← Chapters

စိတ်ဖောက်ပြန်ခြင်းစွမ်းအား

Vol. 44 Ch. 660

စိတ်ဖောက်ပြန်ခြင်းစွမ်းအား

Vol. 44 Ch. 660

ကောင်းမင်နှင့် နံပါတ် ၂ တို့မှာ အရိပ် မည်သို့ဖြစ်သွားသည်ကို လုံးဝ နားမလည်နိုင်ကြတော့ပေ။ အစောပိုင်းက ပေါက်ကွဲထွက်သွားသော ကျိန်စာသည် မြူထု၏ ဧရိယာအတော်များများကို အငွေ့ပျံသွားစေခဲ့သည်။ ၎င်းသာ လူတစ်ယောက်ကို တိုက်ရိုက်ထိမှန်ခဲ့ပါက ထိုသူမှာ အရိုးစအနပင် ကျန်ရစ်တော့မည် မဟုတ်ချေ။

သူ အချိန်တော်ကြာအောင် သုံးစွဲလာခဲ့သော ဖုန်းမှာလည်း ထာဝရပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အရိပ်က ကောင်းမင်ထံ ဖုန်းပြန်ပေးခဲ့လျှင်တောင် ကောင်းမင် သုံးရဲတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာပေါ်တွင် သူတစ်သက်လုံး မြင်ဖူးသမျှထက် ပိုများသော ကျိန်စာများ စွဲကပ်နေသောကြောင့်ပင်။

အတွင်းကမ္ဘာထဲတွင် ဝေလငါးသီချင်းသံမှာ ပဲ့တင်ထပ်နေပြီး အထီးကျန်ကျွန်းပေါ်ရှိ ကလေးငယ်ရွှံ့ရုပ်တုသည် ပေါ်လာလိုက်၊ ပြန်လည်ကြေမွသွားလိုက် ဖြစ်နေသည်။ ၎င်းသည် အရိပ်အတွင်းရှိ လူသားဆန်မှုနှင့် ဆိုးယုတ်စိတ်တို့ကြား တိုက်ပွဲဝင်နေခြင်း ဖြစ်ပုံရသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းမင်၏ ဖုန်းသည် ထိုစွမ်းအားနှစ်ခုကြားတွင် ကြေမွပျက်စီးသွားတော့သည်။ ထိုအရိပ်သည် နောက်ဆုံးတွင် ဖုန်းကိုလည်း မဖြေခဲ့သလို အခြားတစ်ဖက်မှ လူကိုလည်း စကားတစ်လုံးမျှ မပြောခဲ့ပေ။

သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော စိတ်ခံစားချက်များ ပြည့်နှက်နေသော်လည်း နာကျည်းမုန်းတီးမှုတော့ မဟုတ်ပေ။ သူသည် ကလေးငယ်ကိုးဦးကို သတ်ဖြတ်၍ သရဲတစ်ကောင်မှ လူသားတစ်ဦးကို ဖန်တီးခဲ့လျှင်ပင် ထိုသရဲအိမ်ပိုင်ရှင် ပိုင်ဆိုင်သမျှ အရာအားလုံးကို သူအမှန်တကယ် ပိုင်ဆိုင်နိုင်ပါ့မည်လော။

