အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း။ ၁၄၉
လုံယီသည် သူ၏ကျင့်စဉ်အဆင့်၏ နောက်ကွယ်တွင် ခပ်ဖျော့ဖျော့ပေါ်နေသော အပေါင်းလက္ခဏာကို ကြည့်ကာ စွမ်းအားတစ်ခုဖြင့် ဖိနှိပ်လိုက်သည်ဟု စိတ်ကူးလိုက်သည်။
ထိုခဏမှာပင် သူ၏အခြေအနေမှာ ချက်ချင်းပြောင်းလဲသွားတော့သည်။
[သွေးနှစ်ဆင့် သိုင်းသမား (600/600) → သွေးသုံးဆင့် သိုင်းသမား (0/600)]
သူ၏ ခန္ဓာကိုယ်အတွင်းရှိပြီးသား လျှို့ဝှက်သွေးစွမ်းအင်နှစ်ခုမှာ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုစွမ်းအင်များသည် သူ၏အသားအရေနှင့် သွေးကြောများအတွင်း အကြိမ်ပေါင်း တစ်ထောင်မက လှည့်ပတ်စီးဆင်းသွားပြီး သိသိသာသာ ပိုမိုကျယ်ပြန့်ကာ ထူထဲလာသည်။
စွမ်းအင်များ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ တစ်ခုချင်းစီမှ အစိတ်အပိုင်းတစ်ခုစီ ကွဲထွက်လာပြီး တတိယမြောက် လျှို့ဝှက်သွေးစွမ်းအင်အဖြစ် ပေါင်းစပ်သွားတော့သည်။ ယခုအခါ လျှို့ဝှက်သွေးစွမ်းအင် သုံးခုသည် သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းတွင် တည်ငြိမ်သော တြိဂံပုံစံဖြင့် လည်ပတ်နေပြီဖြစ်သည်။
၎င်းတို့သည် ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များတစ်လျှောက် ဖြတ်သန်းကာ ရင်ဘတ်အလယ်ဗဟိုသို့ ပြန်လည်ရောက်ရှိလာပြီး ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိသောစွမ်းအင်များကို စုပ်ယူကာ အသားမျှင်၊ အကြောနှင့် အရိုးများကို အားဖြည့်ပေးနေသည်။ အထူးတလည် အားထုတ်ကျင့်ကြံခြင်း မပြုလျှင်ပင် ထိုလျှို့ဝှက်သွေးသည် သူ့အလိုလို ဖြည်းညှင်းစွာ လည်ပတ်နေပြီး အစဉ်မပြတ် အားကောင်းမောင်သန်လာနေမည်ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် လုံယီ၏ အရေပြားအောက်တွင် ခိုင်မာတောင့်တင်းသော အကြောမျှင်လွှာများတဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ဤသည်မှာ သူ၏ ဒဏ်ခံနိုင်ရည်
စွမ်းအားအကြီးအကျယ် တိုးတက်လာခြင်းပင်။
ကျောက်သားဖြစ်ခြင်းပါရမီက ခံစစ်ကျိုးပေါက်ခြင်းမှ ကာကွယ်ပေးကာ အကြောမျှင်လွှာက ရရှိလာသော ပျက်စီးမှုများကို စုပ်ယူပေးသည်။
ဤနှစ်ခုပေါင်းစပ်လိုက်ခြင်းက သူ၏ ကာကွယ်ရေးစွမ်းရည်ကို များစွာ မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်။
ခွန်အားပိုင်းတွင်မူ...
‘ဝူး’
လုံယီက လက်သီးတစ်ချက် ထိုးလိုက်ရာ ယခင်ကထက် ပိုမိုပြင်းထန်သော လေတိုးသံမှာ ပတ်ဝန်းကျင်ကို ဟိန်းထွက်သွားတော့သည်။
‘ဝူး ဝူး ဝူး’
သူသည် လက်သီးများကို အဆက်မပြတ် ထိုးကြည့်ရင်း စွမ်းအားကို စမ်းသပ်နေသည်။ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာမူ ဒုက္ခရောက်ကုန်ကြပြီဖြစ်သည်။ ထူထဲသော သစ်ပင်စည်များမှာ လက်သီးရာများဖြင့် ပြည့်နှက်သွားပြီး ပြင်းထန်သော တုန်ခါမှုကြောင့် သစ်ရွက်များမှာ အကုန်ကြွေကျကုန်သည်။ သေးငယ်သော အပင်များမှာမူ တိုက်ရိုက်ပင် ကျိုးပဲ့ကုန်တော့သည်။
‘စစ်မှန်တဲ့ ခွန်အားက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ တိုးလာပြီ’
လုံယီက တွေးလိုက်သည်။
ယခင်က သူ၏ ခွန်အားမှာ ပေါင် ရှစ်ထောင်၊ ကိုးထောင်ခန့်သာ ရှိသဖြင့် စွမ်းအင်စက်ဝန်းပြည့် သိုင်းပညာရှင်များထက် အနည်းငယ် အားနည်းနေသေးသည်။ ယခုမူ ပေါင် တစ်သောင်း ကျော်အထိ တည်ငြိမ်စွာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
