← Chapters

အခန်း (၁၇၇၄)

Vol. 127 Ch. 1774

အခန်း (၁၇၇၄)

Vol. 127 Ch. 1774

အခန်း(၁၇၇၄)

ကောင်းကင်ယံတွင် ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်များ ထွက်ပေါ်လာကြသည်။

အလွန်ကျယ်လောင်သော မြည်သံနှင့်အတူ ရွှေရောင်အလင်းတန်းက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ဟန်မူယဲ့နှင့် သူ၏ အပေါင်းအဖော်များကို ဖိနှိပ်လိုက်သည်။

ရွှေရောင်အလင်းက လွန်စွာ ခမ်းနားထည်ဝါလေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ယင်းကို မတောင့်ခံနိုင်ပေ။ လေဟာနယ်က အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။

အံ့ဖွယ်အန္တိမစွမ်းအား… ။

အံ့ဖွယ်အန္တိမကောင်းကင်ဘုံမှ အစောင့်တပ်ဖွဲ့သည် ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ကောင်းကင်ဘုံအစောင့်အကြပ်များ အသုံးပြုသော အံ့ဖွယ်အန္တိမစွမ်းအားက အထွတ်အမြတ်နယ်မြေ၏ မူလစွမ်းအားထက် အဆပေါင်းများစွာ ပိုပြီးသာလွန်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်က အက်ကွဲသွားပြီး ပြိုကျလာသည်။ ကမ္ဘာမြေက ပြင်းထန်စွာ တုန်ယင်သွားသည်။ ဟန်မူယဲ့မှလွဲ၍ ကျန်လူအားလုံးက မျက်နှာဖြူဖျော့သွားကြသည်။

“ ပုရွက်ဆိတ်တွေလား ”

ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ သုံးပေရှည်လျားသော ဓားတစ်လက်က သူ၏ လက်ဖဝါးထဲမှာ ဖွဲ့စည်းသွားသည်။

ထိုဓားက သာမန်ဓားတစ်လက်နှင့် မခြားပေ။ သို့သော်လည်း ထိုဓားမှ ထုတ်လွှတ်နေသော အအေးဓာတ်က ကောင်းကင်ပေါ်မှ ရွှေရောင်စစ်ဗိုလ်ချုပ်အားလုံးကို အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးသွားစေသည်။

“ ဝီး ”

ဟန်မူယဲ့က ရိုးရှင်းသော ဓားချက်ကို ထုတ်ဖော်လိုက်သည်။ ဓားသွားပေါ်မှ အလင်းတန်းက ချက်ချင်း ပေါက်ကွဲသွားပြီး ဘီလီယံနှင့်ချီသော အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

ထိုဓား၏ အရှိန်အဟုန်က မိုးသက်လေပြင်းပမာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဓားအလင်းက ရန်သူ၏ ရွှေရောင်အလင်းတိုက်ခိုက်မှုကို တိုက်ရိုက် ချိုးဖြတ်သွားပြီး သူတို့အားလုံးကို ဖုံးလွှမ်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နဂါးသဏ္ဍာန် ရွှေရောင်အလင်းစီးကြောင်းများက လေထဲမှာ ရွေ့လျားကခုန်သွားကြပြီး မိုးမြေကြားမှ အရာအားလုံးကို တိတ်တဆိတ် ပိုင်းဖြတ်လိုက်ကြသည်။

ဘယ်လောက် ခမ်းနားလိုက်တဲ့ ဓားအလင်းလဲ… ။

ဓားအလင်းသည် သက်တံ့သဖွယ် ခမ်းနားထည်ဝါသည်။ လျှပ်တစ်ပြက်အတွင်းမှာ မိုးကောင်းကင်တစ်ခုလုံးက ဓားအလင်းကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။

“ မိုးကောင်းကင်ခွဲတိုက်ပွဲစွမ်းအား ”

“ အဲ့ဒါ အံ့ဖွယ်တာအိုအဆင့် ”

ကောင်းကင်ယံတွင် ရွှေရောင်စစ်ဗိုလ်ချုပ်အားလုံးက ကြောက်လန့်တကြား အော်လိုက်ကြသည်။

အထွတ်အမြတ်နယ်မြေထဲမှာ ထိုမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက် ရှိနေမည်ဟု သူတို့မမျှော်လင့်ထားကြပေ။

