှုများဖြင့် ပြည့်နှက်နေသူများ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် အစိုးရ၏ အာဏာစက်ဖြင့် အတင်းအဓမ္မ ဖိနှိပ်ထားသော်လည်း ယနေ့တွင်မူ စခန်းကို အုပ်ချုပ်မည့်သူ မရှိတော့ရာ သူ၏ရိုင်းစိုင်းမှုများမှာ တားဆီး၍မရသော ရေကြီးမှုကြီးသဖွယ် ပေါက်ကွဲထွက်လာတော့သည်။ ဤအခြေအနေကြောင့် အခြားသူကို ဒုက္ခမပေးလိုသူများပင်လျှင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ဦးအောင် စတင်တိုက်ခိုက်ရသည့် အခြေအနေသို့ ရောက်ရှိကုန်သည်။

ရှီချိုင်ဖုန်းနှင့် လုံယီတို့မှာ သူတို့၏ အဖွဲ့သားများကို ကာကွယ်ရင်း သူတို့၏ တဲဆီသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာလာခဲ့ကြသည်။

“မိုးလင်းတာနဲ့ ငါတို့ ဆုတ်ကြမယ်”

ရှီချိုင်ဖုန်းက ပြောလိုက်သည်။

“သားရဲလှိုင်းလုံးကြီး ပြီးသွားတဲ့အခါမှပဲ ငါတို့ ပြန်ပြီး လူစုကြတာပေါ့”

သူမ၏ ဆုံးဖြတ်ချက်ကို မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။

ညအမှောင်ထုအတွင်း အဖွဲ့ထဲတွင် အားအင်အကောင်းဆုံးဖြစ်သည့် ရှီချိုင်ဖုန်းနှင့် လုံယီတို့နှစ်ဦးသည် တဲရှေ့တွင် ကင်းစောင့်နေကြသည်။ ပြဿနာရှာလိုသူများ အနားမကပ်နိုင်ရန် သူတို့က အတားအဆီးသဖွယ် ရပ်တည်ပေးထားခြင်းဖြစ်သည်။

ကံကောင်းသည်မှာ ချိုင်ဖုန်းအဖွဲ့သည် ပုံမှန်အားဖြင့် စည်းကမ်းရှိရှိ နေထိုင်တတ်ပြီး ရန်သူနည်းပါးခြင်းကြောင့်လည်းကောင်း ရှီချိုင်ဖုန်း၏ အပြင်ပန်းခွန်အားမှာ သိသာထင်ရှားစွာ အားကောင်းနေခြင်းကြောင့်လည်းကောင်း ညဉ့်ဦးယံတစ်ဝက်လုံး မည်သူမျှ လာရောက်မနှောင့်ယှက်ဝံ့ကြပေ။

ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော အော်ဟစ်သံများကို နားစွင့်ရင်း လုံယီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

“ငါ အပြင်ခဏ လမ်းလျှောက်သွားဦးမယ်”

သူက ရှီချိုင်ဖုန်းကို ပြောလိုက်သည်။

ရှီချိုင်ဖုန်းမှာ မှင်တက်သွားပြီး “သိပ်တော့ ဝေးဝေးမသွားနဲ့ဦးနော်” ဟု သတိပေးရှာသည်။ လုံယီ၏ ထူးကဲသော စွမ်းရည်ကို သူမသိထားသဖြင့် သူ၏ ဘေးကင်းရေးအတွက် သူမ မစိုးရိမ်သော်လည်း သူ မရှိခိုက် အဖွဲ့ထဲသို့ သူတို့ မဖြေရှင်းနိုင်သော အန္တရာယ်များ ရောက်လာမည်ကိုသာ သူမ ကြောက်ရွံ့မိခြင်းဖြစ်သည်။

“စိတ်မပူပါနဲ့ ငါ စခန်းထဲမှာပဲ ရှိနေမှာပါ”

လုံယီက ပြုံးလျက် ပြောကာ ကိုယ်ယောင်ဖျောက်ပြီး ထွက်ခွာသွားတော့သည်။

သူ ပထမဆုံး ရောက်ရှိသွားသည်မှာ လီချန်းချင်း၏ အလောင်းအနားသို့ ဖြစ်သည်။ အလောင်းပေါ်ရှိ အဝတ်အစားများမှာ ဖရိုဖရဲ ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ဦးက ရှာဖွေသွားပြီဖြစ်ကြောင်း သိသာသော်လည်း လုံယီကမူ ထိုအရာများကို ဂရုမစိုက်ပေ။ သူသည် သေဆုံးသူ၏ မျက်လုံးများကို ညင်သာစွာ ပိတ်ပေးလိုက်ပြီး လက်အုပ်ချီကာ “နောက်ဘဝမှာ သာမန်လူတစ်ယောက်အဖြစ်ပဲ မွေးဖွားပါစေ” ဟု ဆုတောင်းပေးလိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် စွမ်းအင် ၄ ရမှတ်ကို ရရှိလိုက်သည်။

