← Chapters

ဝေလငါးတေးသံ

Vol. 44 Ch. 655

ဝေလငါးတေးသံ

Vol. 44 Ch. 655

“သတိထား၊ ငါတို့ အတွင်းကမ္ဘာထဲ ရောက်သွားပြီ ထင်တယ်”

နံပါတ် ၂ က သတိပေးကာ အော်ဟစ်လိုက်သည်။ ကောင်းမင်သည်လည်း မသက်မသာ ခံစားနေရ၏။ သူနှင့် သားစားကြူးနတ်ဘုရားတို့သည် ဖော်မပြနိုင်သော ဖိအားတစ်ခုကို ခံစားနေရသည်။

“အဲ့ဒါက အပေါ်မှာ ရှိနေပုံရတယ်”

မော့ကြည့်လိုက်ရာ အဆုံးမရှိသောမြူထုထဲတွင် ဧရာမအမည်းရောင် အရိပ်ကြီးတစ်ခုက ဝေဝါးစွာ မျောလွင့်နေသည်။

မျက်နှာမဲ့ ရုပ်တုများက တံခါးဘောင်ကို မြဲမြံစွာ ဆုပ်ကိုင်ထားကြသည်။ သူတို့သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး အပေါ်ဘက်ရှိ လားရာတစ်ခုဆီသို့ လှမ်းကြည့်နေကြသည်။

“အဲဒါ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်နဲ့တော့၊ ဖြတ်သွားကြရအောင်”

ဝိညာဉ် ဆွေးမြည့်ပျက်စီးခြင်းက မည်မျှကြောက်စရာကောင်းသည်ကို ကောင်းမင် ပထမဆုံးအကြိမ် သိရှိလိုက်ရသည်။ သူ့မျက်လုံးများသည် သွေးများ လျှံထွက်လုမတတ်ဖြစ်နေပြီး အာရုံခံစားမှုများမှာလည်း ယိုယွင်းလာကာ မှတ်ဉာဏ်များကလည်း မှေးမှိန်လာနေပြီဖြစ်သည်။

သားစားကြူးနတ်ဘုရားကို ခန္ဓာကိုယ် ပြန်လည်စုစည်းရန် ကူညီပေးခဲ့ပြီးကတည်းက ယခုအချိန် သူသည် ကုသမရနိုင်သော ဒဏ်ရာမျိုးနှင့် ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သည်။ သားစားကြူးနတ်ဘုရား၏ စွမ်းအားသည် ပုပ်သိုးဆွေးမြေ့မှုကို နှေးကွေးသွားအောင်သာ လုပ်ဆောင်ပေးနိုင်သည်။

ညှင်းပန်းနှိပ်စက်ခန်းထဲမှ သားစားကြူးနတ်ဘုရားထွက်ပေါ်လာသည်။ ကုန်းစီ၏ မျက်နှာက ကောင်းမင်အား စိုးရိမ်တကြီး ကြည့်နေပြီး သူ့ကို ကလေးတစ်ယောက်ကဲ့သို့ ကာကွယ်ပေးနေ၏။ ကျန်မျက်နှာသုံးခုမှာမူ ဆွေးမြည့်နေသော ရုပ်တုကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့်နေကြသည်။ ကုန်းစီ၏ လူသားဆန်မှုကသာ ထိန်းထားခြင်းမရှိပါက သားစားကြူးနတ်ဘုရားသည် ထိုရုပ်တုနှင့် အသက်လုတိုက်ပွဲ စတင်နေလောက်ပြီ ဖြစ်သည်။

“ပိုမြင့်တဲ့ နေရာကို သွားမယ်”

စိတ်ထဲမှ မသက်မသာဖြစ်မှုများမှာ ပိုမိုကြီးထွားလာပြီး သားစားကြူးနတ်ဘုရားသည် မြူခိုးပင်လယ်ထဲတွင် အမဲလိုက်ခံနေရသော ငါးတစ်ကောင်ကဲ့သို့ တွန့်လိမ်နေလေသည်။

ကောင်းမင်သည် မပြောသင့်သူသုံးဦး၏ တိုက်ခိုက်မှုကို ယှဉ်နိုင်စွမ်း မရှိပေ။ သို့သော် သတင်းကောင်းတစ်ခုကား ရုပ်တုတစ်ခုစီသည် ၎င်းတို့၏ အစွမ်းကုန်တိုက်ခိုက်မှုအပြီးတွင် မပြောသင့်သူ၏ စွမ်းအားကို မခံနိုင်တော့ဘဲ ပြိုလဲသွားနိုင်ခြေ ရှိနေခြင်းပင်။

