ရင်းနှီးသော အငွေ့အသက်
Vol. 44 Ch. 658
အတွင်းကမ္ဘာထဲတွင် စွန့်ပစ်ခံထားရသော ဝိညာဉ်များစွာသည် ခွေးနက်ကြီးကဲ့သို့ပင် သူတို့၏ ကိုယ်ပိုင် "မြေအောက်ခန်း" များထဲတွင် ကွေးကုပ်ပုန်းအောင်းနေကြပြီး သူတို့၏ဒဏ်ရာများထဲသို့ အမှောင်ထုများကို စိမ့်ဝင်ခွင့်ပြုကာ သူတို့ဘာသာ ရုန်းကန်နေကြရရှာသည်။ ထိုသူများကို လက်ခံပေးပြီး ခိုနားရာနေရာတစ်ခု ပေးခဲ့သည်မှာ မြူပင်လယ်ထဲရှိ အထီးကျန်ကျွန်းကြီးပင် ဖြစ်သည်။
ခွေးနက်ကြီးသည် ကောင်းမင်၏ အရိပ်ထဲမှ ထွက်ပေါ်လာသည်။ ရင်းနှီးနေသော မြင်ကွင်းက အရိပ်ကို တစ်ခုခု သတိရသွားစေပုံရသည်။
“မင်းက သူ့ရဲ့ အရိပ်လား”
ခွေးနက်ကြီးအတွက် ထိုအရိပ်သည် ၎င်း၏နတ်ဘုရားပင် ဖြစ်၏။ ၎င်း၏ ဧရာမခေါင်းကြီးကို အထက်အောက် ငြိမ့်ပြ၍ အရိပ်၏စကားကို တုံ့ပြန်လိုက်သည်။
“ငါသာ သူ့ကို သတ်လိုက်ရင် မင်းငါ့ကို ကူညီမလား၊ ဒါမှမဟုတ် သူ့ကို ကူညီမလား”
ထိုအရိပ်က ရုတ်တရက် စကားပြောလိုက်သည်။ သူ၏ အေးစက်စက် လေသံတွင် ကြောက်မက်ဖွယ် ကျိန်စာများ ပါဝင်နေလေသည်။ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာသော ဖိအားက ခွေးနက်ကြီး၏ ခန္ဓာကိုယ်ကိုပင် ကြေမွသွားမတတ် ဖြစ်သွားစေသည်။ ၎င်း၏ မှောင်မိုက်သော မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ လျှပ်တပြက် ပေါ်လျှိုးလာသည်။ မြေပြင်ပေါ်တွင် ဝပ်တွားနေသော ခွေးနက်ကြီးသည် ထိုဖိအားကို အံတုကာ မတ်တပ်ရပ်လိုက်ရာ ၎င်း၏ အနက်ရောင် အမွေးအမှင်များက လှိုင်းလုံးများကဲ့သို့ လွင့်ခါသွားသည်။ ၎င်းသည် ထိုအရိပ်နှင့် သားစားကြူးနတ်ဘုရားတို့ကြားသို့ လွှားခနဲ ခုန်ဝင်လိုက်ပြီး ကောင်းမင်၏ ရှေ့တွင် အကာအကွယ်ပေးကာ ရပ်တန့်လိုက်တော့သည်။
ခွေးနက်ကြီးသည် ၎င်း၏လုပ်ရပ်ဖြင့် ရွေးချယ်မှုကို ပြသလိုက်ပြီ ဖြစ်သည်။
“မင်းရဲ့ ကံကြမ္မာက မင်းလက်ထဲမှာပဲ ရှိတယ်၊ ဘာလို့ တခြားတစ်ယောက်ရဲ့ အရိပ်အဖြစ် ခံယူနေမှာလဲ”
သတ်ဖြတ်လိုစိတ်များက မရှိခဲ့ဖူးသကဲ့သို့ပင် ချက်ချင်း ပျောက်ကွယ်သွား၏။အရိပ်၏ စိတ်အပြောင်းအလဲလွယ်သော သဘာဝကြောင့် သားစားကြူးနတ်ဘုရားနှင့် နံပါတ် ၂ တို့မှာ အထူးသတိထားနေကြရသည်။ ဤမျှ အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရပါက မည်သို့ ပြန်လည်တိုက်ခိုက်ရမှန်း သူတို့ မသိကြချေ။