ထို့နောက် လီချန်းချင်း၏ အဖွဲ့သားများ အလောင်းများရှိရာသို့ သူ ဆက်သွားခဲ့သည်။ သူတို့၏ သေဆုံးမှုမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး အူများ အသားစများနှင့် ဦးနှောက်အစအနများမှာ နေရာအနှံ့ ပြန့်ကျဲနေသည်။ လုံယီသည် သူတို့၏ မျက်လုံးများကို တစ်ဦးပြီးတစ်ဦး ပိတ်ပေးလိုက်သည်။

စွမ်းအင် +၂ စွမ်းအင် +၃ ဟူသော အသိပေးချက်များမှာ သူ၏ အမြင်အာရုံထဲတွင် ဆက်တိုက် ပေါ်လာတော့သည်။ သာမန်သိုင်းသမား အလောင်းတစ်လောင်းသည် စွမ်းအင် ၂ မှတ် ပေးစွမ်းနိုင်ပြီး ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ရှိသူကမူ ၃ မှတ်အထိ ပေးစွမ်းနိုင်သည်။

ခဏအတွင်းမှာပင် လုံယီသည် စွမ်းအင်မှတ် ၂၀ ခန့် စုဆောင်းမိသွားသည်။ စခန်းအတွင်း၌မူ သတ်ဖြတ်မှုများမှာ အရှိန်ရစပြုနေပြီဖြစ်ရာ လူများမှာ အဆက်မပြတ် သေဆုံးနေကြသည်။

လုံယီသည် လတ်လတ်ဆတ်ဆတ် သေဆုံးထားသော အမျိုးသားအလောင်းတစ်ခုဆီသို့ ချဉ်းကပ်လိုက်သည်။ သူ အနားသို့ရောက်ရန် ပြင်လိုက်စဉ်မှာပင် ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ရှိ သိုင်းသမားတစ်ဦးသည်လည်း ထိုအလောင်းကို မျက်စိကျနေသည်ကို တွေ့လိုက်ရသည်။ အလောင်းများထံမှ ပစ္စည်းနှိုက်ခြင်းမှာ အန္တရာယ်နည်းပြီး အကျိုးအမြတ်များသဖြင့် မည်သူက မလုပ်

ချင်ဘဲ နေမှာလဲ။

ထိုသူသည် လုံယီကို မြင်သည်နှင့် ရန်လိုသော အမူအရာဖြင့် ဓားကို ဆွဲထုတ်ကာ အသင့်ပြင်

လိုက်သည်။ လုံယီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဤနေရာတွင် အချိန်ဖြုန်းနေ၍ မဖြစ်ပေ။ ထို့ကြောင့် သူ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ပြီး လျှို့ဝှက်သွေးစွမ်းအင်များကို အရှိန်အဟုန်ဖြင့် လည်ပတ်စေကာ “ဖယ်စမ်း” ဟု အော်ဟစ်လိုက်သည်။

“ဒုတိယချီစွမ်းအားအဆင့်လေးနဲ့ ဒီလောက်တောင် ရမ်းကားချင်တာလား”

ထိုသူက လှောင်ပြောင်ရင်း လုံယီအား ဓားဖြင့် အားကုန်လွှဲ၍ ခုတ်ချလိုက်သည်။ သို့သော် ဖောက် ဖောက် ဟူသော အသံနှင့်အတူ ထိုလူမှာလည်း လျင်မြန်စွာပင် အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

လုံယီသည် သူ၏ ပုဆိန်ကို အဝတ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ပြီး စဉ်းစားခန်းဝင်နေသော မျက်ဝန်းများဖြင့် တစ်နေရာသို့ စိုက်ကြည့်နေမိတော့သည်။

အခန်း။ ၁၄၀

လုံယီသည် ကိုယ်ကိုကိုင်းညွတ်ကာ သေဆုံးသူနှစ်ဦး၏ မျက်လုံးများကို ပိတ်ပေးလိုက်ပြန်ရာ သူ၏စွမ်းအင်မှာ နောက်ထပ် ၅ မှတ် ထပ်မံတိုးလာခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ ကိုယ်ပေါ်တွင် ရှာဖွေလိုက်ရာ ငွေစင်ငါးရာတန်ဖိုးရှိ ငွေစက္ကူများကို ရရှိခဲ့သည်။

