အခန်း (၁၇၆၈)
Vol. 127 Ch. 1768
အခန်း(၁၇၆၈)
ကျောက်တုံးစင်မြင့်အောက်တွင် ထျန်းရွှမ်တာအိုဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများက သူတို့ကိုယ်ပိုင်မူလစွမ်းအားကို အသက်သွင်းလိုက်ကြစဉ် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး အောက်သို့ ကျဆင်းလာသည်။
“ ဝီး ”
ရွှေရောင်အလင်းက ကျောက်တုံးစင်မြင့်၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေကို ဖိနှိပ်လိုက်ပြီး အလင်းအကာအကွယ်အလွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
မရေမတွက်နိုင်သော ရွှေရောင်မှော်သင်္ကေတများက အလင်းအကာအကွယ်၏ မျက်နှာပြင်ပေါ်မှာ ရွေ့လျားစီးဆင်းနေကြသည်။
ထိုအလင်းအကာအကွယ်၏ အောက်တွင် လူတိုင်းက မလှုပ်ရှားနိုင်ဖြစ်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ်က မိုးမြေ၏ အကျဉ်းချခံလိုက်ကြရသည်။
“ ကောင်းကင်ဘုံအဆောင်မဟာဝင်္ကပါ ”
“ သူတို့က အသင်္ချေအဆောင်တာအိုဂိုဏ်းက လူတွေ ”
“ အသင်္ချေအဆောင်တာအိုဂိုဏ်းက ထျန်းဖူနန်းတော်နဲ့ အတူတူပဲလား… လူတွေပြောကြတာက အသင်္ချေအဆောင်တာအိုဂိုဏ်းက အထွတ်အမြတ်နယ်မြေရဲ့ အကြမ်းတမ်းဆုံးနဲ့ အရက်စက်ဆုံး မှော်အဆောင်သခင်တွေ တည်ရှိနေတဲ့ အင်အားစုဖြစ်တယ် ”
ရွှေရောင်အလင်းအကာအကွယ်ဖြင့် ဖိနှိပ်ခံလိုက်ရသည့်အခါ လူတိုင်းက မျက်နှာဖြူဖျော့သွားကြသည်။ သူတို့က ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ကြပြီး အံ့အားသင့်စွာ ပြောသည်။
ထျန်းဖူနန်းတော်အကြောင်း မသိကြသော ထိုကျင့်ကြံသူများအပေါ် ကျောက်ဖင်းဟွမ်က စိတ်ပျက်သွားသည်။ သူက လေးနက်သော အမူအရာဖြင့် ကျောက်တုံးစင်မြင့်အောက်မှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။
“ အသင်္ချေအဆောင်တာအိုဂိုဏ်းက ထျန်းဖူနန်းတော်ရဲ့ ဌာနခွဲတစ်ခုပဲ ဖြစ်တယ် ”
“ ငါ့ရဲ့ ထျန်းဖူနန်းတော်က နယ်မြေဆယ့်သုံးခုကို အုပ်ချုပ်နေတဲ့ အစစ်အမှန် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်တယ်… အထွတ်အမြတ်နယ်မြေထဲက အသင်္ချေအဆောင်တာအိုဂိုဏ်းက ထျန်းဖူနန်းတော်ရဲ့ တည်နေရာတစ်ခုပဲ ဖြစ်တယ် ”
“ အတိတ်မှာ ငါ့ရဲ့ ထျန်းဖူနန်းတော်က တာအိုငါးပါးကောင်းကင်အဆောင်ကို အခြေခံအုတ်မြစ်ထားပြီး နယ်မြေဆယ့်သုံးခုကို အုပ်ချုပ်ခဲ့တယ်… မင်းတို့အထွတ်အမြတ်နယ်မြေရဲ့ အမွေအနှစ်တွေက ဘယ်လိုလုပ် ထျန်းဖူနန်းတော်ကို ယှဉ်ပြိုင်နိုင်မှာလဲ ”
နယ်မြေဆယ့်သုံးခုကို အုပ်ချုပ်တယ်… ။
