← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း။ ၁၄၇

ကျန်းစံအိမ်တော်ကြီးမှာ ယခင်ကထက်ပင် ပိုမိုစည်ကားနေသော်လည်း ဧည့်သည်များကို ကြိုဆိုနေရသည့် အိမ်တော်ထိန်းဟယ်၏ မျက်နှာမှာမူ ခါးသီးလှသော အရသာကို မြည်းစမ်းနေရသကဲ့သို့ ပျက်ယွင်းနေသည်။ အကြောင်းမှာ ထိုဧည့်သည်များအားလုံးသည် မကောင်းသော ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာကြခြင်းကြောင့်ပင်။

“အိမ်တော်ထိန်းဟယ်... ကျန်းသခင်ကြီးကို ဘယ်တော့မှ တွေ့ရမှာလဲ။ ဒီနှစ်ဆန်းပိုင်းကတည်းက ခင်ဗျားတို့ ကျွန်တော်တို့ကို တင်နေတဲ့ အကြွေးတွေကို အခုချက်ချင်း ဆပ်ရမယ်”

စကားပြောနေသူမှာ ဖန်မိသားစု၏ ဒုတိယသခင်ကြီး ဖြစ်သည်။ ဖန်မိသားစုသည် ကျန်းမိသားစုအတွက် ဆေးဘက်ဝင်အပင်များ အဓိကတင်သွင်းပေးနေသည့် အကြီးဆုံးကုန်သည် ဖြစ်သည်။

“အိမ်တော်ထိန်းဟယ်... မြို့ထဲက ဆိုင်ခန်းနှစ်ခန်းအတွက် ဒီနှစ်ကုန်မှာ ပေးရမယ့် ငှားရမ်းခတွေကို အခုပဲ ကြိုပေးသင့်ပြီ မဟုတ်လား။ ဟူး... ခင်ဗျားတို့ အခြေအနေ ခက်ခဲနေတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း အခြေအနေ သိပ်မကောင်းလို့ပါ။ နားလည်ပေးပါဗျာ”

မြို့မကြီးရှိ အချက်အချာအကျဆုံးနေရာတွင် ရှိသော ကျန်းမိသားစု၏ ဆေးဆိုင်နှစ်ဆိုင်မှာ အငှားဆိုင်များဖြစ်ရာ ယခုအခါ အိမ်ရှင်ကိုယ်တိုင် လာရောက်၍ ဆိုင်လခတောင်းနေခြင်း ဖြစ်သည်။

အင်အားကြီးမားလှသော ဖူလင် လုံခြုံရေးနှင့် ကုန်ပစ္စည်းပို့ဆောင်ရေးအဖွဲ့ပင်လျှင် ကိုယ်တိုင်ရောက်ရှိလာပြီး ငွေတောင်းနေသည်။ အကြောင်းမှာ ဤနှစ်အတွင်း အခြားမြို့များသို့ တန်ဖိုးကြီးဆေးဖက်ဝင်အပင်များ ပို့ဆောင်ရာတွင် သူတို့ကို အသုံးပြုခဲ့သော်လည်း ပို့ဆောင်ခများကို ပေးချေခြင်း မရှိသေးသောကြောင့်ပင်။

သူတို့အပြင် ဆက်စပ်နေသော ကုန်သည်များနှင့် လုပ်ငန်းရှင်များစွာသည်လည်း စာရင်းကို နှစ်ကုန်မှ ရှင်းရမည်ဟူသော မရေးထားသည့် စည်းမျဉ်းကို လျစ်လျူရှုကာ အလုအယက် ငွေလာတောင်းနေကြသည်။ ကျန်းမိသားစုသာ ပြိုလဲသွားပါက သူတို့ဘာမှ ရတော့မည်မဟုတ်ဟု စိုးရိမ်နေကြခြင်း ဖြစ်သည်။

အချို့သော နောက်ကွယ်မှ သွေးထိုးသူများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး အချို့မှာ အာဏာပိုင်များထံ တိုင်ကြားရန်ပင် စောင့်ဆိုင်းမနေနိုင်တော့ပေ။ အကယ်၍ ကျန်းမိသားစုအနေဖြင့် လက်ရှိငွေသားများကို ဆက်လက် မပေးချေနိုင်ပါက... သူတို့၏ ပိုင်ဆိုင်မှုများမှာ တစ်ခုပြီးတစ်ခု ချိတ်ပိတ်ခံရမည် ဖြစ်သည်။ နောက်ဆုံးတွင် မြို့မကြီးရှိ သူတို့၏ စံအိမ်တော်ကြီးပင်လျှင် ကျန်ရှိတော့မည် မဟုတ်ပေ။

ဤကဲ့သို့ အသက်လုရမည့် အခြေအနေတွင် ကျန်းမိသားစုသခင်ကြီးသည် ကျန်းဝေတကို ခေါ်ဆောင်ကာ ဆွေမျိုးမိတ်သင်္ဂဟများထံမှ ငွေချေးရန် လိုက်လံကြိုးစားနေရသည်။ ကျန်းဝေတ၏ ဦးလေးတော်စပ်သူ လျူဖူရှီသည် မူလက ဆင်းရဲနွမ်းပါးသော သစ်သီးစိုက်တောင်သူတစ်ဦး ဖြစ်သော်လည်း သူ၏ညီမဖြစ်သူ ကျန်းမိသားစုသခင်ကြီးနှင့် လက်ထပ်ပြီးနောက် ကျန်းမိသားစု၏ အဆက်အသွယ်နှင့် နောက်ခံအင်အားကို အသုံးချကာ လျူဖူရှီသည် သစ်သီးခြံများစွာကို ဝယ်ယူခဲ့ပြီး တဖြည်းဖြည်း ချဲ့ထွင်လာခဲ့သည်။ ယခုအခါ သူသည် သစ်သီးခြံ ဧကပေါင်းထောင်ချီ ပိုင်ဆိုင်သည့်အပြင် စားသောက်ဆိုင်နှင့် လောင်းကစားဒိုင်များစွာကိုပါ လုပ်ကိုင်နေသည့် ချမ်းသာသော သူဌေးကြီးတစ်ဦး ဖြစ်နေပြီဖြစ်သည်။