မကြာမီ သူသည် စခန်း၏ အခြားတစ်နေရာသို့ ရောက်ရှိသွားပြန်သည်။ ထိုနေရာတွင် အဖွဲ့နှစ်ဖွဲ့မှာ ခုလေးတင် တိုက်ခိုက်ထားကြပုံရပြီး လူ ၇ ဦး၊ ၈ ဦးခန့် သေဆုံးနေကြသည်။ မြေပြင်ပေါ်တွင် နီရဲသောသွေးများနှင့် ရွှေရောင်သန်းနေသော သွေးများ အလိမ်းလိမ်းဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအလောင်းများကို တစ်ဖွဲ့တည်းမှဖြစ်ပုံရသော သိုင်းသမား ၄ ဦးက ဝိုင်းထားကြပြီး အခြားသူများ အနားမကပ်နိုင်ရန် ဗိုလ်ကျစိုးမိုးထားကြသည်။ လုံယီက ပြုံးလျက် နှုတ်ဆက်လိုက်

သည်။

“ကျွန်တော် သူတို့မျက်လုံးလေးတွေ ပိတ်ပေးပြီး ကောင်းရာမွန်ရာ ပို့ပေးချင်လို့ပါ သူတို့ပစ္စည်းတွေကို လုံးဝမထိပါဘူး”

ပြောပြောဆိုဆိုဖြင့် သူသည် သူ၏ သိုင်းပညာရှင်အရှိန်အဝါကို တမင်တကာ ထုတ်ဖော်ပြလိုက်သည်။

“ဒုတိယချီစွမ်းအား အဆင့်လေးပဲလား”

“ထွက်သွားစမ်း”

ထိုလေးဦးမှာ အလွန်ပင် ရန်လိုကြပြီး မျက်လုံးများမှာလည်း စူးရှနေကြသည်။ လုံယီ အနားတိုးလာသည်ကို မြင်သောအခါ သူတို့အနက်မှ နှစ်ဦးမှာ မနေနိုင်တော့ဘဲ လက်နက်များကို ဆွဲထုတ်ကာ လုံယီအား ခုတ်ပိုင်းတော့သည်။

“ခင်ဗျားတို့ အရင်စတာနော်”

လုံယီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ ပေါ့ပါးသောကိုယ်ဟန်အတတ် ကို အသက်သွင်းလိုက်ရာ သူ၏ပုံရိပ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင်...

ဖောက်... ဖောက်... ဖောက်... ဖောက်

မြေပြင်ပေါ်တွင် အလောင်းသစ် ၄ လောင်း ထပ်မံတိုးလာခဲ့ပြန်သည်။

“ဒုတိယချီစွမ်းအားအဆင့်ကို အထင်သေးကြတာကိုး”

လုံယီက သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။ သူ ကိုယ်ကိုကိုင်းညွတ်လိုက်ရာ သူ၏စွမ်းအင်မှာ နောက်ထပ် ၃၀ မှတ် တိုးလာခဲ့သည်။ စုစုပေါင်းစွမ်းအင်မှာ ၁၇၀ မှတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ပါရမီကို အဆင့်မြှင့်တင်ရန် လိုအပ်သော အမှတ် ၂၀၀ သို့ နီးကပ်လာပြီ ဖြစ်သည်။ ယနေ့ညတွင် သူ၏ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဟု လုံယီ ကြိုတင်ခံစားနေရသည်။

သူသည် ဤရုန်းရင်းဆန်ခတ်မှုအတွင်း တိတ်တဆိတ် အလောင်းများထံမှ စွမ်းအင်စုဆောင်းနေစဉ် တစ်စုံတစ်ဦးမှာမူ ချိုင်ဖုန်းအဖွဲ့ ကို ပစ်မှတ်ထားနေပြီဖြစ်သည်။

ဝှစ်…

ပေါင်လုံးခန့်အထူရှိပြီး သုံးပေခန့်ရှည်သော သစ်တုံးကြီးတစ်တုံးသည် ချိုင်ဖုန်းအဖွဲ့၏ တဲဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်။ အကယ်၍ ထိမှန်သွားပါက တဲအတွင်းရှိသူများမှာ သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရခြင်းတို့ ဖြစ်သွားနိုင်သည်။

ဒုန်း….

