အခန်း (၁၇၇၂)
Vol. 127 Ch. 1772
အခန်း(၁၇၇၂)
“ ဗုန်း ”
ကောင်းကင်ယံတွင် ကြယ်ထောင်ချီမှ အသွင်ပြောင်းလဲသွားသော အလင်းတန်းက ထွန်းလင်းတောက်ပသော အလင်းဂိတ်တံခါးနှင့် တွေ့ဆုံသွားသည်။
အလင်းဂိတ်တံခါးထဲတွင် ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်များက အပြင်သို့ ထွက်လျှောက်လာကြသည်။ သူတို့က ရွှေရောင်ရေစက်များသဖွယ် မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။
မရေမတွက်နိုင်သော ပုံရိပ်များက လေထဲမှာ ပေါက်ကွဲသွားကြပြီး ကြီးမားသော မိုးမြေစွမ်းအားအဖြစ် ဖွဲ့စည်းသွားသည်။
ယင်းက အံ့ဖွယ်အန္တိမစွမ်းအားဖြစ်ပြီး အထွတ်အမြတ်နယ်မြေ၏ မူလစွမ်းအားထက် အများကြီး ပိုအစွမ်းထက်သည်။ ရွှေရောင်ရေစက်တစ်စက် ကျဆင်းသွားသော နေရာတွင် ဘေးပတ်ဝန်းကျင်မှ လေထုက ပွက်ပွက်ဆူနေသော ရေပူကဲ့သို့ တုန်ယင်သွားသည်။
ဤအခိုက်အတန့်မှာ အဆုံးမဲ့သော အလင်းစီးကြောင်းက တုန်လင်းမြို့တော်၏ အပေါ်မှာ ပေါ်လျှိုးလာပြီး တုန်ယင်သွားသည်။ တိမ်ဖြူအလင်းက ထွက်ပေါ်လာပြီး ဘီလီယံနှင့်ချီသော အလင်းတန်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားကြသည်။
လူတိုင်းက အံ့ဩထိတ်လန့်သွားကြသည်။
တုန်လင်းမြို့တော်ထဲတွင် ကျင့်ကြံသူများက မိန်းမောသွားကြသည်။ အစောနက သူတို့က ထျန်းဖူနန်းတော်မှ ကျင့်ကြံသူများ၏ အသတ်ခံရတော့မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် ရုတ်တရက် အလင်းဂိတ်တံခါးတစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ရွှေရောင်စစ်ဗိုလ်ချုပ်များက ဂိတ်တံခါးအပြင်သို့ ထွက်လာကြသည်။
အဲ့လောက်များတဲ့ စစ်ကူတွေ ဘယ်ကနေ ရောက်လာတာလဲ… ။
မည်သည့်အင်အားစုက တုန်လင်းမြို့တော်ထဲမှ ကျင့်ကြံသူများကို ကယ်တင်ရန် ထိုမျှရက်ရောရသနည်း။
ကောင်းကင်ယံတွင် ထျန်းဖူနန်းတော်မှ ကျင့်ကြံသူများသည်လည်း အံ့ဩထိတ်လန့်သွားကြသည်။
သူတို့က အသင်္ချေမှော်အဆောင်မဟာဝင်္ကပါဖြင့် မိုးမြေကို ချိပ်ပိတ်ထားသည်။ သို့တိုင် အင်အားစုတစ်ခုက တုန်လင်းမြို့တော်ထဲသို့ ဝင်ရောက်လာနိုင်ဆဲပင်။ ယင်းက မည်သည့်အင်အားစုဖြစ်သနည်း။
အထွတ်အမြတ်နယ်မြေထဲတွင် မှော်အဆောင်လမ်းစဉ်၌ ထျန်းဖူနန်းတော်ထက် သာလွန်သော အင်အားစုတစ်ခု ရှိနေသည်လော။
အလင်းဂိတ်တံခါး၏ အရှေ့တွင် ရွှေရောင်စစ်ဗိုလ်ချုပ်တစ်ယောက်စီသည် အစွမ်းထက် သွေးချီစွမ်းအားနှင့် အံ့ဖွယ်အန္တိမစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အစောင့်အကြပ်များအနေဖြင့် သူတို့က အထွတ်အမြတ်နယ်မြေကို သုတ်သင်ရှင်းလင်းရန် ရောက်လာကြသည်။ သို့သော် သူတို့က ထိုသို့ဆက်ဆံခံရလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။
