တံခါးနောက်
Vol. 44 Ch. 654
ကောင်းမင်အတွက် လက်တွေ့ကမ္ဘာနှင့် ဟန်ဟိုင်းကြား လွတ်လပ်စွာ သွားလာနိုင်စေမည့် ဤလမ်းကြောင်းသည် အလွန်ပင် အရေးကြီးသည်။ ၎င်းသည် သူ၏ နောက်ဆက်တွဲ အစီအစဉ်များအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
ဆွေးမြည့်ပုတ်သိုးနေသော အသားများက ပျံ့နှံ့လာပြီး အောက်ထပ်အခန်းတစ်ခုလုံးကို ညစ်ညမ်းသွားစေသည်။ယင်းကြောင့် လူအများအပြား သေဆုံးစေတော့မည့် အခြေအနေကို မြင်သောအခါ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။ သွေးမြို့တော် နတ်ဘုရားပုံစံကွက်များဖြင့် ဖုံးလွှမ်းနေသော လက်ရှစ်ချောင်းက ညှင်းပန်းနှိပ်စက်ခန်းတံခါးကို ဆွဲဖွင့်လိုက်တော့သည်။
ညှင်းပန်းနှိပ်စက်ခန်းထဲတွင် မပြောသင့်သူအဆင့်ရှိသော သရဲမျိုးကို တစ်ခါမှလက်ခံထားဖူးခြင်း မရှိသဖြင့် နောက်ဆက်တွဲဘာဖြစ်လာမည် သို့မဟုတ် သူ့အပေါ် မည်သို့သက်ရောက်မှုရှိမည်ကို ကောင်းမင် မသိပေ။ သို့သော် ယခုအချိန်တွင် ထိုအရာများကို စဉ်းစားနေရန် အချိန်မရှိတော့ချေ။
သားစားကြူးနတ်ဘုရား၏ အကူအညီအပြည့်အဝဖြင့် ကောင်းမင်သည် သူ၏ လျင်မြန်စွာ ပုပ်သိုးဆွေးမြေ့နေသော ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ ရုပ်တုသုံးခုနှင့် အိပ်မက်၏ ပင်မယဇ်ပလ္လင်ကို ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ဝါးမျိုလိုက်သည်။ သူ့လုပ်ရပ်ကြောင့် နံပါတ် ၂ က ဆွံ့အသွားရသည်။ ညှင်းပန်းနှိပ်စက်ခန်းထဲတွင် ပိတ်လှောင်ခံထားရသော နံပါတ် ၂ ၏ အသိစိတ်သည် ဦးရေပြားများပင် စိမ့်တက်သွားရ၏။ ယင်းသည် သေခြင်းတရားနှင့် နီးကပ်စွာ ထိတွေ့မိခြင်းမျိုးတင်မကဘဲ သေခြင်းတရား၏ ရူးသွပ်မှုက သူ့ကို ပွေ့ဖက်လိုက်သကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
ထိုရုပ်တုသုံးခုတွင် မပြောသင့်သူသုံးဦး၏ တိုက်ခိုက်မှုများ ပါဝင်နေသဖြင့် ၎င်းတို့၏ စွမ်းအားသည် ညှင်းပန်းနှိပ်စက်ခန်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး သရဲအားလုံးကိုလည်း အမှုန့်ခြေပစ်နိုင်သည်။
“ကျန်းတင်း”
ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် အိပ်မက်၏ ပင်မယဇ်ပလ္လင်ကို ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ဝါးမျိုပြီးလိုက်နောက် ကျန်းတင်းထံသို့ အမြင့်ဆုံးအရှိန်ဖြင့် ပြေးသွားလိုက်သည်။