ယင်းက ဟန်မူယဲ့ သိထားသော အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အရှေ့ဘက်မူလပင်လယ်ပေါ်မှ ကျွန်းစု(၁၃)ခုနှင့် ကိုက်ညီသည်။
ကျောက်ဖင်းဟွမ်ပြောသွားသော တာအိုငါးပါးကောင်းကင်အဆောင်သည် အံ့ဖွယ်အန္တိမတာအိုအဆောင်ငါးခုမှလွဲ၍ တခြားမဟုတ်ပေ။
အံ့ဖွယ်အန္တိမတာအိုအဆောင်ငါးခုကို ပိုင်ဆိုင်ထားသော ထျန်းဖူနန်းတော်သည် နယ်မြေဆယ်သုံးခုကို အုပ်ချုပ်ရန် အလုံအလောက် သန်မာသည်။
“ တောသားလေးတွေ… လောကကြီးက ဘယ်လောက်ကျယ်ပြောလဲ မင်းတို့ဘယ်လိုလုပ်သိမှာလဲ ”
ကျောက်ဖင်းဟွမ်က အထင်သေးရှုံ့ချစွာ ပြောသည်။ ထို့နောက် သူက ဟန်မူယဲ့ကို တိုက်ရိုက် ကြည့်လိုက်သည်။
ကျောက်ဖင်းဟွမ်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ အနောက်တွင် ဝတ်စုံနက်ဝတ် ကျင့်ကြံသူဒါဇင်ခန့်က ဟန်မူယဲ့ထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ဝတ်စုံနက်ဝတ် ကျင့်ကြံသူများ ကျောက်တုံးစင်မြင့်ပေါ်သို့ ခြေချလိုက်သည့်အခိုက် အလွန်အားကောင်းသော မူလစွမ်းအားနှင့် သွေးချီစွမ်းအားက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာကြသည်။
ဤအခိုက်အတန့်မှာ လောကတစ်ခုလုံးက ရွှေရောင်အကာအကွယ်အလွှာကြောင့် အကျဉ်းချခံထားရသော်လည်း သူတို့က လွတ်လပ်စွာ လှုပ်ရှားနိုင်ကြသည်။
“ အသင်္ချေအဆောင်ရုပ်သေးရုပ်တွေ ”
ဟန်မူယဲ့၏ စကားက ကျောက်ဖင်းဟွမ်ကို အံ့ဩသွားစေသည်။
ဟန်မူယဲ့က အသင်္ချေအဆောင်ရုပ်သေးရုပ်အကြောင်း သိထားမည်ဟု သူမမျှော်လင့်ထားပေ။
“ မင်းက အသင်္ချေအဆောင်ရုပ်သေးရုပ်အကြောင်း သိထားရင်တောင်မှ သူတို့ကို အနိုင်… ”
ကျောက်ဖင်းဟွမ်၏ စကားမဆုံးမီ ဟန်မူယဲ့၏ ပုံရိပ်က နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူက ဝတ်စုံနက်ဝတ် ကျင့်ကြံသူတစ်ယောက်၏ အရှေ့မှာ ပြန်ပေါ်လာပြီး သူ၏ လက်ဝါးကို အရှေ့သို့ ရိုက်ထုတ်လိုက်သည်။
ဝတ်စုံနက်ဝတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ အပြင်ပန်းဝတ်စုံက ပေါက်ကွဲသွားသည်။ ထိုအခါ မှော်သင်္ကေတများဖြင့် ပြည့်နှက်နေသော သံချပ်ကာက သူ၏ ဝတ်စုံအောက်မှာ ထွက်ပေါ်လာသည်။ မှော်သင်္ကေတတစ်ခုစီက ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။
ထိုမှော်သင်္ကေတများက ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းအကာအကွယ်ကို ပဲ့တင်ပြန်နေသည်။ ထို့ကြောင့် အသင်္ချေအဆောင်ရုပ်သေးရုပ်များက မိုးမြေ၏ အကျဉ်းချမခံရဘဲ လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်ကြသည်။
