ယန့်ပုကွေး - ပြန်မလာတော့သော ပျံလွှားငှက်များ
Vol. 1 Ch. 64
"မင်း ငါနဲ့တွေ့တာ ကံကောင်းတယ်မှတ်။ မဟုတ်ရင် လပေါင်းများစွာ ကြာအောင်ရှာနေလည်း နတ်တံခါးကို တွေ့နိုင်မှာ မဟုတ်ဘူး"
မိန်မပျိုက ပြုံးရင်း ပြောလိုက်လေသည်။
ဆန်းလျန်မှာ သူ၏ မျက်လုံးကိုပင် မယုံနိုင် ဖြစ်သွားရလေသည်။ မိန်းမပျိုမှာ မတ်စောက် လွန်းသည့် ကျောက်နံရံကြီးဆီမှာ လှေကားထစ်များမှ ဆင်းလာ သကဲ့သို့ ခြေတစ်လှမ်းချင်း လှမ်းပြီး ဆင်းလာလေသည်။ မသိလျှင် ကျောက်နံရံကြီးတွင် မမြင်ရသည့် လှေကားထစ်များ ရှိနေသကဲ့သို့ပင်။
သို့သော် တကယ်တမ်းတွင်တော့ မည်သည့် လှေကားထစ်မှ ရှိမနေပါ။ အမြင့်ပေ ထောင်ပေါင်း များစွာ မြင့်သည့် မတ်စောက်သည့် ကျောက်ဆောင် တစ်ခုမျှသာ ဖြစ်လေသည်။
မိန်းမပျို၏ မျက်နှာပြင်တွင် မည်သည့် ခံစားချက်မှ ရှိမနေပါ။ သူမ၏ အင်္ကျီလက်များမှာ လေထဲတွင် လွင့်မျော နေကြလေသည်။ သူမသည် နတ်ဘုရားတစ်ပါး မဖြစ်နိုင်ပါ။ နတ်ဘုရားတစ်ပါး ထက်ပင် ပိုပြီး အစွမ်း ထက်မြက်သည့်သူ ဖြစ်ပုံ ရလေသည်။
ရုတ်တရက် လတ်ဆတ်သည့် မွှေးရနံ့တစ်ခုကို ဆန်းလျန် ရလိုက်လေသည်။ သန့်စင်သည့် မွှေးရနံ့တစ်ခု ဖြစ်လေသည့်အတွက် ဆန်းလျန် စိတ်အစဉ်မှာ တိမ်များ ကင်းစင်သည့် ကောင်းကင်ကဲ့သို့ ကြည်လင် သွားရလေသည်။
မိန်းမပျိုမှာ ဆန်းလျန်နှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။ သူမ၏ လှပသော လက်ချောင်း လေးများဖြင့် ဆန်းလျန်ကို ရုတ်တရက် ထိလိုက်လေသည်။
ရုတ်တရက် …
ဆန်းလျန်၏ ခြေထောက်အောက်တွင် တိမ်တိုက်တစ်ခု ပေါ်လာပြီး တိမ်တိုက်မှာ မြင့်သည်ထက် မြင့်တက် သွားလေတော့သည်။
နောက်မှ သိရှိလိုက်ရသည်မှာ သူမ အသုံးပြုသည့် ပညာမှာ "မြင့်မြတ်သည့် ရှောင်ကျူး တိမ်တိုက်" ကျင့်စဉ်ပညာ ဖြစ်လေသည်။
အချိန်တိုလေး အတွင်းမှာပင် ဆန်းလျန်မှာ ကောင်းကင်ထက်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။ ပင်လယ်နှင့်ကောင်းကင်၊ ချင်းရွှမ် တောင်ကြီးကိုပါ ပိုပြီး ထင်ရှားစွာ အပေါ်စီးမှ တွေ့မြင်နေရ လေသည်။
ပုဇွန်ဆီရောင် သမ်းနေသည့် ညနေခင်းတွင် ကောင်းကင် အမြင့်ထက်မှ မြင်ကွင်းများမှာ အကန့်အသတ်မရှိ လှပ လွန်းလေသည်။