အထွတ်အမြတ်နယ်မြေက သူတို့ကို အရင်ဦးစွာ တိုက်ခိုက်ဝံ့သည်လော။
ချိပ်ပိတ်နယ်မြေ(၁၃)ခုမှ ကျင့်ကြံသူများက သူတို့ကို ဒူးထောက်ပြီး အသနားခံသင့်သည် မဟုတ်ပါလော။ သို့မဟုတ် သူတို့က ဓားအောက်မှာ လည်စင်းပေးသင့်သည် မဟုတ်ပါလော။
ဘာလို့ ဒီတစ်ကြိမ် မတူညီရတာလဲ… ။
“ ဗုန်း ”
ကောင်းကင်ယံတွင် မှော်သင်္ကေတများက ရွှေရောင်အလင်းတန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ အလွန်သိပ်သည်းသော အံ့ဖွယ်အန္တိမစွမ်းအားက လေထဲမှာ ပေါ်လျှိုးလာပြီး အချင်းမိုင်တစ်ထောင်ကျယ်ပြောသော ဧရိယာကို ဖုံးလွှမ်းသွားသည်။
ထိုစွမ်းအားက အလွန်နက်နဲသိမ်မွေ့ပြီး အဆင့်မြင့်သည်။
တုန်လင်းမြို့တော်ထဲမှ ကျင့်ကြံသူများသည် အသက်ရှူလိုက်ရုံဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ အရိုးများနှင့် သွေးချီအနှစ်သာရက သန့်စင်သွားကြောင်း စတင်ခံစားမိသွားကြသည်။
“ အဲ့ဒါ… အဲ့ဒါက… ”
မှော်အဆောင်သူတော်စင်ချူးယွမ်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကောင်းကင်ယံမှ အလင်းဂိတ်တံခါးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“ သူတို့က အပြင်လောကရဲ့ ကောင်းကင်ဘုံအစောင့်အကြပ်တွေ… ”
ကောင်းကင်ယံမှ အသင်္ချေမှော်အဆောင်မဟာဝင်္ကပါထဲတွင် အထိတ်တလန့် အော်သံ ထွက်ပေါ်လာသည်။
“ အံ့ဖွယ်အန္တိမကောင်းကင်ဘုံရဲ့ အစောင့်တပ်ဖွဲ့… သူတို့က အထွတ်အမြတ်နယ်မြေကို သုတ်သင်ရှင်းလင်းဖို့ ရောက်လာကြပြီ ”
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ… ။
အစောင့်တပ်ဖွဲ့… ။
လူအများအပြားသည် ယင်း၏ အဓိပ္ပာယ်ကို မသိကြပေ။
သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်သန်ခဲ့သော ပုဂ္ဂိုလ်များနှင့် နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများက ယင်းတို့ကို နားလည်ကြသည်။
တုန်လင်းမြို့တော် ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိတ်တံခါးအရှေ့တွင် ဝတ်စုံနက်ဝတ် အကြီးအကဲတစ်ယောက်က ကောင်းကင်ကို မော့ကြည့်နေရင်း ခန္ဓာကိုယ်တုန်ယင်သွားသည်။ သူ၏ မျက်နှာက စက္ကူတစ်ရွက်နှယ် ဖြူဖျော့သွားသည်။
“ အားလုံးသွားပြီ… အထွတ်အမြတ်နယ်မြေရဲ့ မဟာကပ်ဘေးက ကျရောက်လာပြီ… တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတွေအားလုံးက နောက်တစ်ကြိမ် အသတ်ခံကြရတော့မယ် ”