အရိပ် ရှာဖွေနေခဲ့သောအရာသည် သူ့ဘေးနားတွင် အမြဲတမ်း ရှိနေခဲ့ခြင်းပင်။

ဝေလငါးကြီး၏ ပါးစပ်မှ အန်ထုတ်ထားသော အပိုင်းအစများ လှုပ်ရှားသွားပြီး အရိပ်၏မြင်ကွင်းထဲတွင် စုတ်ပြဲနေသော ပုံဆွဲစက္ကူတစ်ရွက် ထွက်ပေါ်လာသည်။ ထိုပုံထဲတွင် သာယာလှပသော နေသာသည့်နေ့တစ်နေ့၌ မိဘနှစ်ပါးနှင့် ကလေးငယ်တစ်ဦးတို့သည် သရဲအိမ်တစ်လုံး ရှေ့တွင် ဓာတ်ပုံရိုက်နေကြလေသည်။ ထိုကလေး၏ အရိပ်မှာမူ သစ်ပင်တစ်ပင်နောက်တွင် တိတ်တဆိတ် ရပ်နေပြီး သူတို့ကို အားကျစွာ ကြည့်ရှုနေခဲ့လေသည်။(ချန်ဂီရဲ့ အရိပ်ပေါ့)

မူလက ထိုပုံမှာ ဤအတိုင်းသာ ဖြစ်သော်လည်း တစ်ယောက်ယောက်က ၎င်းကို ပြုပြင်ထားခြင်း ဖြစ်သည်။ ထိုအရိပ်၏ ဘေးနားတွင် ဝဖိုင့်ဖိုင့် ဝေလငါးကြီးတစ်ကောင်ကို ထည့်သွင်းဆွဲသားထားခြင်းပင်။

“မင်းဖုန်းကို ငါဖျက်ဆီးမိသွားလို့ တခြားတစ်ခု ပြန်ပေးမယ်”

အရိပ်က ပြောလိုက်ပြီး သူ့လက်ချောင်းတစ်ချောင်းကို ဖြတ်၍ ကျွန်းပေါ်မှ မြေကြီးတစ်ဆုပ်ကို ယူလိုက်သည်။ ထို့နောက် ၎င်းတို့ဖြင့် အရိပ်များ ဖုံးလွှမ်းနေသော ကလေးငယ်ရုပ်တုတစ်ခုကို ထုလုပ်လိုက်သည်။

“သူ့နာမည်က ရှန်းနွမ်တဲ့၊ သူက ကလေးတွေထဲမှာ အသုံးမကျဆုံးပဲ၊ ဘာထူးခြားတဲ့ စွမ်းအားမှ မရှိတဲ့အပြင် မင်းဆီကို ကံဆိုးမိုးမှောင်ကျမှုတွေတောင် ယူဆောင်လာနိုင်တယ်”

ထိုအရိပ် ပေးအပ်သော လက်ဆောင်များသည် ကျိန်စာများနှင့် တူနေသော်လည်း ကောင်းမင်က တုံ့ဆိုင်းခြင်းမရှိဘဲ ထိုကလေးငယ်ရုပ်တုကို လက်ခံလိုက်သည်။

ထိုကလေးငယ်တွင် ထူးခြားသော စွမ်းအားများ မရှိကောင်း မရှိနိုင်သော်လည်း ၎င်းမှာ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်နတ်ဘုရားတစ်ပါး၏ ခင်မင်ရင်းနှီးမှုကို ကိုယ်စားပြုနေခြင်းပင်။

“မင်းဆီမှာ စိတ်ဝင်စားစရာတွေ အများကြီး မြင်နေရပါတယ်၊ ဒါပေမဲ့ မင်းက ကမ္မတွေအများကြီးနဲ့ အရမ်းငြိတွယ်နေလို့ ငါစွက်ဖက်လို့ မရဘူး”

အရိပ်သည် အနက်ရောင်မြူများ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ လှမ်းကြည့်လိုက်သည်။သူ့ အကြည့်သည် ကျယ်ပြောလှသော သွေးမြို့တော်တစ်ခုတွင် အဆုံးသတ်သွားပုံရသည်။

“နောင်တတွေနဲ့ မပြည့်စုံမှုအားလုံးအတွက် ခိုနားရာအိမ်တစ်ခု ဖန်တီးပေးမယ်ဆိုတဲ့ စိတ်ကူးက သိပ်ကောင်းတာပဲ၊ တကယ်လို့ မင်းသွေးမြို့တော်ကို အမှန်တကယ် ပြန်တည်ဆောက်နိုင်ခဲ့ရင် ငါ့ကို ပြန်လာရှာနိုင်ပါတယ်”

