အခန်း (၁၇၇၀)
Vol. 127 Ch. 1770
အခန်း(၁၇၇၀)
ကောင်းကင်ဘုံတာအိုအရှင်သခင်… ။
အစစ်အမှန်ကုန်းမြေ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် ပြန်လည်မွေးဖွားခြင်းအဆင့် အလွှာကိုးလွှာမှ စတင်သည်။ ထို့နောက် ရွှမ်အဆင့် အလွှာကိုးလွှာနှင့် တာအိုပေါ်ထွက်ခြင်းအဆင့် အလွှာကိုးလွှာကို ဖြတ်ကျော်ရလိမ့်မည်။
ချိပ်ပိတ်ခံထားရသော အထွတ်အမြတ်နယ်မြေတွင်မူ တာအိုပေါ်ထွက်ခြင်းအဆင့်က အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။ အထွတ်အမြတ်နယ်မြေ၏ အလွန်မှ အပြင်လောကတွင် တာအိုပေါ်ထွက်ခြင်းအဆင့်ထက် ပိုမြင့်သော အံ့ဖွယ်တာအိုအဆင့် အလွှာကိုးလွှာ ထပ်ရှိသည်။
အံ့ဖွယ်တာအိုအဆင့်၏ အထက်တွင် ကောင်းကင်ဘုံတာအိုအရှင်သခင် ရှိသည်။
ကောင်းကင်ဘုံတာအိုအရှင်သခင်အဆင့်သည် ဤလောက၏ အထွတ်အထိပ်ဖြစ်တည်မှု ဖြစ်သည်။ အံ့ဖွယ်အန္တိမကောင်းကင်ဘုံတစ်ခုလုံးမှာပင် ကောင်းကင်ဘုံတာအိုအရှင်သခင်များက (၁၂)ပါးသာ ရှိကြသည်။
တာအိုအရှင်သခင်ဝူယွမ်သည် အရှေ့ဘက်မူလပင်လယ်၏ အုပ်ချုပ်သူဖြစ်ပြီး ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးအနက် တစ်ပါးဖြစ်သည်။
ထိုသို့ပုဂ္ဂိုလ်၏ လက်ဝါးရိုက်ချက်က ကောင်းကင်ဘုံတစ်ခုလုံး ပြိုကျသွားခြင်းနှင့် ညီမျှသည်။
လက်ဝါးဆင်းသက်လာသည့်အခိုက် မိုးမြေတစ်ခုလုံး အက်ကွဲသွားတော့မည့်ဟန် ရ၏။
ဟန်မူယဲ့၏ အရှေ့တွင် ဝတ်စုံနက်ဝတ် အကြီးအကဲသုံးယောက်က ပြင်းထန်စွာ တုန်ယင်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က တစ်လက်မချင်းစီ အက်ကွဲသွားပြီး မူလစွမ်းအားက အပြင်သို့ စိမ့်ထွက်လာသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ထိုလက်ဝါးအောက်၌ တစ်လက်မချင်းစီ အက်ကွဲသွားသည်။
“ ကောင်းကင်ဘုံတာအိုသွေဖယ်သူအားလုံး သေရမယ် ”
ဘေးမှ ရပ်ကြည့်နေသော ကောင်းကင်ဘုံသားတော် ကော့ဇီကျဲက အံကြိတ်၍ အေးစက်စွာ ပြောသည်။
သူက ကောင်းကင်ဘုံသားတော်တစ်ပါးအနေဖြင့် ကောင်းကင်ဘုံတာအိုသွေဖယ်သူအားလုံးကို မဟာရန်သူတော်အဖြစ် သတ်မှတ်ထားသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး သူ့အပေါ်သို့ ကျဆင်းလာနေသော လက်ဝါးကို ကြည့်လိုက်သည်။
ယင်းက ကောင်းကင်ဘုံတာအိုအရှင်သခင်တစ်ပါး၏ စွမ်းအား ဖြစ်သည်။
ဝိညာဉ်စွမ်းအားက အလွန်သန်မာလေရာ မိုးမြေစွမ်းအားကို ဒြပ်ထည်ဖွဲ့စည်းနိုင်စွမ်းရှိသည်။ ထို့ပြင် မိုးမြေစွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းက အမှန်တရားကုန်းမြေ၏ အန္တိမအခြေအနေအထိ ရောက်ရှိနေသည်။
ထိုသို့ပုဂ္ဂိုလ်တစ်ပါးက အံ့ဖွယ်အန္တိမကောင်းကင်ဘုံကို ဖိနှိပ်နိုင်ခြင်းက မထူးဆန်းတော့ပေ။