နယ်မြေတစ်ခုကို သုတ်သင်ရှင်းလင်းသည့်အခါတိုင်း တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများက အသတ်ခံကြရလိမ့်မည်။ ယင်းက ဓမ္မတာဖြစ်သည်။
“ ပြေး… ပြေးကြ… ”
တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကြောက်လန့်တကြား အော်ပြောလိုက်သည်။ ယခုအချိန်မှာ သူက အစွမ်းထက် ပညာရှင်တစ်ပါးနှင့် လုံးဝ မတူညီတော့ပေ။
မဟာကပ်ဘေး ကျရောက်လာသည့်အခါ သို့မဟုတ် သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ ထိုအစွမ်းထက်ပုဂ္ဂိုလ်များက မည်သို့ စိတ်တည်ငြိမ်စွာ ထားနိုင်မည်နည်း။
အလင်းဂိတ်တံခါးထဲမှ ထွက်လာကြသော ရွှေရောင်စစ်ဗိုလ်ချုပ်များ၏ ပုံရိပ်က ကြည်လင်ရှင်းလင်းလာသည့်အခါ မရေမတွက်နိုင်သော ကျင့်ကြံသူများက စိတ်ပျက်အားလျော့သွားကြသည်။
“ ပြေးကြ… မင်းတို့အသက်ရှင်ချင်ရင် အမြန်ပြေးကြ ”
“ သွားပြီ… မဟာကပ်ဘေးက အထွတ်အမြတ်နယ်မြေပေါ် နောက်တစ်ကြိမ် ဆင်းသက်လာပြီ ”
တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများက ကြောက်လန့်စွာ အော်လိုက်ကြပြီး ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
သို့သော်လည်း တာအိုပေါ်ထွက်ခြင်းအဆင့်အောက်မှ ကျင့်ကြံသူများက ဇဝေဇဝါဖြစ်သော အမူအရာကို ထုတ်ဖော်ထားကြသည်။
ဤအခိုက်အတန့်မှာ သူတို့၏ သွေးချီအနှစ်သာရနှင့် မူလစွမ်းအားက ပွက်ပွက်ဆူလာနေကြောင်း သူတို့ခံစားမိကြသည်။
သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အလွန်မြန်ဆန်စွာ တိုးတတ်သွားလေရာ သူတို့၏ ထိန်းချုပ်နိုင်စွမ်းမှ ကင်းလွတ်သွားသည်။
ယင်းက လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုဖြစ်သည်။
“ အဲ့ဒီရွှေရောင်စစ်ဗိုလ်ချုပ်တွေရဲ့ ပျက်စီးခြင်းက မိုးမြေစွမ်းအားကို အဆင့်မြှင့်တင်ပေးနိုင်တယ်… ”
တစ်စုံတစ်ယောက်က အော်ပြောသည်။
ထိုအသံက မကျယ်သော်လည်း လူအများအပြားက ကြားကြသည်။
“ အဲ့ဒါ အခွင့်အရေးပဲ ”
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ သူတို့၏ သွေးချီစွမ်းအားက မီးတောက်တစ်ခုနှယ် လောင်ကျွမ်းသွားပြီး သူတို့၏ မူလစွမ်းအားက အလွှာအထပ်ထပ် ပေါ်လျှိုးလာသည်။
သူတို့၏ တိုက်ပွဲစွမ်းအားက ချက်ချင်း နှစ်ဆမြင့်တတ်သွားသည်။
“ သေစမ်း ”
တစ်စုံတစ်ယောက်သည် နောက်ထပ် မချုပ်တည်းနိုင်တော့ဘဲ လေထဲသို့ ခုန်လိုက်ပြီး ကောင်းကင်ယံ၌ ထွန်းလင်းတောက်ပနေသော အလင်းဂိတ်တံခါးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူ၏ လက်ထဲမှ လက်နက်က အလင်းစီးကြောင်းနှင့်အတူ ထွန်းလင်းတောက်ပလာသည်။