ကောင်းမင်၏ နှလုံးခုန်သံများ မြန်လာသည်။ ထိုရက်စက်တတ်သည့် ကျိန်စာသင့်နတ်ဘုရားသည့် သူ့ကို အမှန်တကယ် အသိအမှတ်ပြုလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

“မင်း လုပ်စရာ ရှိတာကို သွားလုပ်ပါ၊ ငါလည်း ရှင်းစရာရှိတဲ့ အကြွေးအချို့ကို ရှင်းရဦးမယ်”

အရိပ်အတွင်းရှိ ကျိန်စာများသည် ပေါက်ကွဲထွက်တော့မည့် အခြေအနေတွင် ရှိနေသဖြင့် သူ ဖြေဖျောက်ရန် လိုအပ်နေသည်။

“အမှောင်ထု၊ ဆွေးမြည့်ခြင်း၊ ပုံရိပ်ယောင်... ငါ ဘယ်ကနေ အရင်စရမလဲ”

အငြိုးကြီးခြင်း၊ ရက်စက်ခြင်းနှင့် ကြမ်းကြုတ်ခြင်း - ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော နတ်ဘုရား၏ စစ်မှန်သော သဘာဝပင် ဖြစ်သည်။

မြူခိုးများ ထူထပ်လာပြီး အရိပ်က လက်ယမ်းပြလိုက်သည်။ အထီးကျန်ကျွန်းကြီးသည် မြူခိုးပင်လယ်ထဲသို့ နစ်ဝင်သွားကာ လုံးဝပျောက်ကွယ်သွားတော့သည်။ ဝေးကွာလှသော အတိတ်မှ ပဲ့တင်ထပ်လာသော ဝေလငါးသီချင်းသံ မှိန်ဖျော့ဖျော့သာ ကျန်ရစ်ခဲ့တော့၏။

“တကယ် ကြောက်စရာကောင်းတဲ့ ကောင်ပဲ”

ထိုအရိပ် ပျောက်ကွယ်သွားမှသာ နံပါတ် ၂ က ရဲဝံ့စွာ ညည်းညူလိုက်သည်။

“အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားတွေ ရူးသွားတဲ့အခါ လုံးဝယုတ္တိမရှိတော့ဘူး၊ သရဲတွေ၊ နတ်ဘုရားတွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေလည်း မရှိတော့ဘဲ ရက်စက်မှုနဲ့ ကြောက်လန့်စရာတွေပဲ ရှိတော့တယ်”

“ဒါပေမဲ့ သူတို့က အရမ်းပွင့်လင်းတယ်လို့ ငါခံစားရတယ်၊ သရဲတွေ ဖြစ်လာပြီးတဲ့နောက် သူတို့ရဲ့ နှလုံးသားက အလိုချင်ဆုံးအရာတွေကိုပဲ ချန်ထားရစ်ခဲ့ကြတာလေ”

ကောင်းမင်သည် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားများနှင့် မပြောသင့်သူများကြားရှိ ကွဲပြားမှုကို ဗီဇအရ ခံစားမိလိုက်သည်။

အိပ်မက်ချိုးဖျက်မြို့သို့ ပြန်ရောက်လာသောအခါ ကောင်းမင်မှာ ခေါင်းကိုက်သွားရသည်။ မပြောသင့်သူရုပ်တု သုံးခုသည် ဤမြို့တွင် အချိန်တိုလေးသာ နေထိုင်ခဲ့သော်လည်း အံ့အားသင့်ဖွယ် ဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ကြသည်။ မြို့၏ အစိတ်အပိုင်းအများစုသည် ဖြိုချခံထားရပြီး မြေအောက်ထဲမှ ပြည်ပုတ်နှင့် သွေးပုတ်များ စိမ့်ထွက်နေသည်။ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ဧရာမ အသွေးအသားသစ်ပင်ကြီးမှာလည်း ပြင်းထန်စွာ ထိခိုက်ခံထားရပြီး ၎င်း၏ သစ်ကိုင်းသစ်ရွက်များက ညှိုးနွမ်းနေလေသည်။၎င်း၏ သစ်ခေါက်များမှလည်း အပုပ်နံ့များ ထွက်ပေါ်နေသည်။

