အခန်း ၁၇၇၆ (ဇာတ်သိမ်း)
Vol. 127 Ch. 1776
အခန်း(၁၇၇၆) ဇာတ်သိမ်းပိုင်း
မှော်သင်္ကေတများက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ကောင်းကင်ဘုံကို ထောက်ပံ့ပေးမည့် ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။
ဓားခန္ဓာကိုယ်က နတ်ဘုရားအလင်းတန်းများဖြင့် ထွန်းလင်းတောက်ပလာသည်။ ယင်းက လွန်စွာ စူးရှတောက်ပလေရာ မည်သူမှ တိုက်ရိုက် မော့မကြည့်နိုင်ကြချေ။
နတ်ဘုရားအလင်းတန်းတစ်ခုစီသည် မိုးမြေကို ဆုတ်ဖြဲပစ်နိုင်သော တာအိုသွေဖယ်မှော်အဆောင် ဖြစ်သည်။
ဓားထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အကျဉ်းချခံလိုက်ရသည်။ မဟူရာစစ်ဗိုလ်ချုပ်ရှစ်ယောက်၏ ခန္ဓာကိုယ်သည်လည်း ဖိနှိပ်ခံလိုက်ရသည်။ ယခု သူတို့က တစ်လက်မမှ မလှုပ်ရှားနိုင်ကြတော့ချေ။
“ ဗုန်း ”
ဓားက မြေကြီးပေါ်သို့ ကျဆင်းလာသည့်အခါ မဟူရာစစ်ဗိုလ်ချုပ်ရှစ်ယောက်၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ပြတ်တောက်သွားသည်။
ဓားအလင်းက အလွန်အားကောင်းလေရာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က တုန်ယင်သွားပြီး အက်ကွဲသွားသည်။
ကံမကောင်းသည်မှာ အနောက်မှ လိုက်လာကြသော မဟူရာစစ်ဗိုလ်ချုပ်များက ထိုမြင်ကွင်းကို မမြင်တွေ့ခဲ့ကြပေ။ သို့မဟုတ်လျှင် ဟန်မူယဲ့၏ ဓားကို အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ မိုးမြေစွမ်းအားသည်ပင် မထိန်းချုပ်နိုင်ကြောင်း သူတို့မြင်သွားလျှင် ကြောက်လန့်တကြား ထွက်ပြေးသွားကြလိမ့်မည်။
ထိုသို့တိုက်ပွဲစွမ်းအားက အံ့ဖွယ်အန္တိမကောင်းကင်ဘုံတစ်ခုလုံးမှာပင် ထိပ်တန်းအဆင့်ရှိသည်။ ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးထဲ၌ တာအိုအရှင်သခင်နှစ်ပါးသည်သာလျှင် မိုးမြေတုန်လှုပ်စေနိုင်သော ထိုသို့တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
“ ဝီး ”
ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် သူ၏ ဘေးပတ်ဝန်းကျင်မှ မဟူရာစစ်ဗိုလ်ချုပ်များကို သုတ်သင်ရှင်းလင်းလိုက်သည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
ဤနေရာက အံ့ဖွယ်အန္တိမနန်းတော် ဖြစ်သည်။
ဤနေရာမှာ မည်သည့်သက်ရှိတစ်ယောက်မှ မရှိပေ။ သို့သော်လည်း ဤနေရာမှ အခန်းများထဲမှာ မရေမတွက်နိုင်သော ရတနာများနှင့် အဆုံးမဲ့သော ကျင့်ကြံခြင်းအမွေအနှစ်များကို သိမ်းဆည်းထားသည်။
ဟန်မူယဲ့က အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားနေစဉ် ထွန်းလင်းတောက်ပသော ကျောက်စိမ်းဂိတ်တံခါးတစ်ခုကို မြင်တွေ့သွားသည်။
