← Chapters

ဆောင်းဦးလေပြည်

Vol. 1 Ch. 65

ဆောင်းဦးလေပြည်

Vol. 1 Ch. 65

ယန့်ပုကွေး တည်းခိုခန်းတွင် ဆန်းလျန် သုံးရက်ခန့် တည်းခိုနေပြီး မြို့ထဲတွင် လည်ပတ်ရင်း အချိန်ဖြုန်း နေလေသည်။ ထိုသို့ အချိန်ဖြုန်းရင်း ကိစ္စအချို့ကို သိလာရလေသည်။

မြို့ထဲတွင် နေထိုင်သူအများစုမှာ ချင်းရွှမ်နတ်တံခါးရှိ တပည့်များ၏ မျိုးနွယ်များ ဖြစ်ကြ လေသည်။ ထို့ပြင် မျက်စိလည် လမ်းမှားပြီး ရောက်လာရင်း မပြန်တော့ဘဲ နန်ခယ်မြို့တွင်ပင် အခြေချ နေထိုင်ရန် ဆုံးဖြတ်လိုက်သည့် သူများလည်း ပါဝင်လေသည်။

နန်ခယ်မြို့တွင် နေထိုင်သူများမှာ ချင်းရွှမ်နတ်တံခါးသို့ ဝင်ခွင့်ရရန် အခွင့်အရေးများစွာ ရှိလေသည်။ ယခုလက်ရှိ နတ်တံခါးဖွင့်သည့် အချိန်တွင်ပင် ပါဝင်ရန် စီစဉ်နေကြသည့် လူငယ်အချို့ ရှိလေသည်။ သို့သော် သူတို့မှာ အလားအလာ နည်းပါးသည့်အပြင် ချင်းရွှမ်ကျင့်စဉ် အချို့ကိုပင် လေ့ကျင့်ထားခြင်း မရှိကြပေ။

သိုင်းလောကရှိ ထင်ရှားသည့် အိမ်တော်များမှ ချင်းရွှမ်သို့ စေလွှတ်လိုက်သည့် လူငယ်များနှင့် အခြားသော နတ်ဘုရား ကျောင်းတော်များမှ စေလွှတ်လိုက်သည့် လူငယ်များမှာလည်း များသော အားဖြင့် ချင်းရွှမ်နတ်တံခါးမှ အနွယ်တော်များနှင့် ပတ်သက်သည့် သူများ ဖြစ်ကြလေသည်။

ချင်းရွှမ်လမ်းစဉ်သို့ လိုက်ရန် မအောင်မြင်ပါကလည်း သူတို့က သူတို့အိမ်သို့ ပြန်သွားကြမည့် သူများ ဖြစ်လေသည်။ သူတို့ထဲမှ အချို့ဆိုလျှင် လက်ထပ်ပြီး မိသားစုများပင် ရှိနေကြလေသည်။ အချို့မှာလည်း အပျော်သဘောဖြင့် လာရောက် လေ့လာကြခြင်း ဖြစ်လေသည်။

သူတို့မှာ ချင်းရွှမ်ကျင့်စဉ်များကိုပင် ကျင့်ကြံထားခြင်း မရှိသည့်အပြင် သိုင်းပညာ အနည်းငယ် သာ တတ်သည့် သူများပင် ပါဝင်ကြလေသည်။

သူတို့က လူ့လောကတွင် မွေ့လျော်နေသူများ ဖြစ်ကြသည့်အတွက် အချိန်တန်လျှင် သေဆုံး သွားကြမည့် သူများသာ ဖြစ်လေသည်။

သို့သော် တာအိုကျင့်စဉ် လမ်းအတိုင်း ကျင့်ကြံရင်း နတ်ဘုရား ကျင့်စဉ်လမ်းကို အမှန်တကယ် လိုက်လျှောက် ချင်သူများလည်း ရှိလေသည်။ ထို့ပြင် တောင်ပင်လယ်ဖေးရှန်း နတ်ဘုရားကျွန်းမှ ကျင့်စဉ်များကို ကျင့်ကြံ ထားကြသည့် သူများလည်း လာရောက် ကြည့်သူများ ထဲတွင် ပါဝင်လေသည်။

