အခန်း (၁၇၇၁)
Vol. 127 Ch. 1771
အခန်း(၁၇၇၁)
ဆယ်ရက်ဆက်တိုက် ဟန်မူယဲ့က နေ့စဉ် ငါးကင်ခဲ့သည်။ ဟန်မူယဲ့ ငါးကင်တိုင်းမှာ လူထွားကြီးက အမြဲတမ်း ထွက်ပေါ်လာလေ့ရှိသည်။
အံ့ဖွယ်ငါးအပြင် ဟန်မူယဲ့က အရသာရှိသော တခြားငါးများကိုလည်း ရှာတွေ့ခဲ့သည်။
ဤအတောအတွင်းမှာ ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲတွင် အံ့ဖွယ်အန္တိမစွမ်းအားက သုံးဆယ်ရာခိုင်နှုန်းအထိ သန့်စင်သွားသည်။
သို့သော်လည်း ထိုအဆင့်သို့ ရောက်ရှိသွားသည့်အခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားက အခြေတည်ငြိမ်သွားသည်။ ယခင်ကဲ့သို့ မြန်ဆန်စွာ မတိုးတတ်တော့ပေ။
“ အရသာရှိလိုက်တာ… ဒီအံ့ဖွယ်အကြေးခွံလိပ်ရဲ့ အသားက ဝိညာဉ်ချိပ်ပိတ်ငါးထက် ပိုပြီးအရသာရှိတယ် ”
အနက်ရောင်သံချပ်ကာဝတ် လူထွားကြီးက ကျောက်တုံးပေါ်မှာ ထိုင်နေရင်း လိပ်တစ်ကောင်၏ ခြေတစ်ချောင်းကို ကိုက်စားနေလျက် ပြောသည်။
အခြားတစ်ဖက်တွင် ဟန်မူယဲ့က လိပ်၏ အခြားခြေတစ်ချောင်းကို ဖြည်းဖြည်းချင်း ကိုက်စားနေသည်။
…..
ထိုလိပ်၏ အသားထဲမှ အံ့ဖွယ်အန္တိမစွမ်းအားက အလွန်ပေါကြွယ်ဝသည်။ သူတစ်ကိုက် ကိုက်စားလိုက်တိုင်း နွေးထွေးသော စွမ်းအင်စီးကြောင်းက သူ၏ ရင်ဘက်နှင့် ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားသည်။
“ ဝီး ”
အဝေးမှ မိုးမြေကြားတွင် ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းက ပေါ်လျှိုးလာသည်။
ရွှေရောင်အလင်းက တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါ မိုးကောင်းကင်ခွဲဂိတ်တံခါး… ကြည့်ရတာ အရှေ့ဘက်မူလပင်လယ်ရဲ့ အစောင့်တပ်ဖွဲ့က နောက်ထပ် ချိပ်ပိတ်နယ်မြေတစ်ခုကို သုတ်သင်ရှင်းလင်းတော့မယ့်ပုံပဲ ”
အနက်ရောင်သံချပ်ကာဝတ် လူထွားကြီးက လိပ်၏ ခြေထောက်ကို ကိုင်ထားရင်း ပြောသည်။
“ ငါကြည့်ကြည့်ဦးမယ်… သူတို့က ဘယ်ချိပ်ပိတ်နယ်မြေကို တိုက်ခိုက်မှာလဲဆိုတာ… ”
“ ဟား ဟား အထွတ်အမြတ်နယ်မြေပဲ… သူတို့က အထွတ်အမြတ်နယ်မြေကို သုတ်သင်ရှင်းလင်းတော့မယ် ”
လူထွားကြီးက ရယ်လိုက်ပြီး နောက်ထပ် လိပ်အသားတုံးကို သူ၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။
ဟန်မူယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူနှင့် အထွတ်အမြတ်နယ်မြေကြားမှာ ကြီးမားသော အနှောင်အဖွဲ့များ မရှိသော်လည်း သူက အထွတ်အမြတ်နယ်မြေမှာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။