ထိုကျောက်စိမ်းဂိတ်တံခါးကို တန်ဖိုးကြီးဝိညာဉ်ရတနာများဖြင့် ဆောက်လုပ်ထားသည်။ ယင်းတို့ထဲမှ မည်သည့်ဝိညာဉ်ရတနာမဆို သာမန်ကျင့်ကြံသူတစ်ယောက်ကို ဘဝပြောင်းလဲသွားစေရန် လုံလောက်ပေသည်။
ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ သူ၏ ဓားကို ထုတ်လိုက်ပြီး ကျောက်စိမ်းဂိတ်တံခါးကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ထို့နောက် သူက ပြိုကျသွားသော ဝိညာဉ်ရတနာများကို သူ့ကိုယ်ပိုင်လေဟာနယ်ထဲသို့ ထည့်သိမ်းလိုက်သည်။
သူက အရှေ့သို့ ဆက်လျှောက်သွားပြီး ခန်းဆောင်တစ်ခုထဲသို့ ဝင်သွားသည်။ ခန်းဆောင်ထဲတွင် မရေမတွက်နိုင်သော ရတနာများ ရှိသည်။ သူက ယင်းတို့အားလုံးကို သိမ်းဆည်းပြီးနောက် တခြားခန်းဆောင်ဆီသို့ ဦးတည်သွားသည်။
ဤစင်္ကြံလမ်းတစ်လျှောက်၌ သူသိမ်းဆည်းခဲ့သော ရတနာများ၏ တန်ဖိုးက လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း သူရှာဖွေစုဆောင်းခဲ့သော အရာအားလုံးနှင့် ညီမျှသည်။
သူက အနောက်လှည့်လိုက်ပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ ကိုယ်ပိုင်လေဟာနယ်ထဲတွင် ရတနာသုံးဆယ်ရာခိုင်နှုန်းက ကောင်းကင်ဘုံတာအိုအရှင်သခင်တစ်ပါးကို အနိုင်ယူရန် လုံလောက်သွားသည်။
ယင်းတို့ထဲမှ ရတနာသုံးထောင်ကျော်က အံ့ဖွယ်တာအိုအဆင့် ကျင့်ကြံသူများကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်းရှိသည်။
ထို့ပြင် အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို ဖန်တီးသန့်စင်နိုင်သော ဝိညာဉ်ရတနာများသည်လည်း မရေမတွက်နိုင်အောင် များပြားလှ၏။
ယင်းကို အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ နံပါတ်တစ်ဂိုဏ်းဟု အမှန်တကယ်ခေါ်ထိုက်ပေသည်။ အံ့ဖွယ်အန္တိမနန်းတော်၏ အခြေခံအုတ်မြစ်က ဟန်မူယဲ့ကိုပင် ပါးစပ်အဟောင်းသားဖြစ်စေသည်။
“ ခရက် ”
မိုးမြေကြားတွင် အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာကြသည်။
အက်ကွဲကြောင်းများ ထွက်ပေါ်လာသည့်အခါ ဤနယ်မြေတစ်ခုလုံးက စတင်တုန်လှုပ်သွားသည်။
ထို့နောက် အံ့ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားကြသော ဧရာမပုံရိပ်များက ဟင်းလင်းပြင်အက်ကွဲကြောင်းများထဲမှ ထွက်လာကြသည်။
အံ့ဖွယ်တာအိုအဆင့် နဝမအလွှာ… ။
ကောင်းကင်ဘုံတာအိုအရှင်သခင်အဆင့်… ။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ စစ်မှန်သော ကျွမ်းကျင်ပညာရှင်များက ဤနယ်မြေဆီသို့ ဆင်းသက်လာကြသည်။