အစောနက ဟန်မူယဲ့၏ လက်ဝါးရိုက်ချက်က ရုပ်သေးရုပ်ပေါ်မှ မှော်သင်္ကေတများကို ပျက်စီးသွားစေသည်။ ရွှေရောင်အလင်းအကာအကွယ်ကို ပဲ့တင်ပြန်နေသော မှော်သင်္ကေတများ မရှိတော့သည့်အခါ မိုးမြေဖိနှိပ်မှုက အောက်သို့ ဆင်းသက်လာပြီး ရုပ်သေးခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သည်။ သို့ဖြစ်၍ ထိုရုပ်သေးရုပ်က နောက်ထပ် မလှုပ်ရှားနိုင်တော့ပေ။
ဟန်မူယဲ့၏ ပုံရိပ်က ထပ်မံ ရွေ့လျားသွားသည်။ သူ၏ လက်ဝါးရိုက်ချက်တိုင်းက ရုပ်သေးရုပ်တစ်ရုပ်စီ၏ မှော်သင်္ကေတများကို ပျက်စီးသွားစေပြီး သူတို့၏ ရုပ်သေးခန္ဓာကိုယ်ကို ကျောက်တုံးစင်မြင့်ပေါ်မှာ ရပ်တန့်သွားစေသည်။
သူ၏ အလျင်က အလွန်မြန်ဆန်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရုပ်သေးရုပ်အားလုံးက ကျောက်တုံးစင်မြင့်ပေါ်မှာ ကျောက်ရုပ်ဖြစ်သွားကြသည်။
အသင်္ချေအဆောင်ရုပ်သေးရုပ်အားလုံး ရပ်တန့်သွားသည့်အခိုက်မှ ကျောက်ဖင်းဟွမ်က မိန်းမောတွေဝေနေခြင်းမှ သတိပြန်ဝင်သွားသည်။
“ မင်း… မင်း ဘယ်လိုလုပ် အသင်္ချေအဆောင်မဟာဝင်္ကပါထဲမှာ လှုပ်ရှားနိုင်တာလဲ ”
ကျောက်ဖင်းဟွမ်က ဟန်မူယဲ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်ပြီး မေးသည်။
အသင်္ချေအဆောင်မဟာဝင်္ကပါပေါ်မှ မှော်သင်္ကေတတစ်ခုစီသည် ကက်တီတစ်သောင်း လေးလံသည်။ အဆောင်မဟာဝင်္ကပါတစ်ခုလုံးတွင် မှော်သင်္ကေတများက မရေမတွက်နိုင်အောင်ရှိသည်။ ထိုသို့ဖိအားအောက်မှာ ဟန်မူယဲ့က မည်သို့ကြောင့် လွတ်လပ်စွာ ရွေ့လျားနိုင်ရသနည်း။
ဟန်မူယဲ့က ကျောက်ဖင်းဟွမ်ကို လျစ်လျူရှုထားသည်။ သူက ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်ပြီး ရွှေရောင်အလင်းအကာအကွယ်ကို စိုက်ကြည့်လိုက်သည်။ ကောင်းကင်ပေါ်မှ တစ်နေရာတွင် ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ထိုနေရာတွင် စွမ်းအင်ဗဟိုချက်ရှိသည်။
“ ဝီး”
ကျောက်တုံးစင်မြင့်ပေါ်တွင် အနက်ရောင်မှော်အဆောင်က တုန်ယင်သွားပြီး ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းအကာအကွယ်ဆီသို့ ပျံသန်းသွားသည်။
ဟန်မူယဲ့က အေးဆေးတည်ငြိမ်သော အမူအရာဖြင့် လက်မြှောက်လိုက်သည်။ စိမ်းပြာရောင်မှော်သင်္ကေတတစ်ခုက သူ၏ လက်ညှိုးထိပ်ပေါ်မှာ ထွက်ပေါ်လာသည်။
မှော်သင်္ကေတက အပေါ်သို့ ပျံသန်းသွားသည်နှင့် အနက်ရောင်အဆောင်က ရုတ်တရက် တုန်ယင်သွားပြီး လေထဲမှာ ရပ်တန့်သွားသည်။