အကယ်၍ အထွတ်အမြတ်နယ်မြေကို အံ့ဖွယ်အန္တိမကောင်းကင်ဘုံ တိုက်ခိုက်ရသည့် အကြောင်းအရင်းက သူ့ကြောင့်ဆိုလျှင် ထိုကမ္မကို သူခံယူရလိမ့်မည်။
သူ့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အတွက် ထိုသို့ကမ္မက အရေးမပါသော်လည်း ယင်းက သူ၏ စိတ်အခြေအနေကို စနိုးစနောင့် ဖြစ်စေသည်။
သူက အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အစောင့်အကြပ်များကို မကြောက်လေရာ မည်သို့ကြောင့် ထိုကိစ္စက သူ၏ စိတ်အခြေအနေကို စနိုးစနောင့်ဖြစ်စေရသနည်း။
ယခု သူ၏ မူလစွမ်းအား(၃၀)ရာခိုင်နှုန်းက အံ့ဖွယ်အန္တိမစွမ်းအားအဖြစ် ပြောင်းလဲသွားပြီဖြစ်လေရာ ကောင်းကင်တာအိုအရှင်သခင်တစ်ပါးနှင့် ရင်ဆိုင်ရန် သူ့မှာ ယုံကြည်ချက်ရှိသွားသည်။
အကယ်၍ တာအိုအရှင်သခင်ဝူယွမ်နှင့် နောက်တစ်ကြိမ် သူတွေ့ဆုံရမည်ဆိုလျှင်ပင် ကြောက်စရာမလိုပေ။
ဟန်မူယဲ့က မတ်တတ်ရပ်လိုက်သည်။
“ မင်း အထွတ်အမြတ်နယ်မြေဆီ သွားမလို့လား ”
အနက်ရောင်သံချပ်ကာဝတ် လူထွားကြီးက ခေါင်းမော့လိုက်ပြီး မေးသည်။
ဟန်မူယဲ့က လူထွားကြီးကို ကြည့်လိုက်သည်။
“ မင်း ငါ့ရဲ့ ငါးကင်တွေ အများကြီး စားခဲ့တယ်… မင်း ငါ့ကို တစ်ခုခု ပြန်လုပ်ပေးသင့်တယ်လို့ မထင်ဘူးလား ”
လူထွားကြီးက သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ပြုံးသည်။ သူက ပြောသည်။
“ ဒီလိုဆိုမှတော့ မင်းအတွက် တိုက်ပွဲတစ်ပွဲ ငါကူတိုက်ပေးမယ် ”
“ သဘောတူတယ်… တိုက်ပွဲတစ်ပွဲပဲ ”
လူထွားကြီးက မတ်တတ်ရပ်လိုက်ပြီး အစိမ်းရောင်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါက မှိန်ဖျော့သော်လည်း ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက အပြင်းအထန် တုန်လှုပ်သွားသည်။
“ ငါ့ကို ယွမ်ချန်းလို့ ခေါ်တယ်… နောက်တစ်ခါ အရှေ့ဘက်မူလပင်လယ်ဆီ မင်းရောက်လာတဲ့အခါ ငါ့ကို လာရှာဖို့ မှတ်ထားပါ ”
လူထွားကြီး၏ စကားဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်က ပေတစ်သောင်းရှည်လျားသော အနက်ရောင်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ အနက်ရောင်နဂါးက ပင်လယ်ထဲသို့ ထိုးဆင်းသွားလေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပရမ်းပတာ လှုပ်ခတ်သွားသည်။
“ ဗုန်း ”
အဆုံးမဲ့သော ပင်လယ်ရေက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး မိုးကောင်းကင်ခွဲဂိတ်တံခါးကို ဝင်ဆောင့်သွားသည်။
ထွန်းလင်းတောက်ပသော အလင်းဂိတ်တံခါးက ကျယ်လောင်သော မြည်သံဖြင့် ပေါက်ကွဲသွားသည်။