“ ဗုန်း ”

ဓားအလင်းက ကောင်းကင်ယံမှ ရွှေရောင်အလင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့က ပြိုကွဲသွားသည်။

ရွှေရောင်အလင်းက မှေးမှိန်သွားပြီး မိုးမြေကြားမှ အက်ကွဲကြောင်းများက စတင်ပျောက်ကွယ်သွားကြသည်။

ခေါင်းဆောင်စစ်ဗိုလ်ချုပ်က ဓားအလင်းကို သူ၏ ရွှေရောင်အလင်းဖြင့် ခုခံတားဆီးလိုက်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရသည်။

ဓားအလင်းက မိုးကောင်းကင်တစ်ခွင် ဖြန့်ကြက်သွားပြီး ကောင်းကင်အလွန်၌ ပြန်စုဝေးသွားကာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ထိုဓားကို အထွတ်အမြတ်နယ်မြေ၏ လက်နက်သန့်စင်ခြင်းအမွေအနှစ်ဖြင့် ဖန်တီးသန့်စင်ထားခြင်းဖြစ်ပြီး ယင်းပေါ်မှာ မရေမတွက်နိုင်သော မှော်အဆောင်များကို ရေးထွင်းထားသည်။

အထွတ်အမြတ်နယ်မြေမှာ သွန်းလုပ်ထားသော ဓားက အပြင်လောကမှ ကောင်းကင်ဘုံအစောင့်အကြပ်များကို ပိုင်းဖြတ်နိုင်သည်လော။

ဟန်မူယဲ့၏ အနောက်မှ ကျင့်ကြံသူများက မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးသွားကြသည်။

ဟန်မူယဲ့က အထွတ်အမြတ်နယ်မြေ၏ နည်းစနစ်ဖြင့် ပြင်ပလောကမှ ကျင့်ကြံသူများကို တိုက်ခိုက်နိုင်လိမ့်မည်ဟု သူတို့မတွေးထားကြချေ။

သို့သော် ယင်းက သူတို့၏ မျက်စိအရှေ့မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။

“ သွားကြစို့… သူတို့တွေလည်း အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို ရှာဖွေဖို့ ရောက်လာကြတာ ”

ဟန်မူယဲ့က ဓားရှည်ကို ပြန်သိမ်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဤနေရာမှ တိုက်ပွဲက ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့၏ စိတ်အာရုံကို ဖမ်းစားသွားလိမ့်မည်မှာ သေချာ၏။ မကြာမီ ပိုပြီးအင်အားကြီးမားသော တပ်ဖွဲ့က ဤနေရာသို့ ရောက်လာလိမ့်မည်။

ဟန်မူယဲ့က ရန်သူကို ဂရုမစိုက်ပေ။ သို့သော်လည်း သူ့အနောက်မှ ချူးယွမ်နှင့် တခြားလူများက ထိုသို့တပ်ဖွဲ့၏ ဝိုင်းရံတိုက်ခိုက်မှုအောက်မှာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

…..

အတိတ်၌ ယွမ်ချန်းကောင်းကင်ဘုံနန်းတော်က အထွတ်အမြတ်နယ်မြေ၏ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့သည်။ သူတို့၏ နယ်မြေဧရိယာက အလွန်ကျယ်ပြောသည်။

အထဲသို့ သူတို့လျှောက်ဝင်သွားစဉ် မူလစွမ်းအားကို မခံစားမိသော်လည်း အတိတ်၌ ယွမ်ချန်းကောင်းကင်ဘုံနန်းတော်က မည်မျှခမ်းနားထည်ဝါခဲ့ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

“ အမွေအနှစ်မှော်အဆောင်တုံကင်ကို ယွမ်ချန်းကောင်းကင်ဘုံနန်းတော်ရဲ့ ရတနာသိုက်ထဲမှာ ကျုပ်တို့ ရှာတွေ့ခဲ့တာပါ ”

တာအိုပညာရှင်ယုရွှမ်းက လမ်းလျှောက်နေရင်း ရှင်းပြသည်။

အတိတ်မှာ ထျန်းရွှမ်တာအိုဂိုဏ်းသည် တခြားဂိုဏ်းတချို့နှင့် လက်တွဲ၍ ဤနေရာသို့ ရောက်လာခဲ့သည်။ သူတို့က ကံကောင်းထောက်မ၍ အတားအဆီးများကို ကျော်လွှားပြီး ရတနာသိုက်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။