ကျောက်ဖင်းဟွမ်က မျက်လုံးပြူးသွားသည်။ သူက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ကောင်းကင်ဆက်သွယ်တာအိုမှော်အဆောင်က ထျန်းဖူနန်းတော်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ထျန်းဖူနန်းတော်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် သုတေသနပြုလုပ်ပြီးမှသာ ကောင်းကင်ဆက်သွယ်တာအိုမှော်အဆောင်အား ထိန်းချုပ်နိုင်သော နည်းလမ်းတချို့ကို ရှာတွေ့ခဲ့သည်။
သို့သော် မည်သို့ကြောင့် သူ့အရှေ့မှ ဟန်မူယဲ့က ကောင်းကင်ဆက်သွယ်တာအိုမှော်အဆောင်အား အလွယ်တကူ ထိန်းချုပ်နိုင်ရသနည်း။
“ ဂျိန်း ”
ကောင်းကင်ယံတွင် ရွှေရောင်မိုးကြိုးက အနက်ရောင်မှော်အဆောင်ဆီသို့ ကျဆင်းသွားသည်။
မိုးမြေကြားမှ ရွှေရောင်မှော်သင်္ကေတများက ရွှေရောင်အလင်းပုံရိပ်များအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားကြပြီး အနက်ရောင်မှော်အဆောင်ပေါ်တွင် နက်ရှိုင်းစွာ နစ်မြုပ်သွားကြသည်။
မှော်အဆောင်ကို အသုံးပြု၍ မှော်အဆောင်ကို ပြန်လမ်းညွှန်ပေးခြင်း… ။
ဟန်မူယဲ့က နေရာမှာ ဆက်လက် ရပ်နေသည်။ သူက ညင်သာစွာ လက်မြှောက်လိုက်ပြီး သူ၏ လက်ညှိုးနှင့် လက်ခလယ်ကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်သည်။
“ ဝီး ”
မရေမတွက်နိုင်သော မှော်သင်္ကေတများက သူ၏ လက်ညှိုးနှင့် လက်ခလယ်မှ ထွက်ပေါ်လာကြသည်။
မှော်သင်္ကေတတစ်ခုစီက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းအကာအကွယ်ကို ခုခံတားဆီးလိုက်ကြသည်။
လူတိုင်း၏ အရှေ့တွင် ဟန်မူယဲ့က မိုးမြေကို သူ၏ လက်နှစ်ချောင်းတည်းဖြင့် ထောက်ပံ့ပေးလိုက်သည်။
သူက တစ်ယောက်တည်းအားဖြင့် ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ရွှေရောင်မှော်အဆောင်များကို ခုခံတားဆီးနေသည်။
“ အဲ့ဒါက ကောင်းကင်ဘုံတုန်လှုပ်စေတဲ့ မှော်အဆောင်တာအိုလား ”
ကျောက်ဖင်းဟွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ကောင်းကင်ဘုံတုန်လှုပ်စေတဲ့ မှော်အဆောင်တာအို… အဲ့ဒီအဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူက အထွတ်အမြတ်နယ်မြေတစ်ခုလုံးကို သူတစ်ယောက်တည်းအားနဲ့ မှောက်လှန်ပစ်နိုင်လိမ့်မယ်… သူက လက်ဖဝါးထဲက မှော်သင်္ကေတတွေကို အသုံးပြုပြီး ကောင်းကင်ဘုံတာအိုကို ဖိနှိပ်နိုင်လိမ့်မယ် ”
ကျောက်တုံးစင်မြင့်အောက်တွင် တစ်စုံတစ်ယောက်က ဟန်မူယဲ့ကို စိုက်ကြည့်နေရင်း အံ့အားသင့်စွာ ပြောသည်။
လူပုဂ္ဂိုလ်တစ်ယောက်က မှော်အဆောင်တာအိုကို အသုံးပြု၍ မိုးမြေစွမ်းအားကို တားဆီးနိုင်သည်ဆိုလျှင် ယင်းက ကောင်းကင်ဘုံတုန်လှုပ်စေနိုင်သော မှော်အဆောင်တာအို ဖြစ်လိမ့်မည်။
