အခန်း (၁၇၆၆)
Vol. 127 Ch. 1766
အခန်း(၁၇၆၆)
ရွှေချပ်ဝတ်မှော်အဆောင်အတွက် တန်ဖိုးက အလွန်မြင့်မားသော်လည်း ယင်းကို အလွယ်တကူ မရောင်းချနိုင်ပေ။
မူလကျောက်တုံးတစ်သန်းကျော်ကို ထုတ်ပေးနိုင်သည့် အင်အားစုများက အလွန်နည်းပါးသည်။ ၎င်းတို့ထဲမှာ မည်သူက လူဆိုး၊ မည်သူက လူကောင်းဖြစ်သည်ကို ထည့်သွင်းစဉ်းစားရဦးမည်။
ထို့ပြင် အမည်စာရင်းထဲမှာ ပါဝင်သော အင်အားစုများသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြသော ပြိုင်ဘက်များ ဖြစ်ကြသည်။
အကယ်၍ ဟန်မူယဲ့က ရွှေချပ်ဝတ်မှော်အဆောင်ကို သူတို့ထဲမှ တစ်ယောက်အား ရောင်းချမည်ဆိုလျှင် သူက တခြားလူကို ရန်ပြုမိလိမ့်မည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် စီးပွားရေးလုပ်ရာတွင် တရားမျှတမှုနှင့် လွတ်လပ်မှုကို အဓိကထားသည်။
ယင်းက သူတို့ကို ယနေ့ထိတိုင် အချိန်အတော်ကြာ ရပ်တည်နိုင်စေသည့် လျှို့ဝှက်ချက် ဖြစ်သည်။
အကြီးအကဲကျူးဝူတိုင်နှင့် တာအိုပညာရှင်ပိုင်ကျိ၏ သုံးသပ်မှုအရ သူတို့က ရွှေချပ်ဝတ်မှော်အဆောင်ကို မူလကျောက်တုံးတစ်သန်းသုံးသိန်းဖြင့် ထင်ယွမ်မြို့တော်မှ ဝူဖင်းဂိုဏ်းအား ရောင်းချရန် ဆုံးဖြတ်လိုက်ကြသည်။ ထင်ယွမ်မြို့တော်သည် တုန်လင်းမြို့တော်မှ မိုင်ငါးသိန်းအဝေးမှာ တည်ရှိသည်။
တုန်လင်းမြို့တော်တွင် ဝူဖင်းဂိုဏ်း၏ ဩဇာသက်ရောက်မှုက မကြီးမားပေ။ သူတို့က တုန်လင်းမြို့တော်ထဲမှ အင်အားစုများနှင့်လည်း ရန်စမရှိပေ။
ထို့ကြောင့် ဝူဖင်းဂိုဏ်းကို ရွှေချပ်ဝတ်မှော်အဆောင် ရောင်းချခြင်းက တုန်လင်းမြို့တော်ထဲမှ အင်အားစုအသီးသီးကို ကြီးမားသော သက်ရောက်မှု မဖြစ်စေနိုင်ပေ။
အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။ ကျောက်စိမ်းမှော်အဆောင်စံအိမ်က ရွှေချပ်ဝတ်မှော်အဆောင်ကို ဝူဖင်းဂိုဏ်းသို့ ရောင်းချမည်ဟု ကြေညာလိုက်သည့်အခါ မြို့တော်ထဲမှ အင်အားစုအသီးသီးက နောင်တရသွားသော်လည်း သူတို့အားလုံးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ဝူဖင်းဂိုဏ်းသည် မူလကျောက်တုံးတစ်သန်းသုံးသိန်းနှင့် ညီမျှသော မူလသလင်းကျောက်များနှင့် ရတနာပစ္စည်းများကို ပေးအပ်ခဲ့သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လက်တလောတွင် ကျင့်ကြံခြင်းအရင်းအမြစ်များကို လိုအပ်နေသည်။ ထို့ကြောင့် ယင်းက မိုးပေါ်မှ အချိန်ကိုက် ရွှေထုပ်ပြုတ်ကျလာခြင်း ဖြစ်သည်။
မူလကျောက်တုံးတစ်သန်းနီးပါးကို အသုံးပြုလိုက်သည့်အခါ ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းအားက နောက်ထပ် တိုးမြှင့်သွားသည်။
သို့သော်လည်း သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ မူလကျောက်တုံးတစ်သန်းက သူ့အား ကြီးမားသော စွမ်းအားတိုးမြှင့်မှုကို မပေးနိုင်ပေ။ သို့ဖြစ်၍ သူက နောက်ထပ် အဆင့်တတ်ချင်လျှင် အထွတ်အမြတ်နယ်မြေမှ ထွက်သွားရလိမ့်မည်။
လဝက်ကြာပြီးနောက် ထျန်းရွှမ်တာအိုဂိုဏ်း၏ မှော်အဆောင်သခင်များစုဝေးပွဲက နောက်ဆုံးမှာ စတင်လာသည်။
…..
