အမှောင်ထဲတွင် လှုပ်ရှားခြင်း
Vol. 44 Ch. 652
“မဟာ ဘေးကပ်ဆိုးကြီး ဖြစ်ပွားပြီးတဲ့နောက် အိပ်မက်က သွေးပင်လယ်ထဲမှာ ပျောက်ကွယ်သွားခဲ့တယ်၊ ငါတို့က တားမြစ်ဂိမ်း၊ အတွင်းကမ္ဘာနဲ့ လက်တွေ့ကမ္ဘာတွေထဲမှာ သူနဲ့ပတ်သက်တဲ့ ယဇ်ပလ္လင် ၁၇ ခုကို ရှာတွေ့ခဲ့တယ်၊ အဲဒီထဲက ၁၂ ခုကတော့ ဖျက်ဆီးခံလိုက်ရပြီး ကျန်တဲ့ ၅ ခုကိုတော့ မသေဆေးကုမ္ပဏီက သိမ်းဆည်းထားတယ်၊ ဒီလမ်းကြောင်းက ဟန်ဟိုင်းနဲ့ လက်တွေ့ကမ္ဘာကို ချိတ်ဆက်ပေးနိုင်တယ်၊ဘာလို့လဲဆိုတော့ ငါတို့က အိပ်မက်ရဲ့ ယဇ်ပလ္လင်တွေကို ဒီအောက်ထပ်အခန်းမှာ တစ်ခု၊ ဟန်ဟိုင်းမှာ တစ်ခုစီ ထားခဲ့လို့ပဲ၊ အဲ့ဒါတွေက ကျောက်ဆူးတွေလို အလုပ်လုပ်ပေးတာ။
“မင်း ဟန်ဟိုင်းကို ပြန်ချင်တယ်ဆိုရင်တော့ ရိုးရှင်းပါတယ်၊ ဒီလူတွေကို ဖယ်ရှားပြီး အောက်ထပ်အခန်းရဲ့ ဗဟိုချက်ဆီကို သွားရမယ်၊ ပြီးရင် အိပ်မက်ရဲ့ ယဇ်ပလ္လင်ကို ရှာပြီး အိပ်မက်စက်ကို စတင်ပြီးရင် အိပ်ပျော်သွားလိုက်ရုံပဲ။
“မင်း စိုးရိမ်ရမယ့် တစ်ခုတည်းသော အချက်ကတော့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပဲ၊ မင်းဝိညာဉ်နဲ့ အသိစိတ်ပဲ ဒီလမ်းကြောင်းအတိုင်း သွားနိုင်မှာ၊ မင်းခန္ဓာကိုယ်က သွေးမြို့တော်ရဲ့ ပြုပြင်မွမ်းမံမှုခံထားရရင်တောင်မှ လက်တွေ့ကမ္ဘာကနေ လုံးဝကင်းကွာသွားလို့ မရဘူး၊ ဒါကြောင့် မင်းမရှိတဲ့အချိန်မှာ မင်းခန္ဓာကိုယ် မသေဆုံးသွားအောင် စောင့်ရှောက်ပေးမယ့် မင်းယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ရှာထားဖို့ လိုလိမ့်မယ်”
နံပါတ် ၂ က ဘာမှ ဖုံးကွယ်မထားပေ။
“ဒါဆို မင်းရဲ့ မူလအစီအစဉ်က ငါ့ဝိညာဉ်ကို ဟန်ဟိုင်းထဲ ပို့လိုက်ပြီး သွေးမြို့တော်တက်တူးတွေ ထွင်းထုထားတဲ့ ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ပေါ့”
ကောင်းမင် ခေါင်းခါလိုက်သည်။
“အဲဒါ တကယ်ဖြစ်ခဲ့ရင်တောင် မင်းကျရှုံးမှာပဲ”
