အခန်း (၁၇၆၅)
Vol. 127 Ch. 1765
အခန်း(၁၇၆၅)
မှော်အဆောင်သူတော်စင်ချူးယွမ်… ။
သူက အချင်းမိုင်ဆယ်သန်းအတွင်း၌ အထူးချွန်ဆုံး မှော်အဆောင်သခင်များအနက် တစ်ဦးဖြစ်သည်။
ယေဘုယျအားဖြင့် မှော်အဆောင်သခင်တစ်ယောက်သည် ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူများ အသုံးပြုနိုင်သော မှော်အဆောင်များကိုသာ သန့်စင်နိုင်သည်။
မဟာဆရာသခင်အဆင့်တွင်မူ မှော်အဆောင်သခင်များက ရွှမ်အဆင့် ကျင့်ကြံသူများအတွက် မှော်အဆောင်များ သန့်စင်ပေးနိုင်ကြသည်။
လူအများပြောကြသည်မှာ မှော်အဆောင်သူတော်စင်များသည် ရွှမ်အဆင့်ထက် ကျော်လွန်သွားသော ကျောက်စိမ်းတုံကင်များကို သန့်စင်ပေးနိုင်ကြသည်။ သူတို့သန့်စင်လိုက်သော မှော်အဆောင်များကို တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများက အသုံးပြုနိုင်ကြသည်။
ပုံမှန်အားဖြင့် တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများသည် မှော်လက်နက်များ အသုံးပြုရန်သာ ဆန္ဒရှိကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်တွင် မှော်အဆောင်များက ကြီးမားသော တိုက်ပွဲစွမ်းအားကို မထုတ်လွှတ်ပေးနိုင်ပေ။
သို့သော် မှော်အဆောင်သူတော်စင်တစ်ပါး သန့်စင်သော ကျောက်စိမ်းတုံကင်များက တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သည်။
…..
“ မှော်အဆောင်သူတော်စင်… ခင်ဗျားရဲ့ စကားက ဘာအဓိပ္ပာယ်ပါလဲ ”
အကြီးအကဲချူးယွမ်၏ ဘေးမှ အနက်ရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအမျိုးသားက သူ၏ နှလုံးသားထဲမှ အံ့အားသင့်မှုကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး သူ့အရှေ့မှ အလင်းအမှောင်မြင်ကွင်းကို စိုက်ကြည့်လိုက်သည်။
အလင်းအမှောင်မြင်ကွင်းထဲတွင် ဟန်မူယဲ၏ အရှေ့မှ ကျောက်စိမ်းတုံကင်က အလင်းစီးကြောင်းကို စုစည်းနေကြောင်း ထင်ရှားသည်။ သို့တိုင် ဤအခိုက်အတန့်မှာ ကျောက်စိမ်းတုံကင်က အရောင်မှေးမှိန်သွားသည်။
ယင်းက အရောင်အဝါကို ဖုံးကွယ်ထားသော ရတနာဖြစ်သည်။
ယင်းက အလွန်အစွမ်းထက်သော ကျောက်စိမ်းတုံကင်သာလျှင် ပိုင်ဆိုင်နိုင်သော သဘာဝလက္ခဏာ ဖြစ်သည်။
လူတိုင်းက ထိုမှော်အဆောင်ထံမှ စွမ်းအားကို အာရုံခံနိုင်ကြသည်။ သို့တိုင် သူတို့က ထိုသို့ဖြစ်ရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို ရှာမတွေ့နိုင်ကြပေ။
ဝတ်စုံနက်ဝတ် သက်လတ်ပိုင်းအမျိုးသား၏ မေးခွန်းက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲ၌ ယခု ရှိနေကြသော လူတိုင်း၏ စူးစမ်းသိလိုစိတ်ကို ကိုယ်စားပြုသည်။