အတိတ်နှင့် အနာဂတ်ကြားတွင် လှည့်လည်သွားလာရင်း၊ နှစ်ပေါင်းများစွာကြာအောင် အပြစ်ဒုစရိုက်များနှင့် ကျိန်စာများကို ထမ်းပိုးထားခဲ့ရသဖြင့် အရိပ်သည် မည်သူနှင့်မျှ ဆက်သွယ်ပြောဆိုခြင်း မရှိခဲ့ပေ။ အထီးကျန်ကျွန်းပေါ်တွင် မမျှော်လင့်ဘဲ သူပြန်လည် ပေါ်ထွက်လာရခြင်းမှာ သူကိုယ်တိုင်ပင် ထင်မှတ်မထားသော အရာဖြစ်သည်။
ကောင်းမင်သည် မပြောသင့်သူသုံးဦး၏ တိုက်ခိုက်မှုကို ဆွဲဆောင်ခဲ့သည် ဆိုသော်လည်း အဆုံးစွန်တွင်မူ အထီးကျန်ကျွန်းဖြစ်လာသော ထိုအရိပ်ကို နိုးထလာစေခဲ့သူမှာ ကောင်းမင်ပင် ဖြစ်သည်။
ဧရာမ ဝေလငါးကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ ပျော်ရွှင်မှုများ ထုတ်ဖော်ပြသနေသည်ကို မြင်သောအခါ အရိပ်၏ ကျိန်စာသင့်နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူသည် သတ်ဖြတ်ခြင်းမှလွဲ၍ အခြားနည်းလမ်းများဖြင့် ဤကမ္ဘာကြီးနှင့် ဆက်သွယ်ရန် စတင် ကြိုးစားလိုက်သည်။
“ဒီနေရာကို မင်းဘယ်လို ရှာတွေ့တာလဲ”
အရိပ်သည် ကောင်းမင်၏ မှတ်ဉာဏ်များထဲမှ အဖြေကို အတင်းအဓမ္မ ထုတ်ယူရန် သူ၏ စွမ်းအားများကို မသုံးဘဲ ပြောဆိုဆက်သွယ်ရန်သာ ရွေးချယ်ခဲ့သည်။ ဤသိသာလှသော အပြောင်းအလဲက ဝေလငါးကြီးကို ပို၍ပင် ပျော်ရွှင်သွားစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကြီးကို အဆက်မပြတ် လူးလှိမ့်ကာ မြူပင်လယ်ကို လှုပ်ခတ်စေတော့သည်။
“အနက်ရှိုင်းဆုံး အိပ်မက်ဆီကို ဦးတည်နေတဲ့ တံခါးကနေတစ်ဆင့်ပါ”
ကောင်းမင်သည် ပြန်လည်ကောင်းမွန်လာခါစ ဖြစ်သဖြင့် စကားပြောရန် ခက်ခဲနေဆဲ ဖြစ်သည်။ ရှောင်လွှဲမရနိုင်တော့မှန်း သိသဖြင့် နံပါတ် ၂ က ညှင်းပန်းနှိပ်စက်ခန်းထဲမှနေ၍ အပြင်သို့ ချောင်းကြည့်လိုက်သည်။
“အဲဒီနေရာကို အိပ်မက်ချိုးဖျက်မြို့လို့ ခေါ်ပါတယ်၊ မရေမတွက်နိုင်တဲ့ အိပ်မက်အစိတ်အပိုင်းတွေနဲ့ စုစည်းပြီး ဖန်တီးထားတာပါ၊ အဲဒါက ပထမဆုံး လူဖန်တီးထားတဲ့ နက်ရှိုင်းအဆင့်အိပ်မက်ဆိုးပါပဲ”
“အိပ်မက်အစိတ်အပိုင်းတွေကို စုစည်းထားရင်းနဲ့ နောက်ဆုံး ငါရှိတဲ့နေရာကို ရောက်လာတာလား”
ထိုအရိပ်မှာ မပြည့်စုံမှုနှင့် နောင်တများကို ကိုယ်စားပြုသည်။ သူသည် တစ်ချိန်က လူသားအဖြစ် ပြန်လည်မွေးဖွားရန် ကြိုးစားခဲ့သော်လည်း ဝတ်ပြုဓလေ့အခမ်းအနား ကျရှုံးသွားခဲ့သည့် တည်ရှိမှုတစ်ခု၏ အရိပ်သာ ဖြစ်သည်။