စူးရှသော အလင်းတန်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အကယ်၍ သူသာ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို မပိုင်ဆိုင်ထားလျှင်၊ တာအိုမှော်အဆောင်၏ စွမ်းအားကို သူအသုံးမပြုနိုင်လျှင် ကောင်းကင်ဘုံတာအိုအရှင်သခင်တစ်ပါး ရောက်လာသည်အထိ သူစောင့်နေလိမ့်မည် မဟုတ်ချေ။
ယခု သူက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ပါးနှင့် တိုက်ခိုက်တော့မည်။ သူက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အသန်မာဆုံးစွမ်းအားကို တွေ့ကြုံခံစားနိုင်တော့မည်။
“ ဝီး ”
သူ၏ အရှေ့တွင် အနက်ရောင်မှော်အဆောင်တစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်မှော်အဆောင်က အကာအကွယ်အလွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး သူ့အရှေ့မှ လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။
“ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်… ဟား ဟား… အဲ့ဒါက မင်းရဲ့ အားကိုးရာပေါ့… ဒါပေမဲ့ အဲ့ဒီမှော်အဆောင်တစ်ခုတည်းနဲ့ ဒီတာအိုအရှင်ရဲ့ လက်ဝါးကို ခုခံနိုင်မှာ မဟုတ်ဘူး ”
တာအိုအရှင်သခင်ဝူယွမ်က အနက်ရောင်မှော်အဆောင်ကို မြင်သောအခါ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ ဘန်း ”
ဖော်မပြနိုင်အောင် တန်ဖိုးကြီးမားသော အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်သည် ဟန်မူယဲ့၏ အရှေ့မှ လေဟာနယ်နှင့်အတူ တစ်လက်မချင်းစီ အက်ကွဲသွားသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်သည် ဖန်သားသဖွယ် စတင်အက်ကွဲလာသည်။
လေဟာနယ်အက်ကွဲမှုက ဟန်မူယဲ့၏ ခန္ဓာကိုယ်အနားသို့ ရောက်ရန် သုံးလက်မအလိုတွင် ရုတ်ချည်း ရပ်တန့်သွားသည်။
တာအိုအရှင်သခင်ဝူယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ တောက်ပသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်တွင် ရွှေရောင်မှော်အဆောင်များက ရွှေရောင်ချပ်ဝတ်တစ်ထည်အဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်ကို ပံ့ပိုးလိုက်သည်။
“ တာအိုအရှင်သခင်ရဲ့ ကြင်နာမှုကို ပြန်မတုံ့ပြန်ရင် မယဉ်ကျေးရာကျပါမယ်… ဒီတော့ တာအိုအရှင်သခင်… ကျေးဇူးပြုပြီး ကျုပ်ရဲ့ တိုက်ခိုက်မှုကို လက်ခံပေးပါ ”
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို မြှောက်တင်လိုက်သည်။ သူ၏ လက်ဖဝါးနှစ်ခုကြားတွင် ရွှေရောင်အလင်းတန်းက ပေါ်လျှိုးလာပြီး ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ရုပ်ခန္ဓာရတနာသိုက်အားလုံးက တစ်ပြိုင်နက် ဖွင့်လှစ်သွားကြသည်။