သိုင်းလောကတွင် အရှိန်အဟုန်နှင့် အပိုင်အနိုင် သတ်ဖြတ်နိုင်စွမ်းကသာ အဓိကဖြစ်သည်။ ယခုလက်ရှိ လုံယီသည် စွမ်းအင်စက်ဝန်းပြည့် သိုင်းပညာရှင်ကြီးတစ်ဦးကို အကွက် ၃ ကွက်အတွင်း အသေသတ်နိုင်သည်အထိ ယုံကြည်ချက် အပြည့်ရှိနေပြီဖြစ်သည်။
ပြိုင်ဘက်တွေ ဘယ်လောက်ပဲများများ လုံယီ့အနေနဲ့ အနည်းငယ်မျှပင် ကြောက်ရွံ့နေတော့မည်မဟုတ်ပေ။
သာမန်အားဖြင့် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်သည် ဒဏ်ခံနိုင်ရည်အားကိုသာ အဓိကမြှင့်တင်ပေးသော်လည်း ခွန်အားကို အဆမတန်တိုးစေပြီး အရိုးအဆစ်တွေကို သံမဏိကဲ့သို့ ကျစ်လျစ်
ခိုင်မာစေသည့်အဆင့်မှာ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ဖြစ်သည်။ ထိုအဆင့်သို့ရောက်လျှင် သူ၏ခွန်အား မည်မျှအထိ တိုးတက်လာမည်ကို လုံယီ တစ်ခဲနက် မျှော်လင့်နေမိသည်။
သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည်: လုံယီ]
[အသက်: ၁၉ / ၆၈ နှစ်]
[အဆင့်: သွေးသုံးဆင့် သိုင်းသမား (0/600)]
[ကျင့်စဉ်: အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ် (ဒုတိယအဆင့်၊ ကျွမ်းကျင်မှုအဆင့်: 0/300 + နိဗ္ဗာန်နတ်ပန်း ၁ ပွင့်)၊ ဟူမိသားစု အသက်ရှူကျင့်စဉ် (အစပြုခြင်းမရှိသေး 0/10)]
[ကျွမ်းကျင်မှုများ: လုံမိသားစု ပုဆိန်သိုင်း (အသင့်အတင့်အောင်မြင်မှု 0/500)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင်မှုအဆင့်: 0/100)၊ ခဲပေါက်ခြင်း (ကျွမ်းကျင်မှုအဆင့်: 0/30)၊ ကိုယ်ဖော့သိုင်း (အသင့်အတင့်အောင်မြင်မှု 0/200)၊ အခြေခံလှံသိုင်း (အစပြုမှုအဆင့် 0/6)၊ လျှို့ဝှက်သိုင်း: နဂါးဖောက်ထွင်းသိုင်း - အပိုင်းအစ (၁)၊ အသက်ရှူနှုန်းထိန်းချုပ်သိုင်း (အစပြုမှုအဆင့် 0/3)]
[ပါရမီ: ကျောက်သားဖြစ်ခြင်း (အသင့်အတင့်အောင်မြင်မှု 0/1000 + ဝှိုက်ဒူးကျောက် ၅ တုံး + ကြယ်အေးသံ ၁ တုံး)၊ လျင်မြန်ခြင်း (အစပြုမှုအဆင့် 0/20 + မြေနဂါးအကြောမျှင် ၁ ချောင်း)]
[စွမ်းအင်: ၂၀၉ မှတ်]
စွမ်းရည်ပြမျက်နှာပြင်က ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိသော်လည်း သူ၏သက်တမ်းမှာ ၂ နှစ်ခန့် တိုးလာပြီး ရှေးဦးလူသားတစ်ဦး၏ သက်တမ်းနှင့် နီးစပ်လာနေသည်။
ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်သို့ ရောက်ရှိလာသောအခါ ဒုတိယအဆင့် အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ်၏ တိုးတက်မှုနှုန်းမှာ ယခင်ထက် တစ်ဝက်ခန့် နှေးကွေးသွားခဲ့သည်။ ကျင့်စဉ်အဆင့်၏ ညာဘက်အပေါ်ထောင့်ရှိ လက္ခဏာကို နှိပ်ကြည့်လိုက်သောအခါ "အသက်ရှူကျင့်စဉ်ကို ကျွမ်းကျင်စွာ လေ့ကျင့်ပါက တစ်ရက်လျှင် ကျွမ်းကျင်မှုအမှတ် ၁၀ မှတ် တိုးပွားမည်" ဟူသော စာသား ပေါ်လာသည်။
ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ် နှစ်လအတွင်း သူသည် နောက်တစ်ဆင့် ထပ်မံတိုးလာနိုင်မည်ဖြစ်သည်။ ဤအရှိန်အဟုန်မှာ အံ့မခန်းဖွယ်ကောင်းလှပြီး ပါရမီရှင်ဟုဆိုသူများကိုပင် နောက်ကောက်ချထားနိုင်သည့်အဆင့် ဖြစ်သည်။ သို့သော်လည်း လုံယီမှာ ယခုအခြေအနေကို ကျေနပ်ခြင်းမရှိသေးဘဲ အသက်ရှူကျင့်စဉ်ကို ပိုမိုမြှင့်တင်ရန် နည်းလမ်းများကို စဉ်းစားနေမိသည်။
ချီရှတောင်ပေါ်တွင် ခေါင်းနှစ်လုံးရှိသည့် ဝံပုလွေမိစ္ဆာကြီးသည် ပျင်းရိစွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းကာ ငိုက်မြည်းနေသည်။ ၎င်းသည် အလျား နှစ်လံခန့်ရှိပြီး တစ်ကိုယ်လုံးတွင် နီရဲကာ ရှည်လျားထူထဲသော အမွှေးအမျှင်များက အသားထဲအထိ မြဲမြံစွာ ဖုံးလွှမ်းထားသည်။
ရုတ်တရက်...
