← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း။ ၁၄၅

စွမ်းအင်စက်ဝန်းပြည့် အဆင့် သိုင်းပညာရှင် တစ်ဦးစီသည် ဂိုဏ်းတစ်ခုချင်းစီ၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားများ ဖြစ်ကြပြီး အရင်းအမြစ်မြောက်မြားစွာ သုံးစွဲကာ ပြိုးထောင်ထားရသူများ ဖြစ်သည်။

လုံယီ၏ လုပ်ရပ်သည် ဂိုဏ်းအသီးသီးကို ပြိုလဲသွားအောင် လုပ်ဆောင်လိုက်ခြင်းနှင့် အတူတူပင်။ အကယ်၍ ထိုက်မြို့မြို့မကြီးအတွင်း၌သာဆိုလျှင် ဤသတင်းမှာ မြေငလျင်လှုပ်ခတ်သကဲ့သို့ ပြင်းထန်သော ရိုက်ခတ်မှုမျိုး ဖြစ်ပေါ်စေမည်မှာ အသေအချာပင်။

ကံမကောင်းစွာဖြင့် နောက်ဆုံးကျန်ရှိနေသော နဂါးဝိညာဉ်အဖွဲ့ ခေါင်းဆောင် မျက်နှာဝိုင်းဝိုင်းနှင့် မုတ်ဆိတ်ဗလပွဖြစ်သူ ရှုရှန့်ကျန်း မှာမူ လျှပ်စီးကဲ့သို့ လျင်မြန်စွာပင် လစ်ခနဲ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လုံယီသည် ပတ်ဝန်းကျင်၌ အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း လက်လျှော့လိုက်ရတော့သည်။ ကျယ်ပြောလှသော သားရဲတစ်ရာတောင်တန်းထဲတွင် လူတစ်ယောက် ပုန်းနေပါက ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။

သို့သော် ကံကောင်းသည်မှာ သူသည် ဤသတ်ဖြတ်မှုများကို လျူရှု၏ အသွင်အပြင်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအင်အားစုများ မည်မျှပင် စုံစမ်းစစ်ဆေးပါစေ သူ၏ စစ်မှန်သော မူလလက္ခဏာဆီသို့ ခြေရာခံနိုင်လိမ့်မည် မဟုတ်ပေ။

ယခုမူ တိုက်ပွဲ၏ အကျိုးအမြတ်များကို စစ်ဆေးရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ စွမ်းအင်စက်ဝန်းပြည့် ပညာရှင် ၄ ဦးကို သတ်ဖြတ်ခြင်းမှာ လုံယီအတွက် အထူးပင် တွက်ခြေကိုက်လှသည်။

သူသည် စွမ်းအင်မှတ် ၂၀ ကို ရရှိခဲ့ရုံသာမက ထိုသူများ၏ အလောင်းများကို ရှာဖွေကြည့်ရာ ငွေ ခုနစ်သောင်းကျော် တန်ဖိုးရှိသော ငွေစက္ကူများကို တွေ့ရှိခဲ့ရသည်။

လုံယီက ခဏမျှ စဉ်းစားလိုက်သောအခါ အကြောင်းရင်းကို သဘောပေါက်သွားသည်။ သားရဲလိုက်စခန်းတွင် ရုတ်တရက် ဖြစ်ပေါ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကြောင့် ထို စွမ်းအင်စက်ဝန်းပြည့် အဖွဲ့ ၅ ဖွဲ့သည် အခြားအဖွဲ့ငယ်များကို အတင်းအဓမ္မ ဝါးမြိုကာ အရင်းအမြစ်အားလုံးကို လုယူစုဆောင်းထားကြခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ နောက်ဆုံးတွင်မူ ထိုရတနာအားလုံးမှာ လုံယီ၏ လက်ထဲသို့သာ အလိုအလျောက် ရောက်ရှိလာတော့သည်။

သူ ယခင်က စုဆောင်းထားသော ငွေ ၂၀,၀၀၀ ကျော်နှင့် ပေါင်းလိုက်ပါက လုံယီ၏ လက်ထဲတွင် ယခုအခါ ငွေ တစ်သိန်းကျော် ရှိနေပြီဖြစ်သည်။ ဤပမာဏမှာ မြို့မကြီးရှိ အလတ်စား မိသားစုကြီးတစ်ခု၏ ပိုင်ဆိုင်မှုနှင့် ညီမျှနေပြီဖြစ်သည်။

ခဏအကြာတွင် ရှီချိုင်ဖုန်း၊ ကျန်းချန်းယွီ၊ ယန်ကျဲ့၊ ရှီချင်းတနှင့် အခြားသူများ ရောက်ရှိလာကြသည်။ လုံယီသည် မူလနေရာမှာပင် အကောင်းပကတိ ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး၏ မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“ဘာတွေဖြစ်သွားတာလဲ ဟိုလူတွေကော ဘယ်ရောက်သွားပြီလဲ”

ကျန်းချန်းယွီက မေးလိုက်သည်။

“တစ်ယောက်ကတော့ ဒီမှာ”

လုံယီက သူ၏ခြေဖဝါးအောက်မှ အလောင်းကို ညွှန်ပြလိုက်သည်။

“ကျန်တဲ့သူတွေလည်း အနားတစ်ဝိုက်မှာ ရှိနေမှာပါ”

“မင်း... မင်း သူတို့ကို အကုန်သတ်လိုက်တာလား”

ရှီချင်းတသည် မယုံနိုင်လောက်အောင် အော်ဟစ်လိုက်ရာ သူ၏ အသံမှာ ဒက်စီဘယ် ၁၀၀ ကျော်အထိပင် ကျယ်လောင်သွားတော့သည်။

“ကံမကောင်းတာက ရှုရှန့်ကျန်း လွတ်သွားတယ်”

လုံယီက နောင်တရသလိုဖြင့် ပြောလိုက်သည်။

“ငါ သူတို့အားလုံးကို သတ်လိုက်တာတော့ မဟုတ်ပါဘူး။ ဝံပုလွေမိစ္ဆာက ကူညီပေးလို့သာပေါ့။ မဟုတ်ရင် ငါ့ကိုယ်ငါ ကာကွယ်ဖို့တောင် တော်တော်ရုန်းကန်ရမှာ”