ကောင်းမင်၏ နှလုံးသားထဲတွင် သောင်းကျန်းတတ်သော မကောင်းဆိုးဝါးများ၊ သားစားကြူးနတ်ဘုရား၏ မျက်နှာသုံးခုနှင့် သွေးမြို့တော်၏ ဝိညာဉ်အပိုင်းအစတို့ ရှိနေသည်။ ထို့အပြင် ဘက်မလိုက်ဘဲ ပရမ်းပတာဖြစ်အောင် လုပ်တတ်သည့် အရူးရှရန်လည်း ရှိနေသေးသည်။ နံပါတ် ၂ အတွက် သူ့အလှည့်က အလွယ်တကူရောက်မည် မဟုတ်ပေ။
“မင်း ငါ့ကို စိတ်မချဘူးဆိုရင် ငါ့ကို ဟန်ဟိုင်းကို မင်းနဲ့အတူ ခေါ်သွားလို့ ရပါတယ်၊ ငါတို့ အတွင်းကမ္ဘာထဲ ရောက်တာနဲ့ ကမ္ဘာ့ကယ်တင်ရှင်ရဲ့ ယဇ်ပလ္လင်ကို ရှာတွေ့ဖို့နဲ့ သူ့ဆီ သတင်းစကား ပေးပို့ဖို့ အခွင့်အရေးပိုရှိလာလိမ့်မယ်”
နံပါတ် ၂ ၏ အသိစိတ်က အလေးအနက် ပြောသည်။
“ငါ့မှာ ဘာမကောင်းစိတ်မှ မရှိပါဘူး”
“အဲဒါက အရေးမကြီးပါဘူး၊ ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့ပန်းနှိပ်စက်ခန်းထဲ ရောက်နေလို့ပဲ”
ကောင်းမင်သည် သတ္တုစင်္ကြံလမ်းအတိုင်း ငါးပြတိုက်သဖွယ် ကန်ကြီးဆီသို့ လျှောက်သွားလိုက်သည်။ များစွာသော လူသားများမှာ ကန်ထဲတွင် မျောပါနေကြလေသည်။
“ဝင်ပေါက်က အပေါ်မှာ ရှိတယ်”
နံပါတ် ၂ ရှိနေသဖြင့် ကောင်းမင် အင်အားသုံးရန် မလိုပေ။ သူက ဝင်ပေါက်ကို အလွယ်တကူ ဖွင့်လိုက်သည်။ သို့သော်လည်း အသုံးမပြုသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သဖြင့် သုံးလေးကြိမ်ခန့် တစ်နေခဲ့သေးသည်။
ရေသံများက ပို၍ ကျယ်လောင်လာသည်။ ကောင်းမင်နှင့် ကျန်းတင်းတို့က ဝင်ပေါက်ဘေးတွင် ရပ်လိုက်ကြ၏။ မြင်ကွင်းသည်မှာ အပေါ်ဘက်မှ ကြည့်လျှင် ပို၍ထိတ်လန့်တုန်လှုပ်စရာပင်။
“ဒါကြီးက ဆေးကျောင်းက အလောင်းကန်နဲ့ တူလိုက်တာ”
“ငါလည်း အဲလိုပဲ မြင်ပါတယ် ၊ သူတို့က လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် အရာအားလုံးကို ပေးဆပ်ခဲ့ကြတာပဲ”
ကျန်းတင်းက ကောင်းမင်ကို ရေများဖြင့် လွှမ်းခြုံလိုက်ပြီး ကန်ထဲသို့ ခုန်ချလိုက်ကြသည်။
“နေဦးလေ... ကာကွယ်ရေး ဝတ်စုံတွေ ရှိသေးတယ်...”