တခြားဂိုဏ်းများက ရတနာများနှင့် ရှေးဟောင်းအမွေအနှစ်များကို ရှာဖွေနေကြစဉ် ထျန်းရွှမ်တာအိုဂိုဏ်းက အင်အားမလုံလောက်သောကြောင့် အမည်မသိတာအိုမှော်အဆောင်တစ်ခုကိုသာ ယူဆောင်နိုင်ခဲ့သည်။

“ အဲ့ဒါ ရတနာသိုက်ရဲ့ တည်နေရာ ”

တာအိုပညာရှင်ယုရွှမ်းက လက်ဆန့်ထုတ်လိုက်ပြီး အရှေ့သို့ တည်ကြည်လေးနက်စွာ ညွှန်ပြလိုက်သည်။

“ အဲ့ဒီနေရာက အတားအဆီးတွေက အတော်လေး အန္တရာယ်များတယ် ”

ရှေးခေတ်ကာလမှ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အတားအဆီးများက တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သေဆုံးစေနိုင်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ဤနေရာမှ အတားအဆီးများက စွမ်းအားနိမ့်ကျသွားသော်လည်း ယင်းတို့ကို မလျော့တွက်သင့်ပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အရှေ့မှ အဆောက်အဦးကို ကြည့်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်အရ ထိုနေရာက တမူထူးခြားကြောင်း သူအာရုံခံနိုင်သည်။

ထိုအဆောက်အဦးက အထွတ်အမြတ်နယ်မြေမှ မဟုတ်နိုင်ပေ။

ဤနေရာမှ လေဟာနယ်စွမ်းအား၏ ခွဲထုတ်မှုကြောင့် ယင်းက အထွတ်အမြတ်နယ်မြေ၏ အပြင်လောကမှာ တည်ရှိနေသည်။

ရှေးခေတ်ဂိုဏ်းကြီးတစ်ဂိုဏ်း၏ နည်းစနစ်များက အမှန်တကယ် အံ့ဖွယ်ကောင်းလှ၏။

အကယ်၍ ဟန်မူယဲ့သာ အံ့ဖွယ်အန္တိမစွမ်းအားကို မထိန်းချုပ်နိုင်လျှင် သူသည်လည်း ဤအခိုက်အတန့်မှာ ထိုသို့နည်းစနစ်ကို တုပနိုင်လိမ့်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် ယခု သူ၏ ကျင့်ကြံခြင်းစွမ်းအားက စိတ်ကူးမယဉ်နိုင်အောင် အလွန်သန်မာနေသည်။ သူက အကြည့်တစ်ချက်ဖြင့် ထိုအတားအဆီးများကို ထွင်းဖောက်မြင်နိုင်သွားသည်။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ အံ့ဖွယ်အန္တိမစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

သူက အရှေ့သို့ လက်ညှိုးညွှန်လိုက်လေရာ ကျယ်လောင်သော မိုးခြိမ်းသံက ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ ထို့နောက် အက်ကွဲကြောင်းများက အတားအဆီးများပေါ်မှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြသည်။

“ ကျိုးပျက်စမ်း ”

တိုးညင်းသော ဟိန်းသံအောက်မှာ မိုးမြေကြားမှ အက်ကွဲကြောင်းတစ်ခုက လေဟာနယ်တွင်းပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယင်းက အတားအဆီးကို ချိုးဖြတ်နိုင်သော နည်းစနစ်အမှန် ဖြစ်သည်။

ထိုသို့နည်းလမ်းဖြင့်သာလျှင် ယွမ်ချန်းကောင်းကင်ဘုံနန်းတော်၏ ရတနာသိုက်ထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်လိမ့်မည်။

လေဟာနယ်တွင်းပေါက် ထွက်ပေါ်လာသည်နှင့် ဟန်မူယဲ့က အမြန်လှုပ်ရှားလိုက်ပြီး အထဲသို့ တိုက်ရိုက် ဝင်သွားသည်။

တခြားလူများသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က အချင်းချင်း ပူးကပ်လိုက်ကြပြီး လေဟာနယ်တွင်းပေါက်ထဲသို့ ဝင်ရောက်သွားကြသည်။