“ဒါဆို ဝံပုလွေမိစ္ဆာက ဘာလို့ သူတို့ကိုပဲ သတ်ပြီး မင်းကိုကျတော့ မသတ်ရတာလဲ”

ရှီချိုင်ဖုန်းက မျက်စောင်းထိုးရင်း မေးသည်။ သူမကတော့ လုံယီ၏ ရှင်းပြချက်ကို လုံးဝ မယုံကြည်သည်မှာ သိသာလှသည်။

လုံယီသည် လုံးဝလိမ်ညာနေခြင်း မဟုတ်ကြောင်းကိုမူ သူမ မသိနိုင်ပေ။ ခုနက သူသည် သူ၏ ဝှက်ဖဲအားလုံးကို သုံးပြီး စွမ်းအင်စက်ဝန်းပြည့် တစ်ဦးကို အကွက် ၁၀ ကွက်အတွင်း သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အကယ်၍ လူနှစ်ဦးကို တစ်ပြိုင်နက် ရင်ဆိုင်ရပါက အရှုံးအနိုင်ပေါ်ရန် အကွက်ပေါင်းများစွာ တိုက်ခိုက်ရပေလိမ့်မည်။

သုံးဦးဆိုပါက လုံယီအနေဖြင့် ယုံကြည်မှု သိပ်မရှိတော့ဘဲ ရှုံးနိမ့်ရန် ရာခိုင်နှုန်း များသွားပြီဖြစ်သည်။ လေးဦးဆိုလျှင်မူ မိမိကိုယ်ကိုယ် ကာကွယ်ရန်ပင် ခဲယဉ်းပြီး အန္တရာယ် အလွန်ကြီးလှသည်။ ငါးဦးဆိုပါက...

“ပုရွက်ဆိတ်တွေ များရင် ဆင်တောင် သေနိုင်တယ်” ဆိုသလိုပင် စွမ်းအင်စက်ဝန်းပြည့် သိုင်းသမား ၅ ဦးဆိုသည်မှာ မခဲယဉ်းပေ။ ထို့ကြောင့်လည်း သူသည် သားရဲဘုရင်၏ အစွမ်းကို အသုံးချကာ ကျားကိုသုံး၍ ဝံပုလွေကို စားစေခြင်းဟူသော နည်းဗျူဟာကို သုံးခဲ့ရခြင်းဖြစ်သည်။

“သားရဲဒီရေလှိုင်းကြီးက မကြာခင် ရောက်လာတော့မယ် ထင်တယ်။ မင်းတို့တွေ အရင်ပြန်

နှင့်ကြတာ ပိုကောင်းမယ်”

လုံယီက ယန်ကျဲ့၊ ရှီချင်းတနှင့် အခြားသူများကို ပြောလိုက်သည်။

လက်ရှိအခြေအနေအရ ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်အောက်ရှိသူ မည်သူမဆို သားရဲတစ်ရာတောင်တန်း အတွင်းဝယ် ရှိနေခြင်းမှာ အလွန်အန္တရာယ်များလှသည်။ သို့သော် လုံယီကတော့ အလွယ်တကူ ပြန်ရန် အစီအစဉ်မရှိပေ။ ယခုအခါ သားရဲဘုရင်နှင့် ထိပ်တိုက်မတိုးသရွေ့ သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိသည်။ ဤသည်မှာ စွမ်းအင်မှတ်များ စုဆောင်းရန် အကောင်းဆုံးအခွင့်အရေးဖြစ်ရာ သူ လက်လွတ်မခံလိုပေ။

“ပညာရှိရှိနဲ့ ဘေးကင်းရာကို ရှောင်တာ အကောင်းဆုံးပဲ”

ထိုသို့ပြောကာ ရှီချင်းတနှင့် အခြားသူများက သဘောတူ ခေါင်းညိတ်ကြသည်။

“ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”

ရှီချိုင်ဖုန်းက အလျင်အမြန် ပြောလိုက်ပြီး “စိတ်မပူပါနဲ့ ငါ မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး” ဟု ပြောလိုက်သည်။ သို့သော် သူမ၏ စိတ်လှုပ်ရှားနေသော မျက်ဝန်းများကို ကြည့်ရင်း လုံယီမှာမူ အချိန်အခါမဟုတ်ဘူးဟု ခံစားနေမိသည်။

ရက်ပေါင်း ၂၀ ကြာပြီးနောက်...

ထိုက်မြို့ ကျန်းမိသားစုနေအိမ်။

ကျယ်ဝန်း၍ လင်းထိန်နေသော ခန်းမဆောင်ကြီးအတွင်း တောင်ပေါ်တွင် ဟိန်းဟောက်နေသော ကျားတစ်ကောင်ပုံ ပန်းချီကားတစ်ချပ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားသည်။ ကြမ်းပြင်ပေါ်တွင် အနီရောင်ရင့်ရင့် ကော်ဇောများကို ခင်းကျင်းထားပြီး ခန်းမ၏ ထောင့်တိုင်းတွင် ကြေးနီ အမွှေးတိုင်ထွန်းရာ ခွက်များ ရှိနေသည်။ အလယ်ဗဟိုတွင်မူ ခရမ်းနီရောင် စန္ဒကူးသားဖြင့် ပြုလုပ်ထားသော ရှစ်ပါးရှင်ဂိုဏ်းစားပွဲတစ်လုံး ရှိနေသည်။

စားပွဲပေါ်တွင် အနုစိတ်ပြင်ဆင်ထားသော ဟင်းလျာမျိုးစုံကို ခင်းကျင်းထားသည်။ လက်မခန့် ထူထဲပြီး ကြည်လင်နေသော ပုစွန်ပြာ တစ်ကောင်၏ တန်ဖိုးမှာပင် သာမန်မိသားစုတစ်ခု၏ တစ်လစာ စားရိတ်နှင့် ညီမျှနေသည်။