ကျန်းတင်းသည် သူ့ရည်ရွယ်ချက်ကို နားလည်သဖြင့် အိပ်မက်ချိုးဖျက်မြို့သို့ ဦးတည်သည့် လမ်းကြောင်းရှိသော အိပ်မက်၏ ဒုတိယယဇ်ပလ္လင်ကို ဖွင့်ထားနှင့်ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းမင်သည် ဒုတိယယဇ်ပလ္လင်မှတစ်ဆင့် လက်တွေ့ကမ္ဘာမှ ထွက်ပြေးကာ အိပ်မက်ချိုးဖျက်မြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကောင်းကင်ဝက်ခန့်ကို ဖုံးအုပ်ထားသည့် ဧရာမ အသွေးအသားသစ်ပင်ကြီးနှင့် မြို့ထဲရှိ လှည့်ပတ်သွားလာနေသော နတ်ဘုရားများသည် တစ်ခုခုကို အာရုံခံမိသွားကြပြီး ဦးတည်ရာတစ်ခုတည်းသို့ လှမ်းကြည့်လိုက်ကြသည်။
ကောင်းမင်သည် ညယံ၏ အစွန်းတွင် ထွက်ပေါ်လာသည်။ ပုပ်သိုးဆွေးမြေ့လုနီးပါး ဖြစ်နေသော သူ့ဝိညာဉ်သည် အိပ်မက်ချိုးဖျက်မြို့သို့ ပြန်ရောက်လာပြီးနောက် ညှင်းပန်းနှိပ်စက်ခန်းကို ပြတ်သားစွာ ဖွင့်ချလိုက်တော့သည်။
သူသည် ပိုကြာကြာ ခုခံထားချင်သော်လည်း ညှင်းပန်းနှိပ်စက်ခန်းက မတည်မငြိမ် ဖြစ်လာသည်ကို သူ အာရုံခံမိသည်။ ဤသည်မှာ သူ၏ ညှင်းပန်းနှိပ်စက်ခန်းသည် ပထမဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးရခြင်း ဖြစ်သည်။
နတ်ဘုရားကို ပင့်ဖိတ်ဖို့က လွယ်သော်လည်း ပြန်ပို့ရန်က ခက်ခဲလှသည်။ အိပ်မက်၏ ပင်မယဇ်ပလ္လင်သည် ညှင်းပန်းနှိပ်စက်ခန်းထဲတွင် အမြစ်တွယ်နေပြီး သွေးမြို့တော်၏ မတူညီသော စည်းမျဉ်းများကို သယ်ဆောင်ထားသည့် ရုပ်တုသုံးခုသည်လည်း နည်းလမ်းသုံးမျိုးဖြင့် ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းကို ကျူးကျော်ရန် ကြိုးစားနေကြသည်။
အချိန်တိုအတွင်းမှာပင် ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းထဲရှိ ၃၀ ရာခိုင်နှုန်းမှာ ပြောင်းလဲသွားခဲ့သည်။ ၁၀ ရာခိုင်နှုန်းသည် သွေးပုပ်များနှင့် ပြည်များ ယိုစီးနေသည့် ပုပ်ဆွေးနေသော အသားများအဖြစ် ပြောင်းလဲသွားပြီး နောက်ထပ် ၁၀ ရာခိုင်နှုန်းမှာ အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။ ကျန်ရှိသော ၁၀ ရာခိုင်နှုန်းမှာမူ ကောင်းမင်၏ မှတ်ဉာဏ်များ ပျက်ယွင်းသွားသည့်အလား ဟင်းလင်းပြင်ကြီးအဖြစ် လုံးဝပျောက်ကွယ်သွားလေသည်။
“သူတို့က ငါ့ကို သတ်ချင်ရုံတင်မကဘူး၊ ငါပိုင်တာတွေ အကုန်လုံးကိုပါ လုယူချင်နေတာလား”