‘ရှပ်’
လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲတစ်လုံးသည် အဝေးတစ်နေရာမှ လွင့်ပျံလာပြီး ဝံပုလွေမိစ္ဆာ၏ ခေါင်းငယ်လေးပေါ်သို့ ပြင်းထန်စွာ ကျရောက်ထိမှန်သွားတော့သည်။
"ဝူးးး"
ဝံပုလွေမိစ္ဆာကြီးသည် ဒေါသတကြီးဖြင့် ထရပ်လိုက်သည်။ ၎င်း၏ ခေါင်းနှစ်လုံးစလုံးသည် မီတာရာချီအကွာတွင် ရှိနေသော လူသားတစ်ဦးထံသို့ ချက်ချင်း အာရုံစိုက်လိုက်ကြသည်။ အတန်အသင့် ဉာဏ်ရည်ရှိသော ထိုမိစ္ဆာသည် လူသား၏ စော်ကားသော အမူအရာကို မြင်လိုက်ရသောအခါ တုံ့ဆိုင်းမနေဘဲ လေအဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
"အူးးးး"
ဝံပုလွေမိစ္ဆာကြီးသည် လေပြင်းတစ်စောင်အလား သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်သောအခါ လုံယီ ပေါ့ဆ၍မရတော့ပေ။
"ကျောက်သားဖြစ်ခြင်း"
မသိသာသော မီးခိုးရောင် အလင်းဖျော့ဖျော့လွှာတစ်ခုသည် သူ၏တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
"လျင်မြန်ခြင်း"
သူ၏ ခြေထောက်ကြွက်သားများမှာ ရုတ်တရက် ကြီးထွားထူထဲလာပြီး ဒူးဆစ်များတွင် ခရုပတ်ပုံစံ ကြွက်သားများ ဖြစ်ပေါ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် ပုဆိန်ကို ဆွဲထုတ်လိုက်သည်။
"တောင်ဖြိုခွင်းခြင်း"
အနက်ရောင် သံမဏိပုဆိန်ကို ကိုင်ဆောင်ကာ ဝံပုလွေမိစ္ဆာ၏ မည်းနက်သော ခြေသည်းကြီးများထံသို့ ပြင်းထန်စွာ လွှဲရိုက်လိုက်သည်။
'ဒုန်း'
မိစ္ဆာ၏ ခြေသည်းကြီးမှာ လုံယီ၏ ပုဆိန်ကို ဖိနှိပ်ထားပြီး လုံယီ၏ ဦးခေါင်းကို ရိုက်ခွဲတော့မည့်အလား တစ်ဆင့်ချင်းစီ တိုးဝင်လာသည်။
"နဂါးဖောက်ထွင်းခြင်း"
လုံယီသည် သူ၏ ရင်ဘတ်ရှိ သွေးကြောမှတ်ကို လျှို့ဝှက်သွေးဖြင့် လှုံ့ဆော်လိုက်ရာ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားပြီး အားသစ်များမှာ သူ၏ ညာလက်မောင်းအတွင်းသို့ ချက်ချင်း စီးဝင်လာသည်။ ထိုအားသစ်သည် မူလခွန်အားနှင့် ပေါင်းစပ်သွားကာ ပေါင် နှစ်သောင်းကျော် ရှိသော ထိတ်လန့်ဖွယ် ကောင်းလှသည့် ခွန်အားကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်လာပြီး ဝံပုလွေမိစ္ဆာ၏ ဖိနှိပ်မှုကို ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။
"ထွက်သွားစမ်း"
ဝံပုလွေမိစ္ဆာ၏ ခြေသည်းမှာ လွင့်ထွက်သွားပြီး ဧရာမ ပုဆိန်ကြီးသည် ၎င်း၏ ထူထဲလှသော အမွှေးအမျှင်များအတွင်းသို့ စိုက်ဝင်သွားသည်။ ပေါင်နှစ်သောင်းကျော်ရှိသော ခွန်အားသည် နောက်ဆုံးတွင် မိစ္ဆာ၏ ခံစစ်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။
ဝံပုလွေမိစ္ဆာ၏ ကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားပြီး သွေးများ တရဟော စီးကျလာသည်။ သို့သော် မကြာမီမှာပင် ၎င်း၏ ကြွက်သားများ ကျုံ့သွားကာ သွေးထွက်ခြင်းကို ထိန်းချုပ်လိုက်သည်။
"အူးးးး"
ဝံပုလွေမိစ္ဆာကြီးသည် နာကျင်လွန်းသဖြင့် အူဟောက်ကာ နောက်သို့ ခုန်ဆုတ်သွားတော့သည်။ ၎င်းသည် လုံယီကို ဆက်လက်၍ အထင်သေးရဲခြင်း မရှိတော့ပေ။
ဝံပုလွေမိစ္ဆာကြီးသည် လုံယီကို အဆက်မပြတ် ပတ်ချာလည်ဝိုင်းနေပြီး ကျောပြင်ကို မြှင့်တင်ကာ အမွှေးအမျှင်များအားလုံး ထောင်ထနေသည်။ သံမဏိနှင်တံကဲ့သို့ မာကျောသော ၎င်း၏အမြီးမှာလည်း လေထုကို ဝှစ်... ဝှစ်ဟု မြည်အောင် ခါယမ်းနေတော့သည်။
“လာစမ်းပါဦး”
လုံယီသည် ဝံပုလွေမိစ္ဆာကို ဆက်တိုက် တိုက်ခိုက်သည်။
အသင့်အတင့် အောင်မြင်ထားသော ကိုယ်ဖော့သိုင်းနှင့် လျင်မြန်ခြင်းပါရမီတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်ဖြတ်လတ်သွားသည်။ အဆင့်မြင့် တောင်ဖြိုခွင်းခြင်း ပုဆိန်ကွက်နှင့် နဂါးဖောက်ထွင်းခြင်းနည်းစနစ်တို့ ပေါင်းစပ်မှုကလည်း သာမန် စွမ်းအင်စက်ဝန်းပြည့်သိုင်းပညာရှင်များကို ကျော်လွန်သည့် ခွန်အားနှင့် ပေါက်ကွဲအားကို ရရှိစေသည်။