သူတို့သည် စုံစမ်းရေးမှူးများကို အသာအယာ တိုးဖယ်သွားကြသည်။ ထိုလူများ၏ ခန္ဓာကိုယ်များသည် ကန်ထဲတွင် အချိန်အတော်ကြာ စိမ်ထားခံရသဖြင့် အလွန်နုနယ်နေပြီ ဖြစ်သည်။ သူတို့ထဲမှ အများစုမှာ မသေဆေးကုမ္ပဏီ၏ ပြုပြင်မွမ်းမံခြင်း ခံထားရသည်။သရဲများသည် သူတို့၏ ဦးနှောက်ထဲတွင် နေထိုင်နေကြ၏။ ထိုသရဲများသည် ဟန်ဟိုင်းရှိ စုံစမ်းရေးမှူးများနှင့် ပူးပေါင်းနေကြခြင်း ဖြစ်သည်။
ကျန်းတင်းနှင့် ကောင်းမင်တို့သည် ကန်၏ အလယ်ဗဟိုသို့ ရောက်သည်အထိ ဆက်လက် နစ်မြှုပ်သွားကြသည်။ သူတို့သည် ရှုပ်ယှက်ခတ်နေသော လူသားခန္ဓာကိုယ်များကို အသာအယာ ဖယ်ရှားကာ လမ်းဖောက်သွားကြသည်။
“မင်း ရောက်ခါနီးပြီ၊ သူတို့ဆီက ပြွန်တွေကို မထိခိုက်အောင် သတိထားဦး၊ အဲဒါတွေက သူတို့ကို အသက်ရှင်နေစေတဲ့ တစ်ခုတည်းသော အရာပဲ”
နံပါတ် ၂ က အရာအားလုံးကို အာရုံခံစားနေသည်။ ကောင်းမင် ဗဟိုနှင့် နီးလာလေလေ၊ သူ ပိုတည်ငြိမ်လာလေလေပင်။ သူသည် ကောင်းမင်၏ အဆုံးသတ်ကို ကြိုတင် ခန့်မှန်းထားပုံရသည်။
အနီရောင် သတိပေးချက်မီးများက စူးရှလွန်းလှသည်။ မျောပါနေသော ခန္ဓာကိုယ်များကြားတွင် အိပ်မက်မက်စက် အချို့ လည်ပတ်နေသည်ကို တွေ့ရ၏။ ထိုစက်များသည် ကောင်းမင် ဦးနှောက်နယ်ပယ် ဂိမ်းဓာတ်ခွဲခန်းများတွင် တွေ့ခဲ့ရသည့် စက်များထက် ပိုမိုရှုပ်ထွေးသည်။
“ဒီစက်တွေက သူတို့ဘာသာ လည်ပတ်နေတာပဲ၊ မင်း အဲ့ဒါတွေကို ထားခဲ့လို့ ရတယ်၊ လွတ်နေတဲ့ အပေါက်တစ်ခုကိုပဲ ရှာဖို့လိုတယ်”
နံပါတ် ၂ ၏ လမ်းညွှန်မှုဖြင့် ကောင်းမင်သည် စက်များ၏ အောက်ခြေသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် လူကြီးကုတင်တစ်လုံး အရွယ်ခန့်ရှိသော ဓာတ်ခွဲခန်းစားပွဲတစ်ခု ရှိနေသည်။ အဝေးမှ လှမ်းကြည့်လျှင် ၎င်းသည် အိပ်မက်ဆိုး၏ ချောက်နက်ထဲတွင် ချိတ်ဆွဲထားသော ကုတင်တစ်ခုနှင့် တူလှသည်။ စားပွဲပေါ်တွင် လှဲလိုက်သောအခါ စက်က စတင်လည်ပတ်လာလေသည်။ ပိုက်လိုင်းများက ကောင်းမင်ဆီသို့ တွားတက်လာကြသည်။ ရှုပ်ထွေးလှသော စက်ကြီးမှ ထူးဆန်းသော အပြာရောင်အလင်းများ ထွက်ပေါ်လာသည်။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်သော ပင်လယ်အနက်ပိုင်းရှိ မိစ္ဆာကြီးတစ်ကောင်နှင့် တူပေသည်။