ထျန်းရွှမ်တာအိုဂိုဏ်း၏ ဝင်ပေါက်တွင် ကျင့်ကြံသူအများအပြားက ခရမ်းပြာဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်လျက် စောင့်ကြိုနေကြသည်။
ထိုအုပ်စု၏ ခေါင်းဆောင်က ရွှမ်းချန်ဖြစ်သည်။ သူက တတိယမျိုးဆက်မှ လက်ရွေးစင်တပည့်တစ်ယောက်ဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှမ်းချန်က မျက်နှာတည်ကြည်နေသည်။ သူက မှော်အဆောင်သခင်များစုဝေးပွဲသို့ တတ်ရောက်လာကြသော ကျင့်ကြံသူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အဲ့ဒီဘိုးဘေးဟန်က ငါတို့ရဲ့ ဘိုးဘေးယုရွှမ်းကိုတောင် နိမ့်ကျစေတဲ့ မှော်အဆောင်သူတော်စင်တစ်ပါးဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ ”
ရွှမ်းချန်၏ ဘေးမှ ရွှမ်းလန်က ခေါင်းယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
သူ၏ ဘေးမှ တခြားလူများသည်လည်း စိတ်ခံစားချက်ရှိသော မျက်နှာအမူအရာကို ထုတ်ဖော်လိုက်ကြသည်။
ပုံမှန်အားဖြင့် ဂိုဏ်း၏ လက်ရွေးစင်တပည့်များသည် ဂိတ်ပေါက်ဝမှာ ထိုသို့ရပ်စောင့်နေရန် မလိုအပ်ပေ။
အကြောင်းအရင်းမှာ ယခင်တစ်ခေါက် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း ရောက်လာခဲ့စဉ်က သူတို့က အပြင်မှာ ရှိနေခဲ့သူများ ဖြစ်သောကြောင့်ပင်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဘိုးဘေးဟန်က ဂိတ်ပေါက်ဝမှ လှည့်ပြန်သွားပြီး ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီသို့ သွားရောက်ကာ တုန်လင်းမြို့တော်တစ်ခုလုံး တုန်လှုပ်သွားစေမည့် မှော်အဆောင်စွမ်းရည်ကို ပြသခဲ့သည်။
သူက မှော်အဆောင်တစ်ခုကို မူလကျောက်တုံးတစ်သန်းကျော်ဖြင့် ရောင်းချနိုင်သည့် မှော်အဆောင်သူတော်စင်တစ်ပါး ဖြစ်သည်။
ကောလဟာလများအရ သူ၏ မှော်အဆောင်စွမ်းရည်က မှော်အဆောင်သူတော်စင်ချူးယွမ်ထက်ပင် သာလွန်သည်။
ထိုသို့ပုဂ္ဂိုလ်တစ်ယောက်က ထျန်းရွှမ်တာအိုဂိုဏ်း၏ ကြိုဆိုခံရမည်ဆိုလျှင် ဂိုဏ်း၏ အလုံးစုံအင်အားက သိသာစွာ ပြောင်းလဲသွားလိမ့်မည်။
သို့သော် ထိုသို့ပုဂ္ဂိုလ်က သူတို့၏ ဂိတ်ပေါက်ဝမှ လှည့်ပြန်သွားခဲ့သည်။ ယင်းက တုန်လင်းမြို့တော်ထဲတွင် နာမည်ကျော်ပြက်လုံး ဖြစ်လာသည်။
ထိုကိစ္စကြောင့် ဂိုဏ်း၏ ဧည့်ကြိုဌာနကို တာဝန်ယူထားသော တာအိုပညာရှင်ယွမ်ထိုင်က မိုင်တစ်ထောင်အဝေးမှ သတ္ထုတွင်းမှာ အလုပ်ကြမ်းလုပ်ရန် အပြစ်ဒဏ်ပေးခံလိုက်ရသည်။