“ခက်ခက်ခဲခဲ ရထားတဲ့ ဒီလို နက်ရှိုင်းအဆင့် အိပ်မက်နယ်ပယ်ကို လက်လွှတ်လိုက်ရမှာက နှမြောစရာကြီးပဲ၊ စွန့်လွှတ်ဖို့ တကယ်ခက်ခဲတယ်”

ကောင်းမင်သည် အရိပ်ရှိသော အထီးကျန်ကျွန်းဆီသို့ ဦးတည်သည့် ကောင်းကင်ဘုံတံခါးကို ပြန်ကြည့်လိုက်သည်။ ၎င်းကို တွန်းဖွင့်လိုက်ပါက သူသည် ကျွန်းနှင့် မဝေးသော နေရာသို့ ရောက်ရှိသွားနိုင်ပုံရသည်။

“ဒီတံခါးအတွက်နဲ့တောင် ငါဒီမြို့ကို ဆက်ထိန်းသိမ်းထားရမယ်”

“အိပ်မက်ချိုးဖျက်မြို့ကို အိပ်မက်ယဇ်ပလ္လင်ပေါ်မှာ အုတ်မြစ်ချပြီး တည်ဆောက်ထားတာ၊ မင်း ခုနကပဲ ယဇ်ပလ္လင်အသစ်တစ်ခု ရထားတာ မဟုတ်လား”

နံပါတ် ၂ က တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“အိပ်မက်ရဲ့ အဓိကယဇ်ပလ္လင် နောက်တစ်ခုကို သိမ်းပိုက်လိုက်ရင် မြို့က ပိုတည်ငြိမ်လာပြီး မင်းရဲ့ စွမ်းအားတွေလည်း အမြန် တိုးတက်လာလိမ့်မယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင် အိပ်မက်တစ်ခုအနေနဲ့ အစားထိုးခံရဖို့ အခွင့်အရေးကလည်း အများကြီး ပိုများသွားလိမ့်မယ်”

ကောင်းမင်သည်လည်း စွန့်စားရမှုများကို မသိသည် မဟုတ်ပေ။ သွေးမြို့တော်ရှိ မပြောသင့်သူ အားလုံးသည် အဓိကယဇ်ပလ္လင် ရှိနေခြင်းကို သိကြသော်လည်း မည်သူမျှ တိုက်ရိုက် သိမ်းပိုက်ရန် မစဉ်းစားကြပေ။ အကြောင်းမှာ သူတို့သည် အိပ်မက်ကို သတိထားနေကြသောကြောင့် ဖြစ်သည်။

“အခုချိန်မှာ ငါ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ မြှင့်တင်ဖို့ လိုတယ်၊ ဟန်ဟိုင်းက ကျန်တဲ့သွေးမြို့တော် အားလုံးနဲ့ ရန်သူဖြစ်နေပြီပဲ၊ သေခါနီးဖြစ်နေတဲ့ အိပ်မက်ကို ငါက ဘာလို့ ကြောက်နေရမှာလဲ”