ချိတ်ဆက်မှုများ ပြီးဆုံးသွားသောအခါ နံပါတ် ၂ က ကောင်းမင်အား စိတ်လျှော့ထားရန် ပြောသည်။ ကောင်းမင်ကား ခေါင်းမာသော ကလေးတစ်ယောက်ကဲ့သို့ ပြွန်ပိုက်များကို တင်းတင်းဆွဲထားရင်း ထထိုင်နေ၏။
“မင်း ဘာလုပ်နေတာလဲ၊ မအိပ်ဘဲနဲ့ ဘယ်လို အိပ်မက်မက်မှာလဲ”
“အိပ်ပျော်နေတဲ့ အချိန်မှာတောင် အိပ်မက်သရဲက နိုးနေတာ”
အိပ်မက်မက်စက် စတင်လည်ပတ်သောအခါ ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းထဲတွင် ထူးဆန်းမှုတစ်ခု ထွက်ပေါ်လာသည်။ အိပ်မက်ချိုးဖျက်မြို့ ဓာတ်ခွဲခန်းမှ သူယူလာခဲ့သည့် ယဇ်ပလ္လင်မှ သွေးများ စီးကျလာခြင်းဖြစ်သည်။ ကောင်းမွန်လာနေသော အက်ကြောင်းများသည် မျက်လုံးများကဲ့သို့ ပွင့်ဟလာကြသည်။ အိပ်မက်ချန်ထားခဲ့သော ယဇ်ပလ္လင်သည် ထိန်းချုပ်မှု မလွတ်သွားသော်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။ သွေးမြို့တော်တက်တူးများ ချက်ချင်း ပေါ်ထွက်လာတော့သည်။ သူသည် ကျန်းတင်းနှင့် ပူးပေါင်း၍ စားပွဲကို ဆွဲဖြုတ်ပစ်လိုက်ပြီး စက်ထဲသို့ အကြမ်းပတမ်း ဝင်ရောက်သွားခဲ့သည်။
နုနယ်သော အစိတ်အပိုင်းများစွာက သူတို့ဘာသာ လည်ပတ်နေကြသည်။ ကြောက်စရာကောင်းသော အပြာရောင်အလင်းများကြားတွင် ကောင်းမင်သည် စက်ထဲတွင် ဝှက်ထားသည့် ဧရာမ ယဇ်ပလ္လင်ကြီးကို မြင်လိုက်ရသည်။
ထိုယဇ်ပလ္လင်သည် သူတွေ့ဖူးသမျှထဲတွင် အကြီးဆုံး ဖြစ်သည်။ ၎င်းတွင် လှပပြီး အိပ်မက်ဆန်သော ထွင်းထုမှုများ ရှိနေလေသည်။ ၎င်းမှာ အတောင်ဖြန့်ထားသော လိပ်ပြာတစ်ကောင်နှင့် တူ၏။ အတောင်ပံတစ်ဖက်တွင် သွေးမြို့တော် ၁၃ ခု၏ အမှတ်အသားများ ရှိနေပြီး အခြားတစ်ဖက်တွင်မူ အတွင်းကမ္ဘာ၏ စည်းမျဉ်းများကို ထွင်းထုထားသည်။
“ဒါက အိပ်မက်ရဲ့ ပင်မယဇ်ပလ္လင်တွေထဲက တစ်ခုပဲ ၊ ကမ္ဘာ့ကယ်တင်ရှင်တွေက အဲ့ဒါကို အတွင်းကမ္ဘာကနေ သယ်လာခဲ့ကြတာ၊ သူတို့က အဲ့ဒါကို ဖျက်ဆီးပစ်ဖို့ စီစဉ်ခဲ့ကြပေမဲ့ မသေဆေးကုမ္ပဏီက သုတေသနအမည်ခံပြီး ပြန်ကယ်တင်ထားခဲ့တာပေါ့”