မြို့မြောက်ပိုင်းရှိ သူ၏စံအိမ်ကြီးမှာ ခမ်းနားထည်ဝါလှပြီး အထဲတွင်လည်း လှပသော အစေခံမလေးများစွာ ရှိနေသည်။ သို့သော် ဖခင်ကျန်းနှင့် ကျန်းဝေတတို့မှာမူ ဧည့်ခန်းဆောင်အတွင်း နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ ကျန်းဝေတမှာ စိတ်တိုလွန်းသဖြင့် ရန်ပင်ဖြစ်ချင်စိတ် ပေါက်နေချိန်မှ ဦးလေးဖြစ်သူ သူဌေးကြီးလျူသည် မလိုလားအပ်သော အမူအရာဖြင့် ရောက်ရှိလာတော့သည်။

လျူဖူရှီသည် ဝဝဖိုင့်ဖိုင့်နှင့် သူဌေးရုပ်ပေါက်နေသော လူလတ်ပိုင်းအရွယ်ဖြစ်သော်လည်း ယခုအချိန်တွင်မူ စုတ်ပြတ်နေသော အဝတ်အစားတစ်ခုကို ဝတ်ဆင်ထားသည်မှာ ရယ်ချင်စရာပင် ကောင်းလှသည်။ ထုံးစံအတိုင်း ရွှေတွေ၊ ငွေတွေ ဆင်မြန်းထားတတ်သည့် သူ၏ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

“အို... ထျန်းလင်းနဲ့ တူလေးရယ် ဆောရီးပဲ။ သစ်သီးခြံမှာ ပိုးတွေကျနေလို့ အဲဒီကနေ အခုမှ ပြန်ရောက်တာ”

လျူဖူရှီက ဟန်ဆောင်ပန်ဆောင် ပြောလိုက်သည်။

ဖခင်ကျန်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ စကားစလိုက်သည်။

“ဖူရှီ... ငါ့အခြေအနေကို မင်းကြားပြီးသားဖြစ်မှာပါ။ ငါတို့က မိသားစုတွေဆိုတော့ စကားအပိုတွေ မပြောတော့ဘူး။ ဒီနေ့ ငါလာတာက ငွေနည်းနည်းလောက် ချေးချင်လို့ပါ”

“ဘယ်လောက်လဲ”

“ငွေ တစ်သိန်း။ အတိုးကတော့ တစ်လကို ၂ ရာခိုင်နှုန်းပေးမယ်။ တစ်နှစ်အတွင်း အပြတ်ဆပ်ပါ့မယ်”

ဖခင်ကျန်းက တိုတိုတုတ်တုတ် ပြောလိုက်သည်။

“ငွေ... ငွေ တစ်သိန်းတောင်လား”

လျူဖူရှီ၏ မျက်နှာ ပျက်သွားသည်။

“ထျန်းလင်းရယ်... ငါ မချေးချင်လို့ မဟုတ်ပါဘူး။ ငါ့မှာလည်း ဒီနှစ်က အခြေအနေ တော်တော်ဆိုးနေတာ။ သစ်သီးခြံကလည်း ပိုးမွှားဒဏ် ခံနေရတယ်။ အသစ်ဖွင့်တဲ့ လောင်းကစားဒိုင်ကလည်း လူမရှိဘူး။ ရင်းနှီးထားတာတွေ အကုန်ရှုံးနေတာ ကြည့်ဦး... ငါဆိုရင် အဝတ်အစားကောင်းကောင်းတောင် မဝတ်နိုင်တော့ဘူး”

“သုံးထောင်... သုံးထောင်ပဲ ငါ အများဆုံး ချေးနိုင်မယ်”

လျူဖူရှီက အလျင်အမြန် ပြောလိုက်သည်။

“အတိုးအတွက်တော့ မပေးပါနဲ့၊ မိသားစုချင်း အမြတ်မထုတ်ချင်ပါဘူး”

ငွေသုံးထောင်ဟူသော စကားကြောင့် ဖခင်ကျန်း၏ မျက်ခုံးများ တွန့်ချိုးသွားသလို ကျန်းဝေတမှာမူ ဒေါသထွက်လွန်းသဖြင့် ဒုန်းခနဲ ထရပ်လိုက်သည်။

“ဦးလေး အခုက ကျွန်တော်တို့ မိသားစုအတွက် သေရေးရှင်ရေး အချိန်ဖြစ်နေတာကို ဦးလေးက...”

သူ စကားမဆုံးမီမှာပင် ဖခင်ကျန်းက သူ၏ပုခုံးကို ဆွဲကာ ထိုင်ခုံပေါ်သို့ ပြန်ဖိချလိုက်သည်။

“တစ်သောင်း... တစ်သောင်းလောက် ချေးပေးပါ။ အတိုး ၃ ရာခိုင်နှုန်း ပေးပါ့မယ်။ ဒီလို အရေးပေါ်အချိန်မှာ ကူညီပေးပါ ဖူရှီရာ”

ဖခင်ကျန်းက တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်သည်။

ယခုအချိန်တွင် သူ၏ကျောပြင်မှာ အနည်းငယ် ကုန်းနေပြီး နားထင်မှ ဆံပင်ဖြူများမှာလည်း ပို၍ သိသာနေကာ အားကိုးရာမဲ့နေသည့် သာမန်အဖိုးအိုတစ်ဦးနှင့်ပင် တူနေတော့သည်။ ကျန်းဝေတသည် သူ၏ဖခင် ဤကဲ့သို့ နှိမ့်ချစွာ တောင်းပန်နေသည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ရင်ထဲတွင် ဆစ်ခနဲ ခံစားလိုက်ရသည်။