“ ဗုန်း ”
အဆုံးမဲ့သော အလင်းတန်းက အနက်ရောင်မှော်အဆောင်ထဲမှ ပေါ်လျှိုးလာသည်။ ခမ်းနားထည်ဝါသော ထိုအလင်းရောင်က ဟန်မူယဲ့နှင့် မိုးကောင်းကင်ပေါ်မှ ရွှေရောင်အလင်းအကာအကွယ်ကို တစ်ပြိုင်နက် ဝါးမျိုလိုက်သည်။
ထို့နောက် ယင်းတို့နှစ်ခုက မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
ထျန်းရွှမ်တာအိုဂိုဏ်း၏ နယ်မြေတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။ မိုးမြေဖိနှိပ်မှုက ဤအခိုက်အတန့်မှာ ပျောက်ကွယ်သွားသည်။
“ မိုးကောင်းကင်ခွဲတိုက်ပွဲ ”
“ အထွတ်အမြတ်နယ်မြေရဲ့ ကောင်းကင်ဘုံတာအိုက သူတို့ရဲ့ စွမ်းအားကို မတောင့်ခံနိုင်တော့လို့ သူတို့ကို လောကအပြင်ဘက်က တိုက်ပွဲမြေပြင်ဆီ ပြောင်းရွှေ့လိုက်တယ် ”
အာမေဋိတ်စကားသံများက ကျောက်တုံးစင်မြင့်အောက်မှ ထွက်ပေါ်လာသည်။
အထွတ်အမြတ်နယ်မြေ၏ လက်ခံနိုင်စွမ်းထက် ကျော်လွန်သွားသော ပုဂ္ဂိုလ်များ၏ စွမ်းအားကသာလျှင် မိုးကောင်းကင်ခွဲတိုက်ပွဲကို ဖန်တီးနိုင်လိမ့်မည်။
လောကအပြင်ဘက်မှ တိုက်ပွဲတွင် သန်မာသူများက ပြန်ရောက်လာကြပြီး အားနည်းသူများက သေဆုံးသွားကြလိမ့်မည်။
ဟန်မူယဲ့က မိုးကောင်းကင်ခွဲတိုက်ပွဲကို ဖန်တီးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ဤအခိုက်အတန့်မှာ လူတိုင်းက ကောင်းကင်ထံမှ သူတို့၏ အကြည့်ကို ပြန်ရုပ်လိုက်ကြပြီး ကျောက်တုံးစင်မြင့်ပေါ်မှ ကျောက်ဖင်းဟွမ်ကို စိုက်ကြည့်လိုက်ကြသည်။
ကျောက်ဖမ်းဟွမ်က နှုတ်ခမ်းတွန့်သွားပြီး သူ၏ လက်ထဲမှ ကျောက်စိမ်းတုံကင်များကို ဖျစ်ညှစ်လိုက်သည်။
ကျောက်တုံးစင်မြင့်၏ အပေါ်နှင့် အောက်မှ အကြည့်များက သူ့ကို အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးစေသည်။
အထူးသဖြင့် မိုးမြေစွမ်းအား၏ ဖိနှိပ်မှုမရှိတော့သည့်အခါ ထိုကျင့်ကြံသူအားလုံးကို သူတစ်ယောက်တည်း မရင်ဆိုင်နိုင်ပေ။
“ ဟွန့်… ထျန်းဖူနန်းတော်က အကြီးအကဲတွေ ပြန်ရောက်လာတဲ့အထိ စောင့်နေစမ်းပါ… အဲ့ဒီအချိန်ကျရင် မင်းတို့အားလုံး ဒီကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မလား ငါကြည့်မယ် ”
ကျောက်ဖင်းဟွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။
သို့တိုင် သူ၏ အသံက တုန်ယင်နေလေရာ သူစိုးရိမ်ကြောင့်လန့်နေကြောင်း ထင်ရှား၏။
မည်သို့ဖြစ်ပါစေ အကယ်၍ ထျန်းဖူနန်းတော်မှ အကြီးအကဲများ ယနေ့ ပြန်မရောက်လာနိုင်လျှင် သူက ဤနေရာမှာ အသက်ဆုံးရှုံးသွားလိမ့်မည်။
…..