ရှီချိုင်ဖုန်းသည် အပေါ်သို့ ခုန်တက်ကာ ပြင်းထန်သော ပျံလွှားကန်ချက်ဖြင့် ထိုသစ်တုံးကို မီတာရာချီဝေးရာသို့ ကန်ထုတ်ပစ်လိုက်သည်။

“ဘယ်သူလဲ”

သူမ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အော်ဟစ်မေးမြန်းလိုက်သည်။

“ဆောရီး... ပစ်မှတ်လွဲသွားလို့ပါ”

ရောက်ရှိလာသူမှာ အေးစက်စက် အမူအရာဖြင့် ပြန်ဖြေသည်။

“မြွေဆိုး... မင်း ဘာသဘောလဲ”

ရှီချိုင်ဖုန်း၏ လက်ထဲတွင် ငွေရောင်ချိတ်တစ်စုံမှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ရှီချိုင်ဖုန်း၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး စကားအနည်းငယ် လွဲချော်ရုံဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ ချိုင်ဖုန်းအဖွဲ့ဝင်များမှာလည်း တဲအတွင်းမှ အပြေးအလွှား ထွက်လာကြပြီး လက်နက်ကိုယ်စီဖြင့် တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

တိုက်ခိုက်သူမှာ အခြားသူမဟုတ်ဘဲ လီချန်းချင်းကို ခုလေးတင် သတ်ဖြတ်ခဲ့သည့် အနက်

ရောင်ဝတ်စုံနှင့် မြွေဆိုးပင်။

“လီချန်းချင်းအဖွဲ့က နောက်ဆုံးကျန်တဲ့ အဖွဲ့ဝင်တစ်ယောက် ခင်ဗျားတို့တဲထဲမှာ ပုန်းနေတယ်လို့ ငါသံသယရှိတယ်”

မြွေဆိုးက သူ၏ သွေးရောင်မျက်လုံးများကို မှေးစင်းလျက် ကောက်ကျစ်စွာ ပြောလိုက်သည်။

“အဲဒါ တကယ်ဟုတ်မဟုတ် ငါဝင်ကြည့်ရမယ်”

“သွားသေလိုက်စမ်း”

ရှီချိုင်ဖုန်းက လုံးဝ အလျော့မပေးဘဲ “ငါဒေါသမထွက်ခင် အခုချက်ချင်း ဒီနေရာကနေ လစ်လိုက်တော့” ဟု ပြတ်ပြတ်သားသား မောင်းထုတ်လိုက်သည်။

အကယ်၍ မြွေဆိုးကို ဤသို့ တဲအတွင်း ပေးဝင်လိုက်ပါက ချိုင်ဖုန်းအဖွဲ့၏ ဂုဏ်သိက္ခာမှာ မြေလှန်သွားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့အနေဖြင့် ဤသားရဲလိုက်စခန်းတွင် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

“ဟမ်... ဒီလောက်တောင် ကြောက်နေတာဆိုတော့ တကယ်ပဲ ဖုံးကွယ်ထားတာလား”

မြွေဆိုးက ယုတ်မာသောအသံဖြင့် ပြောလိုက်သည်။ သူ၏ သွေးစွမ်းအင်များမှာ ခန္ဓာကိုယ်အတွင်း အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး အရေပြားပေါ်တွင် နီရဲသော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာသည်။ ချီစွမ်းအင်ပတ်လမ်းကြီး အဆင့် သိုင်းပညာရှင်တစ်ဦး၏ ပြင်းထန်သော အရှိန်အဝါက ချိုင်ဖုန်းအဖွဲ့ဝင်များအပေါ် ဖိအားပေးလာတော့သည်။

သို့သော် ရှီချိုင်ဖုန်းကလည်း သူမ၏ သွေးစွမ်းအင်ကို ပေါက်ကွဲထွက်စေပြီး တုံ့ပြန်လိုက်ရာ သူမ၏ အရှိန်အဝါက မြွေဆိုးထက်ပင် အနည်းငယ် သာလွန်နေသည်။ မြွေဆိုး၏ မျက်နှာ အနည်းငယ် ပျက်သွားပြီးနောက် သူက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။ သူ၏ နောက်ကွယ်မှ သိုင်းပညာရှင်နှစ်ဦး ရှေ့သို့ တက်လာကြသည်။ တစ်ဦးမှာ ဘယ်ဘက် တစ်ဦးမှာ ညာဘက်ဖြစ်ပြီး နှစ်ဦးစလုံးမှာ ချီစွမ်းအင်ပတ်လမ်းကြီး အဆင့် အရှိန်အဝါများ ရှိကြသည်။

“ရှဲ့ဟွမ်းနဲ့ ကျန်းဟို့လား”

ရှီချိုင်ဖုန်း၏ မျက်နှာ ပျက်သွားသည်။

“မင်းတို့နှစ်ယောက်ပါ ဝင်ပါမလို့လား”

ရှဲ့ဟွမ်းနှင့် ကျန်းဟို့မှာ အခြားအဖွဲ့နှစ်ဖွဲ့၏ ခေါင်းဆောင်များ ဖြစ်ကြရာ မြွေဆိုးကို ဘာကြောင့် လာပြီး ကူညီနေကြတာလဲ။