သို့သော် သူတို့၏ ကျင့်စဉ်မှာ နတ်သက်ခြွေ ဓားသိုင်းလောက် ကောင်းမွန်ခြင်း မရှိပါ။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရား ကျောင်းတော်များက လူ့လောကသို့ ချထားပေးသည့် ကျင့်စဉ်များမှာ သိပ်ပြီး အရေးပါလှသော ကျင့်စဉ်များ မဟုတ်ပေ။

ဆန်းလျန်တွေ့ခဲ့သည့် ခရမ်းရောင် နတ်မိမယ်မှာ အမှန်တကယ် ရှိသည့် နတ်မိမယ်တစ်ပါး ဖြစ်လေသည်။

ခေတ်ပေါ်လောကမှ ဤလောကသို့ ဆန်းလျန် အချိန်ခရီးဖြင့် ရောက်လာ ခဲ့ပြီးသည့် နောက်ပိုင်း အစွမ်းထက်သည့် လူမျိုးပေါင်းစုံနှင့် တွေ့ခဲ့ရပါသည်။ သို့သော် နတ်ဘုရား ကျင့်စဉ်လမ်းကို တကယ် လေးစားအားကျ သွားရအောင် လုပ်ပေးလိုက်သည့် သူကတော့ ထိုခရမ်းရောင် နတ်မိမယ်ပင် ဖြစ်လေသည်။ ချင်းရွှမ်တွင် သူမ၏ အဆင့်အတန်းမှာ မည်မျှရှိသည်ကို ဆန်းလျန် သိချင်နေမိလေသည်။

ယန့်ပုကွေး တည်းခိုခန်းပိုင်ရှင်မှာ တစ်ခါမျှ မျက်နှာ ထွက်ပြခြင်း မရှိပါ။ သို့သော် စားပွဲထိုးကတော့ အင်မတန်မှ သဘောကောင်းပြီး သတင်းများကိုလည်း ပြောပြ တတ်လေသည်။ ဆန်းလျန် သိရသည့် သတင်းအများစုမှာ ထို စားပွဲထိုးဆီမှ ဖြစ်လေသည်။

တိမ်များဖြင့် ရစ်သိုင်းနေသည့် နန်ခယ်မြို့ လမ်းမရှည်ကြီး၏ အဆုံးနေရာကို ဆန်းလျန် ငေးကြည့်နေမိလေသည်။ လမ်းအဆုံးမှာ နီးသည်ဟု ထင်ရသည့်တိုင် အလွန်မှာ ဝေးကွာလေသည်။ လမ်းအဆုံးရှိ တိမ်တိုက်များကို "နယ်ခြားတိမ်တိုက်"ဟု ခေါ်လေသည်။ လူ့လောကနှင့် နတ်ဒေဝါများ နေသည့် နေရာကို စည်းခြားထားသည့် တိမ်တိုက်များဖြစ်လေသည်။

ချင်းရွှမ် နတ်တံခါးမှ နတ်ဘုရားများ အနေဖြင့် စိတ်တိုင်းကျ ဝင်ထွက် သွားလာခွင့် ရသော်လည်း လူသားများ အနေဖြင့် ထူးခြားသော အခြေအနေ မရှိဘဲ ထိုနေရာသို့ ဝင်ခွင့်မရပေ။