တွေဝေနေခြင်းက ပိုမိုဆိုးရွားသော ပြဿနာများကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကောင်းမင်သည် ညစ်ညမ်းသွားသော ညှင်းပန်းနှိပ်စက်ခန်း၏ ၃၀ ရာခိုင်နှုန်းကို ပြတ်သားစွာ စွန့်လွှတ်လိုက်သည်။ အိပ်မက်၏ ပင်မယဇ်ပလ္လင်ကို ပြန်လည်ရယူနိုင်ရန်အတွက် ညစ်ညမ်းသွားသော ဧရိယာအားလုံးကို ဖြတ်တောက်ရန် သားစားကြူးနတ်ဘုရားကို ခိုင်းစေလိုက်သည်။
သားစားကြူးနတ်ဘုရား၏ ရုပ်တုသည် လက်နှစ်ဖက် ဆုံးရှုံးသွားရသည်။ ကောင်းမင်သည် တိုက်ခိုက်မှုတစ်ခုပင် မစရသေးသော်လည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရခြင်းသည် မပြောနိုင်လောက်အောင်ပင်။ သို့သော်လည်း သူရရှိလိုက်သည့် အကျိုးကျေးဇူးမှာ သူသည် လမ်းကြောင်းကို ထိန်းသိမ်းနိုင်ခဲ့ပြီး ရုပ်တုသုံးခုကို အိပ်မက်ချိုးဖျက်မြို့၏ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးထဲသို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
ညှင်းပန်းနှိပ်စက်ခန်းမှ ဖြတ်ချလိုက်သော ၃၀ ရာခိုင်နှုန်းသည် ပုပ်သိုးနေသော အသားတုံးကြီး တစ်တုံးကဲ့သို့ အိပ်မက်ချိုးဖျက်မြို့ အပြင်ဘက်သို့ ကျဆင်းသွားသည်။ အိပ်မက်၏ ယဇ်ပလ္လင်မှာ ထိုပုပ်ဆွေးနေသောအသားများထဲတွင် ပိတ်မိနေခဲ့သည်။ ၎င်း မြေပြင်သို့ ထိတွေ့လိုက်သည်နှင့် သစ်ပင်ပန်းမန်များက စတင်ညှိုးနွမ်းသွားသည်။ မတူညီသော သွေးမြို့တော်စည်းမျဉ်း သုံးခုသည် ရှောင်လွှဲမရသော ချိန်းကြိုးသုံးချောင်းကဲ့သို့ ကောင်းမင်ရှိရာသို့ လိုက်လံတိုက်ခိုက်လာကြသည်။
မပြောသင့်သူ၏ စွမ်းအားသည် အလွန်ကြီးစိုးလွန်းလှသဖြင့် အိပ်မက်ချိုးဖျက်မြို့အတွင်းရှိ စည်းမျဉ်းများက လုံးဝဖိနှိပ်ခံလိုက်ရသည်။ မြေပြင်သည် ရောဂါကူးစက်ခံထားရသကဲ့သို့ ဖြစ်နေပြီး မြင်ကွင်းအတွင်းရှိ သရဲများနှင့် အရာဝတ္ထုများအားလုံး စတင်သန္ဓေပြောင်းလဲကုန်တော့သည်။
“အိပ်မက်ချိုးဖျက်မြို့က သူတို့ကို မထိန်းထားနိုင်တော့ဘူး”
ကောင်းမင် စိုးရိမ်နေမိသည်။တစ်ခုတည်းသော သတင်းကောင်းက သူသည် ကျန်းမင်လီကို တားမြစ်ဂိမ်းကစားသမားများမှတစ်ဆင့် ကြိုတင်အကြောင်းကြားထားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကျန်းမင်လီသည် တားမြစ်ကစားသမားများကို ဦးဆောင်ကာ ရှင်းလုမြို့တွင် ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် အိပ်မက်ချိုးဖျက်မြို့တွင် လူအများအပြား မရှိကြချေ။