လေဟာနယ်တွင်းပေါက်ထဲသို့ ဝင်ရောက်ပြီးနောက် ထူးဆန်းသော အလင်းရောင်က ဟန်မူယဲ့၏ မျက်နှာပေါ်သို့ ကျဆင်းလာသည်။

ဤရတနာသိုက်၏ တည်နေရာက အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာဖြစ်ကြောင်း ထင်ရှားသည်။

ထိုမျှသာ မဟုတ်ပေ။ ဤနေရာက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အလယ်ဗဟိုမှာ ဖြစ်သည်။ အရှေ့ဘက်မူလပင်လယ် မဟုတ်ပေ။

ဤနေရာမှ လေထဲတွင် အံ့ဖွယ်အန္တိမစွမ်းအားက အလွန်ပေါများစွာ သိပ်သည်းနေသည်။

“ ဒီနေရာ… ဒီနေရာက အထွတ်အမြတ်နယ်မြေရဲ့ အပြင်လောကပဲ ”

မှော်အဆောင်သူတော်စင်ချူးယွမ်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

ကောင်းကင်ဘုံအလွန်သို့ သူတို့ရောက်ရှိသွားခြင်း၏ အဓိပ္ပာယ်က အထွတ်အမြတ်နယ်မြေနှင့် မဟာကပ်ဘေးထံမှ သူတို့လွတ်မြောက်သွားပြီဟု ဆိုလိုသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ လူတိုင်းက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေရင်း ဝမ်းသာပျော်ရွှင်သွားကြသည်။

ဟန်မူယဲ့သည်တော့ သူတို့ကဲ့သို့ မဟုတ်ဘဲ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“ ဒီရတနာသိုက်က တောင်တန်းတွေနဲ့ မြစ်ချောင်းတွေကို သိုလှောင်နယ်မြေလွတ်တွေအဖြစ် အသုံးပြုပြီး ရတနာတွေကို သိမ်းဆည်းထားတယ်… ဒီအတွက်ကြောင့် နှစ်တွေဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ ရတနာတွေက သဘာဝအတိုင်း ဆက်ရှိနေလိမ့်မယ် ”

“ ဘယ်လိုရတနာကို ရှာတွေ့မလဲဆိုတာ ခင်ဗျားတို့ရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ် ”

အလွန်ပြောင်မြောက်သော သိုလှောင်ရေးပစ္စည်းများသည်ပင် ရတနာများ၏ အရည်အသွေးနှင့် စွမ်းရည်ကို အချိန်ကြာမြင့်စွာ မထိန်းသိမ်းပေးနိုင်ပေ။ ရတနာများကို မိုးမြေ၏ သဘာဝတရားနှင့် ပေါင်းစည်းမှသာလျှင် ယင်းတို့၏ ဝိညာဉ်အနှစ်သာရကို မပျက်စီးစေဘဲ နှစ်ပေါင်းများစွာကြာသည်အထိ ထိန်းသိမ်းနိုင်လိမ့်မည်။

ဟန်မူယဲ့သည် စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။

“ ဗုန်း ”

သူတို့၏ ဘေးမှ မိုးမခသစ်ပင်က အစိမ်းရောင်မြင်းမြှီးတုတ်အဖြစ် ရုတ်တရက် အသွင်ပြောင်းလဲသွားသည်။

မြင်းမြှီးတုတ်မှ ထုတ်လွှတ်နေသော အရောင်အဝါက အလွန်တောက်ပလေရာ ယင်းက အစွမ်းထက်ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှား၏။

ထိုမြင်းမြှီးတုတ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဝိညာဉ်အလင်းက ဘေးပတ်ဝန်းကျင်မှာ ပျံ့လွင့်သွားသည်။ ထို့နောက် မြင်းမြှီးတုတ်က အဝေးသို့ ထွက်ပြေးတော့မည့်အလား လေပေါ်သို့ ပျံတတ်သွားသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး မြင်းမြှီးတုတ်ကို တားဆီးလိုက်သည်။ ထို့နောက် ယင်းကို သိမ်းဆည်းလိုက်သည်။

ဟန်မူယဲ့၏ သရုပ်ပြမှုကို မြင်ပြီးနောက် ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ဘေးပတ်ဝန်းကျင်တွင် ရတနာများ လိုက်လံရှာဖွေကြသည်။