သို့သော် လျူဖူရှီမှာမူ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ငွေငါးထောင်ထက် တစ်ပြားတစ်ချပ်မှ ပိုမပေးနိုင်ကြောင်း အပြတ်ပြောလိုက်တော့သည်။ ငွေငါးထောင်ကိုသာ ကိုင်ဆောင်ကာ ကျန်းသားအဖနှစ်ဦးမှာ လျူမိသားစုအိမ်မှ လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့ကြသည်။

နောက်ထပ် သူတို့ ဦးတည်သွားသည့်နေရာမှာ သူတို့နှင့် အလွန်ရင်းနှီးသော ဖုမိသားစု ဆီသို့ပင်။

ဖုမိသားစုသည်လည်း ထိုက်မြို့ရှိ နာမည်ကြီးမျိုးနွယ်စုတစ်ခုဖြစ်ပြီး လက်ဖက်ခြောက်လုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်သည်။ သူတို့၏ ဂုဏ်ဒြပ်မှာ ကျန်းမိသားစုထက် အနည်းငယ်နိမ့်သော်လည်း အင်အားရှိသည့် မိသားစုတစ်ခုပင်။

ဖုမိသားစုခေါင်းဆောင်သည် ကျန်းသားအဖကို စောင့်ခိုင်းထားခြင်းမရှိဘဲ ကောင်းမွန်သော အရက်၊ ဟင်းလျာများဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့သည်။ သို့သော် အရေးကြီးသော ငွေချေးသည့်ကိစ္စကို ဆွေးနွေးသောအခါတွင်မူ သူသည် စကားကို ဟိုရောက်ဒီရောက်ဖြင့် ဝေ့လည်ကြောင်ပတ် လုပ်နေပြီး နောက်ဆုံးတွင် ငွေ နှစ်ထောင်သာ ပေးခဲ့သည်။

ထို့နောက် သူတို့သည် ဝမ်မိသားစု၊ ကုမိသားစုနှင့် ယခင်က ရင်းနှီးခဲ့ဖူးသော အခြားမိသားစုများထံသို့လည်း သွားရောက်ခဲ့ကြသည်။ အများစုကမူ မိသားစုခေါင်းဆောင် အပြင်သွားနေသည်ဟုသာ အကြောင်းပြကြပြီး ယဉ်ကျေးစွာ ငြင်းပယ်လိုက်ကြသည်။

ဤကဲ့သို့သော တစ်နေ့တာကို ဖြတ်သန်းပြီးနောက် ကျန်းမိသားစုသခင်ကြီး၏ မျက်နှာတွင် အရေးအကြောင်းများ ပိုမိုထင်ဟပ်လာပြီး ဆယ်နှစ်ခန့်ပင် အိုမင်းသွားသကဲ့သို့ ဖြစ်သွားတော့သည်။

ကျန်းဝေတ၏ ရင်ထဲတွင်မူ နက်ရှိုင်းသော မုန်းတီးမှုများ ဖြစ်ပေါ်နေသည်။ လူတို့၏ အေးစက်မှုနှင့် လောကဓံ၏ မမြဲပုံတို့ကို သူ ယနေ့တွင် အမှန်တကယ် သိမြင်လိုက်ရသည်။

အခြားတစ်ဖက်တွင်မူ ကျန်းဝေချုန်းသည် ကျန်းမိသားစုမှ စုစည်းနိုင်သမျှသော အင်အားအားလုံးကို တောနီကြီးဧရိယာသို့ ပုံအောထားလိုက်သည်။ အကယ်၍ ငွေများကိုသာ ပြန်ရှာတွေ့ပါက ကျန်းမိသားစု၏ ကံကြမ္မာမှာ လုံးဝ ပြောင်းလဲသွားနိုင်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် တောနီကြီးမှာ အလွန်ကျယ်ပြောရုံသာမက ရှုပ်ထွေးလှသော မြေမျက်နှာသွင်ပြင် ရှိနေသည်။ ထို့ကြောင့် သခင်လေးလုံနှင့် အဖွဲ့က ဝှက်ထားသော ငွေများကို အချိန်တိုအတွင်း ရှာမတွေ့နိုင်ဘဲ ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ငွေအချို့မှာလည်း လျှို့ဝှက်စွာ ရွှေ့ပြောင်းခံရနိုင်သဖြင့် ကျန်းဝေချုန်းမှာ အလွန်အမင်း စိုးရိမ်နေတော့သည်။

“သခင်လေး... လူတစ်ယောက်က သခင်လေးလုံကို မြင်လိုက်တယ်လို့ သတင်းပို့လာပါတယ်”

နောက်လိုက်တစ်ဦးက အစီရင်ခံသည်။

“ဘယ်မှာလဲ”

ကျန်းဝေချုန်းသည် ဝမ်းသာအားရဖြင့် အသည်းအသန် မေးလိုက်သည်။

အကယ်၍ နောက်ကွယ်မှ ကြိုးကိုင်သူ သခင်လေးလုံကိုသာ ဖမ်းမိပါက ဝှက်ထားသော ငွေများရှိရာနေရာကို ချက်ချင်း ညှစ်ထုတ်နိုင်မည်ဖြစ်သည်။

“ဆိုင်းယန် စံအိမ်တော်မှာပါ...”

ဆိုင်းယန် စံအိမ်တော်ဆိုသည်မှာ ရှုမိသားစု နွေရာသီတွင် အနားယူရန် ပိုင်ဆိုင်ထားသော အိမ်ရာတစ်ခုဖြစ်သည်။

“တောက် ဒါ ရှုဟောင်ယင်း ခွေးကောင် ငါ့ကို ထောင်ချောက်ဆင်လိုက်တာ သေချာပြီ”

ကျန်းဝေချုန်းသည် ထိုစကားကို ကြားသည်နှင့် ဒေါသများ ပေါက်ကွဲထွက်လာသည်။

အလယ်ပိုင်းဒေသမှ သခင်လေးလုံဆိုသည်မှာ အလကား စကားသာဖြစ်မည်။ သူ၏မိသားစုကို ချောက်ထဲတွန်းချရန် ရှုမိသားစုက ကြိုတင်ချထားသော နယ်ရုပ်တစ်ရုပ်သာ ဖြစ်ရမည်။