မရေမတွက်နိုင်သော ရွှေရောင်စစ်ဗိုလ်ချုပ်များက ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားကြသည်။
ပင်လယ်ထဲတွင် မရေမတွက်နိုင်သော မိစ္ဆာငါးများက အပေါ်သို့ ခုန်လိုက်ကြပြီး ရွှေရောင်စစ်ဗိုလ်ချုပ်များကို ကိုက်စားလိုက်ကြသည်။
“ မိစ္ဆာဧကရာဇ်ယွမ်ချန်း… မင်းက အံ့ဖွယ်အန္တိမကောင်းကင်ဘုံရဲ့ ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးကို စိန်ခေါ်ချင်နေတာလား… မင်းရဲ့ အရှေ့ဘက်မူလပင်လယ် ဖျက်ဆီးခံရမှာ မကြောက်ဘူးလား ”
ဟင်းလင်းပြင်ထဲတွင် ဒေါသတကြီးအော်သံ ထွက်ပေါ်လာသည်။
အစိမ်းရောင်စစ်ချပ်ဝတ်ကို ခန္ဓာကိုယ်အပြည့် ဝတ်ဆင်ထားပြီး မဟူရာလှံရှည်ကို ကိုင်ထားသော တာအိုအရှင်သခင်ဝူယွမ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှာ ဒေါသမီးလျှံဖြင့် ပြည့်နှက်နေသည်။
“ ယီး… မင်းကို ငါက ကြောက်တယ်ထင်နေလား ”
“ ငါ့ရဲ့ အရှေ့ဘက်မူလပင်လယ်ကို ခမ်းခြောက်သွားအောင် မင်းလုပ်နိုင်မလား ငါကြည့်မယ် ”
အနက်ရောင်နဂါးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားသည်။
အရွယ်အစားကြီးမားသော ပင်လယ်ရေလှိုင်းလုံးက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး တာအိုအရှင်သခင်ဝူယွမ်ဆီသို့ ဦးတည်သွားသည်။ တာအိုအရှင်သခင်ဝူယွမ်က ရေလှိုင်းလုံးကို တားဆီးရန် သူ၏ လက်ကို မြှောက်လိုက်သည်။
ရေစက်များက လေထဲမှာ ပြန့်ကျဲသွားပြီး ပင်လယ်က ဖရိုဖရဲ တုန်ယင်သွားသည်။
မည်သူမှ သတိမထားမိသည်မှာ တာအိုအရှင်သခင်ဝူဟွမ်နှင့် မိစ္ဆာဧကရာဇ်ယွမ်ချန်းတို့ တိုက်ခိုက်နေသည့်အချိန် ဓားအလင်းတန်းတစ်ခုက အက်ကွဲသွားသော အလင်းဂိတ်တံခါးထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။
…..
တုန်လင်းမြို့တော်… ။
ထျန်းရွှမ်တာအိုဂိုဏ်းသည် ရက်အနည်းငယ်ကြာသည်အထိ ချိပ်ပိတ်ခံထားရသည်။
အပြင်လူများ တွေးထင်ကြသည်မှာ ထျန်းရွှမ်တာအိုဂိုဏ်းက အမွေအနှစ်မှော်အဆောင်တုံကင်ကို တံခါးပိတ်၍ စူးစမ်းလေ့လာနေသည်။
မှော်အဆောင်သခင်များက ရက်အနည်းငယ်ကြာသွားသည်အထိ ပြန်မထွက်လာသေးလေရာ သူတို့က တစ်စုံတစ်ခုကို ရှာတွေ့သွားကြဟန် ရ၏။
သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ကောလဟာလသတင်းတစ်ခုက မြို့တော်ထဲမှာ ပျံ့နှံ့သွားသည်။ ကောလဟာလအရ ထျန်းရွှမ်တာအိုဂိုဏ်းသည် မှော်အဆောင်သခင်များစုဝေးပွဲကို ကျင်းပနေစဉ်အတွင်း ရန်သူတစ်စု၏ တိုက်ခိုက်ခံခဲ့ရသည်။