တိမ်စီးသည် ဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ ကြားဖူးသည့် နတ်တန်ခိုးရှင်တို့၏ နည်းလမ်း ဖြစ်လေသည်။ ဆန်းလျန်မှာ ယခုမှ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည့်အတွက် ရင်သပ်ရှုမော ဖြစ်နေရကာ နတ်ဘုရားတစ်ပါး ဖြစ်ချင်သည့် စိတ်များ ပို၍ပို၍ ပြင်းထန်လာလေသည်။
ဆန်းလျန် အတွေးများ မဆုံးသေးခင်မှာပင် တိမ်တိုက်က ဆန်းလျန်ကို မြေပြင်ထက် တစ်နေရာတွင် ချထား ပေးလိုက်လေသည်။ ထို့နောက် တိမ်တိုက်က လွင့်စင်ပျောက်ပျယ် သွားလေ သည်။
သူ၏ရှေ့တွင် လူများ သွားလာလှုပ်ရှားနေသည့် မြို့လေးတစ်မြို့ကို တွေ့လိုက်ရလေသည်။
ဆန်းလျန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ခရမ်းရောင်ဝတ် မိန်းမပျိုကို ရှာဖွေ လိုက်သော်လည်း မတွေ့ရတော့ပါ။
သူမ၏ တန်ခိုးများကို ကြည့်ခြင်းအားဖြင့် မိန်းမပျိုမှာ ချင်းရွှမ် နတ်တံခါးမှ နတ်ဒေဝါတစ်ပါး ဖြစ်ကြောင်း ဆန်းလျန် သိလိုက်လေသည်။ စိတ်ဆန္ဒ ရှိသည့်အတိုင်း သွားလာပျောက်ကွယ် နိုင်သည့် သူမ၏ တန်ခိုးများကို ဆန်းလျန်မှာ များစွာအားကျ မိလေသည်။ ဤသို့သော တန်ခိုးများ ရရှိရန်မှာ မသေမျိုးဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်ခြင်းနှင့် တာအိုကျင့်စဉ် ကျင့်ကြံခြင်းကို အဆင့်လွန် လေ့ကျင့်နိုင်မှသာ ဖြစ်ပေမည်။
မြို့အဝင် ဆိုင်းဘုတ်လေးတွင် "နန်ခယ်မြို့" ဟု ရေးသား ထားလေသည်။
ရေးထားသည့် စာလုံးများ၏ စုတ်ချက်များကို ကြည့်လိုက်သည်နှင့် မြို့လေး၏ သမိုင်းကြောင်း ကို ခန့်မှန်း နိုင်လေသည်။
မြို့ဟု ခေါ်ရသည့်တိုင် မြို့ထဲတွင် လမ်းတစ်လမ်းသာ ရှိပြီး အိမ်ခြေမှာလည်း အနည်းငယ်သာ ရှိလေသည်။ ရွာလေး တစ်ရွာလောက်ပင် လူဦးရေ များပြားခြင်း မရှိပေ။
မြို့ထဲသို့ အပြင်လူများ အရောက်အပေါက် နည်းသည့်ပုံလည်း ရှိလေသည်။ သို့သော် မြို့ထဲမှ လူများမှာ ဆန်းလျန်ကဲ့သို့ အပြင်လူများ ရောက်ရှိ လာသည်ကိုလည်း အံ့သြသည့်ပုံ မပြကြပေ။
သတိရှိရှိ နေရန် ဆန်းလျန် သူ့ကိုယ်သူ သတိပေးလိုက် လေသည်။