ညှင်းပန်းနှိပ်စက်ခန်းထဲမှ အိပ်မက်၏ပင်မယဇ်ပလ္လင်ကို ထုတ်ယူလိုက်ပြီး ကောင်းမင်သည် ၎င်းအတွင်း၌ သားစားကြူးနတ်ဘုရားရုပ်တုကို ထည့်သွင်းလိုက်သည်။ သွေးမြို့တော် သရဲတက်တူးက အိပ်မက်အမှတ်အသားကို ဝါးမျိုလိုက်တော့သည်။ ယဇ်ပလ္လင်မှာ လုံးဝ သွေးနီရောင် ပြောင်းလဲသွားသည်။ အသားနံ့များ ထွက်ပေါ်လာပြီးနောက် အိပ်မက်ချိုးဖျက်မြို့ရှိ အရာအားလုံးသည် ကြီးထွားလာပြီး ဤနက်ရှိုင်းအဆင့်အိပ်မက်ဆိုး၏ နယ်ပယ်မှာလည်း သုံးဆခန့် ပြန့်ကားသွားတော့သည်။

ယဇ်ပလ္လင် တစ်ခုစီသည် မပြောသင့်သူများအတွက် အလွန်အရေးကြီးပြီး အဖိုးတန်ပေသည်။ ၎င်းတို့တွင် သူတို့၏ အားနည်းချက်များနှင့် လျှို့ဝှက်ချက်များ ပါရှိနေသောကြောင့် ဖြစ်သည်။

ကောင်းမင် ရရှိလိုက်သော အကျိုးကျေးဇူးများမှာ ထိုမျှသာမကပေ။ အိပ်မက်သရဲ၏ မူလအစွမ်းများ ပိုမို သန်မာလာရုံသာမက အိပ်မက်က ယဇ်ပလ္လင်တွင် ချန်ထားရစ်ခဲ့သော အထူးစွမ်းအားတစ်ခု ဖြစ်သည့် ‘စိတ်ဖောက်ပြန်ခြင်း’ကိုလည်း သူရရှိလိုက်သည်။

အိပ်မက်သည် လူသားဘဝက ထိုကဲ့သို့သော ဝေဒနာမျိုး ခံစားခဲ့ရဖူးသောကြောင့်လား၊ သို့မဟုတ် အိပ်မက်သည် လူနာတစ်ဦး၏ စိတ်ဖောက်ပြန်မှုမှ မွေးဖွားလာသောကြောင့်လားကို ကောင်းမင် မသိပေ။ ယဇ်ပလ္လင်မှတစ်ဆင့် ထိုကြောက်စရာကောင်းသော တည်ရှိမှုအကြောင်းကို လေ့လာပြီးနောက် တစ်ခုခု ထူးဆန်းသည်ကို သူခံစားလိုက်ရသည်။ အိပ်မက်၏ အမျိုးမျိုးသော အစွမ်းများနှင့် အိပ်မက်သရဲသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖြည့်ဆည်းပေးနေကြခြင်းပင်။

“အိပ်မက်သရဲတွေက ဟန်ဟိုင်းသွေးမြို့တော်မှာပဲ ရှိတာ၊ ကယ်တင်ရှင်တွေရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ဒီအိပ်မက်ကလည်း ဟန်ဟိုင်းက လာတာများလား”

ကောင်းမင်၏ သံသယကို သတိပြုမိသဖြင့် နံပါတ် ၂ က ရှင်းပြလိုက်သည်။

“ငါတို့ရဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေအရ အိပ်မက်ဟာ ဟန်ဟိုင်းနဲ့ ဆက်စပ်မှုတချို့ ရှိနေတာတော့ အမှန်ပဲ၊ ကယ်တင်ရှင်တွေ အိပ်မက်ရဲ့ ယဇ်ပလ္လင်ကို ဖျက်ဆီးလိုက်ချိန်မှာ ဟန်ဟိုင်းသွေးမြို့တော်ဆီ ဦးတည်တဲ့ လမ်းကြောင်းကို ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ အိပ်မက်က မင်းကို ကူညီလိမ့်မယ်လို့တော့ မိုက်မိုက်မဲမဲ မတွေးလိုက်နဲ့၊ ဟန်ဟိုင်းဟာ အရင်ကတည်းက ဖျက်ဆီးခံလိုက်ရတာဖြစ်ပေမဲ့ အိပ်မက်က သွေးမြို့တော်ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ သရဲတစ်ကောင် ဖြစ်လာခဲ့တယ်၊ ဒါက ဟန်ဟိုင်းဖျက်ဆီးခံရတာမှာ အိပ်မက်လည်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သဘောပဲ၊ သူက တရားခံတွေထဲက တစ်ယောက်ပဲ”

