အခန်း (၁၇၆၉)
Vol. 127 Ch. 1769
အခန်း(၁၇၆၉)
ရွှေရောင်သံချပ်ကာဝတ်ပုံရိပ်… ။
ရှင်းလင်းစွာပင် ၎င်းက အထွတ်အမြတ်နယ်မြေ၏ အလွန်မှာ နေထိုင်သော အစောင့်အကြပ် ဖြစ်သည်။
ယခင်တစ်ခေါက် ဟန်မူယဲ့ အထွတ်အမြတ်နယ်မြေထဲမှ ထွက်သွားခဲ့စဉ်က ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်များဖြင့် သူတိုက်ခိုက်ခဲ့သည်။
ထိုရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်များဆီမှာ သာလွန်ထူးခြားသော ကျင့်ကြံခြင်းစွမ်းအားနှင့် တိုက်ပွဲစွမ်းအား မရှိပေ။ သို့သော်လည်း သူတို့၏ ရွှေရောင်သံချပ်ကာက အလွန်သန်မာသော ခုခံကာကွယ်မှုကို ပေးသည်။ ထို့ပြင် သူတို့၏ လက်နက်များက ရှိန်လောက်ဖွယ်ကောင်းသည်။
ပိုပြီးအရေးကြီးသည်မှာ သူတို့ကျင့်ကြံသော မိုးမြေစွမ်းအားက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ စွမ်းအား ဖြစ်သည်။ ယင်းက ချိပ်ပိတ်ခံထားရသော အထွတ်အမြတ်နယ်မြေထက် တစ်ဆင့်ပိုမြင့်သည်။
“ ဝီး ”
ဟန်မူယဲ့၏ အရှေ့တွင် အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်က အနောက်လှည့်လိုက်ပြီး လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။ ရွှေရောင်မှော်သင်္ကေတများက သူ၏ လက်ဖဝါးထဲမှ ဒီရေသဖွယ် ပေါ်လျှိုးလာကြသည်။
တခြားအကြီးအကဲနှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ မှော်သင်္ကေတများကို လှုံ့ဆော်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ပင်လယ်ရေကို စုဝေးလိုက်သည်။ အလွန်သိပ်သည်းသော ပင်လယ်ရေက ဟန်မူယဲ့ပေါ်သို့ ကျဆင်းသွားသည်။
ထိုစွမ်းအားက အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက တာအိုပေါ်ထွက်ခြင်းအဆင့်ထက် ကျော်လွန်နေကြောင်း ထင်ရှား၏။
ဟန်မူယဲ့၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက လက်ချောင်းများကို ညင်သာစွာ လှုပ်ယမ်းလိုက်လေရာ မှိန်ဖျော့သော အလင်းက သူ၏ လက်ချောင်းထိပ်များပေါ်မှာ ထွက်ပေါ်လာသည်။ မှော်သင်္ကေတများက အရှေ့သို့ ပျံသန်းသွားကြပြီး ပင်လယ်ရေကို ခုခံတားဆီးလိုက်ကြသည်။
သူ၏ အရှေ့၌ အနက်ရောင်မှော်အဆောင်မှ လှုံ့ဆော်ထားသော စွမ်းအားသည်လည်း ပင်လယ်ရေဖြင့် ဖုံးလွှမ်းခံရတော့မည်။
အမှန်မှာ ဟန်မူယဲ့၏ အရှေ့၌ ရပ်နေကြသော မှော်အဆောင်သခင်သုံးပါးက အလုံအလောက် မသန်မာကြပေ။ သူက တိုက်ကွက်တစ်ကွက်တည်းဖြင့် သူတို့အားလုံးကို အနိုင်ယူနိုင်သည်။
သို့တိုင် သူက ထိုသို့မလုပ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူက ထိုပြိုင်ဘက်သုံးယောက်၏ မှော်အဆောင်နည်းစနစ်အားလုံးကို မြင်ချင်သောကြောင့် ဖြစ်သည်။
သူ့အရှေ့မှ အံ့ဖွယ်အန္တိမတာအိုအဆောင်သည် အသက်ဝင်ရန်အလို့ငှာ မှော်အဆောင်စွမ်းရည်အများကြီး စုပ်ယူရန် လိုအပ်နေသည်။
ထို့ပြင် ယင်း၏ အစစ်အမှန်စွမ်းအားကို လှုံ့ဆော်ရန် အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ မိုးမြေစွမ်းအား အများကြီးကိုလည်း လိုအပ်နေသည်။
“ ဗုန်း ”