“ မှော်အဆောင်သူတော်စင်ဟန် ရောက်လာပြီ ”
အရှေ့၌ တိတ်ဆိတ်နေသော မြေကွက်လပ်က ရုတ်တရက် ဆူညံသွားသည်။
ရွှမ်းလန်နှင့် တခြားလူများက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားကြသည်။ သို့သော်လည်း သူတို့က ဘေးပတ်ဝန်းကျင်မှ မှော်အဆောင်သခင်များ၏ ပိတ်ဆို့မှုကြောင့် ဟန်မူယဲ့ကို မမြင်နိုင်ကြချေ။
“ ဘိုးဘေးဟန်… အဲ့ဒီနေ့က ခင်ဗျားဆီက ကျုပ်ဝယ်သွားတဲ့ ကျောက်စိမ်းတုံကင်က ကျုပ်ကို မှော်အဆောင်နဲ့ပတ်သက်ပြီး ဉာဏ်အလင်းအများကြီး ပေးခဲ့ပါတယ်… အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ် ”
ဂုဏ်သရေရှိ မှော်အဆောင်သခင်တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောပြီး ဦးညွတ်လိုက်သည်။
လက်တလောတွင် ဟန်မူယဲ့က ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ မှော်အဆောင်သခင်အများကြီးနှင့် လက်ခံတွေ့ဆုံခဲ့ပြီး သူတို့၏ မေးခွန်းများနှင့် သံသယများကို ဖြေရှင်းပေးခဲ့သည်။
ယင်းက တုန်လင်းမြို့တော်ထဲမှာ သူ၏ ဂုဏ်သတင်းကို ပိုပြီးကျော်ကြားသွားစေသည်။
“ ဘိုးဘေးဟန်… ထျန်းရွှမ်တာအိုဂိုဏ်းရဲ့ မှော်အဆောင်အမွေအနှစ်ကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ ”
တစ်စုံတစ်ယောက်က စူးစမ်းသိလိုသော အမူအရာဖြင့် ဟန်မူယဲ့ကို မေးသည်။
“ ဘိုးဘေးဟန် အဲ့ဒီအမွေအနှစ်မှော်အဆောင်ကို ခင်ဗျားစိတ်ဝင်စားလား ”
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ပြောသည်။
ဤနေရာက ထျန်းရွှမ်တာအိုဂိုဏ်း၏ ပိုင်နက်ဖြစ်သော်လည်း မည်သူမှ ယင်းကို ဂရုမစိုက်ကြချေ။
မည်သို့ဖြစ်ပါစေ ထျန်းရွှမ်တာအိုဂိုဏ်းမှာ မှော်အဆောင်သူတော်စင်တစ်ပါး ရှိသည်လော။
မှော်အဆောင်သခင်လူအုပ်ကြီးက ဟန်မူယဲ့ကို ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိတ်ပေါက်ဝဆီသို့ လိုက်လံပို့ဆောင်ကြသည်။
ရွှမ်းလန်နှင့် တခြားလူများက အပြင်မှာ ကျန်နေခဲ့ကြသည်။ ဂိတ်တံခါးထဲသို့ ဟန်မူယဲ့ဝင်သွားသည်ကို ကြည့်နေရင်း သူတို့က ဇဝေဇဝါဖြစ်သွားကြသည်။
“ သွားကြစို့… ဘိုးဘေးယုရွှမ်း ပေးထားတဲ့ တာဝန်က မအောင်မြင်ပြန်ဘူး ”
ရွှမ်းချန်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။
ဘိုးဘေးက သူတို့ကို အဆက်အသွယ်ကောင်းများ တည်ဆောက်ရန်နှင့် တခြားလူများကို ဖော်လံဖားရန် မှာကြားခဲ့သည်။ အမှန်မှာ အဓိကအချက်က သူတို့ကို ဘိုးဘေးဟန်နှင့် တွေ့ဆုံစေရန် ရည်ရွယ်သည်။
…..