ထို့ပြင် နန်ခယ်မြို့တွင် နေထိုင်သည့် လူများအကျိုးကို ရှေ့ရှုပြီး ချင်းရွှမ် နတ်တံခါးက နှစ်ငါးဆယ်တွင် တစ်ခါ တပည့်အသစ် ဆယ်ယောက် ရွေးချယ်သည့်ပွဲကို ပြုလုပ်ပေးလေသည်။ သို့သော် အရည်အချင်း မပြည့်မီပါက လာရောက်ရွေးချယ် ခံရသည့်သူ မည်မျှ များပြားနေပါစေ တစ်ဦး တစ်ယောက်ကိုမျှ တပည့်အဖြစ် ရွေးချယ်ခြင်းမရှိပေ။

နတ်ဘုရားလမ်းစဉ် လိုက်ရန်အတွက် ရင်ဆိုင်ရမည့် အခက်အခဲများကို မည်သူမျှ အသေးစိတ် မသိကြပေ။

သို့သော် မည်သူမျှ ချင်းရွှမ်နတ်တံခါးတွင် တပည့်ဖြစ်ရမည့် အခွင့်အရေးကို လက်လွှတ် မခံလိုကြပေ။

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသည်နှင့်အမျှ နန်ခယ်မြို့သို့ လူများ တဖွဲဖွဲရောက်ရှိ လာကြလေ သည်။ ဆန်းလျန်မှာတော့ သူ၏ အတွင်းအားနှင့် ကျင့်စဉ်များကို ပုံမှန်လေ့ကျင့် နေခဲ့လေသည်။

ချင်းရွှမ်နတ်တံခါးမှ တပည့်ဆယ်ယောက်သာ လက်ခံမည်ကို အားလုံးသိထား ကြလေသည်။ သို့သော် အရည်အချင်း ပြည့်မီသူက တစ်ယောက်သာ ရှိလျှင်တော့ ထိုတစ်ယောက်ကိုသာ ချင်းရွှမ် နတ်တံခါးက တပည့်အဖြစ် လက်ခံမည် ဖြစ်လေသည်။ ဝမ့်ရှင်းလမ်းမှာ နောက်ဆုံး ကျန်ရစ်မည့် လက်ရွေးစင် ဆယ်ယောက်အတွက် အရည်အချင်း စစ်ထုတ်မည့် လမ်းဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါး မဖွင့်မီ ပြိုင်ဘက်များကို အနိုင်ယူ အပြတ်ရှင်းနိုင်ပါက ထိုသူမှာ ချင်းရွှမ် နတ်တံခါးကို ဝင်ခွင့်ရရန် နီးစပ်နိုင်သည်ဟု အားလုံးက ထင်မြင်ယူဆ ကြလေသည်။

သို့သော် အထက်မှာ ပြောခဲ့သည့် အကြောင်းအရာများမှာ ကောလဟလများသာ ဖြစ်လေသည်။ တကယ်တမ်း ချင်းရွှမ် နတ်တံခါးမှ တရားဝင် ထုတ်ပြန်ထားသည့် စည်းကမ်းများကို မည်သူမျှ မသိပေ။ သို့သော် ပြိုင်ပွဲဝင်မည့် လူအားလုံးမှာ အစွမ်းကုန် ကြိုးစား နေကြသလို အချင်းချင်းလည်း သတ်ဖြတ် နေကြလေသည်။

ထို့ကြောင့် စားပွဲထိုးက သူတို့ အားလုံးကို "မကြာခင် သေတော့မည့် သူများ" ဟု ပြောခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်ကတော့ ကောလာဟလ စကားများကို ယုံကြည်ခြင်း မရှိပါ။ သို့သော် ယုံကြည်သည့် သူများလည်း များစွာရှိနေ ပြန်လေသည်။

မိမိ အောင်မြင်ရေးအတွက် သူတစ်ပါးကို သတ်ဖြတ်သည်မှာ အလုပ်ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည်။ သို့သော် ထိုလုပ်ရပ်မှာ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးရာ ရောက်လေသည်။