သူတို့ဆီသို့ ပြေးလာနေကြသော ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်များက မှော်သင်္ကေတဒီရေဖြင့် တားဆီးခံလိုက်ကြရသည်။ သူတို့က အနားသို့ မချဉ်းကပ်နိုင်ကြချေ။
ဝတ်စုံနက်ဝတ် မှော်အဆောင်သခင်နှစ်ယောက်သည်လည်း သူတို့၏ အရှေ့မှ ရွှေရောင်မှော်သင်္ကေတများကို အဆုံးစွန်အထိ လှုံ့ဆော်လိုက်ကြသည်။ သူတို့က ဟန်မူယဲ့ကို မြန်နိုင်သမျှမြန်မြန် အနိုင်ယူပြီး အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို သိမ်းယူရန် ကြံရွယ်ထားကြသည်။
သို့သော်လည်း သူတို့က မည်မျှအားကုန်ထုတ်ပါစေ ဟန်မူယဲ့ကို အနိုင်မယူနိုင်ကြပေ။
“ ဝူး… အူး… ”
အဝေးတွင် နှဲမှုတ်သံ ထွက်ပေါ်လာသည်။
ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်က မျက်နှာအမူအရာပြောင်းလဲသွားကြသည်။
“ အထွတ်အမြတ်နယ်မြေကနေ လွတ်မြောက်လာတဲ့ ကောင်းကင်ဘုံတာအိုသွေဖယ်သူတစ်ယောက် ရှိတယ်… သူ့ကို သတ်ပစ် ”
ခမ်းနားမြင့်မြတ်သော အသံက အရှေ့ဘက်မူလပင်လယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
အံ့ဖွယ်တာအိုအဆင့် တတိယအလွှာထက် ကျော်လွန်သော ပုဂ္ဂိုလ်တစ်ယောက်… ။
ထိုသို့စွမ်းအားက တာအိုပေါ်ထွက်ခြင်းအဆင့်ထက် အဆပေါင်းများစွာ သာလွန်သည်။
မိုးမြေကြားတွင် စွမ်းအင်လှိုင်းများက ပေါ်လျှိုးလာကြသည်။ ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်တပ်ဖွဲ့တစ်စုသည် တိုက်ပွဲအခင်းအကျင်းကို ဖွဲ့စည်းလိုက်ကြပြီး အရှေ့သို့ ချီတတ်လာနေကြသည်။
သူတို့ရောက်ရှိလာသည်နှင့်ချက်ချင်း သူတို့လှုံ့ဆော်ထားသော မိုးမြေစွမ်းအားက ချိပ်ပိတ်ခံထားရသော အထွတ်အမြတ်နယ်မြေကို တုန်ယင်သွားစေသည်။
“ ကောင်းကင်ဘုံသားတော် ”
ဟန်မူယဲ့၏ အရှေ့မှ ဝတ်စုံနက်ဝတ် အကြီးအကဲနှစ်ယောက်က မျက်နှာပျက်ယွင်းသွားကြသည်။
ကောင်းကင်ဘုံသားတော်လား… ။
ဟန်မူယဲ့က ရွှေရောင်စစ်ဗိုလ်ချုပ်တပ်ဖွဲ့ဆီသို့ လှည့်ကြည့်လိုက်သည်။
ထိုပုဂ္ဂိုလ်များထံမှ ထုတ်လွှတ်နေသော စွမ်းအားက အထွတ်အမြတ်နယ်မြေ၏ မိုးမြေစွမ်းအားနှင့် အလွန်သဟဇာတဖြစ်သည်။
ဖြစ်နိုင်သည်မှာ အထွတ်အမြတ်နယ်မြေ၏ ကောင်းကင်ဘုံသားတော်များက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ ထိန်းချုပ်ခံထားရသည်လော။
ကောင်းကင်ဘုံတာအိုသွေဖယ်သူများက လိုက်လံသတ်ဖြတ်ခံရမည်။
ထိုသို့ဆိုလျှင် ထျန်းဖူနန်းတော်မှ ကျင့်ကြံသူများက ကောင်းကင်ဘုံတာအိုသွေဖယ်သူများ ဖြစ်ကြဟန် ရသည်။
“ မှော်အဆောင်တာအိုလား ”
“ ဒီတော့ သူတို့က ထျန်းဖူနန်းတော်ရဲ့ အကြွင်းအကျန်တွေကို ”
ခေါင်းဆောင်စစ်ဗိုလ်ချုပ်က အော်ပြောလိုက်သည်။ သူက လှံရှည်ကို မြှောက်လိုက်ပြီး ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်ထံသို့ ချိန်ရွယ်လိုက်သည်။
“ သူတို့တွေကို သတ်ပစ် ”
သူ၏ အနောက်တွင် တိုက်ပွဲအခင်းအကျင်း၏ စုပေါင်းစွမ်းအားက ပေါ်လျှိုးလာသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရွှေရောင်အကြေးခွံနဂါးတစ်ကောင် ထွက်ပေါ်လာပြီး ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်ထံသို့ ဦးတည်သွားသည်။
ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်သည် အံ့ဖွယ်အန္တိမတာအိုအဆောင်အတွက် ဟန်မူယဲ့နှင့် ယှဉ်လုရန် အာရုံမစိုက်နိုင်ကြတော့ချေ။ သူတို့က အနောက်လှည့်လိုက်ပြီး ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်များဖြင့် ရင်ဆိုင်လိုက်ကြသည်။
ခေါင်းဆောင်စစ်ဗိုလ်ချုပ်က ဟန်မူယဲ့ထံသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ဟန်မူယဲ့၏ အရှေ့မှ အနက်ရောင်မှော်အဆောင်ပေါ်သို့ ကျရောက်သွားသည့်အခါ အလိုရမ္မက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင် ”
သူက လေထဲသို့ ခုန်လိုက်ပြီး တာအိုမှော်အဆောင်ဆီသို့ ပြေးသွားသည်။ သူက တာအိုမှော်အဆောင်ကို ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်သည်။
“ ဘန်း ”
သူ၏ လက်ချောင်းများက တာအိုမှော်အဆောင်ကို ထိသွားသည့်အခိုက် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ သူက အဝေးသို့ လွင့်စင်သွားသည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”
ခေါင်းဆောင်စစ်ဗိုလ်ချုပ်က ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ပြန်ထိန်းလိုက်စဉ် တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိသွားသည်။ သူက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။
“ မင်းဘယ်သူလဲ ”
သူက ဓားမော့ကို ဆုပ်ကိုင်ထားရင်း ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။
ဟန်မူယဲ့၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်က သူ၏ လက်ထဲသို့ ကျဆင်းလာသည်။
“ မင်းဘယ်လိုထင်လဲ ”
တာအိုမှော်အဆောင်က ဟန်မူယဲ့၏ လက်ထဲသို့ ကျဆင်းသွားသည်ကို မြင်သောအခါ ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်က အံ့ဩသွားသည်။
“ မဖြစ်နိုင်တာ… မင်းက ကောင်းကင်အစောင့်အရှောက်တမန်တော် မဖြစ်နိုင်ဘူး ”
“ အထွတ်အမြတ်နယ်မြေထဲမှာ ကောင်းကင်အစောင့်အရှောက်တမန်တော်တွေ မရှိတော့ဘူး… ”
ခေါင်းဆောင်စစ်ဗိုလ်ချုပ်က ကျယ်လောင်စွာ အော်လိုက်ပြီး အရှေ့သို့ ခုန်လိုက်သည်။ သူက ဓားမော့ကို အောက်သို့ ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်က တခြားရွှေရောင်စစ်ဗိုလ်ချုပ်များနှင့် လုံးဝ ကွဲပြားသည်။ ယင်းထဲမှာ တာအိုပေါ်ထွက်ခြင်းအဆင့်ထက် ကျော်လွန်သွားသော စွမ်းအားက ကိန်းအောင်းနေသည်။
အံ့ဖွယ်တာအိုအဆင့်… ။
ထိုစွမ်းအားက အနည်းဆုံး အံ့ဖွယ်တာအိုအဆင့် တတိယအလွှာမှာ ရှိနိုင်၏။
ထိုသို့တိုက်ပွဲစွမ်းအားက အထွတ်အမြတ်နယ်မြေထဲတွင် ပြိုင်ဘက်ကင်းသည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲတွင် ထိုသို့တိုက်ပွဲစွမ်းအားက မိုးမြေစွမ်းအားကို လှုံ့ဆော်နိုင်ပြီး အလွန်သန်မာသည်။
ဟန်မူယဲ့က နေရာမှာ ဆက်ပြီး ရပ်နေသည်။ သူ၏ အမူအရာက မပြောင်းလဲသွားပေ။
အကယ်၍ အတိတ်မှာဆိုလျှင် သူက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ မိုးမြေစွမ်းအားဖိနှိပ်မှုကြောင့် ထိုဓားချက်ကို ခုခံကာကွယ်ရန် အတော်လေး အားစိုက်ထုတ်ရမည်။
သို့သော်လည်း ယခု သူက ပြောင်းလဲသွားသည်။