ကျန်းမိသားစုမှ ဖခင်ဖြစ်သူ၊ သားနှစ်ဦးနှင့် အသက် ၄၀ ဝန်းကျင်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးတို့မှာ စားပွဲတွင် ထိုင်ကာ စားသောက်နေကြသည်။ သူတို့၏ဘေးတွင် ပုစွန်ခွံခွာပေးရန်နှင့် အခြားဝေယျာဝစ္စများကို လုပ်ဆောင်ပေးရန်အတွက် လှပသော အစေခံမိန်းကလေးတစ်ဦးက အနီးကပ်ရပ်နေသည်။

“အဲဒီ ပိုလီဂိုနမ်ကိစ္စက အရမ်းအရေးကြီးတယ်။ ငါတို့မှာရှိသမျှ ငွေသားအားလုံးကို အဲဒီမှာ ရင်းနှီးမြှုပ်နှံထားတာ။ ဘာအမှားအယွင်းမှ မရှိစေနဲ့ သေချာစောင့်ကြည့်စမ်း”

ဖခင်ဖြစ်သူက အရက်တစ်ငုံ သောက်လိုက်ပြီးနောက် သားကြီးဖြစ်သူ ကျန်းဝေချုန်းကို လေးနက်စွာ ပြောလိုက်သည်။

“စိတ်ချပါ အဖေ ကျွန်တော် ပစ္စည်းတွေကို စစ်ဆေးပြီးပြီ။ အရည်အသွေးက ထိပ်တန်းပဲ သခင်လေးလုံရဲ့ မိသားစုက အလယ်ပိုင်းဒေသက မျိုးနွယ်စုကြီးဆိုတော့ သူတို့ဆီက ပိုလျှံတဲ့ ပစ္စည်းတွေတောင် ကျွန်တော်တို့အတွက် နှစ်ပေါင်းများစွာ သုံးလို့ရတယ်”

ကျန်းဝေချုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“ဒီနှစ်တစ်ရာသက်တမ်းရှိတဲ့ ပိုလီဂိုနမ်တွေကိုသာ ရလိုက်ရင် ထိုက်မြိုရော၊ အနားက ကျန်းမြို့နဲ့ ယန်မြို့တွေမှာပါ ငါတို့ ကျန်းမိသားစုကို ယှဉ်နိုင်မယ့်သူ ရှိမှာမဟုတ်တော့ဘူး”

ကျန်းဝေချုန်း၏ ကြွားဝါမှုကို ကြားသောအခါ ပိုးထည်အင်္ကျီကို ဆင်မြန်းထားသော အမျိုးသမီးကြီးက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

“သားလေး... အဲဒီ ပိုလီဂိုနမ်က ဘယ်လိုမျိုးမို့လို့ မင်းက ဒီလောက်တောင် ချီးကျူးနေရတာလဲ”

ကျန်းဝေချုန်းသည် ထိုမေးခွန်းကို စောင့်နေပုံရပြီး သူ၏ရင်ဘတ်ထဲမှ ထူထဲသောအရာတစ်ခုကို ထုတ်ပြလိုက်သည်။ ၎င်းမှာ ကလေးတစ်ယောက်၏ လက်မောင်းခန့် ထူထဲပြီး ရစ်ပတ်နေသော အမြစ်များမှာ အညိုပုပ်ရောင်သန်းကာ သစ်ခေါက်ကဲ့သို့ အက်ကြောင်းများ ထနေသည်။ ထိုအက်ကြောင်းများကြားမှ နီရဲပြီး စေးကပ်သော အရည်များ စိမ့်ထွက်နေကာ ဆေးရနံ့မှာလည်း ခန်းမတစ်ခုလုံး ပျံ့နှံ့သွားတော့သည်။

အမျိုးသမီးကြီးသည် ၎င်းကို ကိုင်တွယ်ကြည့်ရှုရင်း သက်ပြင်းချလိုက်သည်။

“တကယ်ကို ထိပ်တန်းအရည်အသွေးပဲ။ အန်တီ မင်းအဖေနောက်ကို လိုက်လာတာ အနှစ် ၃၀ ရှိပြီ။ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး”

“ဒီနှစ်တစ်ရာသက်တမ်းရှိတဲ့ ပိုလီဂိုနမ်က လမ်းခင်းပေးလိုက်ရင် ငါတို့ ကျန်းမိသားစုက တခြားမျိုးနွယ်စုကြီးတွေနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ်။ လုပ်ငန်းတွေ ချဲ့ထွင်နိုင်မယ်။ တစ်နေ့မှာ ဝမ်ကျန်းခရိုင်ရဲ့ ထိပ်တန်း ဆေးဝါးကုန်သည်ကြီး ဖြစ်လာရမယ်”

ကျန်းဝေချုန်း၏ မျက်လုံးများတွင် ရည်မှန်းချက်များ ပြည့်နှက်နေသည်။

ဖခင်ဖြစ်သူနှင့် အမျိုးသမီးကြီးက သူ့ကို ကျေနပ်စွာ ကြည့်နေကြသည်။ သူတို့ကြားတွင် ကျန်းဝေတမှာမူ ထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာ ထိုင်နေပြီး စကားဝိုင်းထဲတွင် မပါဝင်ဘဲ စားသောက်ရန်သာ အာရုံစိုက်နေသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းဝေချုန်းမှာ ယနေ့ စိတ်အခြေအနေ ကောင်းနေသဖြင့် သူ့ကို အပြစ်တင်ခြင်း မပြုခဲ့ပေ။ မဟုတ်ပါက ဆူပူကြိမ်းမောင်းခံရမည်မှာ အသေအချာပင်။

ထိုစဉ် အစေခံတစ်ဦးက တံခါးဝသို့ အပြေးအလွှား ရောက်လာပြီး သတင်းပို့သည်။

“သခင်ကြီး... သခင်လေး... သခင်လေးလုံက လူလွှတ်ပြီး အကြောင်းကြားလိုက်ပါတယ်။ ပိုလီဂိုနမ်တွေ တင်လာတဲ့ လှည်းပျက်သွားလို့ သခင်လေးကိုယ်တိုင် လာယူပေးဖို့ ပြောလိုက်ပါတယ်ခင်ဗျာ”

“ဒါက ကိစ္စသေးသေးလေးပါ”

ကျန်းဝေချုန်း ထရပ်လိုက်ရာ အစေခံမိန်းကလေးက သူ၏ ပါးစပ်ကို သုတ်ပေးကာ အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ပေးသည်။