ထျန်းရွှမ်တာအိုဂိုဏ်းထဲတွင် ပေတစ်သောင်းကျယ်ဝန်းသော မြေကွက်လပ်တစ်ခု ရှိသည်။ ဤအခိုက်အတန့်မှာ မှော်အဆောင်သခင် တစ်ယောက်ပြီးတစ်ယောက်က မြေကွက်လပ်ပေါ်မှာ ထိုင်လိုက်ကြသည်။
အစိမ်းရောင်ကျောက်စိမ်းစင်မြင့်ပေါ်တွင် ရွှေရောင်အလင်းတန်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။ ဘေးပတ်ဝန်းကျင်တွင် အလင်းတိုင်လုံးများက ဖွဲ့စည်းသွားနေကြသည်။
ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် ဘိုးဘေးများက တည်ကြည်လေးနက်စွာ ထိုင်နေကြသည်။
အရှေ့မှ စင်မြင့်ပေါ်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော မှော်အဆောင်သခင်ဒါဇင်ခန့်က တည်ငြိမ်စွာ ထိုင်နေကြသည်။
စင်မြင့်၏ အလယ်တွင် ကျောက်စိမ်းပန်းကန်ပြားတစ်ချပ် ရှိသည်။ ပန်းကန်ပြားပေါ်တွင် အနက်ရောင်မှော်အဆောင်အပိုင်းအစတစ်ခု ရှိသည်။
တာအိုပညာရှင်ယုရွှမ်းနှင့် ထျန်းရွှမ်တာအိုဂိုဏ်းမှ တပည့်များက ဆွေးနွေးပွဲသို့ တတ်ရောက်လာကြသော မှော်အဆောင်သခင်အားလုံးကို စာလိပ်များ လိုက်လံပေးကမ်းကြသည်။
“ တာအိုရောင်းရင်းတို့… မှော်အဆောင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေက အဲ့ဒီစာလိပ်ထဲမှာ ရှိပါတယ် ”
“ တစ်စုံတစ်ယောက်က ဉာဏ်အလင်းရသွားမယ်ဆိုရင် အပေါ်တတ်လာပြီး မှော်အဆောင်ကို စမ်းသပ်ကြည့်နိုင်ပါတယ် ”
တာအိုပညာရှင်ယုရွှမ်းက စာလိပ်များကို လိုက်လံပေးကမ်းရင်း ရှင်းလင်းပီသစွာ အော်ပြောသည်။
အောက်ဘက်မှ ကျင့်ကြံသူများသည် သူတို့၏ လက်ထဲမှ စာလိပ်ကို ဖွင့်လိုက်ကြပြီး အထဲမှ သတင်းအချက်အလက်များကို ဖတ်ရှုလိုက်ကြသည်။
ထိုမှော်အဆောင်ကို ယခင် ယွမ်ချန်းကောင်းကင်နန်းတော်၏ နေရာမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ယွမ်ချန်းကောင်းကင်နန်းတော်သည် တုန်လင်းမြို့တော်မှ မိုင်သုံးသောင်းအဝေးမှာ တည်ရှိသည်။ ရှေးခေတ်တွင် ယွမ်ချန်းကောင်းကင်နန်းတော်က အထွတ်အမြတ်နယ်မြေ၏ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် မဟာတိုက်ပွဲကြီးတစ်ခုက ယွမ်ချန်းကောင်းကင်နန်းတော်ကို အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ထိုမှော်အဆောင်ကို တာအိုပေါ်ထွက်ခြင်းအဆင့်ထက် ကျော်လွန်သွားသော ကျင့်ကြံသူတစ်ယောက်၏ အလောင်းမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုသူက အဖက်ဖက်မှ ဝိုင်းရံတိုက်ခိုက်ခံထားရသည့်အလား သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။