ဆန်းလျန်ကဲ့သို့ တစ်ယောက်တည်း ရောက်လာသူများမှာ အထူးသဖြင့် ပစ်မှတ်ထား ခံကြ ရလေသည်။

သို့သော် အုပ်စုဖြင့် ရောက်လာကြသည့် သူများမှာလည်း စိတ်တူကိုယ်တူ မဖြစ်နိုင်ပေ။ လူဆယ်ယောက်ရှိလျှင် စိတ်ဆယ်မျိုး ရှိမည် ဖြစ်သောကြောင့် မည်သူ့ကိုမျှ ယုံကြည်၍ မရနိုင်ပေ။

ထိုကဲ့သို့ သတ်ဖြတ်ရန် ကြံစည်နေသည့် သူများကိုလည်း အရူးများဟု မဆိုသာပေ။ သူတို့ အားလုံးမှာ သူတို့ ရရှိမည့် အခွင့်အရေးကို လက်လွှတ် မခံနိုင်ကြပေ။

သို့သော် အလျင်စလို ပြုမူခြင်းမှာ ပညာဉာဏ် မရှိရာ ရောက်ပေသည်။ တွေ့တွေ့ချင်း တိုက်ခိုက် သည့် သူများမှာ ဦးနှောက် မရှိသူများ ဖြစ်ကြလေသည်။

ဆောင်းဦးလေပြည်က တိုက်ခတ်လာလေသည်။

လောကြီး တစ်ခုလုံးမှာ သတ်ချင်ဖြတ်ချင် စိတ်များဖြင့် ခြောက်ခြားစရာ ကောင်းလောက်အောင် ငြိမ်သက်တိတ်ဆိတ် နေလေသည်။

ဆန်းလျန်မှာ တည်းခိုခန်းရှိ သူ၏ အခန်းထဲတွင် ရှိနေလေသည်။ သူအခန်းထဲမှ ထွက်လိုက် သည်နှင့် သတ်ချင်ဖြတ်ချင်သည့် သူများက သူ့ဆီသို့ ဦးတည်လာကြ တော့မည် ဖြစ်လေသည်။

အနည်းဆုံးတော့ သူ့ကို လာသတ်မည့် သူတစ်ယောက် ရှိနေသည်ဟု မျှော်လင့် ထားရလေသည်။ သို့သော် သတ်ဖို့အတွက် စောင့်နေသောသူ ဖြစ်ပါက ပို၍ သတိထားရလေသည်။ သတ်ဖို့အတွက် ဉာဏ်ဆင်ရန် စောင့်နေပြီ ဆိုလျှင်တော့ သာမန်လူတစ်ယောက် မဖြစ်နိုင်တော့ပေ။

ဆန်းလျန် စပြီးရောက်သည့် နေ့ကတည်းက နန်ခယ်မြို့သို့ နေ့တိုင်းပင် လူများတဖွဲဖွဲ ရောက်လာ ကြလေသည်။ သို့သော် လူဦးရေမှာ တိုးလာခြင်း မရှိပေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်နေ့တစ်နေ့ အသတ်ခံရသည့် သူများမှာ မည်မျှ များပြားကြောင်း ဖော်ပြ နေလေတော့သည်။

ဆန်းလျန်မှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်နှင့် အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက်တို့ ပွင့်နေသူ ဖြစ်လေသည်။ ထို့ကြောင့် သူ၏ တည်ငြိမ် အေးဆေးသည့် လှုပ်ရှားမှုတိုင်းက အခြားသူများကို ကြောက်ရွံ့ နေစေလေသည်။

တည်းခိုခန်းတွင် အဆင့်လွန် သိုင်းသမားတစ်ယောက်အဖြစ် အသိအမှတ်ပြု ခံထားရသည့် စာရင်းထဲတွင် ဆန်းလျန်က ထိပ်ဆုံးမှ ပါဝင်လေသည်။ ဆန်းလျန်၏ အကြောင်းကို သိသည့် လူအချို့ပင် တည်းခိုခန်းတွင် နေထိုင်သူများထဲတွင် ပါဝင်လေသည်။