လွန်ခဲ့သော သုံးရက်တွင် အကြီးအကဲတစ်ယောက်သည် သူတို့ဂိုဏ်း၏ မှော်အဆောင်သခင်ကို ပြန်ခေါ်ရန် ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ရောက်လာသည်။ သို့သော်လည်း သူက ငြင်းပယ်ခံလိုက်ရသည်။
ထိုကိစ္စက အလွန်ထူးဆန်းလေရာ ဘေးပတ်ဝန်းကျင်မှ အင်အားစုများ၏ စူးစမ်းလိုစိတ်ကို မြင့်တတ်သွားစေသည်။
ထို့နောက် လွန်ခဲ့သော နှစ်ရက်တွင် ဂိုဏ်းအသီးသီးမှ တာအိုပေါ်ထွက်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက ထျန်းရွှမ်တာအိုဂိုဏ်းထဲသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး သူတို့၏ မှော်အဆောင်သခင်တပည့်များကို ပြန်ခေါ်ဆောင်သွားကြသည်။
ထို့နောက် ထျန်းရွှမ်တာအိုဂိုဏ်း၏ ပြဿနာများက လူအများရှေ့မှာ ထွက်ပေါ်လာသည်။
ထျန်းရွှမ်တာအိုဂိုဏ်း ရရှိခဲ့သော အမွေအနှစ်မှော်အဆောင်တုံကင်က အထွတ်အမြတ်နယ်မြေ၏ တန်ဖိုးအကြီးမားဆုံး မှော်အဆောင်ရတနာဖြစ်သော ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်ဖြစ်နေမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
အကယ်၍ ယင်းက ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်ဖြစ်သည်ဟု အပြင်လူများက သိထားကြလျှင် အင်အားစုအများအပြားက ယင်းကို လုယက်ရန် ရောက်လာကြလိမ့်မည်။
ထိုမျှသာ မဟုတ်ပေ။ မှော်အဆောင်သခင်များစုဝေးပွဲက မဟာအင်အားစုကြီးတစ်ခုဖြစ်သော ထျန်းဖူနန်းတော်၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့သည်။
ထျန်းဖူနန်းတော်၏ အစွမ်းထက်ပုဂ္ဂိုလ်များသည် ဘိုးဘေးပြန်တာအိုသွေဖယ်မှော်အဆောင်ကို လုယက်ရန် ရောက်လာခဲ့ကြသည်။ သို့သော် အရေးကြီးအခိုက်အတန့်မှာ သူတော်စင်ဟန်က လှုပ်ရှားလိုက်ပြီး ရန်သူများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ သူတို့၏ တိုက်ပွဲစွမ်းအားက အလွန်အားကောင်းလေရာ မိုးကောင်းကင်ခွဲတိုက်ပွဲ ဖြစ်ပေါ်လာသည်။
လက်ရှိအခြေအနေတွင် အပြင်လောကဆီသို့ ရောက်သွားကြသော သူတော်စင်ဟန်နှင့် ထျန်းဖူနန်းတော်၏ အကြီးအကဲများထဲတွင် မည်သူမှ ပြန်ရောက်မလာသေးပေ။
အကယ်၍ သူတော်စင်ဟန် ပြန်ရောက်လာမည်ဆိုလျှင် ယင်းက သူတို့အတွက် ဝမ်းသာစရာကိစ္စဖြစ်လိမ့်မည်။
သို့သော် အကယ်၍ ထျန်းဖူနန်းတော်မှ အကြီးအကဲများ ပြန်ရောက်လာမည်ဆိုလျှင် တုန်လင်းမြို့တော်တစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မည်။
“ ထျန်းရွှမ်တာအိုဂိုဏ်းက ဒီလောက်ကြောက်စရာကောင်းတဲ့ ရန်သူကို ဆွဲဆောင်ရဲတယ်လား… တကယ်လို့ တုန်လင်းမြို့တော်က ကျင့်ကြံသူတွေ ဒီအတွက်ကြောင့် သေသွားမယ်ဆိုရင် မင်းတို့ကို ငါခွင့်မလွှတ်ဘူး ”