“ကျွန်တော် မမှားဘူးဆိုရင် အဲဒီဝေလငါးကြီးရဲ့ အကူအညီနဲ့ ခင်ဗျားက မပြည့်စုံတဲ့စည်းမျဉ်းတွေကို ပိုင်စိုးထားတဲ့ နတ်ဘုရားတစ်ပါး၊ သွေးမြို့တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ သရဲတစ်ကောင် ဖြစ်လာတာပါ”
နံပါတ် ၂ သည် သူကိုယ်တိုင် မပြောသင့်သူ ဖြစ်လာပြီးနောက်တွင်ပင် စကားကို သတိထားပြောနေရသည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။
“ကျွန်တော်တို့က မတူညီတဲ့ သွေးမြို့တော်တွေက မပြောသင့်သူသုံးယောက်ရဲ့ လိုက်လံသတ်ဖြတ်တာ ခံနေရတာပါ၊ ဒီကျွန်းပေါ်ကို တက်လာတာကလည်း အခြား ရွေးချယ်စရာ မရှိလို့ပါ ၊ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး”
သို့သော်လည်း ထိုအရိပ်ကမူ ကောင်းမင်တို့တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေစေရန်သာ မျှော်လင့်နေသည်။ ထိုသို့ဆိုလျှင် သူတို့ကို ကိုင်တွယ်ရသည်မှာ ပိုမိုလွယ်ကူသွားမည် မဟုတ်ပါလား။
နံပါတ် ၂ ကို လျစ်လျူရှုကာ အရိပ်သည် ဝေလငါးကြီးကို ကျောပေးထားပြီး ကောင်းမင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
ကောင်းမင်၏ ဝိညာဉ်သည် ဆွေးမြည့်ခြင်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သားစားကြူးနတ်ဘုရား၏ အစွမ်းကုန် ကုသမှုအောက်တွင် ပြန်လည်ကောင်းမွန်လာနေသည်။ သူ၏ အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ်မှာ ပြန်လည် ပြည့်စုံလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အရိပ်၏ အမြင်တွင်မူ ကောင်းမင်သည် အလောင်းအစိတ်အပိုင်းပေါင်းများစွာကို ပြန်လည် စုစည်းထားသည့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင် အငြိုးကြီးသရဲတစ်ကောင်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေလေသည်။
ကောင်းမင်၏ သေဆုံးမှုတိုင်းနှင့် သူ့အတိတ်ကို ပြန်လည်အံတုရုန်းကန်မှုတိုင်းသည် ထိုပဟေဠိ၏ အစိတ်အပိုင်းတစ်ခုစီ ဖြစ်သည်။ သူတို့၏ အကြွင်းအကျန်အားလုံးသည် ဖျက်ဆီးခြင်း ခံလိုက်ရပြီး ကောင်းမင်၏ နှလုံးသားထဲတွင် မှတ်ဉာဏ်တစ်ခုသာ ကျန်ရစ်တော့သည်။ ကောင်းမင်သာလျှင် သူ၏ ယခင်ပုံစံကို မှတ်မိနေခြင်း ဖြစ်သည်။ အကြောင်းမှာ သူသည် မရေမတွက်နိုင်သော အတိတ်များမှ ပြန်လည်စုစည်းထားခြင်း ဖြစ်သောကြောင့်ပင်။