“ပြန်ဆုတ် ပြန်ဆုတ်စမ်း”
ဧရာမ အသားသစ်ပင်ကြီး၏ အရွက်များသည် ကောင်းကင်မှ ကြွေကျလာပြီး မြေပြင်သို့ မရောက်ခင် နံစော်နေသော ပြည်ပုတ်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် မပြောသင့်သူကို တိုက်ခိုက်ရန် စိတ်ကူးလိုက်သည်နှင့် ၎င်း၏ ဧရာမပင်စည်ကြီးပေါ်တွင် အရုပ်ဆိုးသော အမာရွတ်များ ပေါ်ထွက်လာပြီး သစ်ခေါက်များသည်လည်း မြင်သာသောအရှိန်ဖြင့် ပုပ်ဆွေးကွာကျလာတော့သည်။
ထိုရုပ်တုသုံးခုတွင် မပြောသင့်သူသုံးဦး၏ တိုက်ခိုက်မှုများ ပါဝင်နေခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်နှင့် ထိုရုပ်တုများ ပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့သော်လည်း သူတို့သည် ဤသတ်ဖြတ်ပွဲကို ထိုမျှအလွယ်တကူ အဆုံးသတ်ရန် အစီအစဉ် မရှိကြသည်မှာ ရှင်းနေသည်။ ထိုရုပ်တုသုံးခုသည် ကောင်းမင်ကို အရှင်ဖမ်းလိုနေကြသဖြင့် သူ့အား တစ်လှမ်းချင်း ဖိအားပေးနေကြခြင်း ဖြစ်သည်။
“အခွင့်အရေးတစ်ခု ရှိသေးတယ်”
ကောင်းမင်သည် ထိုရုပ်တုသုံးခုကို အိပ်မက်ချိုးဖျက်မြို့ထဲသို့ ခေါ်ဆောင်လာခဲ့ခြင်းမှာ လမ်းကြောင်းကို ကာကွယ်ရန်တင် မဟုတ်ဘဲ မြို့ထဲတွင် သေစေနိုင်သော လက်နက်တစ်ခု ဝှက်ထားသောကြောင့်လည်း ပါသည်။
လက်နှစ်ဖက်ဆုံးရှုံးထားသော သားစားကြူးနတ်ဘုရားသည် ကောင်းမင်၏ ပုပ်သိုးဆွေးမြေ့နေသော ဝိညာဉ်ကို ဆုပ်ကိုင်၍ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်း၏ အပျက်အစီးများဆီသို့ အရှိန်ဖြင့် ပြေးသွားလိုက်သည်။ရုပ်တုသုံးခုသည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
“အိပ်မက်ချိုးဖျက်မြို့ထဲမှာ ငါမသိတဲ့ တစ်ခုခုများ ရှိနေသေးတာလား”
နံပါတ် ၂ ၏ အသိစိတ်သည်လည်း သနားစရာကောင်းသော အခြေအနေတွင် ရှိနေသော်ငြား ကောင်းမင် ဘာကိုအားကိုးနေသည်ကို မြင်နိုင်ရန် အပြင်လောကကို အစွမ်းကုန်အာရုံခံကြည့်နေလေသည်။
နတ်ဘုရားနန်းတော်၏ အပျက်အစီးများပေါ်သို့ ပြေးတက်၍ အကြွင်းအကျန်များကို နင်းဖြတ်ရင်း သားစားကြူးနတ်ဘုရား၏ ရှည်လျားလှသောခန္ဓာကိုယ်ကြီးက တစ်စုံတစ်ခုကို အရှိန်ဖြင့် ဝင်တိုက်လိုက်လေသည်။