နံပါတ် ၂ က လေးစားစွာ ပြောလိုက်သည်။ သူသည် အိပ်မက်ကို မုန်းတီးသော်လည်း သူ့စွမ်းအားကိုတော့ ဘယ်တုန်းကမှ မငြင်းပယ်ခဲ့ပေ။
ဤယဇ်ပလ္လင်တစ်ခုတည်းကို ကြည့်ရုံဖြင့် အိပ်မက်သည် သူ၏အထွတ်အထိပ်အချိန်တွင် မည်မျှ အားကောင်းခဲ့မည်ကို ကောင်းမင် မြင်နိုင်သည်။ သူသည် သွေးမြို့တော် ၁၃ ခုလုံးကို ကူးယူပြီး သူ၏ အိပ်မက်အတောင်ပံများဖြင့် ဖုံးအုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူ့ပစ်မှတ်မှာ သွေးမြို့တော်ပိုင်ရှင် အားလုံးပင်။ ယဇ်ပလ္လင်တံခါးပေါ်သို့ လက်နှစ်ဖက်တင်လိုက်ရင်း ကောင်းမင် အာရုံစိုက်ရန် ကြိုးစားလိုက်သည်။ ယဇ်ပလ္လင်ကြီး ပွင့်သွားသောအခါ ကမ္ဘာကြီးက တိတ်ဆိတ်သွား၏။ လူ့လောကကြီးသည် ပင်လယ်နက်ထဲသို့ နစ်မြုပ်သွားပြီး အမှောင်ထုသာ ကျန်ရစ်ခဲ့တော့သည်။
“ကောင်းမင်၊ ကောင်းမင်”
နံပါတ် ၂ သည် ကောင်းမင်၏ နှလုံးသားထဲတွင် ရှိနေသင့်သော်လည်း သူ့အသံက အဝေးမှ ထွက်ပေါ်လာသည်။ ကောင်းမင် ခေါင်းမော့ကြည့်လိုက်သည်။ အမှောင်ထဲတွင် လူသားမျက်နှာတစ်ခုကို သူမြင်လိုက်ရသည်။ ၎င်းက လူသားမျက်နှာဖြစ်ကြောင်း သူသေချာသော်လည်း ရှင်းရှင်းလင်းလင်းတော့ မမြင်ရပေ။ သူသည် အိပ်မက်သရဲတစ်ကောင် ဖြစ်သော်ငြား သူတို့ကြားမှ စွမ်းအားကွာခြားချက်မှာ ကြီးမားလွန်းနေသည်။
အမှောင်ထုအထက်တွင် ချိတ်ဆွဲထားသော ထိုလူသားမျက်နှာက ကောင်းမင်ကို သတိပြုမိသွားသည်။ ၎င်းတစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ကောင်းမင်သည် အမှောင်ထုထဲသို့ နစ်မြုပ်သွားရတော့သည်။
ကောင်းမင်သည် သူ့အရေပြားကို ပုရွက်ဆိတ်များ ကိုက်ခဲနေသလို ခံစားလိုက်ရသည်။ သူ၏ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးသွား၏။ သူ့အရေပြားများမှာ အခွံခွာခံလိုက်ရပြီး အသားများမှာလည်း ညှိုးနွမ်းသွားသည်။ ခုန်ပေါက်နေသော နှလုံးသားတစ်ခုသာ ကျန်ရစ်တော့သည်။
ထိုလူသားမျက်နှာက အကြည့်လွှဲတော့မည့် အချိန်တွင်ပင် သေခြင်းတရားထဲမှ အခြားသော ကောင်းမင်တစ်ယောက် တွားသွားထွက်လာလေသည်။ သူသည် နောက်မဆုတ်ဘဲ အမှောင်ထုထဲသို့ နောက်ထပ်ခြေတစ်လှမ်း တိုးလိုက်လေသည်။