အန္တာရယ်များ ဝိုင်းဝိုင်းလည်နေခြင်း အတွက်လည်း ဆန်းလျန်က စိတ်အနှောင့်အယှက် မဖြစ်မိ ပါ။ သူ့ကိုလာရောက် တိုက်ခိုက်ပါက သူပင် သိုင်းပညာ လေ့ကျင့်ခွင့် ရသည်ဟု ရှုမြင် ထားသေးသည်။

သို့သော် ထိုသို့သတိထား နေရခြင်းနှင့် တိုက်ခိုက်နေရခြင်း များကြောင့် သူ၏ ဝိညာဉ်စွမ်းအားမှာ များစွာ တိုးတက်လာခြင်း မရှိပါ။ စိတ်လိုက်မာန်ပါ မလုပ်မိဘဲ စဉ်းစား ဆင်ခြင်ရသည်က များသောကြောင့်  ပိုပြီးတည်ငြိမ် လာရသည်ကတော့ အမှန်ပင် ဖြစ်လေသည်။ နန်ခယ်မြို့သို့ ရောက်နေသည့် ကာလအတွင်း သူ၏ အတွင်းအားကတော့ ပိုပြီး သန့်စင်လာကာ တိုးတက် လာခဲ့လေသည်။

သီးသန့် နေတတ်သည့် ဆန်းလျန်မှာ အခြားသူများ အမြင်တွင်တော့ မာနကြီးသည့် တစ်ကိုယ်တော် သိုင်းသမားတစ်ယောက် ဖြစ်နေလေတော့သည်။

တည်းခိုခန်း ခြံဝင်းအတွင်းတွင် သစ်ရွက်ကြွေများ ရှိနေလေသည်။ သစ်ရွက်များ ကြွေသည့် အသံအပြင် ခြေသံပြင်းပြင်း တစ်ချက်ကိုလည်း ကြားလိုက်ရလေသည်။

အမှန်တော့ ခြေသံလုံလုံဖြင့် လျှောက်လာလျှင်လည်း ရနိုင်ပေသည်။ သို့သော် တမင်သက်သက် ခြေသံ ပြင်းပြင်းနှင့် လျှောက်လာခြင်းပင်။ ဆန်းလျန်ကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်စေ ချင်သောကြောင့် ထိုသို့လျှောက်လာခြင်း ဖြစ်လေသည်။

ခြေသံ တစ်သံတည်း မဟုတ်...

စုစုပေါင်း လူသုံးယောက်...

ထုန်းရွှမ်ကျင့်စဉ်ကို အောင်မြင်ထားသည့် သူတစ်ယောက်သည် ခြေသံကို ကြားရုံမျှဖြင့် ခြေသံပိုင်ရှင်၏ သိုင်းပညာကို သိနိုင်စွမ်း ရှိလေသည်။

(ထုံးရွှမ်ကျင့်စဉ် = အဆင့်လွန် သိုင်းပညာ ကျင့်စဉ်တစ်ခု)

ဆန်းလျန်မှာ သိုင်းပညာနှင့် ပတ်သက်သည့် အခေါ်အဝေါ်များကို သိပ်ပြီးသိရှိသူ မဟုတ်ပါ။ ထို့ပြင် သူက ခြေသံ ကြားရုံမျှဖြင့် ထိုသူ၏ သိုင်းပညာကို တိတိကျကျ ပြောဆိုနိုင်ခြင်းလည်း မရှိပါ။ သို့သော် သူက အာရုံခံနိုင်စွမ်း အလွန်ကောင်းသည့် သူတစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့် သူ့ထံသို့ လာသောသူများမှာ မည်သူမည်ဝါ ဖြစ်သည်ကိုတော့ သူကောင်းစွာ သိနိုင်လေသည်။ ထိုသူများမှာ ရှောင်းအိမ်တော်မှ လူများ ဖြစ်ကြလေသည်။ တောင်ပင်လယ် ဖေးရှန်း နတ်ဘုရား ကျွန်းစွယ်မှ အနွယ်တော်များ ဖြစ်နိုင်သလို ကွေးယွင်စန်းကျွမ်းမှ လူများလည်း ဖြစ်နိုင်လေသည်။

