← Chapters

အခန်း (၁၇၇၃)

Vol. 127 Ch. 1773

အခန်း (၁၇၇၃)

Vol. 127 Ch. 1773

အခန်း(၁၇၇၃)

“ အဲ့ဒါ သူတော်စင်ဟန်ပဲ ”

“ သူတော်စင်ဟန် မိုးကောင်းကင်ခွဲတိုက်ပွဲကနေ ပြန်ရောက်လာပြီ ”

ဟန်မူယဲ့၏ ပုံရိပ်ကို မြင်သောအခါ ထျန်းရွှမ်တာအိုဂိုဏ်းထဲမှ ကျင့်ကြံသူများက အံ့ဩဝမ်းသာစွာ အော်ပြောလိုက်ကြသည်။

တခြားကျင့်ကြံသူများသည်လည်း ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေသော ဟန်မူယဲ့ကို မော့ကြည့်လိုက်ကြသည်။

ဟန်မူယဲ့သည် အလင်းဂိတ်တံခါး၏ အရှေ့မှာ ရပ်လိုက်သည်။

သူက လက်ညှိုးတစ်ချောင်းကို ထုတ်လိုက်လေရာ အလင်းစီးကြောင်းက သူ၏ လက်ညှိုးထိပ်ဖျားပေါ်မှာ ထွက်ပေါ်လာသည်။ အလင်းစီးကြောင်းက နောက်အခိုက်အတန့်မှာ အသင်္ချေမှော်အဆောင်များအဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ ကြွေကျလာနေသော ကြယ်အားလုံးကို ထောက်ပံ့ပေးလိုက်သည်။

ပြိုကွဲပျက်စီးလုနီးပါးဖြစ်နေသော မှော်အဆောင်မဟာဝင်္ကပါက မိုးမြေကြားတွင် ချက်ချင်း ပြန်တည်ငြိမ်သွားသည်။

မဟာဝင်္ကပါပေါ်မှ အက်ကွဲကြောင်းများသည်လည်း ချက်ချင်း ပြန်စေ့သွားကြသည်။

ထျန်းဖူနန်းတော်မှ ကျင့်ကြံသူများသည် ပြန်လှုပ်ရှားနိုင်သွားပြီးနောက် ရုတ်တရက် တုန်ယင်သွားကြသည်။ သူတို့က မှော်သင်္ကေတသံကြိုးများဖြင့် ချုပ်နှောင်ခံလိုက်ကြရသည်။

“ မဟာဝင်္ကပါကို ဆက်ပြီး အားဖြည့်ပေးနေပါ… မဟုတ်ရင် မင်းတို့တွေ တစ်သက်လုံး ဒီနေရာမှာ ခေါင်းချသွားရလိမ့်မယ် ”

ဟန်မူယဲ့၏ အသံက မည်သူမှ မငြင်းဆန်နိုင်သော အမိန့်အာဏာနှင့်အတူ ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။

သူ့အသံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ပေါ်မှ မဟာဝင်္ကပါက နောက်တစ်ကြိမ် ရွှေရောင်ထွန်းလင်းလာသည်။

မရေမတွက်နိုင်သော ကြယ်များက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး အလင်းဂိတ်တံခါးထံသို့ ပျံသန်းသွားကြသည်။

“ သေစမ်း ”

ဓားမော့ကိုင်ထားသော ကောင်းကင်ဘုံသားတော်က ဟန်မူယဲ့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သူက ဓားမော့ကို အပေါ်သို့ မြှောက်တင်လိုက်ပြီး အောက်သို့ ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းလိုက်သည်။ ထွန်းလင်းတောက်ပသော ဓားမော့အလင်းတန်း ပျံသန်းထွက်သွားသည့်အခိုက် ဟန်မူယဲ့၏ အရှေ့မှ လေထုက နှစ်ခြမ်းကွဲထွက်သွားသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။

“ ဝီး ”

အသင်္ချေမှော်အဆောင်မဟာဝင်္ကပါက ကြယ်ကိုးလုံးကို လှုံ့ဆော်လိုက်ပြီး ဓားမော့အလင်းတန်းကို ခုခံတားဆီးလိုက်သည်။