အထီးကျန်သူများသည် တစ်ဦးနှင့်တစ်ဦး ဆွဲဆောင်မိတတ်ကြပြီး မပြောပြနိုင်သော နာကျင်မှုများသည် တစ်ခါတစ်ရံတွင် တံတားတစ်ခု ဖြစ်လာတတ်လေသည်။ အရိပ်သည် ကောင်းမင်အပေါ် ရန်လိုမှု မရှိပေ။ ၎င်းမှာ ကောင်းမင်သည် အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင်ပင် ကလေးငယ်ကို ကယ်တင်ရန် စဉ်းစားခဲ့သောကြောင့်သာ မကဘဲ ကောင်းမင်၏ အတိတ်အတွေ့အကြုံများကြောင့် အရိပ်သည် မိုးသည်းညတစ်ညမှ သူ၏ယခင်ပုံစံကို ကောင်းမင်ထံတွင် ဝေဝါးစွာ မြင်တွေ့လိုက်ရသောကြောင့်လည်း ဖြစ်သည်။
သူတို့အားလုံးသည် ကံကြမ္မာ၏ ဆော့ကစားခြင်းကို ခံနေရသော မိမိတို့၏ ကံကြမ္မာကို မိမိတို့ဘာသာ ဆုပ်ကိုင်နိုင်ရန် ဘဝတစ်သက်တာလုံး ကြိုးစားနေကြရသော သနားစရာဝိညာဉ်များသာ ဖြစ်ကြသည်။
“မင်းဆီမှာ ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခု ခံစားနေရတယ်”
ထိုအရိပ်က ကောင်းမင်ရှေ့တွင် ပေါ်လာသည်။ သားစားကြူးနတ်ဘုရားနှင့် နံပါတ် ၂ တို့ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ထိုအရိပ်၏ လက်က ညှင်းပန်းနှိပ်စက်ခန်းထဲသို့ လှမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။
သူတို့ တားဆီးရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့ချေပြီ။ အရိပ်သည် ကံကြမ္မာတံစဉ်နှင့် အသားမီးဖိုတို့ကို ရှောင်ကွင်း၍ ညှင်းပန်းနှိပ်စက်ခန်းအတွင်းရှိ မရေမတွက်နိုင်သော ချိန်းကြိုးများထဲမှ သာမန်အဖြစ်ဆုံး ချိန်းကြိုးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ပထမတစ်ချက်ကြည့်လျှင် ထိုချိန်းကြိုးသည် အခြားအရာများနှင့် ထူးမခြားနားဟု ထင်ရသော်လည်း အနီးကပ်ကြည့်လိုက်ပါက ၎င်းပေါ်ရှိ သွေးမြို့တော် ပုံစံကွက်များကို မရေမတွက်နိုင်သော အပြစ်ဒုစရိုက်များဖြင့် ဖုံးကွယ်ထားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ သွေးမြို့တော်ကို ဂရုမစိုက်ဘဲ စည်းမျဉ်းများကိုလည်း ရိုသေလေးစားမှုမရှိသော ဤရူးသွပ်သည့် လုပ်ရပ်ကြောင့် ကျန်ရှိနေသော မကောင်းဆိုးဝါးများက မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
“ဘယ်သူက ဒီချိန်းကြိုးကို ညှင်းပန်းနှိပ်စက်ခန်းထဲမှာ လာထားတာလဲဟ ၊ သွေးမြို့တော်ရဲ့ နတ်ဘုရားပုံစံကွက်ကို ကိုယ့်ရဲ့ အပြစ်ဒုစရိုက်တွေနဲ့ အတုခိုးဝံ့တာလား ၊ ဒါက သွေးမြို့တော်ကို ဗြောင်ကျကျ စိန်ခေါ်ပြီး ရန်စလိုက်တာပဲ”