ဓားအရိုး… ။
အနန္တမီးတောက်… ။
ရွှေရောင်မိုးကြိုး… ။
အစရှိသော မူလစွမ်းအင်အမျိုးမျိုးက မှော်အဆောင်၏ ဓားအလင်းထဲမှာ စုဝေးသွားကြပြီး ဓားခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
“ ရွှီး ”
ဓားရှည်က အပေါ်သို့ ပျံသန်းသွားပြီး ထွန်းလင်းတောက်ပသော ရောင်ခြည်ကို ထုတ်လွှတ်လိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် အဆုံးမဲ့စွာ ကျယ်ပြောသော မူလပင်လယ်က ကောင်းကင်ဘုံအထိ တိုက်ရိုက် မြှောက်တတ်သွားသည်။
တာအိုအရှင်သခင်ဝူယွမ်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ လက်ထဲတွင် ရွှေရောင်လှံရှည်တစ်လက် ထွက်ပေါ်လာသည်။
ရွှေရောင်လှံရှည်က ဟန်မူယဲ့၏ ဓားရှည်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ တာအိုအရှင်သခင်ဝူယွမ်၏ အမူအရာက ထပ်မံ ပြောင်းလဲသွားသည်။
ဓားရှည်ထံမှ လွှမ်းမိုးဖိနှိပ်သော အင်အားက သူ့အား ဒယိမ်းဒယိုင် အနောက်ဆုတ်သွားရန် အမှန်တကယ် ဖိအားပေးလိုက်၏။
ဘယ်လောက်ကြီးမားတဲ့ စွမ်းအားလဲ… ။
တာအိုအရှင်သခင်ဝူယွမ်သည် ပေတစ်ထောင်အဝေးသို့ အနောက်ဆုတ်သွားပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ ဗုန်း ”
ဓားအလင်းက ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး ကောင်းကင်ယံတွင် မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ပြည့်နှက်သွားသည်။ အကန့်အသတ်မဲ့စွာ များပြားလှသော မှော်သင်္ကေတများက အောက်သို့ ကျဆင်းလာကြပြီး တာအိုအရှင်သခင်ဝူယွမ်ကို တိုက်ရိုက် ဖိနှိပ်လိုက်ကြသည်။ ယင်းတို့က တာအိုအရှင်သခင်ဝူယွမ်ကို ပင်လယ်ထဲသို့ နစ်မြုပ်သွားစေရန် ဖိအားပေးလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ မှော်သင်္ကေတများသည်လည်း ကော့ဇီကျဲနှင့် တခြားရွှေရောင်စစ်ဗိုလ်ချုပ်များကို ပင်လယ်ထဲသို့ တိုက်ရိုက် ဆွဲချလိုက်ကြသည်။
“ ဘန်း ”
အနက်ရောင်ဆူးတောင်များရှိသော ဧရာမမိစ္ဆာငါးတစ်ကောင်က ပေါက်ကွဲသွားသည်။
တာအိုအရှင်သခင်ဝူယွမ်သည် ဧရာမမိစ္ဆာငါး၏ ခန္ဓာကိုယ်တစ်ပိုင်းကို ကိုင်ဆောင်၍ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ခုန်တတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက တည်ကြည်လေးနက်နေသည်။
သို့သော် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ သူရောက်တော့မည့်အချိန် တခြားမိစ္ဆာငါးတစ်ကောင်က ရေထဲမှ ခုန်ထွက်လာပြီး သူ၏ ခါးကို လှမ်းကိုက်လိုက်သည်။ သို့သော်လည်း တာအိုပညာရှင်ဝူယွမ်က သူ၏ ခြေထောက်ကို မြှောက်လိုက်ပြီး မိစ္ဆာငါး၏ ဦးခေါင်းကို နင်းခြေလိုက်သည်။ မိစ္ဆာငါး၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