သူတို့၏ အတွင်းအားမှာ ရှောင်းကျူ၏ အတွင်းအားနှင့် ဆင်တူလေသည်။

ရှောင်းကျူအကြောင်း စဉ်းစားလိုက်မိတော့ ဆန်းလျန်မှာ ရဲ့လျိုယွင်ကို သတိရလိုက် မိလေသည်။ သို့သော် ရောက်လာသူမှာ ရဲ့လျိုယွင်တော့ မဟုတ်ခဲ့ပါ။

ရဲ့လျိုယွင် ချင်းရွှမ်သို့ လာတော့မည် မဟုတ်ကြောင်း ဆန်းလျန် သိနေခဲ့လေသည်။

ချင်းရွှမ်နတ်တံခါး၏ တပည့်လောင်းများထဲတွင် ရဲ့လျိုယွင်နှင့် ဆန်းလျန်ကဲ့သို့ ထိပ်တန်းအဆင့် သိုင်းသမားမှာ အနည်းငယ်သာ ပါဝင်လေသည်။  သို့သော် သူတို့၏ ကိုယ်ရည်ကိုယ်သွေး များမှာတော့ ရဲ့လျိုယွင်ကို မီသည့်သူ တစ်ယောက်မျှ မရှိပေ။

ဆန်းလျန် တွေးမိသည်မှာ သူသာ ရဲ့လျိုယွင်ကဲ့သို့ ခြေထောက်မသန်သည့် ဒုက္ခိတတစ်ယောက် ဖြစ်ခဲ့ပါက ရဲ့လျိုယွင်ကဲ့သို့ စိတ်ဓာတ်မျိုးဖြင့် ကြိုးစားရင်း အောင်မြင်သူတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

အောင်မြင်မှု၏ နောက်ကွယ်တွင် အခက်အခဲ ပေါင်းများစွာ ရှိမည် ဖြစ်လေသည်။

လူများက အောင်မြင်မှု အသီးအပွင့်များကိုသာ မြင်တွေ့ကြခြင်း ဖြစ်ပြီး ထိုအောင်မြင်မှု နောက်ကွယ်မှ ကြိုးစားရုန်းကန် ခဲ့ရခြင်း၊ ပေးဆပ်ခဲ့ရခြင်း၊ ကျခဲ့ရသည့် မျက်ရည်များ၊ ထွက်ခဲ့ရသည့် သွေးများကိုတော့ မမြင်နိုင်ကြပေ။

ထိုစာသားများမှာ ခေတ်ပေါ်ကမ္ဘာတွင် သူနေခဲ့စဉ်က "ကဗျာဆရာကြီး ပင်းရှင်း" ရေးခဲ့သည့် စာအုပ်ထဲမှ စာသားများ ဖြစ်လေသည်။ သို့သော် ထိုစာသားများကို သက်သေပြခဲ့သည့် သူကတော့ ရဲ့လျိုယွင်ပင် ဖြစ်လေသည်။

လေတိုက်ခတ်ခြင်း မရှိဘဲ တံခါးက ပွင့်သွားလေသည်။

တံခါးဝတွင် ဆန်းလျန် ရပ်နေလေသည်။

သူ့ကို စိုက်ကြည့်နေသည့် လူသုံးယောက်ကို ဆန်းလျန်ကလည်း ပြန်စိုက်ကြည့် လိုက်သည်။

"ဆန်းလျန် ကျုပ်ရဲ့ ညီမဝမ်းကွဲကို သတ်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီ"