တိမ်တိုက်များ ပျောက်ကွယ်သွားသောအခါ ပုံဖျက်ထားသော အလွှာများအောက်မှ အမှောင်ထုထဲတွင် တည်ရှိနေသော ကောင်းကင်ဘုံတံခါးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုတံခါးသည် အိပ်မက်ချိုးဖျက်မြို့၏ အနက်ရှိုင်းဆုံးအိပ်မက်ဆိုးမှ မွေးဖွားလာခြင်းဖြစ်ပြီး မသေဆေးကုမ္ပဏီပင် ယင်းကို မသိချေ။ နောက်ပိုင်းတွင် ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းသည် ယုံကြည်မှုနှင့် အမှန်တရားတို့၏ စွမ်းအားဖြင့် ၎င်းကို အက်ကြောင်းတစ်ခု ဖြစ်အောင် တွန်းဖွင့်နိုင်ခဲ့သည်။ ဘုရားကျောင်းပိုင်ရှင်သည် တံခါးနောက်ရှိ မြင်ကွင်းကို မြင်တွေ့ခဲ့ဖူးသည်။ သူသည် အလွန်အမင်း ထိတ်လန့်သွားခဲ့သဖြင့် သူ့မျက်နှာက သေလူကဲ့သို့ ဖြူဖျော့သွားခဲ့ရသည်။
ကောင်းမင်သည် အလွန်အမင်းလိုအပ်လာမှသာ ထိုတံခါး၏ စွမ်းအားကို အသုံးပြုလိုခြင်း ဖြစ်သည်။ ၎င်းနောက်တွင် မည်သည့် ကြောက်စရာကောင်းသော တည်ရှိမှုမျိုး ရှိနေသည် သို့မဟုတ် အခြားသွေးမြို့တော်များနှင့် ဆက်နွှယ်နေသည်ကို မည်သူမျှ မသိပေ။ သို့သော် ယခုမူ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။
သူသည် အရာအားလုံးကို ပုံအောကာ လောင်းကြေးထပ်ရတော့မည်ဖြစ်သည်။ သူသည် ထိုရုပ်တုသုံးခုကို အရင်ဆုံး အထဲသွင်းရမည်ဖြစ်သည်။ သို့မဟုတ်လျှင် အသားသစ်ပင်ကြီး ညှိုးနွမ်းသွားမည်ဖြစ်ပြီး ထိုအပင်နှင့် ချိတ်ဆက်ထားသော တားမြစ်ဂိမ်းသေမင်းမျှော်စင် ဧရိယာမှာလည်း ရှာဖွေတွေ့ရှိခံရပေလိမ့်မည်။
“ကောင်းကင်ဘုံတံခါး ပွင့်စမ်း”
“ဝုန်း”
ဧရာမ အသားလက်ကြီးများက ကမ္ဘာပေါ်တွင် အက်ကြောင်းတစ်ခုကို ဆွဲဖြဲလိုက်သည့်အလား အိပ်မက်ချိုးဖျက်မြို့မှ မွေးဖွားလာသော ဤတံခါးကြီးသည် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ ပွင့်ထွက်သွားတော့သည်။
အဆုံးမရှိသော အနက်ရောင်မြူခိုးများက အိပ်မက်ချိုးဖျက်မြို့ထဲသို့ စီးဝင်လာလေသည်။ ထိုမြူခိုးများက ကောင်းမင်၏ အတိတ်မှတ်ဉာဏ်များကို နိုးထလာစေသည်။ သူ ဟန်ဟိုင်းမှ ထွက်ခွာခဲ့ရခြင်း အကြောင်းရင်းသည် ထိုညက ဟန်ဟိုင်းပတ်ပတ်လည်တွင် ထွက်ပေါ်လာသော အနက်ရောင်မြူခိုးများကို စုံစမ်းစစ်ဆေးရန် သွားခဲ့သောကြောင့် ဖြစ်သည်။