ကျောက်သားဖြစ်ခြင်းက အရေပြားကို ဒဏ်မရာမရအောင် ကာကွယ်ပေးထားပြီး အရေပြားအောက်ရှိ အကြောမျှင်လွှာကလည်း ရရှိလာသော ပျက်စီးမှု အများစုကို စုပ်ယူပေးထားသည်။
ဤကဲ့သို့သော ဝှက်ဖဲများစွာကို ထပ်ဆင့်အသုံးပြုလိုက်သောအခါ လုံယီသည် သာမန်သားရဲဝိညာဉ်အဆင့်ထက် သာလွန်သော ထိုဝံပုလွေမိစ္ဆာကြီးကို အံတုကာ အကြိတ်အနယ် ယှဉ်တိုက်
နိုင်ခဲ့သည်။
နှစ်ဖက်စလုံး ခေတ္တမျှ လုံးထွေးတိုက်ခိုက်ကြပြီးနောက် ဝံပုလွေမိစ္ဆာ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာသလို လုံယီမှာလည်း သွေးချင်းချင်းနီနေခဲ့သည်။ မည်သူကမျှ အသာစီးမရနိုင်သေးပေ။ ပြိုင်ဘက်ကို အခုချက်ချင်း အပြတ်မသတ်နိုင်မှန်း သိလိုက်သောအခါ လုံယီသည် ပြတ်သားစွာပင် ဆုတ်ခွာလိုက်သည်။
ယနေ့အတွက် သူ၏ ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့ပြီဖြစ်သည်။ ချပ်ဝတ်ခွဲပုဆိန်သိုင်းမှလွဲ၍ ကျန်ဝှက်ဖဲအားလုံးကို သူ စမ်းသပ်ပြီးသွားပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင်လည်း အခြားသော သားရဲများစွာ ချောင်းမြောင်းနေကြသည်။ ဝံပုလွေမိစ္ဆာသည် သားရဲဘုရင်တစ်ကောင်အနေဖြင့် ဂုဏ်သိက္ခာရှိပြီး အခြားသားရဲများကို ဝင်မတိုက်ခိုင်းသော်လည်း အသက်အန္တရာယ်နှင့် ကြုံလာပါက ပြောရခက်လှသည်။
‘ငါ စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်လောက်တောင် လိုနေသေးလဲ’
လုံယီ တွေးနေမိသည်။ သူသည် မြို့တော်ဝန်ရုံးမှ သိုင်းပညာရှင်များ တိုက်ခိုက်သည်ကို မြင်ဖူးသော်လည်း ယခုသူ၏ အစွမ်းဖြင့် သူတို့ကို ယှဉ်နိုင်မလားဆိုသည်မှာ မသေချာသေးပေ။
သူသည် ရှီချိုင်ဖုန်းနှင့် ချိန်းဆိုထားသည့်နေရာသို့ ပြန်လာသောအခါ မမျှော်လင့်ဘဲ လူနှစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ တစ်ယောက်မှာ ခေါင်းပေါင်းဝတ်ထားပြီး နုနယ်သော ရုပ်ရည်ရှိသည့် ရှီချင်းတ ဖြစ်ပြီး အခြားတစ်ယောက်မှာမူ ဆင်စွယ်ဆံထိုး စိုက်ထားကာ ရွှေနားကွပ်ဝတ်စုံနှင့် အရှိန်အဝါရှိလှသော ကျန်းဝေတပင်။
သို့သော် ကျန်းဝေတသည် လုံယီ၏ သာမန်ရုပ်ရည်ကို မြင်သောအခါ အံ့အားသင့်ကာ တွေဝေသွားပြီး တိုက်ရိုက်ပင် နှုတ်မဆက်ရဲ ဖြစ်နေရှာသည်။
“ဘာလဲ... ငါ့ကို မမှတ်မိတော့ဘူးလား”
လုံယီက ပြုံးလျက် မေးလိုက်သည်။
ရင်းနှီးနေသော အသံကို ကြားလိုက်ရမှ ကျန်းဝေတမှာ ဝမ်းသာအားရဖြစ်သွားတော့သည်။
“ဒါ တကယ်ပဲ မင်းပဲလား အာယီ”
“အာယီတဲ့လား”
ရှီချိုင်ဖုန်းမှာ လျူရှုဆိုသည့်အမည်နှင့် အာယီက ဘယ်လိုမျိုး ဆက်စပ်နေတာလဲဟု ဇဝေဇဝါ ဖြစ်သွားသည်။
ထို့နောက်တွင်မူ လုံယီသည် သူ၏ ပါးညာဘက်ခြမ်းကို ကိုင်ကာ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာလှသော ရုပ်ဖျက်မျက်နှာဖုံးကို ဖြည်းညှင်းစွာ ခွာချလိုက်သည်။ ထိုအခါတွင်မှ ရဲရင့်ပြတ်သားသော အရှိန်အဝါနှင့် ပြည့်နှက်နေသည့် သူ၏ အစစ်အမှန် မျက်နှာကို ဖော်ပြလိုက်တော့သည်။
အခန်း။ ၁၅၀
"တောက်..."
ရှီချိုင်ဖုန်း၏ လှပသောမျက်လုံးအစုံမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားပြီး သူမ၏ဦးနှောက်မှာ ခဏတာမျှ ဗလာဖြစ်သွားသည်။
လျူရှုနှင့် သူမသည် လအနည်းငယ်သာ သိကျွမ်းခဲ့ကြသော်လည်း အတူတူ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြသည်။ သားရဲအမဲလိုက်စခန်းတွင် ပထမဆုံးတွေ့ဆုံချိန်မှစ၍ သားရဲတစ်ရာတောင်တန်းအတွင်း မိစ္ဆာသားရဲများကို အမဲလိုက်ခဲ့ခြင်း၊ ယုတ်မာသောရန်သူ ရှာဟူနှင့် လျူယွီတို့ကို ပြန်လည်သတ်ဖြတ်ခဲ့ခြင်းနှင့် မြေအောက်လျှို့ဝှက်ခန်းအတွင်းမှ ဖော်ပြမပြနိုင်သော ရင်ခုန်စရာအခိုက်အတန့်များအထိ...