ရှဲ့ဟွမ်းက အသံဩဩဖြင့် “ငါတို့က အခု အဖွဲ့တစ်ခုတည်း ဖြစ်နေပြီလေ ဘာလို့ ဝင်မပါရမှာလဲ” ဟု ပြန်ပြောသည်။

“အဖွဲ့တစ်ခုတည်း ဟုတ်လား”

ရှီချိုင်ဖုန်း ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

“ဟုတ်တယ် သူတို့အားလုံး ငါ့အဖွဲ့ထဲကို ဝင်လာကြပြီ”

လူအုပ်ထဲမှ မျက်ခုံးထူထူ နှာခေါင်းကြီးကြီးနှင့် ရိုးသားသော ရုပ်သွင်ရှိသည့် အပြာရောင်ဝတ်စုံနှင့် လူလတ်ပိုင်းတစ်ဦး ထွက်လာသည်။ သူမှာ အခြားသူမဟုတ်ဘဲ လေပြေအဖွဲ့၏ ခေါင်းဆောင် လီဖုန်းပင်။

သူသည် စွမ်းအင်စက်ဝန်းပြည့်အဆင့်ရှိသူဖြစ်ပြီး စခန်းတစ်ခုလုံးတွင် အင်အားအရှိဆုံး သိုင်းသမားတစ်ဦး ဖြစ်သည်။

ဒါဆို သူတို့က ဒါကို အကွက်ကျကျ စီစဉ်ထားတာပဲ။

ရှီချိုင်ဖုန်းမှာ ငတုံးမဟုတ်သဖြင့် ဤကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ လီဖုန်းဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သို့မဟုတ်ပါက မြွေဆိုးတစ်ယောက်တည်းနှင့်ဆိုလျှင် သူမကို ပြဿနာရှာဝံ့မည် မဟုတ်ပေ။

လီဖုန်းက ရှီချိုင်ဖုန်းကို ကြင်နာဟန်ဖြင့် ပြုံးပြလိုက်ပြီး “ညီမလေးရှီ... မြွေဆိုးက ငါ့အဖွဲ့ထဲ ဝင်လာပြီဆိုတော့ သူ့ဘက်က ငါရပ်တည်ပေးရမှာပေါ့။ ကျေးဇူးပြုပြီး ဖယ်ပေးလိုက်ပါ သူဝင်ကြည့်တာက မလိုအပ်တဲ့ နားလည်မှုလွဲတာတွေကို တားဆီးပေးနိုင်လိမ့်မယ်” ဟု ပြောလိုက်သည်။

“ဒါမျိုး ဖြစ်နိုင်မယ်လို့ ရှင်ထင်နေတာလား”

ရှီချိုင်ဖုန်းက လှောင်ပြောင်လိုက်ပြီး အလျှော့ပေးမည့် အရိပ်အယောင် လုံးဝမပြပေ။

“အင်း... ငါတို့ သိလာတာလည်း ကြာပြီ ငါ့ကို အခက်မတွေ့စေပါနဲ့”

လီဖုန်းက သက်ပြင်းချရင်း “ဒါပေမဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်။ မင်းသာ ငါ့အဖွဲ့ထဲ ဝင်လိုက်မယ်ဆိုရင် ငါတို့အားလုံး မိသားစုဝင်တွေ ဖြစ်သွားကြမှာပဲ။ အဲဒီကျရင် မြွေဆိုးလည်း မင်းကို လာနှောင့်ယှက်မှာ မဟုတ်တော့ဘူး” ဟု ပြောလိုက်သည်။

လီဖုန်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသွားပြီဖြစ်သည်။

သူသည် ချိုင်ဖုန်းအဖွဲ့ကို ဝါးမြိုရန် ကြိုးစားနေခြင်းပင်။

“ငါက ငြင်းမယ်ဆိုရင်ကော”

ရှီချိုင်ဖုန်းက ပြန်လည် တုံ့ပြန်လိုက်သည်။

သူမ စကားဆုံးသည်နှင့် မြွေဆိုး ရှဲ့ဟွမ်းနှင့် ကျန်းဟို့တို့မှာ ရှေ့သို့ တစ်လှမ်းစီ တိုးလာကြပြီး သူတို့၏ သွေးစွမ်းအင်များကို မြှင့်တင်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ပြလိုက်ကြသည်။ တစ်ဖက်တွင်လည်း ချိုင်ဖုန်းအဖွဲ့ဝင်တိုင်းမှာ လက်နက်များကို တင်းတင်းဆုပ်ကာ သူတို့၏ မျက်ဝန်းများတွင် မလျှော့သော ဇွဲတို့ဖြင့် တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြသည်။

ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခုမှာ ဖြစ်ပွားရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် နှစ်ဦးနှစ်ဖက်၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆမတန် ကွာခြားလွန်းနေသည်။

တစ်ဖက်တွင် စွမ်းအင်စက်ဝန်းပြည့်အဆင့်တစ်ဦးနှင့် အနည်းဆုံး ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် သုံးဦးရှိနေသည်။ အခြားတစ်ဖက်တွင်မူ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် တစ်ဦး ချီစွမ်းအင်ပတ်လမ်းငယ်အဆင့် တစ်ဦးနှင့် ကျန်သူများမှာ ပထမချီစွမ်းအားနှင့် ဒုတိယချီစွမ်းအားအဆင့် သိုင်းသမားများသာ ဖြစ်ကြသည်။

သို့သော် ဘေးမှကြည့်နေသူများကို အံ့အားသင့်စေသည်မှာ ချိုင်ဖုန်းအဖွဲ့ဝင်များမှာ လုံးဝ တုန်လှုပ်ခြောက်ခြားပုံမပေါ်ခြင်းပင်။

တောက်... တောက်... တောက်

သာမန်ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးမှာ အဝေးတစ်နေရာမှ အေးအေးဆေးဆေး လမ်းလျှောက်လာသည်။

“ခုနက လီချန်းချင်းကို ခင်ဗျား ချောင်းတိုက်ခဲ့တာလား”

သူက လီဖုန်းကို မေးလိုက်သည်။

“အို... လူငယ်လေး မင်း အစားကိုတော့ စည်းမဲ့ကမ်းမဲ့ စားလို့ရပေမဲ့ စကားကိုတော့ စည်းမဲ့ကမ်းမဲ့ မပြောသင့်ဘူးနော်”

လီဖုန်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏ မျက်မှောင်ကြုတ်ထားသော မျက်ဝန်းများအတွင်း အလွန်အန္တရာယ်ရှိသော အရိပ်အယောင်များ ဝင်းလက်လာသည်။

“ဒါဆိုလည်း ကျွန်တော် မပြောတော့ဘူး”

လုံယီက ခေါင်းညိတ်လိုက်သည်။

သူ၏ ကိုယ်ဟန်မှာ ရပ်နေသည့်နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် သူသည် မြွေဆိုး၏ ဘေးသို့ ရောက်ရှိသွားပြီး မမျှော်လင့်ထားသော လက်သီးတစ်ချက်မှာ မြွေဆိုး၏ ဦးခေါင်းဆီသို့ ဦးတည်သွားတော့သည်။

“မကောင်းတော့ဘူး”

လီဖုန်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး သူသည်လည်း လှောင်အိမ်မှ ထွက်လာသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်ဝင်ကာ မြွေဆိုး၏ ရှေ့တွင် ကာကွယ်ပေးလိုက်သည်။ နှစ်ဦးသား တစ်ပြိုင်နက်တည်း လက်သီးချင်း ထိုးနှက်လိုက်ကြသည်။

ဒုန်း…

စူးရှသော အသံလှိုင်းတစ်ခု လေထုထဲတွင် ဟိန်းထွက်သွားရာ အနီးနားရှိသူများမှာ မျက်မှောင်ကြုတ်လိုက်ကြရသည်။

ဒေါက်... ဒေါက်... ဒေါက်

လီဖုန်းသည် နောက်သို့ သုံးလှမ်း ဆက်တိုက် ဆုတ်လိုက်ရပြီးမှ သူ၏ ဟန်ချက်ကို ပြန်ထိန်းနိုင်သည်။ သူ နင်းခဲ့သော ခြေလှမ်းတိုင်းမှာ မြေပြင်ပေါ်တွင် လေးငါးလက်မခန့် နက်သော ကျင်းများ ဖြစ်ကျန်ခဲ့ရာ ၎င်းမှာ တုံ့ပြန်လာသော အရှိန်အဝါကို လူစုခွဲရန် မည်မျှ ပြင်းထန်သော ခွန်အားကို အသုံးပြုခဲ့ရသည်ကို ပြသနေသည်။ တစ်ဖက်မှ လုံယီသည်လည်း နောက်သို့ သုံးလှမ်း ဆုတ်သွားခဲ့သည်။

သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ အံ့ဩစရာကောင်းလောက်အောင် အင်အားချင်း ညီမျှနေခဲ့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်းမှာ စိတ်ကူးကြည့်၍မရလောက်အောင် ထိတ်လန့်သွားကြရသည်။