ယခု ထိုမှော်အဆောင်ကို အသက်မသွင်းနိုင်သော်လည်း ယင်းထဲမှ မှော်သင်္ကေတများကို ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးလေ့လာနိုင်ပေသည်။
ထျန်းရွှမ်တာအိုဂိုဏ်းက ထိုမှော်အဆောင်ကို မျှဝေပေးရန် ဆန္ဒရှိခြင်းမှာ ထိုမှော်သင်္ကေတများထံမှ မည်သည့်အကျိုးအမြတ်ကိုမှ သူတို့မရရှိခဲ့သောကြောင့် ဖြစ်သည်။
“ ဘိုးဘေးဟန်… ခင်ဗျားဘာလို့ မစမ်းသပ်ကြည့်တာလဲ ”
စင်မြင့်အောက်မှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
လူတိုင်းက ဟန်မူယဲ့ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ ဟန်မူယဲ့က ကျောက်တုံးစင်မြင့်၏ ဘေးတစ်ဖက်မှာ ထိုင်နေသည်။
ဟန်မူယဲ့က ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ ကိုယ်စားပြုသူအနေဖြင့် ရောက်လာခြင်းဖြစ်ပြီး ကျောက်တုံးစင်မြင့်၏ ဘေးမှာ ကြီးကြပ်သူတစ်ယောက်အဖြစ် ထိုင်နေသည်။
ကျင့်ကြံသူတစ်ယောက်၏ စကားကြောင့် အကြည့်အားလုံးက ဟန်မူယဲ့၏ အပေါ်သို့ ကျရောက်လာသည်။ တာအိုပညာရှင်ယုရွှမ်းသည်ပင် ဟန်မူယဲ့ကို ကြည့်လိုက်လေရာ မျက်လုံးဝင်းလက်သွားသည်။
ဟန်မူယဲ့က ကျောက်တုံးစင်မြင့်ပေါ်မှ အနက်ရောင်မှော်အဆောင်ကို ကြည့်လိုက်သည်။
ယင်းက အံ့ဖွယ်အန္တိမမှော်အဆောင်ဖြစ်ကြောင်း သူသေချာသည်။
သို့သော်လည်း သူက အရှေ့သို့ တိုက်ရိုက် မသွားပေ။ ယင်းအစား သူက လက်နှစ်ဖက်ယှက်၍ လူတိုင်းကို ဂါရဝပြုလိုက်သည်။
“ တာအိုရောင်းရင်းတို့… ဒီနေ့ ကျုပ်က ကြီးကြပ်သူအဖြစ်ပဲ ဆောင်ရွက်မှာပါ… ဒီဆွေးနွေးပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး ”
ဟန်မူယဲ့၏ စကားက လူအများအပြားကို စိတ်ပျက်သွားစေသည်။
သူတို့က ဟန်မူယဲ့၏ လှုပ်ရှားမှုကို မြင်ချင်ကြသည်။
တုန်လင်းမြို့တော်ထဲမှာ အသစ်ပေါ်ထွန်းလာသော ထိုမှော်အဆောင်သူတော်စင်က အတော်လေး နာမည်ကျော်ကြားသည်။
“ ဒါပေမဲ့ ကျုပ်လည်းပဲ အဲ့ဒီမှော်အဆောင်ရဲ့ ဇစ်မြစ်ကို စိတ်ဝင်စားတယ် ”
ဟန်မူယဲ့က မတ်တတ်ထရပ်လိုက်သည်။ သူ၏ စကားက လူတိုင်းကို စိတ်လှုပ်ရှားသွားစေသည်။