အသိစိတ်အနည်းငယ်သာ ကျန်တော့သော နံပါတ် ၂ သည် အရင်က မည်သည့် ထူးခြားမှုကိုမျှ သတိမပြုမိခဲ့ပေ။
အရိပ်လက်ထဲမှ ကျိန်စာများ၏ လှုံ့ဆော်မှုကြောင့် ချိန်းကြိုးသည် ၎င်း၏ ဖုံးကွယ်မှုကို ဖယ်ရှားလိုက်ရာ ပြင်းထန်သော အနက်ရောင်ကမ္မမီးတောက်များ တောက်လောင်လာတော့သည်။ ၎င်းသည် အရိပ်ကိုပင် ဂရုမစိုက်ဘဲ ဥပဒေမဲ့ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရသည်။
အနည်းငယ် ကောင်းမွန်လာသော ကောင်းမင်သည် မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်သည်။ သူသည် ထိုချိန်းကြိုးကို ဝေဝါးစွာ မှတ်မိနေသည်။သူ ဟန်ဟိုင်းမှ ထွက်ခွာခဲ့သောနေ့က ဥမင်လိုဏ်ခေါင်းထွက်ပေါက်နှင့် အတော်လှမ်းလှမ်းတွင် ရှိနေခဲ့စဉ် သူ့ကို အပြင်ဘက်သို့ ဆွဲထုတ်ပေးခဲ့သည်မှာ အပြစ်များ စွန်းထင်နေသော ထိုချိန်းကြိုးပင် ဖြစ်သည်။
ကောင်းမင်သည် ထိုချိန်းကြိုးကို မည်သူပိုင်ဆိုင်ကြောင်း မသိခဲ့ဖူးသော်လည်း ထူးဆန်းသည်မှာ ထိုအရိပ်သည် ၎င်း၏ပိုင်ရှင်ကို သိနေပုံရခြင်းပင်။
“ဒေါက်တာကောင်း...”
ဒေါက်တာကောင်းဟူသည့် အမည်ကို ကောင်းမင် ကြားရခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်။ ပထမအကြိမ်သည် သရဲအိမ်၏ လျှို့ဝှက်ဆန်းကြယ်သော ပိုင်ရှင်က ဖုန်းထဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ယောက်က ရည်ညွှန်းနေသော ဒေါက်တာကောင်းသည် သူမဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်ကြောင်း သူသေချာပေါက် သိနေသည်။
“ဒါနဲ့ ဒေါက်တာကောင်းဆိုတာ ဘယ်သူလဲ”
ကောင်းမင်တွင် ဤမျှလျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု နံပါတ် ၂ မထင်ထားခဲ့ပေ။
“စစ်မှန်တဲ့ အရူးတစ်ယောက်ပေါ့”
အရိပ်၏ သုံးသပ်ချက်မှာ တိုတောင်းသော်လည်း ထိရောက်လှသည်။ သူသည် ထိုချိန်းကြိုးကို ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ပြန်လည် ပစ်ထည့်လိုက်သည်။သို့သော်လည်း ထိုချိန်းကြိုးသည် သူ့ကို တမင်ရန်စသည့်အလား အရိပ်က ကောင်းမင်အား ပေးအပ်ထားသည့် ကျိန်စာသင့်ချိန်းကြိုးနှင့် ၎င်းဘာသာ ရစ်ပတ်နှောင်ဖွဲ့လိုက်တော့သည်။
အပြစ်ဒုစရိုက်နှင့် ကျိန်စာတို့ ရောယှက်သွားခြင်းက ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းအတွင်းရှိ နှိပ်စက်ကိရိယာအားလုံးကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ၎င်းတို့သည် သတ်ဖြတ်ပွဲတစ်ခု ပြုလုပ်ရန် အသည်းအသန် ဖြစ်နေကြပုံရသည်။
အရာအားလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည့် အချိန်တွင် သာယာသော ဝေလငါးသီချင်းသံတစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းမင်၏ ဝိညာဉ်သည် စမ်းချောင်းတစ်ခုထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မသက်မသာဖြစ်မှုများနှင့် နာကျင်မှုများမှာ ဆေးကြောခံလိုက်ရသည်။ နွေးထွေးမှုနှင့် တည်ငြိမ်မှုများသာ ကျန်ရစ်တော့သည်။ အဆုံးစွန်သော မိစ္ဆာစွမ်းအားများ ကိန်းအောင်းနေသည့် ချိန်းကြိုးနှစ်ချောင်းမှာ ယာယီအားဖြင့် ကွဲကွာသွားသည်။ တစ်ချောင်းမှာ ဘယ်ဘက်၊ တစ်ချောင်းမှာ ညာဘက်သို့ သွားကာ မတူညီသော နှိပ်စက်ကိရိယာများကို ရစ်ပတ်ထားလိုက်ကြသည်။
“ဝေလငါးကြီးက ကုသတဲ့နေရာမှာ တော်တာလား၊ ပျက်စီးနေတဲ့ အရာတွေကိုတောင် ပြန်ပြုပြင်ပေးနိုင်တဲ့ စွမ်းအား ရှိနေတာလား”
နံပါတ် ၂ က သူ့ဘာသာသူ ရေရွတ်လိုက်သည်။ အရိပ်သည်ပင် ကြောက်စရာကောင်းလောက်အောင် သန်မာနေပြီ ဖြစ်ရာ ဝေလငါးကြီး၏ အကူအညီပါ ရလိုက်ပါက သူ၏ အားနည်းချက် အားလုံးမှာ ပြည့်စုံသွားပေလိမ့်မည်။
ဝေလငါးကြီး၏ အကူအညီဖြင့် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့၏ ဒဏ်ရာများသည် လျင်မြန်စွာ ကောင်းမွန်လာပြီး အသားအသစ်များမှာလည်း အက်ကြောင်းများတွင် ပြန်လည် ပြည့်တင်းလာသည်။
ကောင်းမင်၏ စိတ်ကူးယဉ်ကြောင့်လားတော့ မသိသော်လည်း ဆွေးမြည့်ခြင်း စည်းမျဉ်းများကို တိုက်ခိုက်ပြီးနောက် သားစားကြူးနတ်ဘုရားသည် ပို၍ပင် သန်မာလာပုံရပြီး သူ၏ခန္ဓာကိုယ်မှာလည်း အရင်ကထက် များစွာ မြင့်မားလာလေသည်။
သားစားကြူးနတ်ဘုရား၏ မူလအစနှင့် ပတ်သက်၍လည်း ကောင်းမင်ထံတွင် အကြမ်းဖျင်း အတွေးတစ်ခု ရှိနေသည်။ ဟန်ဟိုင်း သွေးမြို့တော်သည် ယခုအခါတွင် အကျဉ်းထောင်တစ်ခုအဖြစ် အသုံးပြုခံနေရပြီး ဟန်ဟိုင်းမှ ပျက်စီးသွားသော ဝိညာဉ်များတင်မကဘဲ အခြားသွေးမြို့တော်များမှ ပို့လွှတ်လိုက်သော ဝိညာဉ်အကြွင်းအကျန်များကိုပါ ပိတ်လှောင်ထားခြင်း ဖြစ်သည်။ သားစားကြူးနတ်ဘုရားသည်လည်း ဆွေးမြည့်ခြင်း သွေးမြို့တော်က ဟန်ဟိုင်းတွင် လာရောက် ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။