လီဖုန်းဆိုသည်မှာ လေပြေအဖွဲ့၏ ခေါင်းဆောင် နာမည်ကျော် စွမ်းအင်စက်ဝန်းပြည့် အဆင့် သိုင်းပညာရှင်ဖြစ်ပြီး စခန်း၏ အင်အားအရှိဆုံးသူများအနက် တစ်ဦးဖြစ်သည်။ သို့သော် သူသည် အမည်မသိ လူငယ်လေးတစ်ဦးကို မနှိမ်နင်းနိုင်ခဲ့ပေ။

ထိုလူငယ်၏ တိုက်ခိုက်မှုအတွင်း ထွက်ပေါ်လာသော အရှိန်အဝါအရ ဆိုလျှင် သူသည် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်သို့ပင် ရောက်ပုံမရသေးပေ။ လုံယီ၏ အစွမ်းမှာ ထူးခြားမှန်း သိထားကြသည့် ချိုင်ဖုန်းအဖွဲ့ဝင်များပင်လျှင် ဤမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသောအခါမှသာ စိတ်အေးသွားကြတော့သည်။ စိတ်ထဲမှ သိနေခြင်းနှင့် မျက်မြင်တွေ့ရခြင်းမှာ လုံးဝ ကွာခြားလှသည်။

“လက်ရည် မဆိုးဘူးပဲ”

လီဖုန်းက တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

သူသည် ခုနက အရေးပေါ် ဝင်ရောက်ကာကွယ်ခဲ့ရသဖြင့် သူ၏ အစွမ်းကုန်ကို အသုံးမပြုနိုင်ခဲ့သော်လည်း ရန်သူမှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

“သွေးစွမ်းအင် နှစ်ခုတည်းပဲလား မဖြစ်နိုင်တာ ဒါ အစွမ်းကို တမင်ဖုံးကွယ်ထားတဲ့ ရှားပါးကျင့်စဉ်တစ်ခုခု ဖြစ်ရမယ်”

လီဖုန်းသည် သဘာဝအရ ဂရုစိုက်တတ်သူပီပီ ဒုတိယအကြိမ် တိုက်ခိုက်မှုကို ချက်ချင်းမလုပ်ဘဲ တုံ့ဆိုင်းနေခဲ့သည်။

“သွားကြစို့”

မြွေဆိုးနှင့် အခြားသူများမှာ မကျေမနပ်ဖြစ်နေသော်လည်း လီဖုန်းနောက်မှ လိုက်ကာ ဆုတ်ခွာသွားကြတော့သည်။ လုံယီသည်လည်း သူတို့ကို မတားဆီးခဲ့ပေ။ အကြောင်းမှာ သူ့ထံသို့ ဦးတည်လာသော အခြားပြင်းထန်သည့် ရန်လိုမှုအရှိန်အဝါအချို့ကို သူ အာရုံခံမိနေ၍ဖြစ်သည်။

မကြာမီမှာပင် စခန်းအတွင်း ဘာတွေဖြစ်ပျက်နေသည်ကို သူ သဘောပေါက်သွားခဲ့သည်။

“မူချိန်... မင်း စဉ်းစားပြီးပြီလား ငါ့ရဲ့ နဂါးဝိညာဉ်အဖွဲ့ထဲကို ဝင်မလား”

မုတ်ဆိတ်ဗလပွ မျက်နှာဝိုင်းဝိုင်းနှင့် သန်မာထွားကြိုင်းသော စွမ်းအင်စက်ဝန်းပြည့် အဆင့် သိုင်းပညာရှင် ရှုရှန့်ကျန်းသည် အခြားတဲတစ်ခုရှေ့တွင် ဖိအားပေးနေသည်။

“ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် အရင်က အမှားတွေကို ငါ ခွင့်လွှတ်ပေးနိုင်တယ်”

ဤသို့ပြောလိုက်သူမှာ အရပ်နှစ်မီတာကျော် မြင့်မားပြီး လူသန်ကြီးတစ်ဦး ဖြစ်သည်။ လုံယီ၏ ယခင်ဘဝက Game of Thrones ဇာတ်လမ်းထဲမှ Mountain နှင့်ပင် တူလှသည်။ သူသည် သစ်ပင်တစ်ပင်စာခန့် ထူထဲသော ဝံပုလွေစွယ်တုတ် ကြီးကို ကိုင်ဆောင်ထားပြီး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကြောင့် ဘေးမှလူများမှာ တုန်လှုပ်နေကြရသည်။ သူကား ဧရာမအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ခွန်အားအရာတွင် စွမ်းအင်စက်ဝန်းပြည့်အဆင့်များကြား၌ အနှိုင်းမဲ့သူဟု ကျော်ကြားသည်။