ဓားမော့၏ အရှေ့တွင် မိုးမြေစွမ်းအားက ပေါ်လျှိုးလာပြီး နွယ်ပင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုနွယ်ပင်များက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်ဘုံသားတော်၏ ရွှေရောင်သံချပ်ကာကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။

ထိုမြင်ကွင်းက အလင်းဂိတ်တံခါး၏ အရှေ့မှာ ရပ်နေကြသော ကောင်းကင်ဘုံအစောင့်အကြပ်များကို မျက်လုံးပြူးသွားစေသည်။

အံ့ဖွယ်တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်က ထိုသို့အဖမ်းခံလိုက်ရသည်လော။

“ အသင်္ချေမှော်အဆောင်မဟာဝင်္ကပါက ဘာဖြစ်လို့ အဲ့လောက် အစွမ်းထက်နေတာလဲ ”

ကောင်းကင်ပေါ်မှ မှော်အဆောင်မဟာဝင်္ကပါကို စွမ်းအားထောက်ပံ့ပေးနေကြသော ထျန်းဖူနန်းတော်မှ မှော်အဆောင်သခင်များက ဇဝေဇဝါဖြစ်သွားကြသည်။

သူတို့က အသင်္ချေမှော်အဆောင်မဟာဝင်္ကပါကို ထိန်းချုပ်ထားကြသော်လည်း မည်သို့ကြောင့် ထိုမဟာဝင်္ကပါက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းနေကြောင်း နားမလည်နိုင်ကြပေ။

“ ဗုန်း ”

ကောင်းကင်ယံမှ အလင်းစီးကြောင်းက အောက်သို့ ကျဆင်းလာပြီး အလင်းဂိတ်တံခါးကို ဝင်ဆောင့်သွားသည်။ နောက်ဆုံးမှာတော့ အလင်းဂိတ်တံခါးက ပရမ်းပတာ တုန်ခါသွားပြီး ပြိုကွဲသွားသည်။

အလင်းဂိတ်တံခါးအရှေ့မှ ရွှေရောင်စစ်ဗိုလ်ချုပ်များက အရပ်မျက်နှာအသီးသီးဆီသို့ ဖရိုဖရဲ ထွက်ပြေးသွားကြသည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ ကြယ်အားလုံးက ရွှေရောင်မှော်သင်္ကေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ ထျန်းဖူနန်းတော်ရဲ့ နန်းတော်သခင်ကို ပြောလိုက်ပါ… မကြာခင် ငါအလည်ရောက်လာမယ်လို့ ”

…..

တုန်လင်းမြို့တော်၏ မဟာတိုက်ပွဲက မမျှော်လင့်ထားသော ရလဒ်ဖြင့် အဆုံးသတ်သွားသည်။

တုန်လင်းမြို့တော်ထဲမှ ကျင့်ကြံသူအားလုံးကို အမြစ်ဖြတ်သုတ်သင်ရန် ရောက်လာကြသော ထျန်းဖူနန်းတော်မှ ကျင့်ကြံသူများက ဤတိုက်ပွဲမှာ သူတို့အတွက် အကာအကွယ်ဖြစ်လာခဲ့သည်။

အထွတ်အမြတ်နယ်မြေကို သုတ်သင်ရှင်းလင်းရန် ရောက်လာသော အပြင်လောကမှ အစောင့်စစ်သည်တော်များသည်တော့ သူတို့အတွက် ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ကောင်းချီးဆုလာဘ်များ ဖြစ်လာကြသည်။

ယခု တုန်လင်းမြို့တော်တစ်ခုလုံးမှ ကျင့်ကြံသူများက ဝမ်းသာပျော်ရွှင်နေကြသည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် တိုက်ပွဲစွမ်းအားက ဖော်မပြနိုင်အောင် တိုးမြှင့်သွားလေရာ အရာအားလုံးက အိမ်မက်တစ်ခုသဖွယ် အောက်မေ့ရ၏။

သူတို့က ဤအခိုက်အတန့်လေးမှာ ဆယ်နှစ် သို့မဟုတ် နှစ်ပေါင်းတစ်ရာနှင့် ညီမျှသော ကျင့်ကြံခြင်းစွမ်းအားတိုးမြှင့်မှုကို တွေ့ကြုံခံစားမိသွားကြသည်။ အထူးသဖြင့် မိုးမြေရွှေရောင်စွမ်းအား၏ ဖုံးလွှမ်းမှုအောက်တွင် ဖြစ်၏။