“ ထန် ”
အလင်းဂိတ်တံခါးထဲမှ ရွှေရောင်စစ်ဗိုလ်ချုပ်တစ်ယောက်က သူ၏ လက်ကို မြှောက်လိုက်ပြီး အလင်းတန်းကို ခုခံတားဆီးလိုက်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး အနောက်ဆုတ်သွားကာ အောက်သို့ ပြုတ်ကျသွားသည်။
ထိုရွှေရောင်စစ်ဗိုလ်ချုပ်က ဤမတိုင်ခင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ထင်ရှား၏။ ကြည့်ရသည်မှာ သူက နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို မတောင့်ခံနိုင်ဟန် ရ၏။
လေထဲတွင် အလင်းတန်းများစွာက ပျံသန်းထွက်လာပြီး ရွှေရောင်စစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ပိုင်းဖြတ်လိုက်ကြသည်။
ရွှေရောင်သံချပ်ကာက အက်ကွဲသွားပြီး မိုးမြေရွှေရောင်စွမ်းအားက ပေါ်လျှိုးလာသည်။
အစောနက တိုက်ခိုက်ခဲ့သော ကျင့်ကြံသူသည် မိုးမြေရွှေရောင်စွမ်းအား၏ ဖုံးလွှမ်းခံလိုက်ရသည်။
ဖြစ်နိုင်သည်မှာ မိုးမြေစွမ်းအားက သူ့ကို ကောင်းချီးပေးနေခြင်းလော သို့မဟုတ် မိုးမြေစွမ်းအားက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားနေခြင်းလော။
မည်သို့ဖြစ်ပါစေ ထိုရွှေရောင်စစ်ဗိုလ်ချုပ်က မသေမျိုးမဟုတ်ပေ။ ၎င်းကို သတ်ပစ်နိုင်သည်။
ရွှေရောင်စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်ခြင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားနှင့် တိုက်ပွဲစွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးသည်။
တုန်လင်းမြို့တော်ထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက နောက်ထပ် တုံ့ဆိုင်းမနေကြဘဲ ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။
ထွန်းလင်းတောက်ပသော အလင်းဂိတ်တံခါး၏ အရှေ့တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ရွှေရောင်စစ်ဗိုလ်ချုပ်များဖြင့် တိုက်ပွဲစတင်လိုက်ကြသည်။
ထိုရွှေရောင်စစ်ဗိုလ်ချုပ်များက အမှန်တကယ် သန်မာပြီး သူတို့၏ လက်နက်များက အမှန်တကယ် ထက်ရှသည်။ သူတို့ဝတ်ဆင်ထားသော သံချပ်ကာသည်လည်း အလွန်အားကောင်းသော ခုခံကာကွယ်မှုကို ပေးသည်။
သို့သော် ကံမကောင်းသည်မှာ သူတို့၏ အရေအတွက်က နည်းပါးနေပြီး စစ်မှန်သော ပညာရှင်များက ရှားပါးနေသည်။
ဤအခိုက်အတန့်မှာ အလင်းဂိတ်တံခါး၏ အရှေ့တွင် ရွှေရောင်စစ်ဗိုလ်ချုပ် တစ်ယောက်ပြီးတစ်ယောက်က အသတ်ခံလိုက်ကြရသည်။
“ နေဦး… အံ့ဖွယ်အန္တိမကောင်းကင်ဘုံရဲ့ အစောင့်အကြပ်တွေ ရောက်လာတဲ့အခါ ကောင်းကင်တစ်ခွင်လုံး တုန်လှုပ်သွားလိမ့်မယ်လို့ ဒဏ္ဍာရီထဲမှာ ဖော်ပြထားတယ်မလား ”