ဟန်ဟိုင်းသည် အမည်မသိနေရာမှ ရောက်လာသော အနက်ရောင်မြူများ၏ တတိတိ ဝါးမျိုခြင်းခံခဲ့ရပြီး ယခုအခါတွင် သူသည် ထိုရင်းနှီးနေသော မြူများကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
“ဒါက... အတွင်းကမ္ဘာလား”
အိပ်မက်ချိုးဖျက်မြို့ထဲတွင် တံခါးတစ်ချပ် ဝှက်ထားသည်ကို နံပါတ် ၂ ပင် မသိခဲ့ပေ။ အကြောင်းမှာ အိပ်မက်ချိုးဖျက်မြို့သည် ဖန်တီးထားသော အိပ်မက်ဆိုးအစုအဝေးတစ်ခုသာ ဖြစ်သဖြင့် ဤနေရာတွင် တံခါးတစ်ချပ် ဖြစ်ပေါ်လာနိုင်မည်ဟု မသေဆေးကုမ္ပဏီမှ အဆင့်မြင့်ပုဂ္ဂိုလ်များက မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။
တုံ့ဆိုင်းမနေတော့ဘဲ ကောင်းမင် အထဲသို့ ဝင်သွားလိုက်သည်။ ရုပ်တုသုံးခု၏ မျက်နှာပေါ်တွင်လည်း ပုံသဏ္ဌာန်များ ဝေဝါးစွာ ထွက်ပေါ်လာသည်။ သူတို့သည် တံခါးနောက်ကွယ်မှ ခြိမ်းခြောက်မှုကို အာရုံခံမိသွားကြခြင်း ဖြစ်သည်။
မြူခိုးများက အိပ်မက်ချိုးဖျက်မြို့ထဲသို့ ပျံ့လွင့်လာကြပြီး မပြောသင့်သူ၏ တိုက်ခိုက်မှုများကို သယ်ဆောင်ထားသည့် ရုပ်တုသုံးခုသည်လည်း နောက်ဆုံးတွင် ထိန်းချုပ်မထားတော့ချေ။ သူတို့သည် ကောင်းမင်ကို အရှင်ဖမ်းရန် မစဉ်းစားတော့ဘဲ သူ့ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် ပြင်ဆင်လိုက်ကြသည်။
ရုပ်တုများပေါ်တွင် သွေးမြို့တော်တက်တူးများ တိတ်ဆိတ်စွာ ထွက်ပေါ်လာကြသည်။၎င်းတို့သည် မတူညီသော စည်းမျဉ်းသုံးခုကို ကိုယ်စားပြုလျက် ကောင်းမင်နောက်သို့လိုက်၍ တံခါးထဲသို့ လိုက်ဝင်သွားကြသည်။
အဆုံးမရှိသော အနက်ရောင်မြူခိုးများက အရာအားလုံးကို ဖုံးလွှမ်းထားလေသည်။ ကောင်းကင်က ကွယ်ပျောက်သွားပြီး မြေပြင်သည် ဖြတ်သန်းသွားလာ၍ မရနိုင်တော့ချေ။ ဤနေရာသည် လူ့လောကကြီး၏ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ စုပုံနေသော စိတ်ပျက်အားငယ်မှုများနှင့် အဆိုးမြင်စိတ်ခံစားချက်များ ကိန်းအောင်းရာ ဖြစ်ပေသည်။သို့သော်လည်း ထူးဆန်းသည်မှာ ထိုအနက်ရောင်မြူခိုးထဲတွင် မည်သည့်သရဲ သို့မဟုတ် မည်သည့်မကောင်းဆိုးဝါးတစ်ကောင်ကိုမှ မတွေ့ရခြင်း ဖြစ်သည်။
“ဒါက ပုံမှန်မဟုတ်ဘူး၊ ဒီလောက်ထိ ဆိတ်သုဉ်းပြီး မှောင်မိုက်နေတဲ့ နေရာမျိုးမှာ မိစ္ဆာဝိညာဉ်တွေ ပေါက်ဖွားလာရမှာပဲ၊ ဘာမူမမှန်မှုမှ မရှိတာက ဘာကိုဆိုလိုတာလဲဆိုရင် အရမ်းအန္တရာယ်များတဲ့ တည်ရှိမှုတစ်ခုက ဒီနေရာမှာ ပေါ်လာခဲ့လို့ပဲ ဖြစ်ရမယ်”