အခြားတစ်ဖက်တွင် ကော့ဇီကျဲနှင့် တခြားရွှေရောင်စစ်ဗိုလ်ချုပ်များက ဖရိုဖရဲပုံစံဖြင့် ပင်လယ်ထဲမှ ပြန်ထွက်လာကြသည်။ သူတို့ထဲမှာ လူသုံးယောက် ပျောက်ဆုံးနေသည်။ ရှင်းလင်းစွာပင် သူတို့က မိစ္ဆာငါးများ၏ စားသောက်ခံလိုက်ကြရသည်။
“ လူတွေ ဘယ်ရောက်သွားတာလဲ ”
ကော့ဇီကျဲက အံကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ သူက ဟန်မူယဲ့၏ အရိပ်အယောင်ကို လုံးဝ မမြင်တွေ့တော့ပေ။
“ အထွတ်အမြတ်နယ်မြေ အရမ်းသတ္တိကောင်းနေတယ်ပေါ့… အစောင့်အကြပ်တွေကို စုစည်းလိုက်… အထွတ်အမြတ်နယ်မြေကို သုတ်သင်ရှင်းလင်းမယ် ”
တာအိုအရှင်သခင်ဝူယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရွှေရောင်အလင်း ထွန်းလင်းသွားသည့်အခါ သူ၏ ခန္ဓာကိုယ်က နေရာမှ ပျောက်ကွယ်သွားသည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အသန်မာဆုံး ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးအနက် တစ်ပါးဖြစ်သော သူက ကောင်းကင်ဘုံတာအိုသွေဖယ်သူတစ်ယောက်ကြောင့် ပင်လယ်အောက်သို့ နစ်မြုပ်သွားခဲ့သည်။ သူက မည်သည့်ဒဏ်ရာမှ မရရှိသွားသည့်တိုင် အလွန်ဒေါသထွက်သွားသည်။
ရှင်းလင်းစွာပင် တာအိုအရှင်သခင်ဝူယွမ်က သူ၏ ဒေါသကို အထွတ်အမြတ်နယ်မြေပေါ်သို့ ပုံချတော့မည်။
“ အရှင်သခင်ရဲ့ အမိန့်တော်အတိုင်းပါ ”
ကော့ဇီကျဲနှင့် တခြားရွှေရောင်စစ်ဗိုလ်ချုပ်များက စိတ်လှုပ်ရှားသွားကြသည်။ အထွတ်အမြတ်နယ်မြေက သူတို့၏ မွေးရပ်မြေဖြစ်ကြောင်း လုံးလုံး မော့လျော့နေဟန် ရ၏။
နယ်မြေတစ်ခုကို ရှင်းလင်းသည့်အခါတိုင်း သူတို့က တိုက်ပွဲအကျိုးပြုမှုများဖြင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို လဲလှယ်နိုင်ကြလိမ့်မည်။
ကောင်းကင်ဘုံသားတော်များဖြစ်ကြသော သူတို့အတွက်တော့ အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အစီအစဉ်များက အမြဲတမ်း မှန်ကန်သည်။
…..
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ… ။
အရှေ့ဘက်မူလပင်လယ်… ။
ဟန်မူယဲ့သည် အထွတ်အမြတ်နယ်မြေဆီသို့ တိုက်ရိုက် မပြန်သွားပေ။ ယင်းအစား သူက အရှေ့ဘက်မူလပင်လယ်ထဲမှ ချိပ်ပိတ်ကျွန်းစုတစ်ခုဆီသို့ တိတ်တဆိတ် ရောက်လာသည်။
သူ့ကို တခြားလူများ အာရုံမခံနိုင်မည့် တာအိုမှော်အဆောင်တစ်ခုဖြင့် ကာကွယ်ပေးထားသည်။ ယခု အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ ကောင်းကင်ဘုံတာအိုသည်ပင် သူ့ကို မတွန်းလှန်နိုင်တော့ပေ။