တာအိုပေါ်ထွက်ခြင်းအဆင့် ဝတ်စုံစိမ်းဝတ် အကြီးအကဲတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်ပြီး ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိတ်တံခါးကို ဖျက်ဆီးပစ်လိုက်သည်။
“ ဟုတ်တယ်… ထျန်းဖူနန်းတော်က အထွတ်အမြတ်နယ်မြေတစ်ခုလုံးကို မှောက်လှန်ပစ်နိုင်တဲ့ အင်အားစုကြီးပဲ… မင်းတို့က ဘယ်လောက် သတ္တိကောင်းလို့ သူတို့ကို ရန်ပြုရဲတာလဲ ”
ခေါင်းဖြူအကြီးအကဲတစ်ယောက်က မကြည်မသာသော မျက်နှာအမူအရာဖြင့် ပြောသည်။
ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိတ်တံခါးအရှေ့တွင် တာအိုပညာရှင်ယုရွှမ်းနှင့် တခြားအကြီးအကဲများက မျက်နှာသုန်မှုန်နေကြသည်။ သို့သော်လည်း သူတို့က အကူအညီမဲ့နေကြသည်။
သူတို့၏ အရှေ့မှ ထိုပုဂ္ဂိုလ်များဖြစ်စေ သို့မဟုတ် အပြင်လောကမှ ပြန်ရောက်လာကြမည့် ထျန်းဖူနန်းတော်၏ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်စေ သူတို့ကို ရင်ဆိုင်နိုင်သော အင်အား သူတို့ဆီမှာ မရှိပေ။
“ သွားကြစို့… တုန်လင်းမြို့တော်ကနေ ငါတို့ထွက်သွားကြမယ်… နဂါးတွေ တိုက်ပွဲဖြစ်တဲ့အခါ ပင်လယ်ထဲက ငါးတွေ အသက်ရှင်လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… ဒီကနေ ထွက်သွားတာက အကောင်းဆုံး ရွေးချယ်မှုပဲ ”
ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိတ်တံခါးအရှေ့၌ ကျင့်ကြံသူအများအပြားက အနောက်လှည့်လိုက်ကြပြီး တုန်လင်းမြို့တော်ထဲမှ ထွက်သွားရန် ပြင်လိုက်ကြသည်။
ကျင့်ကြံသူများသည် သူတို့၏ အသက်ကို အဓိက အလေးထားကြသည်။ မည်သူမှ ကိုယ်နှင့်မဆိုင်ဘဲ အလဟဿ အသေမခံချင်ကြပေ။
သို့သော်လည်း တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများ လှုပ်ရှားတော့မည့်အချိန် သူတို့၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။
“ ဗုန်း ”
နေ့ခင်းအချိန်ဖြစ်သော်လည်း လောကတစ်ခုလုံးက ရုတ်တရက် မည်းမှောင်သွားသည်။
ကောင်းကင်ယံမှာ မရေမတွက်နိုင်သော ကြယ်များ ထွက်ပေါ်လာကြသည်။ ကြယ်တစ်လုံးစီက ရွှေရောင်မှော်သင်္ကေတစ်ခုကို ကိုယ်စားပြုသည်။
“ အသင်္ချေမှော်အဆောင်မဟာဝင်္ကပါ ”
“ ထျန်းဖူနန်းတော်က လူတွေ ရောက်လာကြပြီ ”
တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ပေါ်မှ ကြယ်များကို မော့ကြည့်လိုက်ပြီး အံ့ဩထိတ်လန့်စွာ ပြောသည်။
မှော်အဆောင်မဟာဝင်္ကပါက တုန်လင်းမြို့တော်တစ်ခုလုံးကို ပစ်မှတ်ထားလိုက်ကြောင်း ရှင်းလင်းသည်။ မိုင်တစ်သိန်းကျယ်ပြောသော ဧရိယာက ယခု ချိပ်ပိတ်ခံလိုက်ရသည်။