သူ၏ အသိစိတ်ထဲတွင် ဘီလီယံနှင့်ချီသော ရွှေရောင်မှော်သင်္ကေတများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။ ထိုမှော်အဆောင်က သူ့အရှေ့မှ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်နှင့် တစ်ထပ်တည်း ဆင်တူသည်။
ယင်းက စစ်မှန်သော အံ့ဖွယ်အန္တိမတာအိုမှော်အဆောင် ဖြစ်သည်။
သူ၏ အရှေ့မှ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်သည် မှော်အဆောင်၏ အစွမ်းတစ်စိတ်တစ်ပိုင်းကိုသာ သယ်ဆောင်ထားသည်။ ယင်းက စစ်မှန်သော အံ့ဖွယ်အန္တိမတာအိုမှော်အဆောင် မဟုတ်ပေ။
ယင်းက အသိအမှတ်ပြုလက်မှတ်တစ်ဆောင်မျှသာ ဖြစ်၏။ အတိတ်၌ ကောင်းကင်ဘုံတာအိုအရှင်သခင်များသည် ကောင်းကင်အစောင့်အရှောက်တမန်တော်များကို ထိုသို့အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်လေ့ရှိသည်။ ထိုအသိအမှတ်ပြုလက်မှတ်ဖြင့်ဆိုလျှင် ကောင်းကင်အစောင့်အရှောက်တမန်တော်များက မည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်ကြလိမ့်မည်။
“ ဘန်း ”
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်တွင် ရွှေရောင်မှော်အဆောင်က အကာအကွယ်အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရွှေရောင်စစ်ဗိုလ်ချုပ်၏ ဓားချက်က အကာအကွယ်အလွှာ၏ တားဆီးခံလိုက်ရသည်။ ရွှေရောင်အကာအကွယ်အလွှာပေါ်၌ သေးငယ်သော အက်ကွဲရာတစ်ခုပင် မရှိပေ။
“ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်… မဖြစ်နိုင်တာ… မဖြစ်နိုင်တာ… ”
ရွှေရောင်စစ်ဗိုလ်ချုပ်၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အမူအရာ ထွက်ပေါ်လာသည်။ သူက ဟန်မူယဲ့ကို ဝိုင်းရံထားသော ရွှေရောင်အလင်းကို စူးစိုက်ကြည့်လိုက်သည်။
ယင်းက အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ဖြစ်ကြောင်း ထင်ရှားသည်။
“ မဖြစ်နိုင်တာ… အဲ့ဒါက တာအိုသွေဖယ်မှော်အဆောင်… ”
ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်က အထိတ်တလန့် အော်ပြောလိုက်သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ အနက်ရောင်မှော်အဆောင်က တုန်ယင်သွားသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ မှော်အဆောင်က အနက်ရောင်ဓားမော့တစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူ့အရှေ့မှ ရွှေရောင်စစ်ဗိုလ်ချုပ်ကို ခုတ်ပိုင်းလိုက်သည်။
“ ဘန်း ”
ရွှေရောင်စစ်ဗိုလ်ချုပ်က ဓားမော့အလင်းကို ခုခံတားဆီးရန် သူ၏ လက်ကို မြှောက်လိုက်သည်။ ထိုစဉ် ဓားမော့က ကြာပွတ်အဖြစ် ရုတ်တရက် အသွင်ပြောင်းလဲသွားပြီး ရွှေရောင်စစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သည်။
သူ၏ ဓားမော့သည်လည်း ကြာပွတ်ဖြင့် ချုပ်နှောင်ခံလိုက်ရပြီး အဝေးသို့ ဆွဲယူခံလိုက်ရသည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ဓားမော့ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ရွှေရောင်မှော်သင်္ကေတများက ဓားမော့ထဲသို့ စီးဆင်းသွားသည်။
အဆုံးမဲ့သော မြင်ကွင်းများက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံသားတော်… ။