“ဖိအားတချို့ကို ဝေမျှခံစားပေးမယ့်သူ တစ်ယောက်ယောက် လိုတယ်၊ မပြောသင့်သူ တစ်ယောက်ရဲ့ စွမ်းအားကို ခံပေးနိုင်မယ့် တစ်ယောက်ယောက်”

ကောင်းမင်သည် နံပါတ် ၂ အား အာရုံလွှဲရန် အပြင်ဘက်ပစ်ထုတ်ဖို့ စဉ်းစားခဲ့သော်လည်း နံပါတ် ၂ က ထိုအစီအစဉ်က သေချာပေါက် ကျရှုံးလိမ့်မည်ဖြစ်ကြောင်း သူ့ထံသို့ အသည်းအသန် အသိပေးနေသည်။

အတင်းအကျပ်တွန်းအားပေးခံနေရသဖြင့် သားစားကြူးနတ်ဘုရားနှင့် ကောင်းမင်တို့သည် သူတို့၏ စိတ်မသက်မသာဖြစ်မှုရင်းမြစ်ဆီသို့ အပြင်းနှင်သွားကြသည်။ သူတို့၏ အမြင်အာရုံကို ဖုံးကွယ်ထားသော နောက်ဆုံး အနက်ရောင်မြူခိုးများကို ဆွဲဖြဲလိုက်သောအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းသည် နတ်ဘုရားများကိုပင် တုန်လှုပ်သွားစေနိုင်မည့် အရာဖြစ်သည်။

အဆုံးမရှိသော မြူပင်လယ်ကြီး၏ အနက်ရှိုင်းဆုံးနေရာ၊ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော ထိုကုန်းမြေပေါ်တွင် အနှိုင်းမဲ့အထီးကျန်မှုနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေသော ကျွန်းကြီးတစ်ကျွန်း မျောလွင့်နေခဲ့သည်။

ကျောက်တုံးတိုင်းသည် မှတ်ဉာဏ်အနက်ပိုင်းများထဲမှ ကျိန်စာများဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး အသေးငယ်ဆုံး သဲပွင့်လေးတစ်ခုတွင်ပင် မှိုင်းညို့နေသော၊ ဆိုးသွမ်းယုတ်မာသော အရှိန်အဝါများနှင့် သေခြင်းတရားရည်ရွယ်ချက်များ ကိန်းအောင်းနေလေသည်။ ဤကျွန်းကြီးသည် အနက်ရောင်မြူခိုးကမ္ဘာကြီး၏ အဆိုးမြင် စိတ်ခံစားချက်များကို စဉ်ဆက်မပြတ် စုပ်ယူနေခဲ့သဖြင့် ပိုမို စိတ်ပျက်အားငယ်ဖွယ်ရာနှင့် ကြောက်မက်ဖွယ်ရာ ကောင်းလာနေတော့သည်။

“ကျွန်းပေါ်မှာ တစ်ခုခု လှုပ်ရှားနေတယ်”

အနက်ရောင်မြူခိုးပင်လယ်ထဲတွင် ချိတ်ဆွဲထားသော ထိုကျွန်းကြီးမှာ ကျူးကျော်မရသော တားမြစ်နယ်မြေတစ်ခုကဲ့သို့ပင်။ အနီးကပ်ကြည့်လိုက်သောအခါ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းနေသော ကလေးငယ်များ၏ ရုပ်တုများစွာကို တွေ့လိုက်ရသည်။

ထူးဆန်းသည်မှာ ထိုရုပ်တုများသည် လူလုပ်ပုံရုပ်တုများဖြစ်ပုံမရဘဲ လေနှင့် နေတို့ကြောင့် သဘာဝအတိုင်း ဖြစ်တည်လာပုံရကာ ဤအထီးကျန်ကျွန်းကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခြင်းပင်။

သူတို့၏ ခြေဖဝါးအောက်တွင် အရိပ်များ ပျံ့နှံ့လာပြီး အမြဲတမ်း တိတ်ဆိတ်နေတတ်သော ခွေးနက်ကြီးက ပုံမှန်မဟုတ်စွာ ကျွန်းဘက်လှည့်၍ အူလိုက်သည်။ ၎င်းတွင် ကြောက်ရွံ့မှုများ မရှိဘဲ လွမ်းဆွတ်တမ်းတမှုများသာ ရှိနေပြီး ဇာတိမြေ၏ လပြည့်ညကို မြင်တွေ့လိုက်ရသော လမ်းသရဲတစ်ကောင်နှင့် တူနေပေသည်။