“ ထျန်းဖူနန်းတော်က ကျင့်ကြံသူတွေ… မင်းတို့က ဘာလို့ တုန်လင်းမြို့တော်ထဲက ကျင့်ကြံသူတွေကို အခက်တွေ့အောင် လုပ်နေတာလဲ ”
အသံတစ်သံက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
မှော်အဆောင်သူတော်စင်ချူးယွမ်က လေထဲမှာ မတ်တတ်ရပ်နေပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဟွန့်… ချူးယွမ်… မင်းက ငါနဲ့ စကားပြောဖို့ အရည်အချင်းပြည့်မီလို့လား ”
တုံ့ပြန်မှုအနေဖြင့် ကြယ်တစ်လုံးက ကောင်းကင်ပေါ်မှ ကြွေကျလာသည်။ ကြယ်က မရေမတွက်နိုင်သော ရောင်စဉ်အလင်းတန်းများကို သယ်ဆောင်၍ မှော်အဆောင်သူတော်စင်ချူးယွမ်ပေါ်သို့ ကျဆင်းသွားသည်။
မှော်အဆောင်သူတော်စင်ချူးယွမ်က မျက်နှာပျက်ယွင်းသွားပြီး အလန့်တကြား အော်ပြောလိုက်သည်။
“ ကြယ်ကြွေခြင်း… မိုးကောင်းကင်ခွဲမှော်အဆောင်… ထျန်းဖူနန်းတော်က မိုးကောင်းကင်ခွဲနည်းစနစ်ကိုတောင် တတ်ကျွမ်းသွားပြီလား ”
သူက အနောက်ဆုတ်၍ ထွက်ပြေးချင်သော်လည်း ကောင်းကင်ပေါ်မှ ကြယ်၏ ပစ်မှတ်ထားခံနေရလေရာ မလွတ်မြောက်နိုင်ပေ။
“ ကျား ”
မှော်အဆောင်သူတော်စင်ချူးယွမ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ မှော်အဆောင်သင်္ကေတအလွှာများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြပြီး ကြယ်ကို ခုခံတားဆီးလိုက်သည်။
သို့သော်လည်း ကြယ်က ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲသွားနေလေရာ မှော်အဆောင်သူတော်စင်ချူးယွမ်က တစ်ခဏမျှသာ ခုခံနိုင်ခဲ့သည်။
“ တုန်လင်းမြို့တော်က ထျန်းဖူနန်းတော်ကို မလေးစားဘူး… တခြားအင်အားစုတွေကို သတိပေးတဲ့အနေနဲ့ မြို့တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်မယ် ”
ပုံရိပ်တစ်ခုပြီးတစ်ခုက ဟင်းလင်းပြင်ထဲမှ ဆင်းသက်လာကြသည်။ သူတို့က လေခွင်းသံနှင့်အတူ တုန်လင်းမြို့တော်ဆီသို့ ပျံသန်းသွားကြသည်။
တုန်လင်းမြို့တော်ထဲမှ ကျင့်ကြံသူအားလုံးက မျက်နှာဖြူဖျော့သွားကြသည်။ သူတို့က ခေါင်းမော့လိုက်လေရာ မရေမတွက်နိုင်သော ကြယ်များက သူတို့ဆီသို့ ကျဆင်းလာနေကြောင်း ကူကယ်ရာမဲ့စွာ မြင်သွားကြသည်။
“ ဝီး ”
ထိုအခိုက်အတန့်မှာ မည်းမှောင်နေသော ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပသော အလင်းဂိတ်တံခါးတစ်ခုက ထွက်ပေါ်လာသည်။
ဂိတ်တံခါးထဲ၌ ပုံရိပ်တစ်ခုက အပြင်သို့ ထွက်လျှောက်လာသည်။
“ သတိထား ”
“ ချုံခိုတိုက်ခိုက်မှု ရှိတယ် ”