သူမသည် သူ့ကို အသက်နှင့်လဲ၍ ယုံကြည်ရသော သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သည်။ သို့သော် ဤသူငယ်ချင်းမှာ ရုပ်ဖျက်ထားသူတစ်ဦးဖြစ်လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သူသည် သူမနှင့် အချိန်တိုင်း ဆက်ဆံနေခဲ့သည်မှာ အတုအယောင်မျက်နှာနှင့် အမည်ဝှက်တစ်ခုဖြင့်သာ ဖြစ်နေခဲ့သည်။
သူမ၏ရင်ထဲတွင် ဒေါသများ တလိပ်လိပ်တက်လာပြီး သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် မမျှော်လင့်ဘဲ လုံယီမှာ ရှီချိုင်ဖုန်း၏ မကျေနပ်မှုကို ရိပ်မိပုံရပြီး သူမအနားသို့ လျှောက်လာကာ သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"ကိုယ်ကိုယ်ကိုယ် ပြန်မိတ်ဆက်ပါရစေ။ ငါ့နာမည်က လျူယီပါ။ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ"
"ငါ့မှာ ရန်သူတွေ အများကြီးရှိလို့ ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်ထားခဲ့ရတာပါ။ တကယ်တော့ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး"
သူ၏စွမ်းအားများ တိုးတက်လာပြီး စစ်မှန်သော သိုင်းပညာရှင်တစ်ဦး ပေါ်မလာသရွေ့ မည်သူ့ကိုမျှ ကြောက်စရာမလိုတော့သည့် အခြေအနေတွင် လုံယီသည် သူ၏လျှို့ဝှက်ချက်ကို ဆက်လက်ထိန်းသိမ်းရန် ဂရုမစိုက်တော့ပေ။ အကြီးအကဲကျန်း တစ်ခါက ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သူ စတင်နားလည်လာခဲ့သည်။
'ကောင်းကောင်းလေ့ကျင့်ပါ။ ငါ့ကို မြန်မြန်ကျော်တက်နိုင်အောင် ကြိုးစားပါ။ အဲဒီနေ့ရောက်လာရင် မင်းအရင်က အကြီးအကျယ်လို့ ထင်ခဲ့တဲ့ကိစ္စတွေ ကြောက်နေခဲ့တဲ့အရာတွေအားလုံးဟာ ဘာမှမဟုတ်တဲ့ အသေးအမွှားလေးတွေ ဖြစ်သွားတာကို မင်းတွေ့ရလိမ့်မယ်'
လုံယီ၏ စစ်မှန်သောမျက်လုံးများ ယခင်ကထက် ပိုမိုခန့်ညားသော မျက်နှာနှင့် သူ၏လက်မှတစ်ဆင့် စီးဝင်လာသော နွေးထွေးမှုတို့ကြောင့် ရှီချိုင်ဖုန်း၏ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာတော့သည်။
'ဒီပုံစံကလည်း မဆိုးပါဘူး...'
သူမ၏ဒေါသများမှာ ရုတ်တရက် ပေါ်လာသလိုပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ လုံယီက သူမ၏လက်ကို လွှတ်လိုက်သောအခါတွင်မူ သူမ၏ရင်ထဲတွင် ဟာတာတာနှင့် တစ်ခုခု လိုအပ်နေသလို ခံစားလိုက်ရပြန်သည်။
လုံယီက ကျန်းဝေတကို ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဝေတ"
"အာယီ... ငါ့အိမ်မှာ အကြီးအကျယ် ဒုက္ခရောက်နေပြီ"
ကျန်းဝေတက သူ၏အိမ်မှ အကျပ်အတည်းများအားလုံးကို လုံယီအား အကျဉ်းချုပ် ရှင်းပြလိုက်တော့သည်။
“ဒါဆို ဘာစောင့်နေဦးမှာလဲ။ အခုချက်ချင်း သွားကြတာပေါ့”
လုံယီက ပြတ်သားစွာ ပြောလိုက်သည်။
မိစ္ဆာသားရဲတွေကိုတော့ ဘယ်နေ့မဆို အမဲလိုက်လို့ရပေမယ့် အခက်အခဲကြုံနေရတဲ့ သိုင်းလောကက ညီအစ်ကိုတစ်ယောက်ကိုတော့ တစ်စက္ကန့်တောင် စောင့်ခိုင်းထားလို့ မဖြစ်ဘူး။
“မင်းမှာ အစီအစဉ်ရှိလို့လား”
ကျန်းဝေတ၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် လုံယီထံသို့ လာခဲ့သည်မှာ နောက်ဆုံးမျှော်လင့်ချက်အနေဖြင့်သာ ဖြစ်ပြီး လုံယီက တကယ်ပဲ အဖြေတစ်ခု ပေးနိုင်လိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
“အရင်ဆုံး အခြေအနေကို ကြည့်ရအောင်”
လုံယီသည် ကတိများကို အလောတကြီး မပေးသေးပေ။ သို့သော် သူသည် ကျန်းဝေတကို စိတ်အေးသွားစေရန် စကားတစ်ခွန်းတော့ ပြောလိုက်သည်။
“ငါ ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ”