“ ဗုန်း ”
ပေတစ်ရာကျယ်ပြောသော ဖရိုဖရဲပင်လယ်ထဲမှာ ရုတ်တရက် မိုးမြေစွမ်းအားက ပေါ်လျှိုးလာသည်။
ဟန်မူယဲ့၏ အရှေ့တွင် အနက်ရောင်မှော်အဆောင်က ပျံဝဲနေသည်။ ထို့ပြင် သူ၏ မျက်နှာချင်းဆိုင်မှာ ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်က မတ်တတ်ရပ်နေကြသည်။
သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို မှော်အဆောင်သင်္ကေတများဖြင့် အပြည့်ဖုံးလွှမ်းထားလေရာ ထိုမှော်သင်္ကေတများကို သူတို့ကိုယ်တိုင် အရေပြားပေါ်မှာ ရေးထွင်းခဲ့ဟန် ရသည်။
သူတို့၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများက လှည့်ပတ်နေကြပြီး သူတို့ကို ကာကွယ်ပေးနေကြသည်။
ဟန်မူယဲ့သည်တော့ သူတို့သုံးယောက်နှင့် ကွဲပြားခြားနားသည်။ သူ့ခန္ဓာကိုယ်၏ ဘေးပတ်ဝန်းကျင်တွင် မည်သည့်မှော်သင်္ကေတမှ မရှိပေ။
သူ၏ အသိစိတ်ထဲတွင်သာ ဘီလီယံနှင့်ချီသော ရွှေရောင်မှော်သင်္ကေတများက ထွန်းလင်းတောက်ပနေကြသည်။
“ သေစမ်း… ဒီနေရာက အရှေ့ဘက်မူလပင်လယ် ”
“ မြန်မြန် သူ့ကို သတ်ပစ်ပြီး တိုက်ပွဲကို အဆုံးသတ်ရမယ် ”
“ တာအိုမှော်အဆောင်ကို ငါတို့ရမှ ဖြစ်မယ်… ဒီနေရာက အစောင့်အကြပ်တွေ သတိမထားမိအောင် အမြန်လုပ်ရမယ် ”
အဖိုးအိုသုံးယောက်က တစ်ယောက်ပြီးတစ်ယောက်ကြည့်၍ အော်ပြောလိုက်ကြသည်။ သူတို့က လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ထောင်သောင်းချီသော မှော်အဆောင်များကို အရှေ့သို့ ပစ်လွှတ်လိုက်ကြသည်။
မှော်အဆောင်များက လေမုန်တိုင်းအသွင် ဖွဲ့စည်းသွားပြီး ဟန်မူယဲ့ထံသို့ ဦးတည်သွားသည်။
ဤနေရာက အရှေ့ဘက်မူလပင်လယ်ဖြစ်ပြီး ဤနေရာမှာ အစောင့်အကြပ်များရှိကြောင်း သူတို့သိထားကြသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ရွှေရောင်မှော်သင်္ကေတများက သူ၏ လက်ဖဝါးထဲမှ ပေါ်လျှိုးလာကြပြီး မှော်သင်္ကေတလေမုန်တိုင်းကို ခုခံတားဆီးလိုက်သည်။
“ ဘန်း ”
မှော်သင်္ကေတလေမုန်တိုင်းက ပေါက်ကွဲသွားပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထို့ပြင် အချင်းမိုင်တစ်သောင်းကျယ်ပြောသော ပင်လယ်ရေမျက်နှာပြင်က အပေါ်သို့ မြှောက်တတ်သွားသည်။
“ ဝီး… ဝီး… ”
အဝေးတွင် ရွှေရောင်သံချပ်ကာဝတ် ပုံရိပ်အများအပြားက သူတို့ဆီသို့ အမြန်ချဉ်းကပ်လာနေကြသည်။
“ ဘယ်သူတွေ တိုက်ခိုက်နေတာလဲ ”
“ ချိပ်ပိတ်နယ်မြေက လူတွေလား ”