မြေကြီးပေါ်မှာ မတ်တတ်ရပ်နေသော မှော်အဆောင်သူတော်စင်ချူးယွမ်က စိတ်ရှုပ်ထွေးသွားပြီး တီးတိုးရေရွတ်လိုက်သည်။
ကောင်းကင်ယံပေါ်မှ ထျန်းဖူနန်းတော်၏ ကျင့်ကြံသူများသည်လည်း ဇဝေဇဝါဖြစ်သွားကြသည်။
“ ဒီအစောင့်တပ်ဖွဲ့က အရေအတွက်သိပ်မများပါလား ”
“ ငါသိပြီ… ငါတို့ရဲ့ အသင်္ချေမှော်အဆောင်မဟာဝင်္ကပါက ရန်သူရဲ့ တည်နေရာပြောင်းရွှေ့ခြင်းကို နှောင့်ယှက်လိုက်တာ ဖြစ်မယ် ”
“ ဟုတ်တယ်… ငါတို့မှာ အခွင့်အရေးရှိနေသေးတယ်… အဲ့ဒီလူတွေကို သတ်ပစ်ပြီး မိုးမြေစွမ်းအားကို စုဆောင်းမယ်… ပြီးသွားရင် နောက်လာမယ့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြမယ် ”
နယ်မြေသုတ်သင်ခြင်းစစ်ပွဲကို မရှောင်လွှဲနိုင်မှတော့ သူတို့က ရနိုင်သမျှ အခွင့်အရေးများကို အရင်ဦးစွာ သိမ်းယူရမည်။
ကောင်းကင်ယံတွင် မဟာဝင်္ကပါ၏ စွမ်းအားက အသက်ဝင်လာသည်။ နောက်အခိုက်အတန့်မှာ မဟာဝင်္ကပါစွမ်းအားက အပြင်လောကမှ ရောက်လာကြသော ရွှေရောင်စစ်ဗိုလ်ချုပ်များကို ဖိနှိပ်လိုက်ကြသည်။
ထိုသို့ ရုတ်တရက် အပြောင်းအလဲက အံ့ဖွယ်အန္တိမကောင်းကင်ဘုံမှ ရောက်လာကြသော ရွှေရောင်စစ်ဗိုလ်ချုပ်များကို ကြီးမားစွာ အထိနာစေသည်။
“ ထွက်ပြေးကြ ”
“ အဓိကတပ်ဖွဲ့ ရောက်လာတဲ့အထိ တောင့်ခံထားကြ… သူတို့ရောက်လာတဲ့အခါ ဒီနယ်မြေထဲက သက်ရှိအားလုံးကို သုတ်သင်ရှင်းလင်းပစ်မယ် ”
အလင်းဂိတ်တံခါးထဲမှ ရွှေရောင်စစ်ဗိုလ်ချုပ်များက နောက်ထပ် မတောင့်ခံနိုင်တော့ဘဲ အော်လိုက်ကြပြီး အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ပြေးသွားကြသည်။
သူတို့က ထွက်ပြေးနေစဉ် တုန်လင်းမြို့တော်ထဲမှ ကျင့်ကြံသူများက သူတို့ကို အမဲလိုက်ကြသည်။
ရွှေရောင်စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်နိုင်ရုံဖြင့် သူတို့က စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များကို ရရှိကြလိမ့်မည်။
ထိုရွှေရောင်စစ်ဗိုလ်ချုပ်များက သူတို့အတွက် သေမင်းတမန်တော်များ မဟုတ်ကြချေ။ ယင်းအစား ကောင်းကင်ဘုံ၏ ဆုလာဘ်များ ဖြစ်ကြသည်။
ရွှေရောင်အလင်းက ကောင်းကင်ယံမှာ ပြည့်နှက်သွားသည်။ ထွက်ပြေးမှုနှင့် လိုက်ဖမ်းမှုက နေရာတိုင်းမှာ ဖြစ်ပွားနေသည်။
ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိတ်တံခါးအရှေ့တွင် လူတိုင်းက ဇဝေဇဝါဖြစ်သွားကြသည်။
ဤမိနစ်အနည်းငယ်အတွင်းမှာ တုန်လင်းမြို့တော်က ကြီးမားသော အပြောင်းအလဲများကို တွေ့ကြုံခဲ့ရသည်။