“တကယ်လား”
ကျန်းဝေတ အနည်းငယ် အံ့သြသွားသော်လည်း ထိုကိစ္စကို အကြာကြီး စဉ်းစားမနေတော့ပေ။ သာမန်အချိန်ဆိုလျှင် လုံယီသည် အစွန်းရောက်လက်သီးဂိုဏ်း၏ ဂုဏ်သရေရှိ လီယာကွေနှင့် ချန်မူကျူတို့ကိုပင် ကျော်တက်ကာ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် တိုးတက်လာတာလဲဟု သူ အသေအချာ စူးစမ်းမိပေလိမ့်မည်။ သို့သော် ယခုကဲ့သို့ အသက်လုနေရသည့် အချိန်တွင် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်က ဘာများ ထူးခြားနိုင်မှာလဲ။
လုံယီနှင့် အဖွဲ့သည် မြင်းများကို အရှိန်အဟုန်ဖြင့် စီးနင်းလာကြရာ မကြာမီမှာပင် တောနီကြီး၏ အစွန်အဖျားသို့ ရောက်ရှိလာကြတော့သည်။
“မိသားစုခေါင်းဆောင်... ကျွန်တော်တို့ ဟိုကုန်းမြင့်တွေကို စစ်ဆေးပြီးပါပြီ။ ဂူရှိတဲ့ နေရာတိုင်းကိုလည်း မြေလှန်ရှာပြီးပြီ။ ဒါပေမဲ့ ငွေတွေရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးပါဘူး”
“ဒီဧရိယာကို ထပ်ရှာကြစမ်း။ လှည်းဘီးရာတွေကို ရှာကြည့်။ သံသယရှိစရာ လူတွေကိုလည်း ခြေရာခံကြ”
“သခင်လေးကျန်း... ကျွန်တော်တို့လူတွေဟာ နေ့ရောညပါ အနားမရဘဲ ရှာနေကြတာ၊ သူတို့ ခန္ဓာကိုယ်တွေက မခံနိုင်တော့ဘူး”
“မခံနိုင်ဘူး ဟုတ်လား။ ငါ ငွေကို နှစ်ဆပေးမယ် မြန်မြန်သာရှာစမ်း။ ဘယ်သူပဲဖြစ်ဖြစ် အရင်ဆုံး ရှာတွေ့တဲ့သူကို ငွေ တစ်သောင်း ဆုချမယ်”
“ကောင်းပါပြီ ဒါဆို ကျွန်တော် ဂိုဏ်းဆီကနေ လူတွေ ထပ်ခေါ်လိုက်ပါ့မယ်”
ဖခင်ကျန်းနှင့် ကျန်းဝေချုန်းတို့သည် လူအုပ်ကြီးကို စုစည်းကာ အနားမနေ အသည်းအသန် ရှာဖွေခိုင်းနေကြသည်။ ထိုလူများထဲတွင် ကျန်းမိသားစုမှ အစေခံများသာမက မြစ်ဂိုဏ်းနှင့် လင်းဂိုဏ်းတို့မှ ငှားရမ်းထားသော တပည့်များလည်း ပါဝင်သည်။
ငွေသားအမြောက်အမြားကို မြို့ထဲသို့ သယ်သွား၍မရသလို ယခုအချိန်တွင် ရေလမ်းမှလည်း ပေါ်ပေါ်ထင်ထင် သယ်ယူ၍မရမှန်း လူတိုင်း သိကြသည်။ ဤကျယ်ပြောလှသော တောအုပ်ကြီးထဲတွင် ဝှက်ထားခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပေ။ သို့သော် သိရှိထားခြင်းနှင့် ရှာတွေ့ခြင်းမှာ တခြားစီပင်။
ငွေတွေဝှက်ထားတဲ့ နေရာကို ရှာတွေ့ဖို့ ကြာလေလေ ရှုမိသားစုက ထိုငွေတွေကို အသုတ်လိုက် ခွဲပြီး တိတ်တဆိတ် သယ်ထုတ်သွားဖို့ အခွင့်အလမ်း ပိုများလေလေဖြစ်သည်။ ထို့ကြောင့် ကျန်းမိသားစုသည် အခြားဂိုဏ်းအင်အားစုများက ထိုငွေများကို လိုချင်တပ်မက်နေကြမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စွန့်စား၍ ရှာဖွေနေရခြင်း ဖြစ်သည်။ ရှုမိသားစုမှ လာရောက် နှောင့်ယှက်ခြင်းကိုလည်း တားဆီးရန် ပြင်ဆင်ထားရသည်။
ကျန်းမိသားစုသည် ဤကိစ္စတွင် အာဏာပိုင်များ ပါဝင်ပတ်သက်လာပြီး အမှုအခင်းဖြစ်ပွားမည်ကို အတတ်နိုင်ဆုံး ရှောင်ရှားနေခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် မီးခိုးရောင်ဝတ် မြားသမားအချို့မှာ ပျင်းရိငြီးငွေ့စွာဖြင့် သမ်းဝေနေကြသည်။
‘တောက်... တောက်... တောက်’
အဝေးမှ မြင်းခွာသံများကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်။ ကျန်းဝေတသည် လေအဟုန်ဖြင့် မြင်းစီးလာပြီး မြင်းပေါ်မှ ဆင်းလိုက်သည်နှင့် သူ၏ ဖခင်နှင့် အစ်ကိုဖြစ်သူအနားသို့ တိုးကပ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော် အကူအညီ ရှာတွေ့ခဲ့ပြီ ဒီဘက်ကို ခဏလာခဲ့ကြဦး"
သူတို့နှစ်ဦးစလုံး ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေစဉ်မှာပင်...