“အဖေ... ကျွန်တော် ခဏသွားလိုက်ဦးမယ်”

ကျန်းဝေချုန်းသည် ခန်းမထဲမှ ခြေလှမ်းကျဲကြီးများဖြင့် စိတ်လှုပ်ရှားစွာ ထွက်ခွာသွားတော့သည်။

ဖခင်ဖြစ်သူ၏ အကြည့်များမှာ သူ့ဆီသို့ ရောက်လာသည်ကို မြင်သောအခါ ကျန်းဝေတမှာ ဆက်စားလိုစိတ် မရှိတော့ပေ။

“အဖေ... ကျွန်တော် ဝပြီ သိုင်းသင်တန်းကျောင်းကိုပဲ ပြန်တော့မယ်”

“ဟွန်း”

ဖခင်ဖြစ်သူက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

ဖခင်ကျန်း၏ အကြည့်များမှာ ထွက်ခွာသွားသော ကျန်းဝေတ၏ ကျောပြင်ကို ကြည့်ရင်း မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ ဖခင်တိုင်းသည် သူ့သားတိုင်းကို ထူးချွန်ထက်မြက်စေချင်သည်မှာ သဘာဝပင်။ သားကြီးမှာ ထူးချွန်နေသော်လည်း သားငယ်မှာမူ များစွာ လိုအပ်နေသေးသည်ဟု သူ ခံစားနေရသည်။

အခြားတစ်ဖက်တွင်မူ ကျန်းဝေချုန်းသည် သူ၏နောက်လိုက်များ၊ လှည်းအချို့နှင့်အတူ မြို့ထဲရှိ လမ်းမတစ်ခုဆီသို့ အလျင်အမြန် သွားနေသည်။ ထိုနေရာတွင် အလယ်ပိုင်းဒေသမှ လာသော သခင်လေးလုံမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူသည် တောက်ပသော ရွှေပိုးအိမ်ဝတ်ရုံ ကို ဆင်မြန်းထားပြီး နဖူးပြင်ကျယ်ကာ ဥပဓိရုပ်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

“သခင်လေးကျန်း... ဒီနေ့ ကျွန်တော့်ရဲ့ ခရီးစဉ်က သိပ်ပြီး နိမိတ်မကောင်းဘူးထင်တယ်။ လှည်းက ရုတ်တရက် ပျက်သွားလို့ ခင်ဗျားကို အခက်အခဲဖြစ်အောင် ခေါ်လိုက်ရတာ အားနာလှပါတယ်”

“ဘာတွေ ပြောနေတာလဲ အစ်ကိုကြီးလုံရာ။ ကျွန်တော်တို့ ဆက်ဆံရေးနဲ့ဆိုရင် ဒီကိုလာဖို့ မပြောနဲ့။ အလယ်ပိုင်းဒေသအထိ သွားရမယ်ဆိုရင်တောင် ကျွန်တော် ဝမ်းသာအားရ သွားမှာပါ”

ကျန်းဝေချုန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

“ပစ္စည်းတွေကတော့ ဒီမှာပဲ”

သခင်လေးလုံက သူ၏နောက်ကွယ်မှ လှည်းကို ညွှန်ပြလိုက်သည်။ လှည်းပေါ်တွင် ရွှေရောင်ပန်းနွယ်များဖြင့် အနားကွပ်ထားသော အနက်ရောင် သေတ္တာများစွာ ရှိနေပြီး ကြည့်ရသည်မှာ အလွန်ပင် တန်ဖိုးကြီးပုံရသည်။

“သခင်လေးကျန်း... ပစ္စည်းတွေကို စစ်ဆေးကြည့်ပါဦးမလား”

ကျန်းဝေချုန်းက လူကြီးလူကောင်းဆန်စွာဖြင့် လက်ယမ်းပြလိုက်သည်။

“ဟေး... ဘာတွေ စစ်နေဦးမှာလဲ ကျွန်တော် တခြားသူတွေကို မယုံရင်တောင် အစ်ကိုကြီးလုံကိုတော့ အပြည့်အဝ ယုံပြီးသားပါ”

သို့သော်လည်း သူသည် သူ၏ဘေးမှ သန်မာထွားကြိုင်းသော ဝတ်စုံနက်နှင့်လူအား တိုးတိုးလေး ပြောလိုက်သည်။

“အစောင့်အကြပ်ကန်း... ပစ္စည်းတွေကို သွားစစ်ကြည့်စမ်း”

အကယ်၍ လုံယီသာ ဤနေရာမှာ ရှိနေပါက ထိုအစောင့်အကြပ်ကန်းကို ချက်ချင်း မှတ်မိလိမ့်မည်။ သူသည် ယခင်က ကျန်းဝေတ၏ အိမ်ဝင်းငယ်ထဲသို့ လာရောက်ကာ သိုင်းမတတ်

သည့်အတွက် လှောင်ပြောင်ခဲ့ဖူးပြီး လုံယီ၏ ပညာပေးခြင်းကို ခံခဲ့ရသူပင်။

အစောင့်အကြပ်ကန်းက ခေါင်းညိတ်ပြကာ သူ၏လူများကို ခေါ်၍ ပစ္စည်းများကို သွားရောက်စစ်ဆေးသည်။ သစ်သားသေတ္တာများကို ဖွင့်လိုက်သောအခါ အတွင်း၌ အဆင့်မြင့် အရည်အသွေးရှိသော ပိုလီဂိုနမ် ဆေးမြစ်များ စီတန်းလျက် ရှိနေသည်ကို တွေ့ရသည်။ အစောင့်အကြပ်ကန်းက ဘာပြဿနာမှ မရှိကြောင်း လျှို့ဝှက်အချက်ပြလိုက်သောအခါ ကျန်းဝေချုန်း၏ အပြုံးမှာ ပိုမိုကျယ်ပြန့်သွားတော့သည်။