ဤအခိုက်အတန့်မှာ အဆုံးမဲ့သော မိုးမြေစွမ်းအားက ဒီရေသဖွယ် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေသည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ မိုးမြေစွမ်းအားသည် သူကျင့်ကြံသော မူလစွမ်းအားထက် အဆင့်ပိုမြင့်သည်။ ယခု သူက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ မိုးမြေစွမ်းအားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအားကို သန့်စင်နေသည်။
သို့သော် အထွတ်အမြတ်နယ်မြေထဲတွင် သူတည်ဆောက်ခဲ့သော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က အလွန်ခိုင်မာလေရာ ယင်းကို ပြောင်းလဲရန် နေ့ချင်းညချင်း မဆောင်ရွက်နိုင်ပေ။
ဟန်မူယဲ့က ကျောက်တုံးတစ်တုံးပေါ်မှာ တင်ပျဉ်ခွေထိုင်နေရင်း သူ့အောက်မှ နောက်ကျိနေသော ပင်လယ်ရေကို ငုံ့ကြည့်လိုက်သည်။
အရှေ့ဘက်မူလပင်လယ်သည် အကန့်အသတ်မဲ့စွာ ကျယ်ပြောသည်။ ဤနေရာတွင် အလွန်အစွမ်းထက်သော မိစ္ဆာသားရဲအရှင်သခင်များ တည်ရှိကြသည်။ ကောင်းကင်ဘုံတာအိုအရှင်သခင်များသည်ပင် ၎င်းတို့ကို ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။
မိုးမြေ၏ ပျိုးထောင်ပေးခြင်းခံရသော သန္ဓေပြောင်းသားရဲများက အလွန်ကြောက်စရာကောင်းသည်။
သို့သော်လည်း ထိုသားရဲများ၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော အံ့ဖွယ်အန္တိမစွမ်းအားက မိုးမြေကြားထဲမှ စွမ်းအားထက် အဆပေါင်းများစွာ ပိုပြီးသိပ်သည်းသည်။
“ ဝီး ”
ဟန်မူယဲ့၏ တာအိုမှော်အဆောင်က ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ပင်လယ်ထဲသို့ ထိုးဆင်းသွားသည်။ တာအိုမှော်အဆောင် ပြန်ရောက်လာသည့်အခါ ပေသုံးဆယ်ရှည်လျားသော အနက်ရောင်ဆူးတောင်ငါးတစ်ကောင်က အနောက်မှ လိုက်ပါလာသည်။
ဟန်မူယဲ့၏ နဖူးပေါ်မှ အနန္တမီးတောက်က နိုးထလာပြီး အနက်ရောင်ဆူးတောင်ငါး၏ ခန္ဓာကိုယ်တစ်ဝိုက်ကို ရစ်ပတ်သွားသည်။ ထိုနည်းဖြင့် သူက ဆူးတောင်ငါး၏ ခန္ဓာကိုယ်ထဲမှ အံ့ဖွယ်အန္တိမစွမ်းအားကို သန့်စင်လိုက်သည်။
ရွှေရောင်မှော်သင်္ကေတက ပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထိုးဆင်းသွားပြီး ပိုပြီးအရွယ်အစားကြီးမားသော ငါးကို ကမ်းစပ်ပေါ်သို့ သယ်ဆောင်လာသည်။
ငါးရက်ကြာပြီးနောက် မရေမတွက်နိုင်သော ငါးများက ကမ်းစပ်ပေါ်မှာ သောင်တင်သွားကြသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ အံ့ဖွယ်အန္တိမစွမ်းအားသည်လည်း အနည်းငယ် ဆင့်ကဲပြောင်းလဲသွားပြီး ပိုပြီးသိပ်သည်းလာသည်။
မူလစွမ်းအားကို အံ့ဖွယ်အန္တိမစွမ်းအားအဖြစ် ပြောင်းလဲပစ်ခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ ခန္ဓာကိုယ်ထဲတွင် အံ့ဖွယ်အန္တိမစွမ်းအားဖြင့် ပြည့်နှက်သွားလျှင် သူက မိုးမြေစွမ်းအား၏ တွန်းလှန်မှုကို နောက်ထပ် ခံစားရတော့မည်မဟုတ်ချေ။