တစ်ခဏကြာ အံ့ဩသွားပြီးနောက် အကြီးအကဲချူးယွမ်၏ အမူအရာက တဖြည်းဖြည်း တည်ငြိမ်သွားသည်။
မှော်အဆောင်သူတော်စင်တစ်ပါးအနေဖြင့် စိတ်ခံစားချက်များအပေါ် သူ၏ ချုပ်တည်းနိုင်စွမ်းက သာလွန်ထူးခြားသည်။ ထိုသို့ တစ်ခဏမျှ အံ့ဩထိတ်လန့်သွားခြင်းကပင် သူ့အတွက် ကြီးမားသော စိတ်ခံစားမှုကို ဖော်ပြရာရောက်၏။
“ ရှေးခေတ်မှာ ဒဏ္ဍာရီတစ်ခု ရှိခဲ့တယ်… အတိတ်တုန်းက အထွတ်အမြတ်နယ်မြေက ပြိုင်စံရှားမှော်အဆောင်အမွေအနှစ်သုံးခုကို နောင်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးခဲ့တယ် ”
“ အဲ့ဒါတွေက အထွတ်အမြတ်နယ်မြေတစ်ခုလုံးရဲ့ အထွတ်အထိပ် မှော်အဆောင်တာအိုကို ကိုယ်စားပြုတယ် ”
အကြီးအကဲချူးယွမ်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ဟန်မူယဲ့၏ အရှေ့မှ မှော်အဆောင်ကို ကြည့်လိုက်လေရာ မျက်လုံးအရောင်လက်သွားသည်။
“ အဲ့ဒါတွေက ဝိညာဉ်စုစည်းခြင်း၊ ဝိညာဉ်သက်ရှိအသွင်ပြောင်းလဲခြင်းနဲ့ ဝိညာဉ်အကျဉ်းချခြင်းတို့ ဖြစ်ကြတယ် ”
“ ဝိညာဉ်စုစည်းခြင်းနည်းစနစ်က မိုးမြေရဲ့ ဝိညာဉ်ကို မှော်အဆောင်ထဲမှာ ထည့်သွင်းတဲ့ အတတ်ပညာဖြစ်တယ်… အဲ့ဒီအခါ မှော်အဆောင်က သဘာဝအလျောက် ကိုယ်ပိုင်အသိစိတ်ရှိလာလိမ့်မယ် ”
“ ဝိညာဉ်သက်ရှိအသွင်ပြောင်းလဲခြင်းကတော့ သက်ရှိတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို ကျောက်စိမ်းတုံကင်ထဲမှာ ထည့်သွင်းတဲ့ အတတ်ပညာဖြစ်တယ်… အဲ့ဒီနည်းစနစ်ကလည်း မှော်အဆောင်ကို အသိဉာဏ်ရှိလာစေနိုင်တယ် ”
“ ဝိညာဉ်အကျဉ်းချခြင်းနည်းစနစ်ကတော့ မိစ္ဆာသားရဲတွေ ဒါမှမဟုတ် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအားကို အခြေခံအုတ်မြစ်ထားပြီး မှော်အဆောင်ကို ရေးထွင်းသန့်စင်ရတဲ့ အတတ်ပညာဖြစ်တယ်… အဲ့ဒီနည်းစနစ်ကလည်း မှော်အဆောင်ကို အသိစိတ်ရှိလာစေနိုင်တယ် ”
“ ဒါပေမဲ့ မျက်မှောက်ခေတ်မှာ အဲ့ဒီအမွေအနှစ်သုံးခုစလုံးက ပျောက်ဆုံးသွားပြီ… အဲ့ဒါတွေက ဒဏ္ဍာရီအဖြစ်ပဲ တည်ရှိတော့တယ် ”
“ အဲ့ဒီအမွေအနှစ်သုံးခုထဲက ဘယ်ဟာမဆို တာအိုပေါ်ထွက်ခြင်းအဆင့် မှော်အဆောင်တွေကို ဖန်တီးပေးနိုင်တယ် ”
“ တစ်စုံတစ်ယောက်က အဲ့ဒီအမွေအနှစ်သုံးခုထဲက တစ်ခုကို တတ်ကျွမ်းထားမယ်ဆိုရင် သူက အထွတ်အမြတ်နယ်မြေရဲ့ ဂိုဏ်းတစ်ဂိုဏ်းကို အထွတ်အထိပ်အထိ ရောက်အောင် မြှင့်တင်ပေးနိုင်လိမ့်မယ် ”
အကြီးအကဲချူးယွမ်က ဟန်မူယဲ့၏ အရှေ့မှ မှော်အဆောင်ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ မှော်အဆောင်သခင်ဟန် အခု အသုံးပြုနေတာက ဒဏ္ဍာရီလာ ဝိညာဉ်စုစည်းခြင်းမှော်အဆောင်နည်းစနစ်ပဲ ”