သခင်လေးလုံနှင့် ချစ်ချစ်ခင်ခင် နှုတ်ဆက်ပြီးနောက် သူသည် ငွေစက္ကူအထပ်လိုက်ကို ကမ်းပေးလိုက်သည်။ ဆိုရိုးစကားအတိုင်း ငွေပေး၊ ပစ္စည်းယူ စနစ်ဖြင့် အရောင်းအဝယ်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ သူသည် သူ၏လူများကို ပစ္စည်းများအား ကျန်းမိသားစုလှည်းပေါ်သို့ တင်ခိုင်းလိုက်ပြီး အောင်နိုင်သူတစ်ယောက်ကဲ့သို့ မိသားစုကုန်လှောင်ရုံဆီသို့ ပြန်လာခဲ့သည်။

ဤအရောင်းအဝယ်အပြီးတွင်မူ ဖခင်ဖြစ်သူအနေဖြင့် မိသားစုအရေးကိစ္စအားလုံးကို သူ့အား လွှဲအပ်ရန် ယုံကြည်စိတ်ချသွားလိမ့်မည်ပင်။ ညီဖြစ်သူ ကျန်းဝေတအတွက်လည်း သူသာ မိသားစုဦးဆောင်သူနေရာကို လုယူရန် မကြိုးစားဘူးဆိုလျှင် မိသားစုက ချမ်းသာပြီးသားဖြစ်၍ အလုပ်မလုပ်ဘဲ ထိုင်စားနေသည့် လူတစ်ယောက်ကို ကျွေးထားရန်မှာ ပြဿနာမဟုတ်ပေ။

ကျန်းဝေချုန်းမှာ သူ၏ ရက်ရောမှုများနှင့် ပတ်သက်၍ စိတ်ကူးယဉ်နေစဉ်မှာပင် သူ၏ စိတ်ကူးများကို ဖြတ်တောက်လိုက်သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ဘာတွေဖြစ်ကုန်တာလဲ ဘာလို့ အောက်မှာ မုန်လာဥတွေပဲ ရှိနေရတာလဲ”

အခန်း။ ၁၄၆

ကျန်းစံအိမ်တော်၏ သက်တမ်းအရင့်ဆုံး အိမ်တော်ထိန်းကြီး ဦးလေးဟယ်သည် ဆံပင်ဖြူဖွေးနေပြီး အသက် ၇၀ ကျော်ပြီဖြစ်သည်။ သူသည် ကျန်းမိသားစု သခင်ကြီးကိုယ်တိုင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူဖြစ်ရာ မိသားစုဝင်အားလုံးက သူ့ကို အလွန်အမင်း ရိုသေကြသည်။ သူသည် အလုပ်ကိစ္စတွင် အလွန်စေ့စပ်သေချာသူအဖြစ်လည်း နာမည်ကြီးသည်။

ကျန်းဝေချုန်းက ပစ္စည်းများကို ကုန်လှောင်ရုံသို့ သယ်ဆောင်လာသည်နှင့် တစ်ပြိုင်နက် အိမ်တော်ထိန်းဟယ်သည် လူများကို ဦးဆောင်ကာ ကိုယ်တိုင်စစ်ဆေးတော့သည်။

သစ်သားသေတ္တာတစ်လုံးကို ဖွင့်လိုက်သောအခါ ပထမဆုံးအလွှာတွင် အရည်အသွေးမြင့် ပိုလီဂိုနမ်ဆေးမြစ် ၇ ခု၊ ၈ ခုခန့်ကို သပ်ရပ်စွာ စီထားသည်ကို တွေ့ရသည်။ သို့သော် အလွှာခြားရန် ခံထားသော ကောက်ရိုးခြောက်များကို ဖယ်ရှားကြည့်လိုက်သောအခါ... အောက်တွင်ရှိနေသည်မှာ ပိုလီဂိုနမ်နှင့် အရွယ်အစားချင်း ဆင်တူသော မုန်လာဥနီများသာ ဖြစ်နေတော့သည်။

သစ်သားသေတ္တာ တစ်လုံးစီတွင် အကန့် ၇ ခု၊ ၈ ခုခန့် ပါဝင်သော်လည်း... ပထမဆုံးအလွှာမှလွဲ၍ ကျန်အကန့်အားလုံးတွင် မုန်လာဥနီများသာ ပြည့်နှက်နေသည်။

အိမ်တော်ထိန်းဟယ်သည် သေတ္တာနှစ်လုံးကိုသာ ကြည့်ရသေးသော်လည်း သူ၏မျက်နှာမှာ ဖြူလျော့သွားပြီး ခြေလက်များ တုန်ရီကာ မတ်တပ်ပင် မရပ်နိုင်တော့ပေ။

ကျန်းဝေချုန်းသည် အိမ်တော်ထိန်းကြီး၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ခြေဖဝါးမှသည် ဦးခေါင်းအထိ စိမ့်ခနဲဖြစ်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။

“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

သူသည် မယုံကြည်နိုင်စွာဖြင့် ပထမဆုံးသေတ္တာဆီသို့ သွားကာ တစ်ခုကို ကျပန်းနှိုက်ယူလိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် မုန်လာဥနီတစ်ဥ ဖြစ်နေသည်။ သို့သော် ဤမုန်လာဥမှာ ရွှံ့နွံများစွာဖြင့် ဖုံးလွှမ်းနေသောကြောင့် ကြည့်ရုံဖြင့် ခွဲခြားရန် ခက်ခဲနေခြင်းဖြစ်သည်။

မျှော်လင့်ချက်အနည်းငယ်ဖြင့် ကျန်းဝေချုန်းသည် ထိုအရာများကို အပိုင်းပိုင်းချိုး၍ အနံ့ခံကြည့်လိုက်ရာ ၎င်းတို့မှာ ပိုလီဂိုနမ်လုံးဝမဟုတ်ကြောင်း အံ့အားသင့်စွာ သိလိုက်ရသည်။ သူသည် ဒေါသတကြီးဖြင့် ထိုအရာများကို တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

ဒုတိယသေတ္တာ၊ တတိယသေတ္တာ... အခြေအနေအားလုံးမှာ အတူတူပင်။

“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ကျန်းဝေချုန်း၏ မျက်လုံးများမှာ သွေးတက်ကာ နီရဲလာပြီး အခြေအနေအားလုံးကို လုံးဝ မယုံကြည်နိုင်တော့ပေ။