သူက အရှေ့သို့ လျှောက်သွားပြီး မှော်အဆောင်၏ အရှေ့မှာ ရပ်လိုက်သည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး မှော်အဆောင်ပေါ်သို့ သူ၏ လက်ဖဝါးကို ညင်သာစွာ တင်လိုက်သည်။
“ ကြီးကြပ်သူတစ်ယောက်အနေနဲ့ ကျုပ်က တာအိုရောင်းရင်းတို့အတွက် သဲလွန်စတချို့နဲ့ အကြံဉာဏ်တချို့ ပေးပါမယ် ”
သူ၏ လှုပ်ရှားမှုတစ်ခုလုံးက အဆင်ချောမွေ့ပြီး သဘာဝကျသည်။ မည်သူမှ သူ့ကို သံသယမဖြစ်ကြပေ။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က မှော်အဆောင်ထဲမှ လျှို့ဝှက်ချက်များကို စစ်ဆေးနေကြောင်း မည်သူမှ မသိကြချေ။
မှိန်ဖျော့သော ဝိညာဉ်အလင်းက မှော်အဆောင်ကို ဖုံးလွှမ်းသွားသည်။ အဆုံးမဲ့သော မြင်ကွင်းများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။
မှော်အဆောင်စွမ်းရည်… အကန့်အသတ်မဲ့ပင်လယ်… ။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ… ။
အရှေ့ဘက်မူလပင်လယ်… ။
ထိုမှော်အဆောင်က အမှန်တကယ်ပင် အံ့ဖွယ်အန္တိမတာအိုမှော်အဆောင် ဖြစ်သည်။
မှော်သင်္ကေတရေးထွင်းနည်းနှင့် မှော်အဆောင်ထဲမှ စွမ်းအားလည်ပတ်ပုံက ဟန်မူယဲ့၏ စိတ်ထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
“ ဒီမှော်အဆောင်ရဲ့ မှော်သင်္ကေတရေးထွင်းနည်းက အထွတ်အမြတ်နယ်မြေရဲ့ နည်းစနစ်တွေနဲ့ ကွဲပြားခြားနားတယ်… ‘ ပိုးချည်မျှင်တစ်ထောင်နဲ့ ဓားသွားတစ်သောင်း ’နည်းစနစ်ကပဲ နည်းနည်း ဆင်တူတယ်… ဒါပေမဲ့ အခြေခံသဘောတရားကတော့ ကွဲပြားနေတုန်းပဲ ”
“ ဝိညာဉ်ပေါင်းစပ်ခြင်းနည်းစနစ်ကြောင့် စိတ်မရှုပ်သွားကြပါနဲ့ တာအိုရောင်းရင်းတို့… တကယ်တော့ အဲ့ဒါက ရှေးခေတ်ကနေ လက်ဆင်းကမ်းလာခဲ့တဲ့ အမွေအနှစ်သုံးခုထဲက တစ်ခုဖြစ်တယ် ”
“ ရွေးချယ်ရမယ့် ကုန်ကြမ်းပစ္စည်းတွေကတော့… ”
နာရီဝက်ကြာပြီးနောက် ဟန်မူယဲ့က လက်ပြန်ရုပ်လိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်သည်။
“ ကျုပ် ဆက်မပြောနိုင်တော့ဘူး ”
ကျောက်တုံးစင်မြင့်အောက်တွင် တိတ်ဆိတ်မှုက အရာအားလုံးကို ကြီးစိုးနေသည်။
လူတိုင်းက ဟန်မူယဲ့ကို မျက်လုံးပြူးလျက် ကြည့်နေကြသည်။
ဘာလို့ ခင်ဗျားကိုယ်တိုင်ပဲ မှော်အဆောင်ကို မသန့်စင်ပြတာလဲ… ။