ပုပ်ဆွေးနေသော ကောင်းမင်စိတ်ထဲတွင် မှတ်ဉာဏ်များ တဖျတ်ဖျတ် ပေါ်ထွက်လာသည်။ အရိပ်ကမ္ဘာထဲတွင် ခွေးနက်ကြီးနှင့် သူပထမဆုံး စတွေ့ခဲ့စဉ်က သူသည် ဤအထီးကျန်ကျွန်းကို မြင်တွေ့ခဲ့ဖူးပုံရသည်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေသူများ (လူသားဖြစ်စေ၊ သရဲတစ္ဆေဖြစ်စေ) အားလုံးအတွက် ဤကျွန်းကြီးသည် သူတို့စိတ်ဝိညာဉ်များ၏ နားခိုရာနေရာ ဖြစ်ပုံရပြီး သူတို့၏ ကိုးကွယ်မှုကို ခံယူကာ အပြန်အလှန်အားဖြင့် စွမ်းအားအချို့ကို ပြန်လည် ပေးအပ်ခြင်း ဖြစ်ပေလိမ့်မည်။

“ဒီအထီးကျန်ကျွန်းကြီးက ကမ္ဘာကြီးရဲ့ မပြည့်စုံတဲ့ စည်းမျဉ်းတွေ အကုန်လုံးကို ကိုယ်စားပြုနေတာလား”

ကောင်းမင် ချက်ချင်း တုံ့ပြန်လိုက်သော်လည်း နံပါတ် ၂ ၏ ဖော်ပြချက်က ပို၍ မှန်ကန်နိုင်သည်။

“ဒါက မပြည့်စုံမှုကို ကိုယ်စားပြုနေပုံရတယ်၊ အတွင်းကမ္ဘာရဲ့ လကွယ်ညလိုမျိုး မပြည့်စုံတဲ့ စွမ်းအားကို ကိုင်စွဲထားတာပဲ”

ကောင်းမင် ထိုအထီးကျန်ကျွန်းသို့ ဝင်ရောက်တော့မည့် အချိန်တွင် အစစ်အမှန်ကဲ့သို့သော ပုံရိပ်ယောင်ရုပ်တုက ပုံရိပ်ယောင်စွမ်းအားကို အသုံးပြုကာ စတင်တိုက်ခိုက်လိုက်တော့သည်။

၎င်းခန္ဓာကိုယ်ပေါ်တွင် သွေးမြို့တော်သရဲတက်တူးများ ပေါ်ထွက်လာပြီး ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော် သရဲတက်တူးများက စတင် ပြောင်းလဲလာသည်။ သိမ်မွေ့သော သရဲတက်တူးများသည် ပိုးလောက်ကောင်များကဲ့သို့ သူ့အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်လာသော်လည်း ကောင်းမင်သည် မည်သည့်မသက်မသာဖြစ်မှု သို့မဟုတ် မည်သည့်ပြောင်းလဲမှုကိုမျှ မခံစားရပေ။

“သတိထား၊ ပုံရိပ်ယောင်ရုပ်တုက မင်းကို တိုက်ခိုက်နေပြီ၊ သူက မင်းကို အမြင်အာရုံလှည့်စားမှုတွေနဲ့ လိမ်ညာလိမ့်မယ်၊ ဒါပေမဲ့ အဲဒါကို မင်းသတိမပြုမိဘူးဆိုရင် အရာအားလုံး ပုံရိပ်ယောင်ထဲက အနာဂတ်ဆီကို ဦးတည်သွားပြီး ပုံရိပ်ယောင်ကို အစစ်အမှန်ဖြစ်အောင် ပြောင်းလဲပစ်လိမ့်မယ်”

နံပါတ် ၂ က အသဲအသန် အော်ပြောလိုက်သည်။

“ငါတုန်းကလည်း အဲဒီလို လှည့်စားခံခဲ့ရတာပဲ၊ နောက် ဖြစ်လာမယ့်အရာတွေကို မယုံနဲ့၊ မင်းကို တိုက်ခိုက်နေတာက ပုံရိပ်ယောင်ရုပ်တုပဲ၊ တခြားရုပ်တုတွေ မဟုတ်ဘူး၊ မဟုတ်...”