“ကျွန်တော်တို့... ကျွန်တော်တို့ သွားဖမ်းကြမလား”

နောက်လိုက်ဖြစ်သူက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“သွားမယ်... ဘာလို့မသွားရမှာလဲ”

ကျန်းဝေချုန်း၏ မျက်နှာတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“အဲဒီ သခင်လေးလုံကို ဆွဲထုတ်ခဲ့မယ်။ ရှုမိသားစုက ဘာများပြောဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့”

ထိုသို့ပြောပြီးနောက် ကျန်းဝေချုန်းသည် မိသားစု၏ အင်အားအကောင်းဆုံး ပုဂ္ဂိုလ်နှစ်ဦးဖြစ်

သည့် အစောင့်အကြပ်ချင်နှင့် ဦးလေးခြောက်တို့ကို ခေါ်ဆောင်လိုက်သည်။ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ထိုသိုင်းပညာရှင်နှစ်ဦးနှင့်အတူ သူတို့သည် ဆိုင်းယန် စံအိမ်တော်ဆီသို့ အပြင်းအထန် ဦးတည်သွားကြတော့သည်။

“ဘယ်သူလဲ”

“ကျန်းမိသားစုက ကျန်းဝေချုန်းပဲ။ ငါ့လူတွေက မင်းတို့စံအိမ်ထဲမှာ သခင်လေးလုံကို မြင်

လိုက်တယ်။ သူ့ကို အခုချက်ချင်း လွှဲပေးစမ်း”

“ဘာသခင်လေးလုံလဲ ငါတို့ဆီမှာ အဲဒီလိုလူမျိုး မရှိဘူး”

ဆိုင်းယန် စံအိမ်တော်တံခါးဝရှိ အစောင့်က မောက်မာစွာဖြင့် ပြန်ပြောသည်။

“အတွင်းထဲမှာ ရှုမိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပဲ ရှိတယ်။ အခုချက်ချင်း ထွက်သွားကြ။ မဟုတ်ရင် ဓားသွားတွေက မျက်စိမပါဘူးနော်”

“တောက်... ဟန်ဆောင်မနေနဲ့တော့ တိုက်ခိုက်ကြစမ်း”

ကျန်းဝေချုန်းသည် ထိုအစောင့်နှင့် စကားအရှည်ကြီး ပြောမနေတော့ပေ။ သူသည် သူ၏ရှည်လျားသော ဓားကို ဆွဲထုတ်ကာ အစောင့်အကြပ်ချင်နှင့် ဦးလေးခြောက်တို့ကို ဦးဆောင်လျက် အထဲသို့ အတင်းဝင်ရောက် တိုက်ခိုက်တော့သည်။

“ဘယ်လိုတောင် သတ္တိရှိရတာလဲ”

အစောင့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် ယခုအချိန်တွင် အရာအားလုံးကို ပုံအောထားသည့် ကျန်းမိသားစုမှာ အထူးရွေးချယ်ထားသော အထူးတပ်ဖွဲ့များကို ခေါ်ဆောင်လာခြင်းဖြစ်ရာ စံအိမ်တံခါးကို လျင်မြန်စွာ ချိုးဖျက်ကာ အတွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့သည်။

ရုတ်တရက် အရိပ်တစ်ခုမှာ ဟပ်ခနဲ လှုပ်ရှားသွားပြီး ပြင်းထန်သော ဓားအရှိန်အဝါများနှင့်အတူ သူတို့ထံသို့ ပြေးဝင်လာသည်။

‘ချွင်... ချွင်... ချွင်’

‘ဒုန်း... ဒုန်း... ဒုန်း’

“အားးးး”

အော်ဟစ်သံများစွာ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျန်းမိသားစု၏ အင်အားအကောင်းဆုံး ချီစွမ်းအင်ပတ်လမ်းကြီးသိုင်းပညာရှင် နှစ်ဦးလုံးမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဦးလေးခြောက်သည် သူ၏ ဝမ်းဗိုက်ကို ဖိထားပြီး မျက်နှာမှာ ဖြူလျော့နေကာ သွေးများမှာလည်း အဆက်မပြတ် စီးကျနေသည်။ အစောင့်အကြပ်ချင်မှာမူ ပို၍ အခြေအနေဆိုးကာ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားပြီး သတိလစ်မေ့မြောနေပြီ ဖြစ်သည်။

သူတို့ကို အနိုင်ယူလိုက်သော အရိပ်မှာ နောက်ဆုံးတွင် ပုံရိပ်ထင်လာခဲ့သည်။ ၎င်းမှာ အဝတ်နက်ကို တစ်ကိုယ်လုံး ပတ်ထားသော အမျိုးသားတစ်ဦးဖြစ်ပြီး မျက်နှာကိုပင် အဝတ်နက်ဖြင့် ဖုံးအုပ်ထားသည်။ ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရှသော မျက်လုံးတစ်စုံသာ အပြင်သို့ မြင်နေရသည်။ သူ၏ ခန္ဓာကိုယ်မှာ ပိန်ပါးသော်လည်း ရှည်လျားဖြောင့်စင်းသော ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ စွမ်းအင်စက်ဝန်းပြည့်သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်နေသည်။

“အရိပ်ဓား”

ဦးလေးခြောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

ရှုမိသားစု၏ ကျော်ကြားသော ဓားသမားလေးဦးအနက် တစ်ဦးဖြစ်သည့် အရိပ်ဓားသည် သူ၏ အရှိန်အဟုန်နှင့် သတ်ဖြတ်နိုင်စွမ်းကြောင့် နာမည်ကြီးသူဖြစ်သည်။ သူသည် ရှုမိသားစု၏ စံအိမ်တော်မကြီးတွင် မရှိဘဲ ဤကဲ့သို့သော သာမန်တောလက်စံအိမ်ငယ်လေးတွင် ရှိနေလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။