“ ဗုန်း ”

တစ်စုံတစ်ယောက်က သူ့ဘေးမှ သစ်ပင်ကြီးကို လက်သီးဖြင့် ထိုးလိုက်ပြီး ချိုးလိုက်သည်။ သို့သော်လည်း ထိုသစ်ပင်က ရတနာမဟုတ်ဘဲ သစ်ပင်သာ ဖြစ်သည်။

ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်မှ လူများကို သဘောကျစွာ ရယ်မောစေသည်။

“ ဟား ဟား… တာအိုပညာရှင်ကျောက်… အဲ့လိုလုပ်ရတာ မဟုတ်ဘူး ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က သစ်ပင်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။

တာအိုပညာရှင်ကျောက်က ရှက်ရွံ့စွာ ခေါင်းယမ်းလိုက်သည်။

ထိုစဉ် ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်သည်။ အလင်းတန်းတစ်ခုက သူ၏ လက်ညှိုးထိပ်မှ ထွက်ပေါ်လာပြီး ကျိုးသွားသော သစ်ပင်၏ သစ်ကိုင်းတစ်ခတ်ကို ထိမှန်သွားသည်။

“ ထန် ”

အလင်းတန်းက သစ်ကိုင်းကို ထိမှန်သွားသည့်အခိုက် သတ္ထုမြည်သံက ရှင်းလင်းပီသစွာ ထွက်ပေါ်လာသည်။

သစ်ကိုင်း၏ တစ်ခြမ်းက မီးခိုးရောင်သတ္ထုအဖြစ် ပြောင်းလဲသွားပြီး အရှေ့မှ တောအုပ်ဆီသို့ ပျံသန်းသွားသည်။

“ အဲ့ဒါ… အဲ့ဒါ ဝိညာဉ်ရတနာ ”

မီးခိုးရောင်သတ္ထုတုံးက တောအုပ်ဆီသို့ ပျံသန်းသွားကြောင်း မှော်အဆောင်သူတော်စင်ချူးယွမ် မြင်သောအခါ အလန့်တကြား အော်ပြောလိုက်သည်။

မီးခိုးရောင်သတ္ထုတုံး၏ အလျင်က မြန်ဆန်သော်လည်း ယင်းက ဟန်မူယဲ့၏ တာအိုမှော်အဆောင်၏ လိုက်ဖမ်းမှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

လူတိုင်း၏ မျက်လုံးထဲမှာ မနာလိုမှုဖြင့် ပြည့်နှက်သွားသည်။ တစ်စုံတစ်ယောက်က ထိုဝိညာဉ်ရတနာကို သန့်စင်မည်ဆိုလျှင် အနည်းဆုံး တာအိုပေါ်ထွက်ခြင်းအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်။

“ တာအိုပညာရှင်ကျောက်… ဒီဟာကို ခင်ဗျားရှာတွေ့ခဲ့တာဆိုတော့ ဒီဟာကို ခင်ဗျားသိမ်းဆည်းသင့်တယ် ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။

သူ့စကားက လူတိုင်းကို အံ့ဩသွားစေသည်။

တာအိုပညာရှင်ကျောက်က ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။

ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ သူက အရှေ့မှ တောအုပ်ဆီသို့ ပျံသန်းသွားသည်။

“ တာအိုပညာရှင်ကျောက်… ခင်ဗျား ယူလိုက်ပါ… သူတော်စင်ဟန်က ဒီလိုရတနာတွေကို စိတ်မဝင်စားဘူး ”

မှော်အဆောင်သူတော်စင်ချူးယွမ်က နူးညံ့စွာ ပြောသည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေရင်း စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

တခြားလူများသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်လှုပ်ရှားမှုက ဤအခိုက်အတန့်မှာ အနည်းငယ် လျော့နည်းသွားသည်။

“ ဗုန်း ”

အရှေ့မှ တောအုပ်ထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် ရွှေရောင်အလင်းတန်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

“ ဘယ်ခွေးကောင်က ငါအရှင် ကျင့်ကြံနေတာကို လာနှောင့်ယှက်ရဲတာလဲ ”

“ ယီး… ဘယ်လောက် သန်မာလိုက်တဲ့ ဓားအရိုးလဲ… ငါအညံ့ခံတယ်… အညံ့ခံတယ် ”

All Chapters