ထိုမျှသာ မဟုတ်ပေ။ တုံလင်းမြို့တော်၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပြောင်းလဲသွားကြောင်း သူတို့အာရုံခံမိကြသည်။

တုန်လင်းမြို့တော်ထဲမှ မိုးမြေစွမ်းအားက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးသန်မာသွားသည်။

ထျန်းရွှမ်တာအိုဂိုဏ်း၏ အဓိကခန်းဆောင်ထဲတွင် တာအိုပညာရှင်ယုရွမ်းနှင့် တခြားလူများက တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။

ထိပ်ဆုံးနေရာတွင် ဟန်မူယဲ့နှင့် မှော်အဆောင်သူတော်စင်ချူးယွမ်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

အကယ်၍ ယနေ့ ထိုနှစ်ယောက်သာမရှိလျှင် တုန်လင်းမြို့တော်တစ်ခုလုံးက သုသာန်မြေဖြစ်သွားလိမ့်မည်။

အမှန်မှာ အကယ်၍ ဟန်မူယဲ့သာ အရေးကြီးအခိုက်အတန့်မှာ မိုးကောင်းကင်ခွဲတိုက်ပွဲကို မဖန်တီးခဲ့လျှင် ထျန်းရွှမ်တာအိုဂိုဏ်းတစ်ခုလုံး အပျက်အစီးပုံဖြစ်သွားလိမ့်မည်။

“ ကြည့်ရတာ တာအိုရောင်းရင်းဟန်က ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်ရဲ့ အစွမ်းကို တတ်ကျွမ်းသွားပြီထင်တယ် ”

မှော်အဆောင်သူတော်စင်ချူးယွမ်က ဟန်မူယဲ့ကို ကြည့်ရင်း မနာလိုသော လေသံဖြင့် ပြောသည်။

သူပြောသော ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်က ထျန်းရွှမ်တာအိုဂိုဏ်း ရှာတွေ့ခဲ့သော အမွေအနှစ်မှော်အဆောင်တုံကင်ကို ရည်ညွှန်းသည်။

သူတော်စင်ချူးယွမ်၏ စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ မှော်အဆောင်သခင်များနှင့် ထျန်းရွှမ်တာအိုဂိုဏ်းမှ အကြီးအကဲများက ခေါင်းမော့လိုက်ကြပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

မှော်အဆောင်သခင်များ၏ မျက်လုံးထဲမှာ မနာလိုမှုဖြင့် ပြည့်နှက်နေစဉ် ထျန်းရွှမ်တာအိုဂိုဏ်းမှ ပုဂ္ဂိုလ်များက မျှော်လင့်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

အကယ်၍ သူတော်စင်ချူးယွမ်ပြောသည့်အတိုင်း ဟန်မူယဲ့က သူတို့ရှာတွေ့ခဲ့သော အမွေအနှစ်မှော်အဆောင်တုံကင်ထံမှ စွမ်းရည်ကို ပိုင်ဆိုင်သွားသည်ဆိုလျှင် သူတော်စင်ဟန်နှင့် သူတို့၏ ထျန်းရွှမ်တာအိုဂိုဏ်းကြားမှာ ဆက်နွယ်မှုတစ်ခု ရှိသွားလိမ့်မည်။

ဟန်မူယဲ့ကဲ့သို့ ပြိုင်ဘက်ကင်း မှော်အဆောင်သခင်တစ်ပါးကို နောက်ခံအဖြစ် ပိုင်ဆိုင်ထားမည်ဆိုလျှင် သူတို့၏ ထျန်းရွှမ်တာအိုဂိုဏ်းက မည်သို့ကြောင့် မတိုးတတ်ဘဲနေမည်နည်း။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ အဲ့ဒီလို ပြောနိုင်ပါတယ်… ဒါပေမဲ့ အပြည့်အစုံတော့ မမှန်ဘူး ”

ထိုစကားကို ကြားသောအခါ တာအိုပညာရှင်ယုရွှမ်းနှင့် တခြားမှော်အဆောင်သခင်များက စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