သူတို့အားလုံးက လေထဲမှာ တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အကြည့်က ဟန်မူယဲ့၏ အနောက်မှ အံ့ဖွယ်အန္တိမနန်းတော်ပေါ်သို့ ကျရောက်သွားသည်။
“ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို အသုံးပြုပြီး အထွတ်အမြတ်နယ်မြေအပေါ် ငါတို့ရဲ့ ချိပ်ပိတ်မှုကို ဖျက်ဆီးခဲ့တယ်… ပြီးတော့ အံ့ဖွယ်အန္တိမနန်းတော်ထဲက အထွတ်အမြတ်ရတနာတွေကို ခိုးယူသွားခဲ့တယ်… ကောင်လေး မင်းရဲ့ အပြစ်ကို သိလား ”
တိုးညင်းသော စကားသံက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
စကားပြောလိုက်သော ထိုပုဂ္ဂိုလ်က စိမ်းပြာရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဘေးပတ်ဝန်းကျင်တွင် ရွှေရောင်ကြာပွင့်များက လှည့်ပတ်နေကြသည်။ ထူးခြားချက်မှာ ရွှေရောင်ကြာပွင့်များက အစစ်အမှန် မဟုတ်သည့်အလား ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။
ထို့အတူ သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေသည်လည်း အလွှာတစ်လွှာပြီးတစ်လွှာ ပျောက်ကွယ်သွားနေသည်။
သူက မိုးမြေ၏ အနိမ့်အမြင့် အတတ်အကျဖြင့် တစ်သားတည်းဖြစ်နေသော ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးအနက် တစ်ပါးဖြစ်သည်။
“ ကောင်းကင်ဘုံတာအိုအရှင်သခင်ဖုန်းရွှင် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက မိုးကောင်းကင်ပေါ်မှ ဆင်းသက်လာနေကြသော အထွတ်အမြတ်ပုံရိပ်များကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ပြောသည်။
“ အံ့ဖွယ်အန္တိမကောင်းကင်ဘုံက အင်အားစုအသီးသီးကို ချိပ်ပိတ်ပြီး ဖိနှိပ်ခဲ့တယ်… ဘာလို့ ချိပ်ပိတ်နယ်မြေတွေရဲ့ တန်ပြန်တွန်းလှန်မှုကို လက်မခံနိုင်ရတာလဲ ”
သူ့စကားက ကောင်းကင်ဘုံတာအိုအရှင်သခင်များကို မျက်နှာပျက်ယွင်းသွားစေသည်။
သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ စွမ်းအားစုဝေးသော အရှိန်အဝါ ပေါ်လျှိုးလာသည်။
သူတို့၏ အနောက်တွင် အံ့ဖွယ်တာအိုအဆင့် နဝမအလွှာမှ ကျင့်ကြံသူများက အမြန်အနောက်ဆုတ်သွားကြသည်။
ကောင်းကင်ဘုံတာအိုအရှင်သခင်အဆင့် တိုက်ပွဲက သူတို့ပါဝင်နိုင်သောတိုက်ပွဲ မဟုတ်ပေ။
“ မင်းက ခေါင်းမာနေမှတော့ မင်းကို ငါတို့ဖိနှိပ်ပစ်မယ် ”
ကောင်းကင်ဘုံတာအိုအရှင်သခင်ဖုန်းရွှင်က လက်မြှောက်လိုက်ပြီး ဟန်မူယဲ့ပေါ်သို့ ရိုက်ချလိုက်သည်။
သူလှုပ်ရှားလိုက်သည့်အခါ အခြားတာအိုအရှင်သခင်တစ်ပါးက ဓားမော့ကို ကိုင်မြှောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ခုတ်ပိုင်းလိုက်သည်။