စကား ပြောလိုက်သည့် လူ၏ မျက်နှာပေါက်မှာ ရှောင်းကျူနှင့် ဆင်တူလေသည်။

အလင်းရောင် နှစ်ချက် လက်ခနဲ ဖြစ်သွားပြီး ထိုသူစကား ပြောနေစဉ်မှာပင် ကျန်လူ နှစ်ယောက် က ဆန်းလျန်ကို တိုက်ခိုက် လိုက်လေသည်။

တစ်ယောက်က ဓားကောက်အရှည်ကို အသုံးပြုပြီး အခြား တစ်ယောက်ကတော့ အနည်းငယ် ကွေးနေသည့် ဓားမျိုးကို အသုံးပြုလေသည်။

ဓားကောက်ရှည် သိုင်းကွက်မှာ လှည့်ကွက်များစွာ ပါဝင်ပြီး ခုခံနိုင်ရန် ခက်ခဲလေသည်။

သို့သော် ဓားကွေး သိုင်းကွက်များက ပိုပြီး အန္တရယ်ကြီးမား လေသည်။ ရန်သူမှာလည်း သန်မာ ပြီး လျင်မြန်သောသူများ ဖြစ်လေသည်။

ဓားက လေကိုထိုးခွင်းကာ ဝင်ရောက် လာလေသည်။ လေထုက အေးခဲနေလေသည်။

ဓားချက်လက်ခနဲ ဖြစ်သွားသည်ကို ကြည့်ခြင်းအားဖြင့် အဆင့်မြင့် ဓားသမားများ ဖြစ်ကြောင်း သိနိုင်လေသည်။

ထိုသူ နှစ်ယောက်လုံးမှာ အသက်နှစ်ဆယ်ကျော် ပတ်ဝန်းကျင်မျှ ရှိလေသည်။ အသက်ငယ်ငယ် နှင့် ထိုကဲ့သို့ အဆင့်မြင့် သိုင်းသမားများ ဖြစ်လာခြင်းမှာ တော်လွန်းသောကြောင့်တော့ မဟုတ်ပေ။ ဆရာကောင်း တွေ့ပြီး စနစ်တကျ လေ့ကျင့်ခွင့် ရခဲ့သောကြောင့်သာ ဖြစ်လေသည်။ ထို့ပြင် သိုင်းစွမ်းအား ကောင်းရန်အတွက် ဆေးစွမ်းကောင်းများလည်း ရှိသောကြောင့် ဖြစ်လေသည်။ အခြေခံကောင်းများ ရရှိသည့် အတွက်သာ ထိပ်တန်း သိုင်းသမားများ ဖြစ်လာကြသည့် သူများ ဖြစ်လေသည်။

သို့သော် သူတို့ကို ကြည့်ရသည်မှာ အတွေ့အကြုံတော့ အလွန် နည်းသည့်ပုံ ဖြစ်လေသည်။

ဆန်းလျန်က သူ၏လက်ကို ဝှေ့ယမ်း လိုက်လေသည်။ သူက ဓားဖြင့် တိုက်ခိုက်လာသည့် သူများကို လက်ဗလာဖြင့် ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်နှင့် စကားပြောသည့် သူကတော့ တိုက်ခိုက်ခြင်း မရှိသေးပါ။ သူက တိုက်ခိုက်ရန် အခွင့်ကောင်းကို စောင့်နေလေသည်။ သူ၏ အဖော်နှစ်ယောက် ဆန်းလျန်ကို လွှမ်းမိုးနိုင်သည့် အချိန်ကျမှ ဝင်ရောက် တိုက်ခိုက်ရန် စောင့်နေခြင်း ဖြစ်လေသည်။ သူက နောက်ဆုံး ပွဲသိမ်းတိုက်ခိုက် ရန် ဆုံးဖြတ်ထားပုံ ရလေသည်။

သူတို့၏ အစီအစဉ်မှာ ကောင်းပါသည်။ သို့သော် လောကတွင် စီစဉ်ထားသည့် အတိုင်း ဖြစ်သည်က ရှားလေသည်။

ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဘာဖြစ်သွားသည်ကို မည်သူမျှ မသိလိုက်ပေ။