ဤလောကရှိ လူများမှာ သူယခင်နေခဲ့သည့် ခေတ်ပေါ်ကမ္ဘာမှ လူများနှင့် မတူပေ။ ရှေးကျသည့် အချိန်အခါ ဖြစ်သည့်အတွက် လူများမှာ သူတို့ မွေးဖွားရာ ဒေသတွင်ပင် ခေါင်းချလေ့ ရှိကြလေသည်။ တခြား နေရာများသို့ လှည့်လည် သွားလာခြင်းများ မရှိကြပေ။
"မွေးရပ်မြေကို ခွဲခွာရန်မှာ ခက်ခဲလှသည်" ဟု ထိုခေတ် ထိုအခါက လူများက အမြဲပြောဆို ကြသည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ထိုသို့သော ရှေးခေတ်မှ လူများသည့် သူတို့ဒေသသို့ လူစိမ်းသူစိမ်း ရောက်ရှိ လာပါက အထူးအဆန်း ဖြစ်ကာ စပ်စု လိုကြလေသည်။
စပ်စုသည် ဆိုသည်မှာ လူ့သဘာဝပင် ဖြစ်လေသည်။
သို့သော် နန်ခယ်မြို့မှ လူများကတော့ စပ်စုခြင်း အလျင်းမရှိပါ။ ထို့ကြောင့်ပင် ဆန်းလျန်မှာ မယုံကြည်နိုင် ဖြစ်နေရလေသည်။
လမ်းပေါ်တွင် လူအများကြီး ရှိမနေပါ။ လူသုံးဆယ် လေးဆယ်ခန့်သာ သွားလာနေကြ လေသည်။ ထိုသူများ၏ တစ်ဝက်ခန့်မှာ ကလေးများနှင့် ဆယ်ကျော်သက် လူငယ်များ ဖြစ်ကြ လေသည်။
မည်သူမျှ ဆန်းလျန်ကို လာရောက် စကားပြောဆိုခြင်း မပြုကြပါ။ ဆန်းလျန်ကို မကြာခင် သေရတော့မည့် လူတစ်ယောက်ပုံစံဖြင့်သာ ကြည့်သွား ကြလေသည်။ ဆန်းလျန်မှာလည်း သူတို့ကို စကားစတင် ပြောဆိုခြင်း မရှိပါ။
မြို့ထဲရှိ လူများမှာ သိုင်းပညာ တတ်ကြသည်ကို ဆန်းလျန် ရိပ်မိထားလေသည်။ ဆန်းကျူ ကျင့်စဉ်ကျမ်းကို လေ့ကျင့်ထားသည့် လူတစ်ယောက် နှစ်ယောက်မျှကို ဆန်းလျန် အာရုံရလိုက် လေသည်။
ဆန်းကျူ ကျင့်စဉ်ကျမ်းမှာ ဝိညာဉ်စွမ်းအားနှင့် သိုင်းပညာကို ပေါင်းစပ်ထားသည့် ကျင့်စဉ်ကျမ်း တစ်ခု ဖြစ်လေည်။ ဆန်းလျန် ကိုယ်တိုင်မှာလည်း ထိုကျမ်းကို လေ့ကျင့် ခဲ့သည့်အတွက် သူကဲ့သို့သော လေ့ကျင့်ထားသည့် သူများကို အာရုံခံ၍ ရလေသည်။
ခရမ်းရောင်ဝတ် နတ်မိမယ်၏ "ဘယ်အိမ်က ကလေးလဲ" ဟု သူ့ကို မေးခဲ့သည်ကို သူ သဘောပေါက်သွား လေသည်။
ဆန်းလျန်မှာ ဆန်းကျူ ကျင့်စဉ်ကျမ်းကို အဆင့်အမြင့်ဆုံးထိ ရောက်အောင် ကျင့်ကြံအောင်မြင် ထားသူ ဖြစ်လေသည်။ ထို့ပြင် အထွတ်အထိပ် ဆုံချက် ရှစ်နေရာမှာလည်း ပွင့်နေသူ ဖြစ်လေသည်။ အကယ်၍ ဆန်းလျန်သာ ရည်ရွယ်ချက် ရှိရှိဖြင့် သူ၏ ကျင့်စဉ်ကို ဖုံးကွယ်ထားမည် ဆိုလျှင် သူကျင့် ထားသည့် ကျင့်စဉ်ကို သာမန်လူ တစ်ယောက်က ခန့်မှန်းနိုင်မည် မဟုတ်ပေ။