နံပါတ် ၂ ၏ အသံက မှေးမှိန်သွားသည်။ သူ့နားများမှာ ဆွေးမြည့်ပျက်စီးလာသဖြင့် ကောင်းမင်သည် ရှင်းရှင်းလင်းလင်း မကြားရတော့ချေ။

သူ၏ စိတ်ဆန္ဒသည် တစ်စုံတစ်ခုကြောင့် ဝေဝါးလာပုံရပြီး သွေးမြို့တော် သရဲတက်တူးများပင်လျှင် တိတ်တဆိတ် ပြောင်းလဲခံနေရသည်။ သူသည် သူ့ပတ်ဝန်းကျင်မှ အန္တရာယ်များကို သတိမပြုမိတော့ပေ။ ထိုအချိန်မှာပင် ပုပ်သိုးဆွေးမြေ့နေသော အသားနှင့် အသွေးရုပ်တုက ၎င်း၏ စွမ်းအားအပြည့်ဖြင့် စတင်၍ ပေါက်ကွဲတိုက်ခိုက်လိုက်တော့သည်။

သူ၏ကိုယ်လက်အင်္ဂါများ ပုပ်ဆွေးသွားပြီး သွေးများအဖြစ် ပြောင်းလဲသွားသည်။ ကောင်းမင်၏ မျက်လုံး၊ နှာခေါင်းနှင့် နားများက ပုပ်သိုးပျက်စီးသွား၏။ သူသည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ၎င်းအစား သူ့ကိုယ်တွင်းအင်္ဂါများကိုသာ အန်ထုတ်လိုက်ရသည်။၎င်းက သူ့ နှလုံးလား၊ အသည်းလား သူမသိတော့ပေ။ အထီးကျန်ကျွန်းသည် အလွန်ပင် နီးကပ်နေသော်လည်း သူ မရောက်ရှိနိုင်တော့ချေ။

သူ၏ ဝိညာဉ်သည်လည်း လုံးဝ ပုပ်ဆွေးသွားသည်။ သူ၏ နှလုံးခုန်သံမှာ ပို၍ ပို၍ နှေးကွေးလာနေသည်။သူသည် ပင်လယ်ထဲသို့ ပြုတ်ကျသွားသဖြင့် ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်ရန် ကြိုးစားနေသော်လည်း လှိုင်းလုံးကြီးများ၏ ထပ်ခါထပ်ခါ ရိုက်ပုတ်ခံနေရသည့် ကလေးတစ်ယောက်နှင့် တူလှသည်။

အသားနံ့များသည် အပုပ်နံ့များဖြင့် အစားထိုးခံလိုက်ရသည်။ သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ သားစားကြူးနတ်ဘုရား၏ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သားစားကြူးနတ်ဘုရားနှင့် သွေးသားချင်း ဆက်နွှယ်နေသော ကောင်းမင်သည် ထိုနတ်ဘုရားခံစားနေရသည့် နာကျင်မှုများကိုပါ ခံစားနေရသည်။

“ဒါက အကန့်အသတ် ရောက်သွားပြီလား”

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သားစားကြူးနတ်ဘုရား၏ အော်ဟစ်မြည်ကြွေးသံများကြားတွင် ဝေဝါးနေသော ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ အမြင်အာရုံမှတစ်ဆင့် မြင့်မားလှသော သွေးမြို့တော်သုံးခုကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် အဆုံးမဲ့သော ဆိုးယုတ်မှုများကို ထုတ်လွှတ်နေပြီး ကမ္ဘာကြီးပေါ်ရှိ ပြောင်းလဲမှုအားလုံးကို အမှုန့်ခြေပစ်နေကြသည်။ ပို၍ စိတ်ပျက်အားငယ်စရာ ကောင်းသည်မှာ ထိုမြို့တော်သုံးခု၏ နောက်တွင် ဆိုးယုတ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသော အခြားသွေးမြို့တော် ခြောက်ခုကို မြင်တွေ့လိုက်ရခြင်းပင်။ ၎င်းတို့သည် ဟန်ဟိုင်းသွေးမြို့တော်ကို ကိုယ်စားပြုသော ကောင်းမင်အား အလောင်းတစ်ခုကို ကြည့်ရှုနေသကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေကြသည်။