မှော်အဆောင်သူတော်စင်ချူးယွမ်သည် တခြားလူများ၏ တုံ့ပြန်ပုံကို စိတ်မဝင်စားပေ။ သူက စိတ်လှုပ်ရှားသော အမူအရာဖြင့် လေးနက်စွာ ပြောသည်။

“ တာအိုရောင်းရင်ဟန်က ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်ရဲ့ အစွမ်းကို ထိန်းချုပ်နိုင်တယ်ဆိုတော့ တာအိုရောင်းရင်းဟန်ဆီမှာ အထွတ်အမြတ်နယ်မြေကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှိပါသလား ”

မှော်အဆောင်သူတော်စင်ချူးယွမ်၏ စကားက ဘေးပတ်ဝန်းကျင်မှ လူတိုင်းကို မျက်နှာတည်ကြည်သွားစေသည်။

အကယ်၍ အစွမ်းထက်ပုဂ္ဂိုလ်များသာ ဝင်ရောက်မတားဆီးပေးလျှင် အထွတ်အမြတ်နယ်မြေဆီသို့ အံ့ဖွယ်အန္တိမကောင်းကင်ဘုံမှ အစောင့်တပ်ဖွဲ့များ ဆင်းသက်လာသည့်အခါ သူတို့အားလုံး အမြစ်ဖြတ်သုတ်သင်ခံကြရလိမ့်မည်။ ယင်းက အထွတ်အမြတ်နယ်မြေအတွက် မဟာကပ်ဘေးဖြစ်သည်။

ဟန်မူယဲ့က ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်၏ အစွမ်းကို ပိုင်ဆိုင်ထားသည်ဆိုလျှင်ပင် သူက အပြင်လောကမှ အစောင့်တပ်ဖွဲ့များကို တစ်ယောက်တည်း ရင်ဆိုင်နိုင်လိမ့်မည်လော မသေချာပေ။

“ အံ့ဖွယ်အန္တိမကောင်းကင်ဘုံရဲ့ အစောင့်တပ်ဖွဲ့တွေက အထွတ်အမြတ်နယ်မြေရဲ့ နယ်မြေအသီးသီးကို ဝင်ရောက်တိုက်ခိုက်ကြလိမ့်မယ် ”

“ သူတို့ကို ခုခံတားဆီးဖို့ အကြွင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားမှရမယ် ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ခန်းဆောင်အပြင်သို့ လှမ်းကြည့်လိုက်သည်။

“ ထျန်းဖူနန်းတော်ဆီမှာ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်တချို့ ရှိနေလောက်တယ်… အဲ့ဒါတွေကို အသင်္ချေမှော်အဆောင်မဟာဝင်္ကပါနဲ့ ပေါင်းစည်းမယ်ဆိုရင် ရန်သူတွေကို အချိန်တစ်ခဏလောက် ဟန့်တားနိုင်လိမ့်မယ် ”

“ တကယ်လို့ ကျုပ်တို့က ပိုများပြားတဲ့ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်တွေကို ရှာဖွေနိုင်မယ်ဆိုရင် ဒီမဟာကပ်ဘေးကို တွန်းလှန်နိုင်ဖို့ အခွင့်အရေးရှိလိမ့်မယ် ”

အထွတ်အမြတ်နယ်မြေသည် အတိတ်၌ အံ့ဖွယ်အန္တိမကောင်းကင်ဘုံမှ အစောင့်တပ်ဖွဲ့များ၏ သုတ်သင်းရှင်းလင်းခံခဲ့ရဖူးသည်။ ထို့ကြောင့် သူတို့က ရှေးဟောင်းအမွေအနှစ်များကို ဆုံးရှုံးသွားခဲ့သည်။ ပိုပြီးအရေးကြီးသည်မှာ အထွတ်အမြတ်နယ်မြေ၏ ကောင်းကင်ဘုံတာအိုက ပြန်လည်ဖွဲ့စည်းခါစမှာသာ ရှိသေး၏။

သို့ဖြစ်၍ သူတို့ဆီမှာ အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အစောင့်တပ်ဖွဲ့များကို ရင်ဆိုင်နိုင်သော စွမ်းအားမရှိပေ။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်၏ စွမ်းအားသည်သာလျှင် အထွတ်အမြတ်နယ်မြေကို ဤမဟာကပ်ဘေးမှ လွတ်မြောက်ရန် အခွင့်အရေးရှာဖွေပေးနိုင်လိမ့်မည်။