အခန်း။ ၁၄၈

ကျန်းဝေချုန်းသည် ဒေါသတကြီးဖြင့် မြေပြင်မှ ထလာသည်။

အကယ်၍ တစ်စုံတစ်ရာ ဖုံးကွယ်ထားစရာမရှိလျှင် ရှုမိသားစုသည် သူတို့၏ ကျော်ကြားလှသော ဓားသမားလေးဦးအနက် တစ်ဦးကို ဤစံအိမ်တွင် လာရောက်စောင့်ခိုင်းစရာ အကြောင်းမရှိပေ။

“သခင်လေးလုံကို အခုချက်ချင်း လွှဲပေးစမ်း”

သူက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

“ဟမ်”

အရိပ်ဓားသည် ထိုစကားကို ကြားသောအခါ သူ၏ အကြည့်များမှာ အေးစက်သွားတော့သည်။

ငွေရောင်အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားကာ နောက်တစ်ခဏတွင် ကျန်းဝေချုန်းသည် သူ၏ ပေါင်ကို ဖိထားရင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်မှုကြောင့် မျက်နှာကြွက်သားများပင် လိမ်ရှုပ်ကုန်တော့သည်။ ပေါင်ပေါ်ရှိ ဒဏ်ရာမှ သွေးများမှာလည်း တရဟော စီးကျလာပြီး သူ၏ ဘောင်းဘီမှာလည်း သွေးချင်းချင်းနီသွားခဲ့ပြီဖြစ်သည်။

တောက်...

“ဝေချုန်း... ငါတို့ နှစ်ပေါင်းများစွာ ခင်မင်ခဲ့တာကို ထောက်ထားပြီး ဒီနေ့ဖြစ်ခဲ့တာတွေကို ဘာမှမဖြစ်ခဲ့သလို ငါသဘောထားပေးမယ်”

ရှုဟောင်ယင်းသည် တံခါးဝမှ ထွက်လာကာ ကျန်းဝေချုန်း၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ဒါပေမဲ့ နောက်တစ်ခါ ထပ်ဖြစ်မယ်ဆိုရင်တော့ မင်းခေါင်းကို မင်းသတိထားရလိမ့်မယ်”

“ရှုမိသားစုရဲ့ ဂုဏ်သိက္ခာဆိုတာ ဘယ်ကလာမှန်းမသိတဲ့ လူတိုင်း လာထိပါးလို့ရတဲ့ အရာမဟုတ်ဘူး”

“ပြီးတော့... မင်းအဖေ ချေးထားတဲ့ ငွေသုံးသိန်းကိုလည်း အမြန်ဆုံးပြန်ဆပ်ဖို့ ပြောလိုက်ဦး...”

မောက်မာစွာ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ကျန်းဝေချုန်းသည် မုန်းတီးလွန်းသဖြင့် အံကို တင်းတင်းကြိတ်ထားမိသည်။ အဓိက လိမ်လည်သူ သခင်လေးလုံသည် ဤစံအိမ်ထဲတွင် ပုန်းနေကြောင်း သူသိသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

ရှုမိသားစု၏ အင်အားမှာ ကျန်းမိသားစုထက် များစွာ သာလွန်လွန်းလှသည်။

အကယ်၍ အပြစ်တင်ရမည်ဆိုလျှင် လူအကဲမခတ်တတ်ဘဲ ရှုဟောင်ယင်းကဲ့သို့သော လူယုတ်မာ၏ လှည့်ကွက်ထဲတွင် ကျရောက်ခဲ့သည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေလိမ့်မည်။ ကျန်းဝေချုန်းသည် ပြင်းထန်သော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် နစ်မွန်းနေတော့သည်။

ညဉ့်မှောင်လာခဲ့ပြီဖြစ်သည်။

တစ်နေကုန် ရုန်းကန်ခဲ့ရသော်လည်း ကျန်းမိသားစု၏ အခက်အခဲမှာ သက်သာရာမရခဲ့ပေ။ လိုက်လံချေးယူခဲ့သော ငွေများမှာလည်း လိုအပ်နေသည့် ပမာဏနှင့် ယှဉ်လျှင် သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ပင်။ ထိုငွေများကို ဖူလင်အဖွဲ့ကဲ့သို့သော အင်အားကြီးအဖွဲ့များအား အတိုးပေးရန်အတွက်သာ အရင်ဦးဆုံး သုံးစွဲလိုက်ရသည်။

ပြင်ပမှ ဖိအားများကိုမူ မိသားစုတွင် ခေါ်ယူမွေးမြူထားသော သိုင်းပညာရှင်များကို အားကိုးကာ ရက်အနည်းငယ်ခန့် တောင့်ခံထားနိုင်သေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုသိုင်းပညာရှင်များအား လစာမပေးနိုင်တော့လျှင် မိသားစုကြီး တစ်ခုလုံး ပြိုလဲသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ကျန်းဝေတသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အစွမ်းကုန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ထိုစဉ် ယနေ့သည် ရှုယွမ်နှင့် ချိန်းဆိုထားသောနေ့ ဖြစ်ကြောင်း သူ ရုတ်တရက် သတိရသွားသဖြင့် သူတို့တွေ့ဆုံနေကျ အဆောင်ငယ်လေးဆီသို့ ထွက်လာခဲ့သည်။

ရှုယွမ်သည် အစွန်းရောက်လက်သီးဂိုဏ်းတွင် သူနှင့်ဆုံတွေ့ခဲ့သည့် ဖြူစင်ရိုးသားသော မိန်းကလေးတစ်ဦးဖြစ်ပြီး ကျန်းဝေတကို အမြဲတမ်း အားကျလေးစားခဲ့သူဖြစ်သည်။

မလှမ်းမကမ်းတွင် အစိမ်းရောင်စကတ်ရှည်လေးဖြင့် ချစ်စရာကောင်းနေသော မိန်းကလေးကို မြင်လိုက်ရသောအခါ ကျန်းဝေတ မပြုံးဘဲ မနေနိုင်တော့ပေ။ တစ်နေကုန် စိတ်ညစ်စရာများနှင့် ပြည့်နှက်နေသော သူ၏ခံစားချက်များမှာ အနည်းငယ် ပြန်လည်လန်းဆန်းလာသလို ခံစားလိုက်ရသည်။

“ဂျူနီယာညီမလေး”

“စီနီယာအစ်ကိုကြီး”

“အား... ဒီနေ့တော့ ငါ တကယ့်ကို ပင်ပန်းသွားတာပဲ...”