နန်ခယ်မြို့ရှိ လူများမှာ သိုင်းပညာ တတ်ကြသော်လည်း မည်သူမျှ အထွတ်အထိပ်ဆုံချက် ရှစ်နေရာ ပွင့်နေသည့်လူများ မရှိသေးပေ။
အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်နှင့် အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက်နှစ်ခု ပွင့်နေလျှင်ပင် ကျင့်စဉ်လမ်း လျှောက်လှမ်းရန်အတွက် အခြေခံအဆင့်သို့ ဝင်ရောက်နိုင်ပြီဟု သတ်မှတ်၍ ရလေသည်။
ဝိညာဉ်စွမ်းအား ကောင်းသူတစ်ယောက်ပင်လျှင် ထိုကဲ့သို့ အခြေခံအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ဖို့မှာ လွယ်ကူသည် မဟုတ်ပေ။ ထို့ပြင် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်နှင့် အတွေးအမြင်ပိုင်း ဆိုင်ရာ ဆုံချက်ကို သက်လတ်ပိုင်း အရွယ်ထိ ပွင့်အောင် မကျင့်ကြံနိုင်ခဲ့လျှင် ထိုကျင့်စဉ်ကို အောင်မြင်ဖို့ ရန်မှာ တဖြည်းဖြည်း ခက်ခဲလာမည် ဖြစ်လေသည်။
အစိမ်းရောင်ဝတ်လူ ယန်ရွှမ်ပင်လျှင် ထိုဆုံချက် နှစ်ခုကို သက်လတ်ပိုင်း အရွယ်ရောက်မှ ပွင့်အောင် လေ့ကျင့်နိုင်ခဲ့သည်မှာ အမှတ်မထင်ကိစ္စ ဖြစ်လေသည်။
ဆန်းလျန် လေ့လာမိသလောက် နန်ခယ်မြို့တွင် အိမ်ခြေ အနည်းငယ်နှင့် တည်းခိုခန်း တစ်ခုသာ ရှိလေသည်။
တည်းခိုခန်းနာမည်မှာ "ယန့်ပုကွေး" ဟူ၍ ဖြစ်လေသည်။ အဓိပ္ပာယ်မှာ "ပြန်မလာတော့သော ပျံလွှားငှက်များ" ဟု အဓိပ္ပာယ် ရလေသည်။
ဆန်းလျန် တည်းခိုခန်းတွင်းသို့ ဝင်လိုက်သည်နှင့် စားပွဲထိုး တစ်ယောက် သူ့အနားသို့ ရောက်လာ လေသည်။
"ဧည့်သည် ဘာများ သုံးဆောင်ချင်ပါသလဲ"
စားပွဲထိုးက ခင်မင်ဖွယ်ရာ လေသံဖြင့် မေးလိုက်သည်။
"ဒီနေရာမှာ ဒီရွှေစလေးတွေများ သုံးလို့ ရနိုင်မလား"
ဆန်းလျန်က ရွှေရွက်လေး တစ်ရွက် ထုတ်ပြရင်း ပြောလိုက်လေသည်။ မည်သည့် နေရာတွင် မဆို ရွှေက အဖိုးတန်သည့် ပစ္စည်းပင် မဟုတ်ပါလား။
"ဒီလိုအချိန်မှာ ရောက်လာတဲ့ ဧည့်သည်တွေအတွက် ပိုက်ဆံပေးစရာ မလိုပါဘူး"
စားပွဲထိုးက ပြောလိုက်လေသည်။
စားပွဲထိုးမှာ အသက် သုံးဆယ်ဝန်းကျင်ခန့် ရှိပြီ ဖြစ်လေသည်။ ပခုံးပေါ်တွင် တဘက် တစ်ခုကို တင်ထားလေသည်။ သူ၏ပုံစံမှာ အဆင့်မြင့် သိုင်းသမားတစ်ယောက် ပုံစံမျိုး ဖြစ်ပြီး သိုင်းလောက တွင်သာဆိုလျှင် နာမည်ကျော်ကြားသည့် သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်ပေသည်။ သို့သော် နန်ခယ်မြို့တွင်တော့ သူက စားပွဲထိုး တစ်ယောက်မျှသာ ဖြစ်လေသည်။