သူ၏ ဦးနှောက်တစ်ခုလုံးမှာ ဝေဝေဝါးဝါး ဖြစ်သွားပြီး အကြီးအကျယ် ပျာယာခတ်သွားတော့သည်။

‘သွားပြီ... အားလုံး သွားပြီ’

ဤပိုလီဂိုနမ်ဆေးမြစ်များအားလုံးကို ရရှိပြီး ဝမ်ကျန်းခရိုင်၏ ဆေးဝါးဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန်အတွက် ကျန်းမိသားစုသည် သူတို့တွင်ရှိသမျှ လက်ကျန်ငွေအားလုံးကို ရင်းနှီးမြှုပ်နှံခဲ့ရုံသာမက ရှုမိသားစု ထံမှလည်း ငွေ သုံးသိန်းတိတိ ချေးယူခဲ့ခြင်းဖြစ်သည်။

ဤဆုံးဖြတ်ချက်ကို ကျန်းဝေချုန်း၏ တိုက်တွန်းပြောဆိုမှုနှင့် အာမခံချက်များကြောင့် သူ၏ဖခင်ကိုယ်တိုင် ချမှတ်ခဲ့ခြင်းပင်။

“သခင်... သခင်လေး။ ပစ္စည်းစစ်ဖို့ ဘယ်သူ့ကို တာဝန်ပေးခဲ့တာလဲ”

အိမ်တော်ထိန်းဟယ်သည် အစေခံတစ်ဦး၏ တွဲကူမှုဖြင့် အသက်ကို ခက်ခဲစွာ ရှူရင်း မေးလိုက်သည်။

“ပစ္စည်းစစ်တာလား ဟုတ်တယ်... အစောင့်အကြပ်ကန်း သူကိုယ်တိုင် စစ်ခဲ့တာ”

ကျန်းဝေချုန်းသည် ရုတ်တရက် သတိဝင်လာပြီး အော်ဟစ်တော့သည်။

“သူ ဘယ်မှာလဲ သူ အခု ဘယ်ရောက်နေလဲ”

ခဏအကြာတွင် အစေခံများစွာမှာ ပျာပျာသလဲ ပြန်လာကြပြီး “သခင်လေး... အစောင့်အကြပ်ကန်း ထွက်ပြေးသွားပါပြီ” ဟု ငိုမဲ့မဲ့ဖြင့် သတင်းပို့ကြသည်။

“ဘာ”

ကျန်းဝေချုန်းသည် ထိတ်လန့်ဒေါသထွက်လွန်းသဖြင့် အော်ဟစ်လိုက်မိပြီး ဦးရေပြားများပင် ထုံကျင်သွားသည်။ သဋတို့မှာ အကွက်ချစီစဉ်ထားသော ထောင်ချောက်တစ်ခုအတွင်း သက်

ဆင်းသွားခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

ကျန်းမိသားစု၏ ခန်းမဆောင်ကြီးအတွင်း...

ခွမ်း….

အဖိုးတန်လှသော အပြာနုရောင် ကြွေအိုးတစ်လုံးမှာ ဒေါသထွက်နေသော ကျန်းမိသားစုသခင်ကြီး၏ လက်ချက်ဖြင့် ကြမ်းပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။

“အသုံးမကျတဲ့ကောင်။ ဝက်ထက်တောင် အူတိုသေးတယ်။ မင်း ပစ္စည်းတွေကို ဘယ်လိုများ စစ်ခဲ့တာလဲ”

ကျန်းဝေချုန်းမှာ ခေါင်းငိုက်စိုက်ချလျက် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏မျက်နှာမှာ ရှက်စိတ်နှင့် ဒေါသကြောင့် နီရဲနေပြီး စကားတစ်ခွန်းပင် ပြန်မပြောနိုင်ပေ။

“အဖေ... အခု အရေးကြီးဆုံးက အဲဒီ သခင်လေးလုံကို ရှာဖို့ရယ်။ အစောင့်အကြပ်ကန်းကို ဖမ်းဖို့ရယ်အတွက် လူတွေလွှတ်ဖို့ပဲ”

ဘေးတွင်ရှိနေသော ကျန်းဝေတက စိုးရိမ်တကြီး အကြံပြုလိုက်သည်။

သူသည် သု့အစ်ကို ဒုက္ခရောက်သည်ကို ဝမ်းသာနေခြင်းမျိုး မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းမိသားစု၏ ကြီးပွားခြင်းနှင့် ပျက်စီးခြင်းမှာ သူနှင့်လည်း သက်ဆိုင်နေသည်။

ကျန်းမိသားစုသခင်ကြီးက တစ်စုံတစ်ရာ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ အစေခံတစ်ဦးက အသည်းအသန် ပြေးဝင်လာသည်။

“သခင်ကြီး... သခင်ကြီး အကြီးအကျယ် ဒုက္ခရောက်ကုန်ပါပြီ”

“ရှုမိသားစုက လူလွှတ်ပြီး အကြွေးလာတောင်းနေပါတယ်။ ကျွန်တော်တို့ သူတို့ဆီက ငွေသုံးသိန်း ချေးထားတာကို ဒီနေ့ပဲ အပြတ်ပြန်ပေးရမယ်လို့ ပြောနေပါတယ်ခင်ဗျာ”

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဝေတမှာ ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ကျန်းဝေချုန်းမှာမူ ရုတ်တရက် ခေါင်းကို မော့လာသည်။ သူ၏ မျက်လုံးများမှာ သွေးတက်ကာ နီရဲနေပြီး ထောင်ချောက်မိနေသော သားရဲတစ်ကောင်ကဲ့သို့ အမုန်းတရားများနှင့် ပြည့်နှက်နေတော့သည်။

ကျန်းမိသားစု သခင်ကြီးသည် မထိန်းနိုင်မသိမ်းနိုင် ယိုင်လဲသွားတော့သည်။

“ဒါက ကြိုတင်ကြံစည်ထားတဲ့ ပူးပေါင်းကြံစည်မှုပဲ။ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတဲ့ အကွက်ပဲ”

ကျန်းမိသားစုသခင်ကြီး၏ မျက်နှာမှာ ပြာနှမ်းနေပြီဖြစ်သည်။

“ရှုမိသားစုက ဒါကို နောက်ကွယ်က ကြိုးကိုင်ထားတာ။ ငါတို့ ကျန်းမိသားစု ဒီတစ်ခါတော့ တကယ့်ကို အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ”