ကျန်းဝေတသည် သူ၏ခံစားချက်များကို စတင်ဖွင့်ဟရန် ပြင်လိုက်သော်လည်း မိန်းကလေး၏ မျက်နှာရိပ်မျက်နှာကဲမှာ တစ်မျိုးဖြစ်နေသည်ကို သတိပြုမိသွားသည်။

“ဘာဖြစ်လို့လဲ ညီမလေး တစ်ခုခုဖြစ်လို့လား”

“အစ်ကိုကြီး... ဒီနေ့ အဖေက အိမ်ကို စောစောပြန်လာဖို့ မှာထားလို့ပါ။ ညီမ သိပ်အကြာကြီး မနေနိုင်ဘူး”

ရှုယွမ်က ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြောရှာသည်။

ကျန်းဝေတ ဆွံ့အသွားသည်။ ထိုခဏ၌ သူ၏နှလုံးသားကို ချွန်ထက်သော ဓားတစ်လက်ဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲသွားတော့သည်။

ဒါက ဘဝပဲလားဟူသော အတွေးက သူ၏ခေါင်းထဲသို့ ဝင်လာပြီး ပါးစပ်ထဲတွင် ခါးသီးသော အရသာကို ခံစားလိုက်ရသည်။

သို့သော် မမျှော်လင့်ဘဲ ရှုယွမ်သည် သူမ၏ရင်ခွင်ထဲမှ ဖောင်းကြွနေသော အိတ်ငယ်လေးတစ်အိတ်ကို ထုတ်ယူကာ ကျန်းဝေတ၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

“ညီမဆီမှာ ဒါပဲရှိတယ်။ သိပ်ပြီး စိတ်မညစ်ပါနဲ့... လမ်းစတစ်ခုခုတော့ ရှိလာမှာပါ”

ထိုသို့ပြောပြီးနောက် သူမသည် ကျန်းဝေတကို ခဏမျှ ခပ်ဖွဖွလေး ဖက်လိုက်ပြီးနောက် လန့်ဖျန့်သွားသော သမင်လေးတစ်ကောင်ပမာ ထွက်ပြေးသွားတော့သည်။ သူမ ထွက်သွားချိန်တွင် မျက်နှာလေးမှာ သွေးအိုင်ထဲ နစ်နေသလားမှတ်ရအောင် နီရဲနေရှာသည်။

ကျန်းဝေတသည် ငေးငိုင်နေရင်းမှ ထိုအိတ်ကလေးကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ထူထဲသော ငွေစက္ကူအထပ်လိုက်ကို တွေ့လိုက်ရပြီး စုစုပေါင်း ငွေ တစ်သောင်းကျော်ပင် ရှိနေသည်။

‘ဒီကောင်မလေးက သူ့အိမ်က အပိုငွေတွေကို အကုန်ခိုးလာတာလား မသိဘူး’

ကျန်းဝေတ မတွေးဘဲ မနေနိုင်ပေ။ ရှုယွမ်၏ မိသားစုမှာ ပိတ်စလုပ်ငန်း လုပ်ကိုင်ခြင်းဖြစ်သော်လည်း အလတ်စား လုပ်ငန်းလေးသာ ဖြစ်ကြောင်း သူသိသည်။ သူတို့တွင် စုဆောင်းငွေ အချို့ရှိနိုင်သော်လည်း ကျန်းမိသားစုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

“ငါ့ဘဝက ဒီလောက်အထိတော့ မဆိုးသေးပါဘူး”

ကျန်းဝေတသည် ရုတ်တရက် ဂုဏ်ယူစိတ်များ ပေါ်လာသည်။ ဤငွေပမာဏမှာ သူ၏ဖခင် နေရာအနှံ့ လိုက်လံတောင်းပန်ပြီး ရလာသည့် ငွေထက်ပင် ပိုများနေသေးသည်။

“လုံယီသာ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ”

ကျန်းဝေတသည် လုံယီကို သတိရသွားသည်။ လုံယီ မထွက်ခွာမီက ပြောခဲ့သော စကားများမှာ သူ၏မှတ်ဉာဏ်ထဲတွင် ရှင်းလင်းစွာ ပြန်လည်ပေါ်လာသည်။

“တကယ်လို့ အရေးပေါ်ကိစ္စရှိလာရင် ရှီမိသားစု အပေါင်ဆိုင်ကို သွားလိုက်။ သူတို့ ငါ့ကို ရှာပေးနိုင်လိမ့်မယ်”

ရှီမိသားစု အပေါင်ဆိုင်တွင်...

‘ဂုန်း’

စတုရန်းပုံ ခေါင်းပေါင်းကို ဆင်မြန်းထားပြီး ဖြူဖျော့ဖျော့နှင့် အားနည်းပုံရသော အမျိုးသားတစ်ဦးသည် တင်ပါးကို အကန်ခံလိုက်ရသဖြင့် ရှေ့သို့ ဟန်ချက်ပျက်ကာ မှောက်လျက်လဲကျသွားတော့သည်။

“တောက်... ငါ့ကို ငွေပဲ လာလာတောင်းမနေနဲ့။ မင်းအစ်မကို အိမ်ထောင်ပြုဖို့ ပြန်ခေါ်မလာနိုင်ရင် ငါ့ဆီက တစ်ပြားတစ်ချပ်မှ မမျှော်လင့်နဲ့တော့”

ရှီချင်းတသည် သူ၏တင်ပါးကို ဖိရင်း မကျေမနပ်ဖြင့် ပြန်ထလာခဲ့သည်။ တောင်တန်းခရီးစဉ်မှ ပြန်ရောက်ကတည်းက သူ၏ဖခင်မှာ သမီးဖြစ်သူအပေါ် ထားရှိသည့် အစီအစဉ်များ ပျက်ပြားသွားသည့် ဒေါသအရှိန်ကို သူ့အပေါ်တွင်သာ ပုံချနေတော့သည်။ ‘

ငါ ဘာများ အမှားလုပ်မိလို့လဲ...’