"ဘာလို့ ပိုက်ဆံမယူတာလဲ"
ဆန်းလျန်က မေးလိုက်လေသည်။
"ခုနေပြောလိုက်ရင် ခင်ဗျား စိတ်ပျက်သွားမှာပေါ့"
စားပွဲထိုးက ရယ်မောရင်း ပြောလိုက်လေသည်။
"ကျုပ်က စိတ်မပျက် တတ်ပါဘူး။ ပြောသာပြောပါ"
"ဒါဖြင့်လည်း ပြောရတာပေါ့။ တည်းခိုခန်းပိုင်ရှင် ပြောတာက ခင်ဗျားတို့ အားလုံးက မကြာခင် သေတော့မှာတဲ့။ အဲဒီတော့ မသေခင်လေး ၀၀လင်လင် အလကားစားခွင့် ပြုရတာပေါ့ဗျာ"
စားပွဲထိုးက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်လေသည်။
"ကောင်းပါပြီ။ သေရတော့မယ် ဆိုတော့လည်း ခင်ဗျားတို့ ဆီမှာရှိတဲ့ အကောင်းဆုံး အရက်နဲ့ အကောင်းဆုံး ဟင်းလျာတွေသာ ကျုပ်ကို ချပေးပါတော့"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေတော့သည်။
စားပွဲထိုးက ဆန်းလျန်စကားကို ချက်ချင်း ပြန်ပြောခြင်း မရှိပေ။ သူက ဆန်းလျန်၏ ပခုံးထက်ဆီသို့ သူ့လက်ကို ဆန့်တန်း လိုက်လေသည်။ သူ့ လက်ချောင်းများမှာ အနည်းငယ် ကွေးညွှတ် နေလေသည်။ စွမ်းအားကြီးမားသည့် ဖမ်းချုပ် တိုက်ခိုက်မှု တစ်မျိုးပင် ဖြစ်လေသည်။ စားပွဲထိုး၏ အတွင်းအားမှာ နှစ်ပေါင်း နှစ်ဆယ်သုံးဆယ်ခန့် ကျင့်ကြံမှ ရနိုင်မည့် အတွင်းအားမျိုး ဖြစ်လေသည်။
ဆန်းလျန်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ စားပွဲထိုး၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်သည်။
စားပွဲထိုးက အံ့သြစွာဖြင့် …
"ခင်ဗျားရဲ့ ပခုံးပေါ်မှာ ဖုန်တွေ ပေနေတာမြင်လို့ ကျုပ်က ခါပေးမလို့ပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး"
စားပွဲထိုးက ပြောလိုက်လေသည်။
ဆန်းလျန်က သူ့ပခုံးပေါ်မှ ဖုန်မှုန့်များကို ခါလိုက်ရင်း …
"ကောင်းပါပြီ။ ကျုပ်အတွက် အရက်နဲ့ စားစရာတွေသာ ပေးပါ"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။
စားပွဲထိုး ထွက်ခွာသွားသည့် အခါတွင်တော့ ဆန်းလျန်က ထိုင်ရန်နေရာ ရှာလိုက်လေသည်။