“သခင်ကြီး... သခင်ကြီး ဒီထက်ဆိုးတာတွေ ဖြစ်ကုန်ပါပြီ”

စာရင်းကိုင်ဟူသည်လည်း ပျာပျာသလဲ ပြေးလာပြန်သည်။

“ဟို အစုတ်အပဲ့ ဆေးဖော်စပ်တဲ့ တောင်သူတွေလေ။ ဘယ်သူက သူတို့ကို မြှောက်ပင့်

ပေးလိုက်တယ်မသိဘူး။ နှစ်စကတည်းက ကျန်နေတဲ့ အကြွေးတွေကို အခုချက်ချင်း ရှင်းပေးဖို့ လာတောင်းနေကြတယ်။ မပေးရင် မြို့တော်ဝန်ရုံးကို တိုင်မယ်လို့ ခြိမ်းခြောက်နေကြပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းမိသားစုသခင်ကြီးမှာ ဆွံ့အသွားပြီး မျက်နှာတစ်ခုလုံး သွေးတက်ကာ နီရဲလာတော့သည်။

“သခင်ကြီး မြို့အနောက်ဘက်နဲ့ မြို့လယ်က ငါတို့ရဲ့ ဆေးဆိုင်နှစ်ဆိုင်မှာ လူတွေ လာသောင်းကျန်းနေကြပါတယ်။ ငါတို့ရောင်းတဲ့ ဆေးတွေကြောင့် လူသေကုန်တယ်လို့ စွပ်စွဲနေကြပါတယ်”

ဖူးးး

ဒေါသအရှိန်ကြောင့် ကျန်းမိသားစုသခင်ကြီးသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး နောက်သို့ လဲကျသွားတော့သည်။

“အဖေ”

ကျန်းဝေတသည် သိုင်းသမားတစ်ဦးပီပီ လျင်မြန်သော လှုပ်ရှားမှုဖြင့် ဆယ်လှမ်းခန့် အကွာအဝေးကို ချက်ချင်းဖြတ်ကျော်ကာ ယိုင်လဲသွားသော သူ၏ဖခင်ကို ဖမ်းထိန်းလိုက်သည်။

“မြန်မြန်... မြို့ပြင်က ငွေလဲစင်တာကို ငါတို့ရဲ့ အတော်ဆုံးသူတွေကို လွှတ်လိုက်။ သူတို့ အဲဒီငွေစက္ကူတွေကို ငွေသားအဖြစ် လဲဖို့ အဲဒီကို သေချာပေါက် သွားကြလိမ့်မယ်”

ကျန်းမိသားစုသခင်ကြီးသည် မျက်လုံးများ ပြန်လည်ကြည်လင်လာသည်နှင့် ပထမဆုံးအမိန့်ကို အလျင်အမြန် ထုတ်လိုက်သည်။

“ဟုတ်ကဲ့”

ကျန်းဝေချုန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

“အကယ်၍ သူတို့ ငွေမလဲရသေးဘူးဆိုရင် ငွေလဲစင်တာကို အကြောင်းကြားပြီး အဲဒီငွေစက္ကူတွေကို ပိတ်ခိုင်းထားလို့ ရတယ်”

ဤခေတ်ကာလတွင် ငွေစက္ကူအကြီးစားများသည် နောက်ပိုင်းခေတ်၏ ချက်လက်မှတ်များနှင့် အနည်းငယ် ဆင်တူလှသည်။ ပြဿနာတစ်ခုခုတွေ့ရှိပါက ငွေလဲစင်တာမှတစ်ဆင့် ထိုငွေစက္ကူများကို ထုတ်ယူခွင့်မရအောင် ကနဦး ပိတ်ပင်ထားနိုင်ခြင်းပင်။

“ကျွန်တော် အခုချက်ချင်း လူသွားရှာလိုက်မယ်”

ကျန်းဝေချုန်းသည် သူ၏ညီဖြစ်သူက ဤတာဝန်ကို လုယူသွားမည်ကို စိုးရိမ်သဖြင့် မစောင့်နိုင်ဘဲ အပြင်သို့ ပြေးထွက်သွားတော့သည်။

“ရှုမိသားစုကလူတွေကို သွားပြောလိုက် အကြွေးဆပ်ရမယ့်ရက် မရောက်သေးဘူး။ နောက်ထပ် နှစ်ဝက်ကြာမှ ပြန်လာခဲ့ဖို့ ပြောလိုက်”

သခင်ကြီးသည် ဒုတိယအမိန့်ကို စာရင်းကိုင်ထံ ထုတ်ပြန်လိုက်သည်။

“လာသောင်းကျန်းနေတဲ့ လူတွေကိုတော့ တုတ်တွေနဲ့ မောင်းထုတ်လိုက်ကြ။ ပြီးတော့ အဲဒီ သခင်လေးလုံနဲ့ အစောင့်အကြပ်ကန်းကို အသေအချာ ရှာဖို့ လူတွေ ထပ်လွှတ်လိုက်ဦး”

ကျန်းမိသားစုသခင်ကြီးသည် ဆုံးဖြတ်ချက်များကို စနစ်တကျ ချမှတ်နေခြင်းမှာ မိသားစုခေါင်းဆောင်ကြီးတစ်ဦး၏ အရှိန်အဝါကို အပြည့်အဝ ပြသနေခြင်းဖြစ်ရာ ကျန်းဝေတကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။

“ငါ ထင်တာတော့ ဆယ်ပုံကိုးပုံလောက်က အဲဒီငွေစက္ကူတွေ လဲပြီးလောက်ပြီ။ သားငယ်... မင်းဦးလေးဆီက ငွေသွားချေးဖို့ ငါနဲ့လိုက်ခဲ့။ အကယ်၍ ငါတို့ ဒီအကျပ်အတည်းကို မကျော်လွှားနိုင်ခဲ့ရင်တော့ မင်း ယန်မြို့ကို သွားပုန်းနေတော့။ အဲဒီမှာ ငါ စီစဉ်ထားတာတွေ ရှိပါတယ်”

ကျန်းမိသားစုသခင်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ညှိုးငယ်သွားတော့သည်။