ထိုအခါကျလျှင် တာအိုမှော်အဆောင်၏ အကာအကွယ်မရှိလျှင်ပင် သူက မိုးမြေကြားထဲမှာ လွတ်လပ်စွာ နေထိုင်နိုင်လိမ့်မည်။
ပင်လယ်ထဲ၌ လှိုင်းလုံးများ တဝုန်းဝုန်း ရွေ့လျားနေစဉ် မီးတောက်တစ်ခုက သူ့အရှေ့မှ ရွှေရောင်ငါးကို လွှမ်းခြုံသွားပြီး ဖြည်းဖြည်းချင်း မီးကင်နေသည်။
ထိုငါးက အရွယ်အစား မကြီးမားပေ။ ငါး၏ ခန္ဓာကိုယ်ထဲမှ အံ့ဖွယ်အန္တိမစွမ်းအားသည်လည်း မများပေ။ သို့သော် ထိုငါးက အလွန်အရသာရှိ၏။
မွှေးပျံ့သော ငါးကင်အနံ့က လေနှင့်အတူ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားသည်။
“ မွှေးလိုက်တဲ့ ငါးကင်အနံ့ပါလား ”
အသံတစ်သံက ဟန်မူယဲ့နှင့် မနီးမဝေးမှ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က သူ၏ လက်တစ်ဖက်ဖြင့် မီးတောက်ကို ထုတ်လွှတ်နေစဉ် အခြားလက်တစ်ဖက်ဖြင့် ငါးကို ဖြည်းဖြည်းချင်း လှည့်နေသည်။
အနက်ရောင်သံချပ်ကာဝတ် လူထွားကြီးတစ်ယောက်က အဝေးမှ ပြေးလာပြီး ဟန်မူယဲ့၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူ၏ အကြည့်က ဟန်မူယဲ့၏ လက်ထဲမှ ငါးကင်ပေါ်မှာ စွဲမြဲနေသည်။
ငါးက အပြည့်အဝ ကျက်သွားသည့်အခါ ဟန်မူယဲ့က မီးတောက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
“ ငါးကို မြင်တဲ့လူက ဝေစုတစ်ဝက်ရသင့်တယ် ”
ဟန်မူယဲ့က စကားပြောပြီးနောက် ငါးတစ်ပိုင်းကို အနက်ရောင်သံချပ်ကာဝတ် လူထွားကြီးဆီသို့ ကမ်းပေးလိုက်သည်။
လူထွားကြီးက တုံ့ဆိုင်းမနေဘဲ အမြန်လှမ်းယူလိုက်ပြီး ငါးကို ဝါးစားလိုက်သည်။
“ အင်း… အရသာရှိတယ် ”
“ အံ့ဖွယ်ငါးက တကယ်အရသာရှိတာပဲ ”
လူထွားကြီးသည် တစ်ကိုက်ပြီးတစ်ကိုက် ဝါးစားရင်း တစ်လုပ်ပြီးတစ်လုပ် မျိုချလိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏ လက်ထဲမှာ ငါးအရိုးသာ ကျန်ရှိတော့သည်။
ထိုအချိန်တွင် ဟန်မူယဲ့က ငါးတစ်ပိုင်းကိုသာ စားရသေး၏။
ဟန်မူယဲ့က ငါးကင်ကို စိတ်အေးလက်အေး စားနေစဉ် လူထွားကြီးက စိတ်ရှည်ရှည် ထိုင်စောင့်နေသည်။ ဟန်မူယဲ့၏ ငါးကင် ကုန်သွားကြောင်း မြင်သောအခါ သူက ရုတ်တရက် စကားပြောသည်။
“ မနက်ဖြန်ရော မင်း ငါးထပ်ကင်ဦးမှာလား ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
“ အင်း… ကင်ဦးမယ် ”
လူထွားကြီးက မတ်တတ်ရပ်လိုက်ပြီး သူ၏ တင်ပါးပေါ်မှ သဲကို ခါထုတ်လိုက်သည်။ ထို့နောက် သူက အဝေးဆီသို့ လျှောက်သွားသည်။
နောက်တစ်နေ့ မီးတောက်က ဟန်မူယဲ့၏ အရှေ့၌ ထွက်ပေါ်လာစဉ် အနက်ရောင်သံချပ်ကာဝတ် လူထွားကြီးက သူ့ဘေးမှာ ထိုင်နေသည်။
“ အရသာရှိတယ်… စားကောင်းတယ် ”