“ဟန်ဟိုင်းသွေးမြို့တော်ကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားတွေက ဟန်ဟိုင်းမှာ ဘာအပြောင်းအလဲအသစ်မှ ဖြစ်လာဖို့ ခွင့်ပြုမှာ မဟုတ်ဘူး၊ ငါတို့ဟာ ထာဝရ အကျဉ်းချခံထားရဖို့ ကံပါလာပြီးသားပဲ၊ သုတေသနပစ္စည်းတွေအဖြစ် ဘဝကို ကုန်ဆုံးရမယ်၊ ဒီအတားအဆီးကို ဘယ်တော့မှ မကျော်လွှားနိုင်ဘဲ အရိပ်တွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် ထာဝရ သတ်ဖြတ်နေကြရတော့မယ်...”

ရန်သူ၏ အင်အားက ကောင်းမင် မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။ သွေးမြို့တော် ကိုးခုသည် ဟန်ဟိုင်းကို ဧရာမသင်္ချိုင်းဂူကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြပြီး တစ်ခုချင်းစီတွင် အမည်မသိ တည်ရှိမှုများ ရှိနေပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် ဟန်ဟိုင်း၌ အိပ်မက်သရဲဟူ၍ မကျန်ရှိတော့သလောက်ပင်။ ယင်းသည် အောင်နိုင်ရန်အခွင့်အရေး လုံးဝမရှိသော ခုခံမှုတစ်ခုသာ ဖြစ်လာပေလိမ့်မည်။

“ကျရှုံးသွားပြီး နောက်ဆုံးတော့ ကျရှုံးသွားပြီပဲ၊ ဒါပေမဲ့ ငါ့မှာ အခွင့်အရေးတစ်ခု ရှိသေးတယ်၊ အခွင့်အရေးတစ်ခု ရှိသေးတယ်”

ကောင်းမင်တွင် နောက်ဆုံး ဝှက်ဖဲတစ်ချပ် ရှိနေသေးသည်။ သူ အောင်မြင်နိုင်မလားကိုတော့ သူ မသိပေ။ သားစားကြူးနတ်ဘုရား၏ ဦးခေါင်းသည် ပုပ်ဆွေးစေသော စွမ်းအားများကြောင့် ပျက်စီးလာပြီး ၎င်း၏ ခန္ဓာကိုယ်က စတင်ပြိုကွဲလာသောအခါ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် တစ်ပြိုင်နက်တည်း သူတို့၏ နှလုံးသားများကို ဆုပ်ကိုင်လိုက်ကြသည်။ သူတို့၏ နှလုံးသားများ ကွဲကြေသွားပြီးပါက အရာအားလုံးကို အစကနေ ပြန်လည်စတင်နိုင်မည့် အခွင့်အရေးတစ်ခု ရနိုင်ပေလိမ့်မည်။

သေခြင်းတရားကို ထပ်မံရွေးချယ်၍ ဥမင်လိုဏ်ခေါင်းထဲသို့ ပြန်သွားရင်း ကောင်းမင်သည် ထိုနေရာတွင် လှည့်လည်သွားလာနေသော ဝိညာဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။

“ငါဟာ ငါ့ကိုယ်ငါ ပြန်သတ်တဲ့ လူသတ်သမား ဖြစ်လာလိမ့်မယ်၊ စွမ်းအားအလုံအလောက် မရှိသေးတဲ့ ကောင်းမင်တိုင်းကို လိုဏ်ခေါင်းထဲက ထွက်မသွားနိုင်အောင် တားဆီးထားမယ်၊ နောက်ထပ် ကောင်းမင်တစ်ယောက်က ငါ့ကို သတ်သွားနိုင်တဲ့ အချိန်အထိပေါ့၊ ဒီသံသရာကို ချိုးဖျက်နိုင်မယ့် အခွင့်အရေး နောက်တစ်ကြိမ် ရလာတဲ့အထိပေါ့”

သူတို့၏ နှလုံးသားများသည် သွေးများယိုစီးလာသည်။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့၏ နှလုံးသားများကို ချေမွ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မည့် အချိန်တွင် အဝေးတစ်နေရာမှ အနက်ရောင်မြူများသည် ဒီရေလှိုင်းကြီးကဲ့သို့ လှုပ်ခတ်လာတော့သည်။ထို့နောက် အထီးကျန်ကျွန်းအတွင်းမှ ရုတ်တရက် ဝေလငါး၏သီချင်းသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာတော့သည်။

All Chapters