ထိုရွှေရောင်စစ်ဗိုလ်ချုပ်၏ နာမည်က ကော့ဇီကျဲဖြစ်ပြီး သူက အထွတ်အမြတ်နယ်မြေမှ ပေါ်ထွန်းလာသော ကောင်းကင်ဘုံသားတော်တစ်ပါး ဖြစ်သည်။
သူက အထွတ်အမြတ်နယ်မြေ၏ ဂိုဏ်းကြီးတစ်ဂိုဏ်းမှာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ နောက်ပိုင်းမှာ သူက မိုးမြေစွမ်းအား၏ လမ်းညွှန်မှုအောက်တွင် ပြင်ပလောကဆီသို့ ရောက်ရှိသွားပြီး အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲတွင် အစောင့်အကြပ်တစ်ယောက်ဖြစ်လာရန် လေ့ကျင့်ပျိုးထောင်ခံခဲ့ရသည်။
နယ်မြေ(၁၃)ခုမှ ထိပ်တန်းပါရမီရှင်များကို အစောင့်အကြပ်များ ဖြစ်လာစေပြီး နယ်မြေ(၁၃)ခုကို စောင့်ကြည့်စေသည်။
ထိုသို့နည်းလမ်းကို ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုနိုင်ပေသည်။
“ နယ်မြေ(၁၃)ခုရဲ့ ချိပ်ပိတ်စည်းကို ဘယ်သူနှောင့်ယှက်နေတာလဲ ”
ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် သူတို့၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ချက်ချင်း အကျဉ်းချခံလိုက်ရသည်။
ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်၏ ခန္ဓာကိုယ်အပြင်ဘက်မှ ရွှေရောင်မှော်သင်္ကေတများက တစ်ခုပြီးတစ်ခု အက်ကွဲသွားကြသည်။ ထို့ပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အမှတ်အသားသင်္ကေတများသည်လည်း အရောင်မှိန်ဖျော့သွားကြသည်။
“ မ… မဟုတ်ဘူး ”
အကြီးအကဲသုံးယောက်က နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က မိုးမြေစွမ်းအား၏ ဖိနှိပ်မှုအောက်မှာ အက်ကွဲသွားသည်။
“ အမ် ”
စူးစမ်းလိုသော အသံက မိုးမြေကြားထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်လား ”
ထိုစကားသံ ထွက်ပေါ်လာသည့်အခိုက် မိုးမြေအကျဉ်းချမှုက လွင့်ပြယ်သွားသည်။ ထို့နောက် အသက်သုံးဆယ်ခန့်ရှိသော လူရွယ်တစ်ယောက်က အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်လျက် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
“ ကောင်းကင်ဘုံတာအိုအရှင်သခင်ဝူယွမ်ကို ဂါရဝပြုပါတယ် ”
“ တာအိုအရှင်သခင်ကို အရိုအသေပေးပါတယ် ”
ကော့ဇီကျဲနှင့် ရွှေရောင်စစ်ဗိုလ်ချုပ်အားလုံးက လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။
အံ့ဖွယ်တာအို၏ အထက်အဆင့်က ကောင်းကင်ဘုံတာအိုအရှင်သခင် ဖြစ်သည်။
သူ့အရှေ့မှ ပုဂ္ဂိုလ်သည် အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ တာအိုအရှင်သခင်(၁၂)ပါးထဲမှ တစ်ပါးဖြစ်သော တာအိုအရှင်သခင်ဝူယွမ် ဖြစ်သည်။ သူက အရှေ့ဘက်မူလပင်လယ်ကို အုပ်ချုပ်နေသူလည်း ဟုတ်၏။
“ ဘန်း ”
ကောင်းကင်ဘုံအလင်း ပေါ်လျှိုးလာသည့်အခါ တာအိုအရှင်သခင်ဝူယွမ်က လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။
“ ဒီတာအိုအရှင်သခင်ရဲ့ လက်ဝါးရိုက်ချက်ကို ခုခံနိုင်မယ်ဆိုရင် မင်းက ငါအရှင်နဲ့ စကားပြောဖို့ အရည်အချင်းပြည့်မီလိမ့်မယ်… မဟုတ်ရင်တော့ သေလိုက်တော့ ”
လက်ဝါးရိုက်ချက်သည် ကောင်းကင်ဘုံတစ်ခုလုံး ပြိုကျလာသည့်အလား အောက်သို့ ဆင်းသက်လာသည်။