ကျန်းဝေတသည် ဘာမှမပြောဘဲ အံကိုသာ တင်းတင်းကြိတ်ထားလိုက်သည်။

မြို့ပြင်ရှိ ကျောက်မိသားစု ငွေလဲစင်တာ၏ အပေါက်ဝသို့ ကျန်းဝေချုန်းသည် ကျန်းမိသားစု အစောင့်အကြပ်များနှင့် အစေခံ ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ မြင်းများဖြင့် အသည်းအသန် ရောက်ရှိလာသည်။

သို့သော် ငွေလဲစင်တာမှ တာဝန်ရှိသူများက သူ့ကို ပြောလိုက်သည်မှာ လွန်ခဲ့သော နာရီဝက်ခန့်ကပင် တစ်စုံတစ်ယောက်သည် ထိုငွေစက္ကူများကို လဲလှယ်ပြီး ငွေသားများကို သယ်ဆောင်သွားပြီဖြစ်ကြောင်းပင်။

ထိုသတင်းသည် ကျန်းဝေချုန်းကို ရူးသွပ်မတတ် ဒေါသထွက်သွားစေသည်။ ထိုငွေပမာဏမှာ နည်းနောသည်မဟုတ်ပေ။ ငွေ ရှစ်သိန်းတိတိပင်။ ကျန်းမိသားစု၏ ကိုယ်ပိုင်ငွေ ငါးသောင်းအပြင် ရှုမိသားစုထံမှ ချေးယူထားသော ငွေသုံးသိန်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုများ ပါဝင်

သည်။

“သခင်လေး... သူတို့ ဒီလောက်များတဲ့ ငွေသားတွေကို မြို့ထဲကနေ ဖြတ်သယ်ရဲမှာမဟုတ်ဘူး။ သူတို့ တောနီကြီးဘက်ကို ဦးတည်ပြီး ရေလမ်းကနေ သင်္ဘောနဲ့ တင်ပို့ဖို့ပဲ ရှိတယ်”

အဖွဲ့ထဲမှ လူကြီးတစ်ဦးက ခန့်မှန်းတွက်ချက်ပြသည်။

“မှန်တယ်”

ကျန်းဝေချုန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

သူသည် လှည်းဘီးရာများကို စစ်ဆေးခိုင်းရာ အမှန်တကယ်ပင် တောနီကြီးရှိရာဘက်သို့ ဦးတည်နေသည်ကို တွေ့ရသည်။ တောနီကြီးဆိုသည်မှာ စတုရန်းမိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး မေပယ်ပင်များ ထူထပ်လှသော တောအုပ်ကြီးဖြစ်သည်။ ထိုတောအုပ်၏ နောက်ကွယ်တွင်မူ မြစ်ချောင်းများစွာနှင့် ဆက်သွယ်နေသော မြစ်ငယ်တစ်ခု ရှိသည်။

“ငါတို့ မြစ်ကမ်းနားမှာ လူတွေကို စောင့်ခိုင်းမယ်။ သူတို့ ငွေတွေကို အချိန်မီ သယ်ထုတ်နိုင်မှာမဟုတ်ဘူး။ ဒီတောထဲမှာပဲ ဝှက်ထားရလိမ့်မယ်”

“ဟုတ်ကဲ့... အားလုံးပဲ နည်းနည်းလောက် ပိုကြိုးစားပေးကြပါ။ ငွေတွေကို မြန်မြန်ရှာတွေ့လေ အိမ်ကို မြန်မြန်ပြန်ရလေပဲ”

ကျန်းဝေချုန်းက သူ၏နောက်လိုက်များကို ကတိပေးလိုက်သည်။

“ငွေတွေကို ပထမဆုံးရှာတွေ့တဲ့သူကို ငါ ငွေ ငါးထောင် (၅,၀၀၀) ဆုချမယ်”

ငွေငါးထောင်ဆိုသည်မှာ သာမန်မိသားစုတစ်ခုအတွက် တစ်ပြားမှမသုံးဘဲ နှစ်ပေါင်း ၅၀၀ ကြာအောင် စုဆောင်းရမည့် ပမာဏနှင့် ညီမျှသည်။ ဤကဲ့သို့သော ကတိစကားကြောင့် နောက်လိုက်အားလုံး စိတ်ဓာတ်တက်ကြွသွားကြပြီး တောနီကြီးထဲသို့ အလုအယက် တိုးဝင်ရှာဖွေကြတော့သည်။

ကျန်းဝေချုန်းသည် ထိုငွေသားများကို ပြန်ရှာတွေ့ပြီး ဆုံးရှုံးမှုများကို ကာမိကာ သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်နိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည်။ သို့သော် တောနီကြီးမှာ အလွန်ကျယ်ပြောရုံသာမက မြေမျက်နှာသွင်ပြင်မှာလည်း အလွန်ရှုပ်ထွေးလှပြီး ကုန်းမြင့်ငယ်များနှင့် ဂူများစွာ ရှိနေသည်။

တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ကုန်လွန်သွားသော်လည်း...

ကျန်းမိသားစုသည် သူတို့၏ အစေခံအားလုံးနီးပါးကို တောထဲသို့ ထည့်သွင်းရှာဖွေခိုင်းသော်လည်း ပစ်မှတ်ကို ရှာမတွေ့သေးပေ။ ထို့ပြင် သူတို့က တောအုပ်ကို အတင်းအဓမ္မ ပိတ်ဆို့ထားခြင်းကြောင့် ထိုတောကို အမှီပြု လုပ်ကိုင်စားသောက်နေသူများမှာ မကျေမနပ်ဖြစ်ကာ မြို့တော်ဝန်ရုံးသို့ သွားရောက်တိုင်ကြားကြတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် ကျန်းမိသားစုသည် ငွေရှစ်သိန်း လိမ်လည်ခံလိုက်ရသည်ဟူသော သတင်းမှာ ထိုက်မြို့ မြို့မကြီးတစ်ခုလုံးတွင် တောမီးအလား ပျံ့နှံ့သွားပြီး အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။

ကျန်းမိသားစုတော့ သွားပြီ

ဤသတင်းကို ကြားလိုက်ရသူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုစကားပင်။

All Chapters