“ သူက မိုးမြေရဲ့ ဝိညာဉ်ကို စုစည်းပြီး အဲ့ဒါကို မှော်အဆောင်ရဲ့ စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲနေတာ ”
ဝိညာဉ်စုစည်းခြင်းနည်းစနစ်… ။
မျက်လုံးအားလုံးက ဟန်မူယဲ့၏ အရှေ့မှ မှော်အဆောင်ဆီသို့ ကျရောက်သွားသည်။ ယင်းက ဝိညာဉ်စုစည်းခြင်းနည်းစနစ်ဖြင့် ဖန်တီးထားသော မှော်အဆောင်လော။
ဝိညာဉ်စုစည်းခြင်းနည်းစနစ်ကို ပိုင်ဆိုင်ထားသော ဟန်မူယဲ့က အထွတ်အမြတ်နယ်မြေမှ ဂိုဏ်းကြီးများကြားတွင် အခရာ ဖြစ်လာလိမ့်မည်လော။
“ သူက အံ့ဖွယ်ကိုးပါးတောင်တန်းပေါ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကလား ”
အကြီးအကဲဟဲချင်၏ အနောက်မှ တာအိုပညာရှင်ယုရွှမ်းက ကျူးဝူတိုင်ကို ကြည့်လိုက်ပြီး ပြောသည်။
“ အဲ့ဒါ ရှေးခေတ်က အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုမဟုတ်ဘူးလား ”
ကျူးဝူတိုင်က ပြုံးလိုက်ပြီး ပြောသည်။
“ တာအိုရောင်းရင်းဟန်က ခင်ဗျားတို့ ထျန်းရွှမ်တာအိုဂိုဏ်းရဲ့ ဖိတ်ကြားမှုကို တကယ် ရရှိခဲ့တယ်… ဒါပေမဲ့ သူက ဂိတ်တံခါးဝမှာ တားဆီးခံခဲ့ရပြီး မူလကျောက်တုံးတွေပေးဖို့ တောင်းဆိုခံခဲ့ရတယ်… အဲ့ဒါကြောင့် သူက ဒေါသထွက်သွားပြီး လှည့်ပြန်ခဲ့တယ်… ပြီးတော့ သူက ကျုပ်တို့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီ ရောက်လာခဲ့တယ် ”
“ ဒီတစ်ခေါက်ကျရင် သူက ဆွေးနွေးပွဲကို ကျုပ်တို့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ရဲ့ အကြီးအကဲအနေနဲ့ တတ်ရောက်လိမ့်မယ် ”
ထျန်းရွှမ်တာအိုဂိုဏ်းဆီသို့ ဟန်မူယဲ့ ပြန်သွားသည့်အခါ သူက ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို ကိုယ်စားပြုလိမ့်မည်။ သူက ရှေးခေတ်မှ အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို ကိုယ်စားမပြုတော့ပေ။
တာအိုပညာရှင်ယုရွှမ်းက မျက်နှာပျက်ယွင်းသွားပြီး သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။
“ ဗုန်း ”
အလင်းအမှောင်မြင်ကွင်းထဲတွင် ဟန်မူယဲ့၏ အရှေ့မှ မှော်အဆောင်က ရွှေရောင်ချပ်ဝတ်တစ်စုံအဖြစ် ပြောင်းလဲသွားသည်။
ရွှေရောင်ချပ်ဝတ်က ဟန်မူယဲ့ကို လွှမ်းခြုံသွားပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။
အခြားတစ်ဖက်တွင် မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲက သူသန့်စင်ထားသော မှော်အဆောင်ကို လေထဲသို့ ပစ်လွှတ်လိုက်သည်။ မှော်အဆောင်က လေထဲမှာ ခြင်္သေ့တစ်ကောင်အဖြစ် ဖွဲ့စည်းသွားပြီး ဟန်မူယဲ့ထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်သည်။