“ကယ်တင်ရှင်တွေကို ငါကျေးဇူးတင်မယ့်ပုံပဲ၊ သူတို့က ဟန်ဟိုင်းမြို့သားတွေအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားပေးခဲ့တာဆိုတော့”

ကောင်းမင်သည် အိပ်မက်၏ အဓိကယဇ်ပလ္လင် ရှေ့တွင် ရပ်ကာ အိပ်မက်ချန်ထားခဲ့သော စွမ်းအားကို သုံးရန် ကြိုးစားလိုက်သည်။ သူ့လက်က ယဇ်ပလ္လင်ကို ထိတွေ့လိုက်သည်နှင့် သူ့မျက်လုံးများမှ သွေးများ စီးကျလာ၏။သူ့ပါးစပ်က ပြဲထွက်သွားပြီး ဦးနှောက်မှာ ဆွဲဖြဲခံရတော့မည့်အလား ခံစားလိုက်ရသည်။

“ရပ်လိုက် ရပ်လိုက်စမ်း”

သူ့လက်နှင့် ယဇ်ပလ္လင်သည် စွမ်းအားတစ်ခုကြောင့် အတင်းအကျပ် ခွာထုတ်ခံလိုက်ရသည်။ ကောင်းမင်သည်လည်း နောက်ဆုံးတွင် သတိပြန်ဝင်လာတော့သည်။ သူ့နဖူးတွင် ချွေးစေးများ စီးထွက်နေပြီး ယဇ်ပလ္လင်ကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။

စိတ်ဖောက်ပြန်ခြင်းဆိုသည်မှာ အလွန်အမင်းဖောက်ပြန်တတ်သော စွမ်းအားတစ်ခု ဖြစ်သည်။ ၎င်းကို အိပ်မက်ဆိုးများတွင် အသုံးပြုပါက အိပ်မက်အတွင်းရှိ လူသားနှင့် သရဲအားလုံး၏ အသိစိတ်ကို လုံးဝ ရူးသွပ်သွားစေနိုင်သည်။ ယင်းသည် မပြောသင့်သူများ၊ ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များနှင့် ယဇ်ပလ္လင်ပိုင်ရှင် ကိုယ်တိုင်ကိုပါ သက်ရောက်စေသည်။ ယဇ်ပလ္လင် ပိုင်ရှင်မှာမူ ပိုမိုပြင်းထန်စွာ ခံစားရပေလိမ့်မည်။

“ရန်သူကို ရှစ်ရာကို ထိခိုက်အောင် လုပ်ဖို့ ကိုယ့်ဘက်က တစ်ထောင် ပေးဆပ်ရတာလား”

မျက်နှာပေါ်မှ သွေးများကိုသုတ်ရင်း ကောင်းမင်၏ အပြုံးက မှေးမှိန်မသွားပေ။ အစွမ်းထက်သော အိပ်မက်တစ်ခုအတွက်မူ ဤစွမ်းအားမှာ အသုံးမဝင်သလောက် ဖြစ်သည်။သို့သော်လည်း ကောင်းမင်အတွက်မူကား ၎င်းသည် အကြီးမားဆုံးသောဝှက်ဖဲတစ်ချပ် ဖြစ်ပေတော့သည်။

သူသည် မပြောသင့်သူများကို သူ့အိပ်မက်များထဲသို့ ဆွဲခေါ်နိုင်ပြီး အားလုံးအသိစိတ်မဲ့ကာ ရူးသွပ်နေသည့် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

All Chapters