ထို့ပြင် ကြယ်ဖီးနစ်အဖွဲ့ မှ ထန်လန်နှင့် တောင်လိုက်အဖွဲ့ မှ ဖူရှန်းတို့သည်လည်း အလားတူ နည်းဗျူဟာများကို အသုံးပြုနေကြသည်။

စွမ်းအင်စက်ဝန်းပြည့်အဆင့် ပညာရှင် ၅ ဦးမှာ ကြိုတင်တိုင်ပင်ထားသကဲ့သို့ စခန်းအတွင်းရှိ အဖွဲ့ငယ်များအားလုံးကို အတင်းအဓမ္မ ခွဲထုတ်ကာ သိမ်းပိုက်နေကြသည်။ အဖွဲ့ငယ်များ စုဆောင်းထားသမျှ ဆေးဝါးများ ဝိညာဉ်သားရဲအသားခြောက်များ ရတနာများနှင့် ငွေစက္ကူများအားလုံးမှာ လုယက်ခြင်း ခံနေရသည်။ စခန်းမှ ထွက်ပြေးရန် ကြိုးစားသူများမှာလည်း သနားညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်ခြင်း ခံနေရသည်။ သားရဲလိုက်စခန်းကြီးမှာ ဧရာမ လှောင်အိမ်ကြီးတစ်ခုသဖွယ် ဖြစ်သွားတော့သည်။

ထိုအထဲတွင် ချိုင်ဖုန်းအဖွဲ့ကဲ့သို့သော အဖွဲ့အနည်းငယ်သာ ဇွဲနပဲဖြင့် ခုခံနေကြဆဲပင်။ အချို့အဖွဲ့ငယ်များမှာလည်း ချိုင်ဖုန်းအဖွဲ့ထံသို့ လာရောက်ပူးပေါင်းလိုကြသည်။

“ငါတို့ ဘာလုပ်ကြမလဲ သူတို့ကို လက်ခံပေးရမလား”

ရှီချိုင်ဖုန်းက လုံယီကို မေးလိုက်သည်။

“လက်ခံလိုက်လေ ဘာလို့ လက်မခံရမှာလဲ။ တစ်ယောက်ကို ငွေစင် တစ်ရာစီ ယူမယ်”

လုံယီက ပြောလိုက်သည်။

ရှီချိုင်ဖုန်းက ဒေါသတကြီးဖြင့် “ဒီလိုအချိန်မှာတောင် မင်းက ပိုက်ဆံအကြောင်း စဉ်းစားနေသေးတာလား ငါက သူတို့ကို ကယ်သင့်မကယ်သင့် မေးနေတာ”

“ငါတို့ဆီ အကူအညီတောင်းလာတဲ့သူတွေကို ငါတို့ ကာကွယ်ပေးမယ် ဒါပေမဲ့ သူတို့ဘက်ကလည်း ပေးဆပ်သင့်တာ ပေးဆပ်ရမှာပေါ့။ မင်း သူတို့ကို အားနည်းတယ်လို့ မထင်နဲ့ သာမန်လူတွေအတွက်တော့ သူတို့က မြင့်မြတ်တဲ့ သိုင်းပညာရှင်တွေပဲ”

“ဒါပေမဲ့ ဒါက လီဖုန်းတို့အဖွဲ့ရဲ့ ပစ်မှတ် ဖြစ်သွားမှာပေါ့”

ရှီချိုင်ဖုန်းက ဝေခွဲမရဖြစ်နေသည်။

“အခုရော ငါတို့က ပစ်မှတ်မဟုတ်နေလို့လား”

လုံယီက ခေါင်းခါယမ်းလိုက်သည်။

ဒုတိယဗိုလ်မှူး သေဆုံးပြီးနောက် ထိုစွမ်းအင်စက်ဝန်းပြည့် အဆင့် ၅ ဖွဲ့မှာ သဘောတူညီချက် ရထားပြီးဖြစ်ရမည်။ သူတို့ ကိစ္စတွေ ပြီးသွားသည်နှင့် ငါတို့ဆီကို ၉၀ ရာခိုင်နှုန်း သေချာပေါက် လာကြလိမ့်မည်။ ထွက်ပြေးလို့မရသလို ထွက်ပြေးဖို့လည်း မလိုပေ။

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ စွမ်းအင်မှတ်များမှာ ၂၀၀ ကျော်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“မင်းရဲ့အခန်းကို ခဏလောက် ငှားပါဦး”

လုံယီသည် တဲအတွင်းဘက် လိုက်ကာကို မကာ ရှီချိုင်ဖုန်း၏ ကိုယ်ပိုင်နားနေဆောင်ထဲသို့ ဝင်သွားတော့သည်။

“နေဦး”

ရှီချိုင်ဖုန်း၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

All Chapters