“ ဝေါင်း ”
ထိုခြင်္သေ့သည် အသိဉာဏ်ရှိကြောင်း ထင်ရှားသည်။ ၎င်းက အရှေ့သို့ ခုန်အုပ်လိုက်စဉ် ရွှေရောင်အလင်းစီးကြောင်းက ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။
၎င်းထံမှ ထုတ်လွှတ်နေသော စွမ်းအားက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို အက်ကွဲသွားစေနိုင်ဟန် ရ၏။
“ အဲ့ဒါ… အဲ့ဒါ စွမ်းအားပေါင်းစည်းခြင်း ”
အံ့ဩသော စကားသံက ခန်းဆောင်အပြင်ဘက်မှ ထွက်ပေါ်လာသည်။
တာအိုပေါ်ထွက်ခြင်းအဆင့် တိုက်ပွဲစွမ်းအားက ထွက်ပေါ်လာသည်။
ရှင်းလင်းစွာပင် ယင်းက မှော်အဆောင်သူတော်စင်၏ နည်းစနစ်ဖြစ်သည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်အား လာရောက်စိန်ခေါ်သော ထိုပုဂ္ဂိုလ်က မှော်အဆောင်သူတော်စင်တစ်ပါး ဖြစ်နေလေသည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်မှ မှော်အဆောင်သခင်ဟန်က မှော်အဆောင်သူတော်စင်တစ်ပါး၏ အစွမ်းထက် တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်မည်လော။
“ ဗုန်း ”
ခြင်္သေ့က ဟန်မူယဲ့၏ ရွှေရောင်ချပ်ဝတ်ကို ဝင်ဆောင့်သွားသည့်အခါ ချပ်ဝတ်ပေါ်တွင် မီးတောက်ကိုးမျိုးက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။
မီးတောက် တစ်မျိုးတည်းမဟုတ်ပေ။ ကိုးမျိုး ဖြစ်သည်။
မီးတောက်ကိုးမျိုးက ထပ်ဆင့်လွှမ်းခြုံသွားကြပြီး ခြင်္သေ့ကို အရှေ့ဆက်မတိုးနိုင်ရန် ဟန့်တားလိုက်သည်။
ယင်းက ကျောက်စိမ်းမှော်အဆောင်ကို ဟန်မူယဲ့ ရေးထွင်းခဲ့စဉ်က သူအသုံးပြုခဲ့သော အလွှာကိုးလွှာဓားမြှောင်၏ ထူးခြားစွမ်းရည်ဖြစ်သည်။
“ ဘန်း ”
မီးတောက်ကိုးမျိုးက ရုတ်တရက် ပေါက်ကွဲသွားပြီး ရွှေရောင်ချပ်ဝတ်နှင့် ပေါင်းစည်းသွားကြသည်။ ထို့နောက် အလင်းစီးကြောင်းတစ်ခုက ရွှေရောင်ချပ်ဝတ်၏ လက်မောင်းထံမှ ထွက်ပေါ်လာပြီး ဓားမော့တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ဓားမော့ကို ဖမ်းဆုပ်ကာ အရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
ခြင်္သေ့၏ ခန္ဓာကိုယ်က ဓားမော့ခုတ်ချက်အောက်မှာ တိုက်ရိုက် ကွဲထွက်သွားသည်။
ကျောက်စိမ်းတုံကင်က အက်ကွဲသွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ လက်နက်ဖွဲ့စည်းခြင်း… မဟာတာအိုဝိညာဉ် ”
သူ့အရှေ့မှ မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲက မျက်နှာသုန်မှုန်သွားသည်။ ထို့နောက် သူက မူလကျောက်စိမ်းအပြည့်ထည့်ထားသော အိတ်တစ်လုံးကို ထုတ်လိုက်ပြီး စားပွဲခုံပေါ် ပစ်တင်လိုက်သည်။