တည်းခိုရိပ်သာမှာ သေးငယ်သည့် တည်းခိုရိပ်သာတစ်ခု မဟုတ်ပါ။ စားပွဲနှင့် ထိုင်ခုံများ အများအပြား ရှိနေလေသည်။ ထိုင်ခုံများတွင်လည်း သူ့နေရာနှင့်သူ ထိုင်ပြီး စားသောက်နေကြသည့် သူများလည်း ရှိနေလေသည်။
စားသောက်နေကြသည့် သူအားလုံးမှာ ကောင်းမွန်သေသပ်စွာ ဝတ်ဆင်ထားကြသည့် သူများ ဖြစ်ပြီး သူလိုကိုယ်လို ဝတ်ဆင်ထားသည့် သူတစ်ယောက်မျှ မရှိပါ။
စားသောက်နေသူများမှာ သူတို့ဖာသာသူတို့ ထိုင်ပြီး စားသောက်နေကြခြင်း ဖြစ်ပြီး အချို့မှာ ဆန်းလျန်ကဲ့သို့ အဖော်မပါ တစ်ယောက်တည်းပင် ဖြစ်ကြလေသည်။
အုပ်စုလိုက် စားနေကြသူများကလည်း ဆန်းလျန်ကို တစ်ချက်မျှ ကြည့်လိုက်ပြီး တစ်ယောက်တည်း ခရီးသွားကြသည့် သူများကလည်း သူ့ကို လှမ်းကြည့်ကြလေသည်။
ဆန်းလျန်က လူများကို ရေတွက် ကြည့်လိုက်သည်။
သူကဲ့သို့ တစ်ယောက်တည်း လာသည့်သူမှာ လေးယောက်ရှိပြီး အုပ်စုလိုက် စားသောက် နေကြသည့် သူများက ငါးဖွဲ့ ရှိလေသည်။
သူတို့ အားလုံးမှာ ဆန်းလျန်နှင့် သက်တူရွယ်တူများ ဖြစ်ကြလေသည်။ သူတို့ထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသား သုံးဦးခန့် ပါလေသည်။ ထိုသူများ၏ အကြည့်များက စူးရှတောက်ပ နေကြလေသည်။ ကြည့်ရသည်မှာ အဆင့်မြင့် သိုင်းသမားများ ဖြစ်ပုံရလေသည်။
ရဲ့လျိုယွင်၏ စာထဲတွင် ရေးထားသည်မှာ အသက်နှစ်ဆယ်အောက် ဖြစ်မှသာ ချင်းရွှမ် နတ်တံခါးက တပည့်အဖြစ် လက်ခံမည် ဖြစ်လေသည်။ ထိုအချက်ကို ခြွင်းချက်ထားခြင်း မရှိပေ။
ထိုသက်လတ်ပိုင်း လူရွယ်များမှာ ချင်းရွှမ်နတ်တံခါး အကြောင်းကို သိရှိသည့် သိုင်းလောကရှိ ကျော်ကြားသည့် အိမ်တော်များမှ ချင်းရွှမ် နတ်တံခါး၏ လူရွေးပွဲကို လေ့လာရန် ရောက်ရှိနေကြသူများ ဖြစ်နိုင်သလို တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းကဲ့သို့သော လျှို့ဝှက်နတ်ဘုရား ကျောင်းတော် များမှ လာရောက် လေ့လာသည့် သူများလည်း ဖြစ်နိုင်လေသည်။
တစ်ယောက်တည်း ရောက်နေကြသည့် သူများမှာ ဆန်းလျန်ကဲ့သို့သော သူများပင် ဖြစ်နိုင် လေသည်။ သူတို့က ကျွန်းပေါ်သို့ ချင်းရွှမ်နတ်တံခါး တပည့်ရွေးပွဲတွင် ပါဝင်ရန် တစ်ယောက်တည်း လာခဲ့ကြသူများ ဖြစ်နိုင်သလို မျက်စိလည် လမ်းမှားပြီး ရောက်လာသူများလည်း ဖြစ်နိုင်လေသည်။
***