“ တာအိုမှော်အဆောင်တွေကို ဘယ်နေရာမှာ ရှာဖွေနိုင်မလဲ ကျုပ်သိတယ် ”

မှော်အဆောင်သူတော်စင်ချူးယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။ သူက တစ်ခဏကြာ တုံ့ဆိုင်းနေပြီးလျှင် ဆက်ပြောသည်။

“ အတိတ်မှာ ယွမ်ချန်းကောင်းကင်ဘုံနန်းတော်က ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်တစ်ရာကို ပိုင်ဆိုင်ခဲ့တယ်လို့ ပြောကြတယ် ”

ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်တစ်ရာလား… ။

ယွမ်ချန်းကောင်းကင်ဘုံနန်းတော်က ထိုမျှများပြားသော ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်များအား ပိုင်ဆိုင်ရန် မည်သို့ဆောင်ရွက်ခဲ့ကြောင်း ဟန်မူယဲ့ မသိပေ။

သို့သော်လည်း အကယ်၍ ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်တစ်ရာက အမှန်တကယ် တည်ရှိသည်ဆိုလျှင် ယင်းက အံ့ဖွယ်အန္တိမကောင်းကင်ဘုံမှ ရန်သူများကို ခုခံတားဆီးပေးနိုင်လိမ့်မည်။

အမှန်မှာ ထိုမျှများပြားသော ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်များဖြင့် မဟာဝင်္ကပါတစ်ခုကို ဖွဲ့စည်းမည်ဆိုလျှင် ဝင်္ကပါစွမ်းအားက အထွတ်အမြတ်နယ်မြေအား ချိပ်ပိတ်ထားသော အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ စွမ်းအားကိုပင် ချိုးဖြတ်နိုင်လိမ့်မည်။

“ ကောင်းပြီ… ဒါဆိုရင် ကျုပ်တို့တွေ ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်တွေ ရှာဖွေဖို့ ယွမ်ချန်းကောင်းကင်ဘုံနန်းတော်ဆီ သွားကြမယ် ”

ဟန်မူယဲ့က စကားပြောပြီးနောက် မတ်တတ်ရပ်လိုက်သည်။

…..

အထွတ်အထိပ်ပညာရှင်သုံးဆယ်ကျော်သည် တုန်လင်းမြို့တော်ထဲမှ ထွက်လာကြပြီး ယွမ်ချန်းကောင်းကင်ဘုံနန်းတော်၏ တည်နေရာဆီသို့ ဦးတည်သွားကြသည်။

သူတို့ထဲမှာ ဟန်မူယဲ့နှင့် မှော်အဆောင်သူတော်စင်ချူးယွမ်အပြင် ထျန်းရွှမ်တာအိုဂိုဏ်းမှ အကြီးအကဲများနှင့် တုန်လင်းမြို့တော်ထဲမှ တာအိုပေါ်ထွက်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူများ ပါဝင်ကြသည်။

အစက ထိုပုဂ္ဂိုလ်များသည် လှုပ်ရှားရန် တုံ့ဆိုင်းနေကြသည်။ သို့သော်လည်း သူတို့ရရှိခဲ့သော သတင်းများက သူတို့ကို ဂနာမငြိမ်ဖြစ်စေသည်။ သို့ဖြစ်၍ သူတို့က ရွေးချယ်စရာမရှိသည့်အဆုံး ဟန်မူယဲ့နောက်သို့ လိုက်သွားကြသည်။

တစ်ရက်ကြာပြီးနောက် အထွတ်အမြတ်နယ်မြေ၏ မိုးကောင်းကင်ယံတွင် အက်ကွဲကြောင်းသုံးထောင်ကျော် ထွက်ပေါ်လာကြသည်။

ဘီလီယံနှင့်ချီသော ကောင်းကင်ဘုံအစောင့်အကြပ်များက အထွတ်အမြတ်နယ်မြေထဲသို့ ဆင်းသက်လာကြသည်။