“ ကျုပ်ရှုံးသွားပြီ ”
သူက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောသည်။
“ ကျုပ်က ကျောက်ဖင်းဟွမ်ပါ… ကျုပ်တို့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ် ”
ထိုသို့ပြောပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး ခန်းဆောင်အပြင်ဘက်မှ အကြီးအကဲချူးယွမ်ကို ကြည့်လိုက်သည်။ အပြုံးရိပ်ယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ မှော်အဆောင်သူတော်စင်ချူးယွမ်… မတွေ့ရတာ ကြာပြီ… ထျန်းဖူနန်းတော်ကို မင်းမှတ်မိသေးလား ”
ယင်းကို ကြားသောအခါ အကြီးအကဲချူးယွမ်က အံ့ဩမှုကြောင့် မျက်လုံးပြူးသွားသည်။
ကျောက်ဖင်းဟွမ်က လှုပ်ရှားလိုက်သည်။ စောင့်ကြည့်နေသူများ မျက်စိမဖွင့်နိုင်စေမည့် စူးရှတောက်ပသော အလင်းတန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် မှော်သင်္ကေတအလွှာများက သူ၏ ဘေးပတ်ဝန်းကျင်၌ လှည့်ပတ်သွားကြသည်။
မှော်သင်္ကေတများ ပြန့်ကျဲသွားသည့်အခါ နေရာမှ သူပျောက်ကွယ်သွားသည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲတွင် လူတိုင်း၏ အကြည့်က ဟန်မူယဲ့ထံသို့ ရွှေ့ပြောင်းသွားသည်။
သူတို့က ဟန်မူယဲ့၏ အရှေ့မှ ရွှေရောင်ချပ်ဝတ်ကို ကြည့်လိုက်လေရာ လိုချင်တပ်မက်သော အရိပ်အယောင်က လူအများအပြား၏ မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
ယင်းက တာအိုပေါ်ထွက်ခြင်းအဆင့် တိုက်ပွဲစွမ်းအားရှိသော မှော်အဆောင်ဖြစ်သည်။
ထိုသို့ကျောက်စိမ်းတုံကင်က အနည်းဆုံး မူလကျောက်တုံးတစ်သန်းခန့် တန်ဖိုးရှိသည်။
ကျောက်စိမ်းတုံကင်က တစ်ခုတည်းဆိုလျှင် ထိုမျှအံ့ဖွယ်ကောင်းလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ မှော်အဆောင်က တစ်ချိန်ချိန်ကျလျှင် စွမ်းအင်ကုန်ဆုံးသွားနိုင်သည်။
သို့သော်လည်း ပိုပြီးအရေးကြီးသည့်အချက်မှာ ထိုကျောက်စိမ်းတုံကင်ကို ဟန်မူယဲ့က သန့်စင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဟန်မူယဲ့က ဂိုဏ်းတစ်ဂိုဏ်းထဲသို့ ဝင်ရောက်မည်ဆိုလျှင် ထိုဂိုဏ်းက သေချာပေါက် အထွတ်အထိပ်သို့ တတ်လှမ်းသွားလိမ့်မည်။ တစ်နည်းဆိုရသော် ဟန်မူယဲ့တစ်ယောက်တည်း၏ အင်အားက ဂိုဏ်းအသီးသီး၏ အခြေအနေနှင့် တုန်လင်းမြို့တော်၏ အခြေခံအုတ်မြစ်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။
အလင်းအမှောင်မြင်ကွင်းထဲတွင် ဟန်မူယဲ့က ရွှေရောင်ချပ်ဝတ်မှော်အဆောင်ကို ပြန်သိမ်းဆည်းလိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။
…..
ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ အနောက်ဘက်မှ အဆောက်အဦးတစ်ခုထဲတွင် အကြီးအကဲကျူးဝူတိုင်နှင့် တာအိုပညာရှင်ပိုင်ကျိက ဟန်မူယဲ့ကို အဖော်ပြုပေးနေရင်း ပြုံးလိုက်ကြသည်။
“ အကိုဟန်… တာအိုပညာရှင်ယုရွှမ်း ထွက်သွားပါပြီ… ဒီဟာက ခင်ဗျားအတွက် သူချန်ထားခဲ့တဲ့ ကျောက်စိမ်းတုံကင်ပါ ”
“ သူပြောတာက ဒီကျောက်စိမ်းတုံကင်နဲ့ဆိုရင် ခင်ဗျား ထျန်းရွှမ်တာအိုဂိုဏ်းကို ဆန္ဒရှိသလို ဝင်ထွက်သွားလာနိုင်ပါလိမ့်မယ် ”
အကြီးအကဲကျူးဝူတိုင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ သူတို့ရဲ့ တပည့်က အရမ်းမောက်မာပြီး ခင်ဗျားကို မောင်းထုတ်လိုက်တာကြောင့်မဟုတ်ရင် ခင်ဗျား ကျောက်စိမ်းမှော်အဆောင်စံအိမ်မှာ နေဖြစ်မှာမဟုတ်ဘူး… မဟုတ်ရင် ဒီနေ့မှာ ကျုပ်တို့ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်က မျက်နှာပျက်ရလိမ့်မယ် ”
သူက အမှန်ကို ပြောနေခြင်း ဖြစ်သည်။ အကယ်၍ ဟန်မူယဲ့သာ ယနေ့ မလှုပ်ရှားခဲ့လျှင် ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်သွားလိမ့်မည်။
ယင်းက အကြီးအကဲကျူးဝူတိုင်နှင့် တာအိုပညာရှင်ပိုင်ကျိအတွက် ကြီးမားသော အရှက်ရစရာဖြစ်သည်။
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
ယခုအချိန်မှာ သူက ထျန်းရွှမ်တာအိုဂိုဏ်းနှင့် ပတ်သက်ရန် စိတ်မဝင်စားပေ။
အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို သူစိတ်ဝင်စားသော်လည်း ယင်းက ထျန်းရွှမ်တာအိုဂိုဏ်းမှာ သူနေထိုင်လိမ့်မည်ဟု မဆိုလိုပေ။
“ ဒါနဲ့ မှော်အဆောင်သူတော်စင်ချူးယွမ်က အကိုဟန်ကို ဖိတ်ကြားခဲ့ပါတယ်… အကိုဟန် အားလပ်တဲ့အခါ ကောင်းကင်ဆက်သွယ်တာအိုဂိတ်ဆီ သွားလည်နိုင်ပါတယ် ”
“ ထျန်းဖူနန်းတော်ကို ခင်ဗျားစိတ်ဝင်စားလိမ့်မယ်လို့ သူက ပြောပါတယ် ”
တာအိုပညာရှင်ပိုင်ကျိက ခေါင်းယမ်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ မှော်အဆောင်တာအိုကို ကျုပ်ကျင့်ကြံတယ်ဆိုပေမဲ့ ထျန်းဖူနန်းတော်က ဘယ်လိုအရာလဲဆိုတာ ကျုပ်မသိဘူး ”
ထျန်းဖူနန်းတော်… ။
ဟန်မူယဲ့သည်လည်း ယင်းကို မသိပေ။
သို့သော်လည်း ယင်းကို မှော်အဆောင်သူတော်စင်တစ်ပါးက ထုတ်ဖော်ပြောခဲ့မှတော့ ယင်းက သေချာပေါက် သာလွန်ထူးခြားရမည်။ ယင်းက သူ၏ စိတ်ဝင်စားမှုရရန် ထိုက်တန်သည်။
“ ကျုပ်မှာ အခွင့်အရေးရှိရင် ကောင်းကင်ဆက်သွယ်တာအိုဂိတ်ဆီ အလည်သွားလိုက်ပါ့မယ် ”
ဟန်မူယဲ့က ပြောသည်။
ယင်းကို ကြားသောအခါ အကြီးအကဲကျူးဝူတိုင်က ပြုံးလိုက်သည်။
“ ခင်ဗျားတံခါးပိတ်ကျင့်ကြံနေတဲ့ ဒီနှစ်ရက်မှာ အင်အားစုသုံးဆယ်ကျော်က ခင်ဗျားဖန်တီးသန့်စင်ခဲ့တဲ့ ရွှေချပ်ဝတ်မှော်အဆောင်အတွက် လေလံအပြိုင်ခေါ်ခဲ့ကြပါတယ်… တန်ဖိုးက မူလကျောက်တုံးတစ်သန်းသုံးသိန်းအထိ မြင့်တတ်သွားပါတယ် ”
“ ဒီမှာ စာရင်းရှိပါတယ်… ခင်ဗျား တစ်ချက်ကြည့်ကြည့်ပါ… ခင်ဗျား ရောင်းချဖို့ စိတ်ဝင်စားလား ”