ထိုအခိုက်အတန့်မှာ ထျန်းရွှမ်တာအိုဂိုဏ်း၏ မြေကွက်လပ်ထဲတွင် ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လျှိုးလာသည်။
ထိုသူက အရှေ့ဘက်မူလပင်လယ်မှ ပြန်ရောက်လာသော ဟန်မူယဲ့ ဖြစ်သည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံမှ ရွှေရောင်အလင်းကို ကြည့်လိုက်သည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံမှ အစောင့်တပ်ဖွဲ့၏ တည်နေရာပြောင်းရွှေ့မှုက မိစ္ဆာဧကရာဇ်ယွမ်ချန်း၏ ဝင်ရောက်နှောင့်ယှက်ခံခဲ့ရသည်။ ထို့ကြောင့် အစောင့်အကြပ်အနည်းငယ်သာ အထွတ်အမြတ်နယ်မြေဆီသို့ ရောက်လာကြသည်။
အစွမ်းထက်သော အစောင့်အကြပ်များက အရှေ့ဘက်မူလပင်လယ်ထဲသို့ ပြုတ်ကျသွားကြပြီး ယခုထိ ရောက်မလာကြသေးပေ။
အစွမ်းထက်ပုဂ္ဂိုလ်များနှင့် အဓိကတပ်ဖွဲ့ ရောက်လာသည့်အခါ အထွတ်အမြတ်နယ်မြေက တကယ့်မဟာကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည်။
ဟန်မူယဲ့က ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းနှင့် ကြယ်တာရာမှော်အဆောင်ကို ကြည့်လိုက်စဉ် စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အကယ်၍ သူတို့သာ ထိုရွှေရောင်စစ်ဗိုလ်ချုပ်များကို ဝိုင်းရံသတ်ဖြတ်ပြီး အံ့ဖွယ်အန္တိမစွမ်းအားကို ဆွဲဆောင်နိုင်မည်ဆိုလျှင် အထွတ်အမြတ်နယ်မြေသည် ဤတစ်ကြိမ် မဟာကပ်ဘေးကို ကျော်လွှားနိုင်လောက်၏။
“ ဂျိန်း ”
မိုးမြေကြားထဲ၌ ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။
ထွန်းလင်းတောက်ပသော အလင်းဂိတ်တံခါး၏ အရှေ့တွင် ရွှေရောင်သံချပ်ကာဝတ် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါက အလွန်ကြီးမားလေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပရမ်းပတာ လှုပ်ခတ်သွားသည်။
အံ့ဖွယ်တာအိုအဆင့်… ။
ကောင်းကင်ဘုံသားတော်… ။
“ အံ့ဖွယ်အန္တိမကောင်းကင်ဘုံရဲ့ အစောင့်တပ်ဖွဲ့ကို ပြန်တိုက်ခိုက်ရဲတယ်လား… မင်းတို့အားလုံး သေရမယ် ”
ထိုကောင်းကင်ဘုံသားတော်က ဒေါသတကြီး အော်လိုက်သည်။ သူက အရွယ်အစားကြီးမားသော ဓားမော့ကို ဆုပ်ကိုင်လျက် ကောင်းကင်ပေါ်မှ တိုက်ရိုက် ဆင်းသက်လာသည်။
ကောင်းကင်ယံမှ ကြယ်တာရာမှော်အဆောင်ဝင်္ကပါက ဓားမော့ခုတ်ချက်အောက်တွင် ပြိုကွဲပျက်စီးသွားသည်။
အသင်္ချေမှော်အဆောင်မဟာဝင်္ကပါကို စွမ်းအားထောက်ပံ့ထားသော ထျန်းဖူနန်းတော်မှ ကျင့်ကြံသူများက သွေးအန်လိုက်ကြသည်။
“ အသင်္ချေမှော်အဆောင်မဟာဝင်္ကပါကို အဲ့ဒီလို အသုံးပြုရတာ မဟုတ်ဘူး ”
ဟန်မူယဲ့က နူးညံ့စွာ ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။