ကျန်းဝေတသည် သူတို့ကို လူသူကင်းဝေးရာနေရာတစ်ခုသို့ ခေါ်ဆောင်သွားရာ လုံယီသည် သစ်ပင်တစ်ပင်နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"နေကောင်းပါသလား ဦးလေး"
လုံယီက ဖခင်ကျန်းကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သို့သော် သူ၏ဘေးတွင် မျက်လုံးအပြူးသားဖြင့် ကြည့်နေသော ကျန်းဝေချုန်းကိုမူ လုံးဝ လျစ်လျူရှုထားလိုက်သည်။
"အေး... နေကောင်းပါတယ်"
ဖခင်ကျန်းက လုံယီသည် မည်သူမှန်း မသေချာသဖြင့် ဝေခွဲမရစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
"ဒါက ဘယ်သူလဲ"
ကျန်းမိသားစုသခင်ကြီးမှာ လုံယီကို တစ်ခါမျှ မတွေ့ဖူးသဖြင့် မမှတ်မိသည်မှာ သဘာဝပင်။
"ကျွန်တော့်ရဲ့ ညီအစ်ကို လျူယီပါ"
ကျန်းဝေတက တိုးတိုးလေး ပြောလိုက်ရာ ကျန်းဝေချုန်းက မျက်မှောင်ကြုတ်သွားသည်။
"ကျွန်တော် မေးချင်တာက သခင်လေးလုံက ဆိုင်းယန် စံအိမ်တော်မှာ ပုန်းနေတာ သေချာလား။ ပြီးတော့..."
လုံယီ စကားမဆုံးသေးမီမှာပင် ကျန်းဝေချုန်းက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။
"အရေးကြီးတဲ့ လူတစ်ယောက်ယောက် လာမလားလို့ ငါထင်နေတာ။ တကယ်တော့ မင်းကိုး။ ဟို အလကားကောင် သခင်လေးလုံက ဆိုင်းယန် စံအိမ်တော်မှာ ရှိနေတာ သေချာတယ်။ ငါ့လူတွေ အပြင်ကနေ စောင့်ကြည့်နေတာ သူအခုထိ အပြင်ထွက်မလာသေးဘူး။ ဒါပေမဲ့ မင်းက ဘာလုပ်မလို့လဲ။ လူကို အတင်းဝင်လုမလို့လား"
ကျန်းဝေချုန်းက စိတ်တိုတိုဖြင့် ဆက်ပြောသည်။
"မင်းသိထားရမှာက ဆိုင်းယန် စံအိမ်တော်မှာ နာမည်ကြီး ဓားသမားနှစ်ယောက် စောင့်နေတာကွ။ တစ်ယောက်ချင်းစီက စွမ်းအင်စက်ဝန်းပြည့် သိုင်းပညာရှင်တွေပဲ။ မင်း တကယ်ပဲ ကူညီချင်တယ်ဆိုရင် ဒီတောထဲမှာ ငွေတွေဝှက်ထားတဲ့နေရာကို ဝိုင်းရှာပေးပါလား..."
"သခင်ကြီးရှုရော အဲဒီစံအိမ်မှာ ရှိနေလား"
လုံယီက သူ၏စကားကို ထပ်မံဖြတ်ကာ မေးလိုက်သည်။
"ဝိညာဉ်ဖျက်ဓားလို လူမျိုးက အဲဒီလိုနေရာမျိုးမှာ နေပါ့မလဲ"
ကျန်းဝေချုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေရင်း စကားဝါကျတစ်ဝက်မှာပင် ရပ်တန့်သွားသည်။
အကြောင်းမှာ လုံယီသည် သူ့ကို လုံးဝ အရေးမစိုက်တော့ဘဲ နောက်လှည့်ကာ ထွက်ခွါသွားသောကြောင့်ပင်။
သူသည် သူ၏ မကျေနပ်ချက်များကို ကျန်းဝေတထံသို့သာ ပုံချလိုက်တော့သည်။
"ငါနဲ့ အဖေ ဒီမှာ ဘယ်လောက် အလုပ်ရှုပ်နေလဲဆိုတာ မင်းမသိဘူးလား။ ဒီလို ငတုံးတစ်ယောက်ကို တွေ့ဖို့အတွက် ငါတို့ရဲ့ အဖိုးတန်တဲ့အချိန်တွေကို ဖြုန်းတီးလိုက်ရတာလား"
ကျန်းဝေတကလည်း ဒေါသတကြီး ပြန်အော်လိုက်သည်။
"လျူယီက ငါ့ရဲ့ ညီအစ်ကိုပဲ။ သူက ငါ့ကိုကူညီဖို့ သားရဲတစ်ရာတောင်တန်းကနေ တကူးတက လာခဲ့တာ။ မင်းရဲ့ ပါးစပ်ကို ပိတ်ထားစမ်း..."