ထိုသူ နှစ်ယောက်လုံး၏ ဓားများမှာ ဆန်းလျန်ကို ထိမိခြင်း မရှိပါ။ ထိုဓားနှစ်လက်ကို အခြားသော ဓားတစ်လက်က ခုခံ တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

သူတို့၏ ဓားနှစ်လက်လုံးမှာ ထက်မြက်သည့် ဓားကောင်းများ ဖြစ်ကြလေသည်။

သို့သော် သူတို့၏ ဓားနှစ်လက်လုံးမှာ ထက်ပိုင်းကျိုးသွား ကြလေသည်။

ဆန်းလျန်က သူတို့၏ အားနည်းချက်ကို သိလေသည်။

လောကတွင် အရာရာတိုင်း၌ အားနည်းချက် ရှိသည် မဟုတ်ပါလား။ တာအိုကျင့်စဉ်လမ်းနှင့် နတ်ဘုရား ကျင့်စဉ်များမှာပင် အားနည်းချက် ရှိလေသည်။

သို့သော်… အားနည်းချက်ကို သိခြင်းနှင့် အားနည်းချက်ကို သိပြီး အသုံးချတတ် ခြင်းမှာ ကွဲပြား လေသည်။

ဆန်းလျန်၏ လေ့လာ အားကောင်းမှုနှင့် အရည်အချင်းမှာ အံ့သြဖွယ်ရာပင် ဖြစ်လေသည်။

ဆန်းလျန်မှာ ထိုသူ သုံးယောက်ကို လက်တစ်ဖက် ဝှေ့ယမ်းရုံ မျှဖြင့် အနိုင်ရခဲ့ လေသည်။

သို့သော် သူက ထိုလူ သုံးယောက်ကို မသတ်ပါ။

ထိုလူသုံးယောက်ကို ဆန်းလျန် မသတ်ခြင်းမှာ အကြင်နာတရား ရှိလွန်း၍တော့ မဟုတ်ပေ။ ရှောင်းကျူကို မတော်တဆ သတ်ခဲ့သလို ဖြစ်မိခြင်းအတွက် အပြစ်ရှိသလို ခံစားရသောကြောင့် ဖြစ်လေသည်။

သို့သော် ထိုသူသုံးယောက်ကို အပြစ်တော့ ပေးရမည် ဖြစ်လေသည်။

သိုင်းလောက သားများကို အပြစ်ပေးမည် ဆိုလျှင် သူတို့၏ လက်မောင်းရှိ သွေးကြောကို ဖြတ်ကာ ရွှေပြဒါး အမြုတေ အတွင်းအား စီးဆင်းမှုကို ရပ်တန့် စေလိုက်ခြင်းပင် ဖြစ်လေသည်။ သူတို့၏လက်များ ဓားမကိုင် နိုင်တော့ခြင်းလောက် ရက်စက်သည့် အပြစ်ပေးမှုမျိုး ရှိတော့မည် မဟုတ်ပေ။

ဆန်းလျန်ကဲ့သို့ လူတစ်ယောက်ကို လွယ်လွယ်နှင့် မသတ်သည့် သိုင်းလောကသားမှာ လောကတွင် လွန်စွာမှ ရှားပါးလေသည်။

သို့သော် ဆန်းလျန်အနေဖြင့် ထိုသုံးယောက်ကို မသတ်ဘဲ လွှတ်ပေးလိုက်ရသည်မှာ လွယ်ကူ သည့် လုပ်ရပ်တော့ မဟုတ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော နောင်တစ်ချိန်တွင် လက်စား ချေရန်အတွက် ပြန်လည်ကြိုးစား လာနိုင်လေသည်။

သို့သော် ကိုးလပိုင်း တပည့်ရွေးပွဲ မတိုင်ခင်အထိတော့ မည်သူမျှ ဆန်းလျန်ကို မထိရဲ ကြတော့ပေ။

***

All Chapters