ရှီချင်းတ တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် အစောင့်တစ်ဦး အပြေးရောက်လာပြီး တိုးတိုးလေး သတင်းပို့သည်။

သခင်လေး... အပြင်မှာ လူတစ်ယောက် လာရှာနေပါတယ်ခင်ဗျာ”

“ဘယ်သူလဲ”

“ကျန်းမိသားစုရဲ့ ဒုတိယသခင်လေးလို့ ပြောပါတယ်”

“ဒါဆိုလည်း အထဲကို ခေါ်ခဲ့လိုက်လေ”

ကျန်းမိသားစုက လူတစ်ယောက် ဘာလို့ ဒီကို ရောက်လာတာလဲ

ရှီချင်းတ အံ့သြသွားမိသည်။ သူ၏ဖခင်မှာ သိုင်းပညာရှင်တစ်ဦး ဖြစ်သည်ဟူသောအချက်ကို သူကိုယ်တိုင်ပင် မကြာသေးမီကမှ သိခဲ့ရခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ၏ အလိုအရ မြို့ပေါ်ရှိ နာမည်ကြီး မိသားစုကြီးများမှာ ဤအချက်ကို မသိသင့်ပေ။ ရှီမိသားစု အပေါင်ဆိုင်သည် အမြဲတမ်း နှိမ့်ချစွာဖြင့်သာ နေထိုင်ပြီး အခြားအင်အားစုများနှင့် ပတ်သက်မှုမရှိအောင် ရှောင်ရှားလေ့ရှိသည်။ မဟုတ်ပါက ဧည့်သည်များပြားလွန်းသဖြင့် သူတို့၏ စီးပွားရေးမှာ ပျက်စီးသွားပေလိမ့်မည်။

ခဏအကြာတွင် ရှီချင်းတသည် ရိုးရှင်းစွာ ပြင်ဆင်ထားသော ဧည့်ခန်းဆောင်အတွင်း၌ ကျန်းဝေတနှင့် တွေ့ဆုံလိုက်သည်။ နုနယ်သော ရုပ်ရည်ရှိသည့် ရှီချင်းတနှင့် မတူဘဲ ကျန်းဝေတမှာမူ မျက်လုံးကြီးကြီး၊ မေးစေ့ကျယ်ကျယ်နှင့် နဖူးပြင်မြင့်မြင့်ဖြင့် သာမန်ရုပ်ရည်သာ ရှိသည်။ သို့သော် သူ၏ ဝတ်စားဆင်ယင်မှုမှာမူ အလွန်ပင် ခမ်းနားလှသည်။

သူ၏ ဆံပင်တွင် အဖိုးတန် ဆင်စွယ်ဆံထိုးကို ဆင်မြန်းထားပြီး ကြံ့သားရေဖိနပ်ကို စီးထားကာ လက်ထဲတွင်လည်း လှပသော ခေါက်ယပ်တောင်ဖြူတစ်ချပ်ကို ကိုင်၍ ယပ်ခပ်နေသည်။ ကျန်းမိသားစုမှာ အကြီးအကျယ် အကျပ်ရိုက်နေသော်လည်း ကျန်းဝေတသည် သူ၏ ဥပဓိရုပ်ကိုမူ အမြဲဂရုစိုက်ဆဲပင်။

“ညီလေးရှီ... ငါ ဒီကိုလာတာ လျူယီကို လာရှာတာပါ”

ကျန်းဝေတက လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

“လျူယီ လျူယီဆိုတာ ဘယ်သူလဲ”

ရှီချင်းတက ကြောင်တောင်တောင်ဖြင့် ပြန်မေးသည်။

ကျန်းဝေတ၏ မျက်နှာပျက်သွားသည်။ တစ်ဖက်လူက ဟန်ဆောင်နေပုံလည်း မရပေ။ သို့သော် လုံယီသည် ဤကဲ့သို့သော ကိစ္စမျိုးကို သူ့အား နောက်ပြောင်လိမ့်မည် မဟုတ်ပေ။

“မင်း တကယ်ပဲ လျူယီကို မသိတာလား”

ကျန်းဝေတက ထပ်မေးသည်။

“အရေးပေါ်ကိစ္စရှိလာရင် ဒီက ရှီမိသားစုအပေါင်ဆိုင်ကို လာခဲ့ပါ။ မင်းက သူဘယ်မှာလဲဆိုတာ သိလိမ့်မယ်လို့ သူ ငါ့ကို ပြောထားတာ”

“ဘာ ငါသိတဲ့ လျူဆိုလို့ လျူရှုတစ်ယောက်ပဲ ရှိတယ်”

ရှီချင်းတက အနည်းငယ် စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်တော့သည်။

“သူ့ပုံစံက ဘယ်လိုမျိုးလဲ”

ကျန်းဝေတက အသည်းအသန် မေးလိုက်သည်။

“သူက ကျွန်တော့်ထက် အရပ်ရှည်တယ်။ ခြောက်ပေကျော်လောက်ရှိမယ်။ ရုပ်ရည်ကတော့ သာမန်ပါပဲ...”

ရှီချင်းတက ခဏကြာအောင် ဖော်ပြနေသော်လည်း ကျန်းဝေတ သိထားသည့် လုံယီ၏ ပုံစံနှင့် လုံးဝ မကိုက်ညီပေ။ ဤသည်မှာ လုံယီ၏ အမှားပင်။ သူသည် ကျန်းဝေတကို ရှီချင်းတထံ လွှတ်ရန်သာ စဉ်းစားခဲ့ပြီး လူအမျိုးမျိုးအတွက် မတူညီသော အမည်နာမများ၊ မတူညီသော ရုပ်ရည်အသွင်အပြင်များကို အသုံးပြုခဲ့သည်ကို မေ့လျော့သွားခြင်းပင်။

“မဖြစ်နိုင်တာ...”