လက်တစ်ဆုပ်စာသာရှိသော နေရာတချို့သာလျှင် ကောင်းကင်ဘုံအစောင့်အကြပ်များကို ခုခံတွန်းလှန်နိုင်ကြသည်။ ကျန်နေရာအများစုသည်တော့ အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက စစ်ပွဲမှာ သေဆုံးသွားကြသည်။

တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့၏ အလံတိုင်အောက်မှာ ခွေးသေကောင်များသဖွယ် စုပုံနေကြသည်။

ထိုသို့အခြေအနေမျိုးမှာ မည်သူက မြို့တော်ထဲမှာ ဆက်နေဝံ့မည်နည်း။

မှော်အဆောင်သူတော်စင်ဟန်မူယဲ့နောက်သို့ လိုက်ခြင်းက သူတို့ကို အသက်ရှင်ရန် အခွင့်အရေးတစ်ခု ပေးနိုင်၏။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ လူတိုင်းက အခွင့်အရေးများ ရှာဖွေရန် ယွမ်ချန်းကောင်းကင်ဘုံနန်းတော်ဆီသို့ ဦးတည်သွားကြသည်။ ခရီးတစ်လျှောက်တွင် သူတို့က ပိုမိုများပြားသော အဖော်များကို စုစည်းမိသွားကြသည်။

ဘေးပတ်ဝန်းကျင်မှ သတင်းများက ပိုပြီးစိတ်အားငယ်ဖွယ်ကောင်းလာ၏။

အထွတ်အမြတ်နယ်မြေထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက သုတ်သင်ခံလိုက်ကြရသည်။

ယွမ်ချန်းကောင်းကင်ဘုံနန်းတော်၏ တည်နေရာဆီသို့ သူတို့အုပ်စု ရောက်ရှိသွားသည့်အချိန်မှာ ကျယ်လောင်သော ပေါက်ကွဲသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ကမ္ဘာမြေက ပြင်းထန်စွာ တုန်ယင်သွားသည်။

“ အရှေ့ဘက်တာအိုနန်းတော် ပြိုလဲသွားပြီ… တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူဆယ်သုံးယောက်က စစ်ပွဲမှာ ကျဆုံးသွားကြတယ် ”

“ အရှေ့ဘက်တာအိုနန်းတော်က အထွတ်အမြတ်နယ်မြေရဲ့ ရှေးအကျဆုံး ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်တယ်… ပြီးတော့ သူတို့ဆီမှာ ထိပ်တန်းရတနာတွေ အများကြီး ရှိတယ်… ဒါတောင်မှ သူတို့က ရက်အနည်းငယ်လေးအတွင်း ပျက်စီးသွားခဲ့တယ် ”

လူတိုင်းက နှလုံးသားတင်းကျပ်မှုကို ခံစားမိသွားကြသည်။

ထိုသတင်းက သူတို့၏ နှလုံးသားပေါ်သို့ ကြီးမားသော အလေးတုံးတစ်တုံး ပစ်တင်လိုက်သည့်အလားပင်။

“ ဗုန်း ”

အဝေးမှ ကောင်းကင်ယံတွင် ရွှေရောင်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်စစ်ဗိုလ်ချုပ်တပ်ဖွဲ့က အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာပြီး ယွမ်ချန်းကောင်းကင်ဘုံနန်းတော်ဆီသို့ ဦးတည်သွားသည်။

“ ယွမ်ချန်းကောင်းကင်ဘုံနန်းတော်ကို ချိပ်ပိတ်လိုက်ကြ… ဒီနေရာမှာရှိတဲ့ မြေနေရာအားလုံးကို တူးကြ… အဝီစိထိ ရောက်ရင်ရောက်ပါစေ တူးကြ… အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို ရှာတွေ့မှ ဖြစ်မယ် ”

ဟင်းလင်းပြင်ထဲ၌ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည်။

ခေါင်းဆောင်ဖြစ်ဟန်တူသော ရွှေရောင်စစ်ဗိုလ်ချုပ်က ဟန်မူယဲ့နှင့် သူ့အုပ်စုကို လှည့်ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

“ ပုရွက်ဆိတ်လေးတွေ… မင်းတို့ဖေဖေရဲ့ ဓားအောက်မှာ လည်စင်းပေးကြစမ်း ”

All Chapters