"အေးပါ... အေးပါ သူကပဲ တကယ် ကူညီနိုင်သလိုလိုနဲ့"
ကျန်းဝေချုန်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
“ခုနက လူငယ်လေးက ဘယ်သူလဲ”
ဖခင်ကျန်းက မေးလိုက်သည်။
“အဖေရယ်... သူက ကျွန်တော် အရင်က ပြောပြဖူးတဲ့ အလားအလာမရှိတဲ့ တောသားလေးပါ။ ဝေတကတော့ ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းနေတာလဲ မသိဘူး။ ထားလိုက်ပါတော့... ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးပြီး ငွေတွေကို ဆက်ရှာကြတာ ပိုကောင်းပါတယ်”
ကျန်းဝေချုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖခင်ကျန်းသည် ဘာမှထပ်မပြောတော့ပေ။ သူသည်လည်း လုံယီ့အပေါ် မည်သည့်မျှော်လင့်ချက်မှ ထားရှိပုံမရတော့ချေ။ သူတို့၏ သဘောထားကို မြင်လိုက်ရသော ကျန်းဝေတ၏ ရင်ထဲတွင် ဒေါသများ အောင့်တက်လာသည်။
“တကယ်လို့ ငါ့ညီအစ်ကိုကသာ ဒီအခြေအနေကို ဖြေရှင်းပေးနိုင်ရင် မင်းဘာလုပ်မလဲ”
“သူသာ တကယ်လုပ်နိုင်ရင် ငါ ဒီနေရာတင် သူ့ကို သုံးကြိမ် ဒူးထောက်ဦးချပြမယ်ကွာ”
ကျန်းဝေချုန်းက မထေမဲ့မြင် ပြန်ပြောလိုက်သည်။
“ကောင်းပြီ... မင်းပြောတာနော်”
ကျန်းဝေတက ဒေါသတကြီး အံကြိတ်ပြောလိုက်သည်။ သို့သော် သူကိုယ်တိုင်လည်း လုံယီက မည်သို့ကူညီပေးနိုင်မည်ကို မသိသဖြင့် စိတ်ထဲတွင် သိပ်တော့ အားမရှိလှပေ။
အခြားတစ်ဖက်တွင်မူ လုံယီသည် ရှီမောင်နှံနှစ်ဦးနှင့်အတူ မြင်းများကို အရှိန်ပြင်းစွာ စီးနင်းလျက် ဆိုင်းယန် စံအိမ်တော်ဆီသို့ ဦးတည်နေသည်။
“အဲဒီမင်းသားချောက ဘာတွေ ဟန်ဆောင်နေတာလဲ”
သစ်ပင်နောက်တွင် ပုန်းနေခဲ့သော ရှီချင်းတနှင့် ရှီချိုင်ဖုန်းတို့သည် ကျန်းမိသားစုဝင်များနှင့် လုံယီတို့၏ ပြောဆိုဆက်ဆံပုံကို အကုန်မြင်ခဲ့ကြသည်။ ရိုင်းစိုင်းလှသော ကျန်းဝေချုန်းအပေါ် သူတို့က အလွန်မကျေမနပ် ဖြစ်နေကြသည်။
ရှီချင်းတက ကျန်းဝေချုန်းကို မင်းသားချောဟု ခေါ်သည်ကို ကြားသောအခါ လုံယီသည် ရှီချင်းတ၏ ပိုမိုဖြူဝင်းသော မျက်နှာကို တစ်ချက်ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
“လျှောက်ခုန်နေတဲ့ လူပြက်တစ်ယောက်ပါပဲ သူ့ကို ဂရုမစိုက်ပါနဲ့”
“မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
ရှီချိုင်ဖုန်းက လုံယီ၏အနားသို့ မြင်းကို ကပ်စီးရင်း ခေါင်းလေးငုံ့ကာ မေးလိုက်သည်။ သူမ၏ စူးရှသော မျက်လုံးများက လုံယီ့အပေါ်တွင်သာ စွဲထင်နေသဖြင့် သူမမျက်နှာပေါ်ရှိ အမာရွတ်လေးမှာပင် ဆွဲဆောင်မှုတစ်မျိုး ဖြစ်နေသယောင်ရှိသည်။
“မင်းကော ဘယ်လိုထင်လဲ”
လုံယီက အဖြေကို တိုက်ရိုက်မပေးဘဲ လျှို့ဝှက်ချက်တစ်ခုအလား ထိန်းသိမ်းထားရာ ရှီချိုင်ဖုန်းမှာ စိတ်မရှည်လွန်းသဖြင့် အံလေးကို တင်းတင်းကြိတ်ထားမိသည်။
ဆိုင်းယန် စံအိမ်တော်၊ဟ အတွင်းဘက် ဝန်းကျင်တစ်ခုတွင်...
စံအိမ်ဝင်းအတွင်းရှိ ကျောက်စားပွဲပေါ်၌ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လူငယ်နှစ်ဦးသည် ဂိုကစားနည်းကို ကစားနေကြသည်။ အနားတွင် လှပသော အစေခံမလေးများက ယပ်တောင်ခပ်ပေးရင်း တစ်ခါတစ်ရံတွင် အစေ့နွှင်ထားသော စပျစ်သီးများကိုပါ ဂရုတစိုက် ကျွေးမွေးနေကြသည်။
‘တောက်’
အနက်ရောင် ကျောက်တုံးလေးတစ်ခု ကျရောက်သွားပြီးနောက် အသံသာသာ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
“မင်း ရှုံးပြီ”
စကားပြောသူမှာ အပြာရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော အသက် ၂၀ ဝန်းကျင်
အရွယ် ရှုဟောင်ယင်းပင်။ သူသည် ရှုမိသားစု၏ သားကြီးဖြစ်ပြီး ခန့်ညားသော ရုပ်ရည်နှင့်အတူ မောက်မာသော အရှိန်အဝါရှိသည်။
“သခင်လေးရဲ့ ကျောက်ကစားနည်းက တကယ်ကို အံ့မခန်းပါပဲ။ ကျွန်တော် တကယ်ကို ရှက်မိပါတယ်”
အခြားတစ်ဦးမှာမူ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နဖူးပြင်မြင့်မြင့်နှင့် ထူးခြားသော ရုပ်ရည်ရှိသူဖြစ်သည်။
အကယ်၍ ကျန်းဝေချုန်းသာ ဤနေရာတွင် ရှိနေပါက ထိုလူကို မြင်သည်နှင့် ကျန်းမိသားစုဆီက ငွေရှစ်သိန်း လိမ်သွားတဲ့ကောင်ဟု အော်ဟစ်ကာ အသေအလဲ တိုက်ခိုက်ပေလိမ့်မည်။ အကြောင်းမှာ ထိုသူသည် အလယ်ပိုင်းဒေသရှိ လုံမိသားစုမှ သခင်လေးဟု ဟန်ဆောင်ထားသော သခင်လေးလုံပင်။