ရုတ်တရက် ကျန်းဝေတ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ ပုံပြင်စာအုပ်များထဲတွင် ရုပ်ဖျက်တတ်သော သိုင်းပညာရှင်ကြီးများအကြောင်းကို သတိရသွားပြီး လုံယီ၏ ထူးခြားသော ဝိသေသလက္ခဏာများကို စတင်ဖော်ပြတော့သည်။

“သူက စိတ်ခံစားချက် တည်ငြိမ်ပြီး ဒေါသထွက်ခဲသလား”

“အဲဒါတော့ ဟုတ်တယ်”

“သူက သစ္စာရှိပြီး သူငယ်ချင်းတွေကို အန္တရာယ်ထဲ ပစ်မထားတတ်ဘူးလား”

“အတိအကျပဲ”

ရှီချင်းတက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်သည်။ လျူရှုသည် သူတို့အဖွဲ့ကို အကျပ်အတည်းများမှ အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသည်။

“သူက တစ်ခါတလေ လူလည်ကျတယ်တို့၊ စည်းကမ်းမရှိဘူးတို့လို ထူးဆန်းတဲ့ စကားလုံးတွေ သုံးတတ်သလား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”

ရှီချင်းတသည် စပါးစေ့ကောက်သည့် ကြက်ကလေးအလား ခေါင်းကို တဆက်ဆက် ညိတ်တော့သည်။

“သူ အဲဒါတွေ ပြောတာ ငါကြားဖူးတယ်”

ကျန်းဝေတက စိတ်လှုပ်ရှားစွာဖြင့် သူ၏ပေါင်ကို ဖြောင်းခနဲ ရိုက်လိုက်သည်။

“ဒါဆို သူပဲပေါ့”

သူတို့နှစ်ဦးသည် အပြန်အလှန် စကားအနည်းငယ် ထပ်ပြောပြီးနောက် လုံယီ၏ လျှို့ဝှက်ထားသော မတူညီသည့် အသွင်အပြင်များကို ဖော်ထုတ်နိုင်ခဲ့ကြသည်။

“ငါ သူ့ကို သွားရှာဖို့ လိုတယ်”

ကျန်းဝေတ၏ မျက်နှာက လေးနက်သွားသည်။

“မင်းမှာ နည်းလမ်းရှိလား”

“ဘာမှ မပူနဲ့”

ရှီချင်းတက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။ သူကိုယ်တိုင်လည်း နေ့တိုင်း အကန်ခံနေရသည့် ဤအိမ်ထဲတွင် နေရသည်ကို ငြီးငွေ့နေပြီဖြစ်သည်။

သားရဲတစ်ရာတောင်တန်း…

‘ရှပ်’

စည်ပိုင်းတစ်ခုစာခန့် ထူထဲပြီး အလျား ဆယ်လံကျော်ရှည်လျားသော ဧရာမ မြွေဟောက်ကြီးတစ်ကောင်သည် မြက်တောထဲတွင် လျင်မြန်စွာ ရွေ့လျားနေစဉ် ရုတ်တရက် ငွေရောင်ပုဆိန်တစ်လက်မှာ အပေါ်မှ ဝှေ့ယမ်းကျလာသည်။

မုန့်ဒိုးကို လှီးဖြတ်လိုက်သကဲ့သို့ပင် ပုဆိန်သည် မြွေကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး အခြားတစ်ဖက်မှ ပြန်ထွက်သွားသည်။ မြွေကြီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တစ်ဝက်နီးပါး ပြတ်လုနီးပါး ဖြစ်သွားတော့သည်။ ၎င်းက အရှိန်မြှင့်၍ ထွက်ပြေးရန် ကြိုးစားသော်လည်း...

လွင့်ထွက်သွားသော ပုဆိန်မှာ အသိဉာဏ်ရှိနေသကဲ့သို့ပင် နောက်သို့ ပြန်လည် ဝေ့ယမ်းလာပြီး မူလဒဏ်ရာဟောင်းကိုပင် ထပ်မံ ထိမှန်သွားပြန်သည်။ ရှေ့နောက် နှစ်ချက် အပိုင်းအခြားအတွင်းမှာပင် မြွေကြီးမှာ နှစ်ပိုင်းပြတ်သွားခဲ့ပြီဖြစ်သည်။ ၎င်းသည် လူးလွန့်ကာ ပတ်ဝန်းကျင်ရှိ သစ်ပင်မြက်တောများကို ရိုက်ခတ်နေသော်လည်း နောက်ဆုံးတွင်မူ သေမင်း၏လက်ထဲသို့ သက်ဆင်းသွားရတော့သည်။

အသက် ၂၀ ဝန်းကျင်ခန့် ရုပ်ရည်သာမန်ရှိသော လူငယ်တစ်ဦးသည် ဧရာမမြွေကြီးအနားသို့ ချဉ်းကပ်လာကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် ပုဆိန်ကို အသုံးပြု၍ အဖိုးတန်သော မြွေသည်းခြေကို ရှာဖွေရန် မြွေအလောင်းကို ခွဲစိတ်လိုက်တော့သည်။

ထိုလူမှာ လုံယီပင်။

ပြီးခဲ့သည့်အကြိမ်က စွမ်းအင်စက်ဝန်းပြည့် ပညာရှင် ၄ ဦးကို သတ်ဖြတ်ပြီးနောက် သူသည် သားရဲတစ်ရာတောင်တန်းတွင် ရက်အတော်ကြာ အချိန်ဖြုန်းခဲ့သည်။ သူ၏ စွမ်းအင်မှတ်မှာ ၂၀၀ ကျော် အထိ စုဆောင်းမိခဲ့ပြီဖြစ်ပြီး သူ၏ အဆင့်မှာလည်း ယနေ့တွင် အထွတ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။

‘နောက်တစ်ဆင့်ချိုးဖျက်ရမဲ့ အချိန်ရောက်ပြီ’

လုံယီက တွေးလိုက်သည်။

All Chapters