ထွန်းလင်းတောက်ပသော ဓားမော့အလင်းက ကမ္ဘာမြေဖျက်ဆီးပစ်နိုင်သော အရှိန်အဟုန်ကို သယ်ဆောင်လျက် အောက်သို့ ဆင်းသက်သွားသည်။
သို့သော်လည်း ထိုတာအိုအရှင်သခင်နှစ်ပါးသည် နောက်ထပ် မတိုက်ခိုက်ကြပေ။ ယင်းအစား သူတို့က လက်ဝါးနှစ်ဖက်ကို ရိုက်ထုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ လောကကို အကျဉ်းချလိုက်ကြသည်။
ကောင်းကင်ဘုံတာအိုအရှင်သခင်သည် လောကကို ဖျက်ဆီးပစ်နိုင်သလို လောကကို ပြန်ဖန်တီးနိုင်စွမ်းရှိသည်။
သူ့အရှေ့သို့ ကျဆင်းလာနေသော ဓားမော့အလင်းနှင့် လက်ဝါးပုံရိပ်ကို ကြည့်နေစဉ် ဆင်ခြင်နားလည်သော အမူအရာက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါး အလွန်သန်မာနေခြင်းမှာ သူတို့က အံ့ဖွယ်အန္တိမကောင်းကင်ဘုံနှင့် ပေါင်းစပ်ထားသောကြောင့်ပင်။
သူတို့၏ စွမ်းအားက အံ့ဖွယ်အန္တိမကောင်းကင်ဘုံအတွက် အဓိကထောင့်တိုင် ဖြစ်သည်။
အကယ်၍ အံ့ဖွယ်အန္တိမကောင်းကင်ဘုံ ပျက်စီးသွားမည်ဆိုလျှင် သူတို့က သေဆုံးသွားကြလိမ့်မည်။
ထို့အတူ အကယ်၍ သူတို့သေဆုံးသွားမည်ဆိုလျှင် အံ့ဖွယ်အန္တိမကောင်းကင်ဘုံက ပြိုကွဲပျက်စီးသွားလိမ့်မည်။
“ ဗုန်း ”
ဓားအလင်းက ဟန်မူယဲ့၏ လက်ထဲမှ ပျံသန်းထွက်သွားသည်။
ထိုဓားအလင်းသည် သူ့အရှေ့မှ ဓားမော့အလင်းကဲ့သို့ မခမ်းနားသလို မတောက်ပပေ။ သို့သော်လည်း ဓားအလင်း၏ အအေးဓာတ်က တစ်စုံတစ်ယောက်ကို တိုက်ရိုက် မော်မကြည့်နိုင်စေရန် အလွန်အားကောင်းပေသည်။
ဓားမော့အလင်းနှင့် ဓားအလင်းတို့ ထိပ်တိုက် တွေ့ဆုံသွားသည်။ ထိုအခါ မိုးမြေက တုန်လှုပ်သွားပြီး မူလက ပြန်လည်ကောင်းမွန်နေသော လောကက ယခု တစ်လက်မချင်းစီ အက်ကွဲသွားသည်။
“ ဝီး ”
ကောင်းကင်ဘုံတာအိုအရှင်သခင်များ လောကကို ပြန်မဖန်တီးနိုင်မီ ဟန်မူယဲ့က အရင်လက်ဦးမှုယူလိုက်သည်။ သူ၏ လက်ဖဝါးပေါ်မှာ ရွှေရောင်မီးပြင်းဖိုတစ်လုံး ထွက်ပေါ်လာသည်။
ထိုမီးပြင်းဖိုသည် အစောနက အံ့ဖွယ်အန္တိမနန်းတော်ထဲမှ ဟန်မူယဲ့ သိမ်းဆည်းလာခဲ့သော အထွတ်အမြတ်ရတနာများအနက် တစ်ခုဖြစ်သည်။
ထိုရတနာ သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည့်အခိုက် မီးတောက်စွမ်းအားအမျိုးမျိုးက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ ပေါ်လျှိုးလာကြသည်။ ဘီလီယံနှင့်ချီသော မီးတောက်များက မီးပြင်းဖိုထဲမှာ ထွက်ပေါ်လာကြသည်။
“ မင်း ဘာလုပ်နေတာလဲ ”
“ အဲ့ဒါ တာအိုတစ်သောင်းနတ်ဘုရားမီးပြင်းဖို ”
ကောင်းကင်ဘုံတာအိုအရှင်သခင်များက အလန့်တကြား အော်ပြောလိုက်ကြသည်။
သူတို့က အမြန်အနောက်ဆုတ်သွားကြသည်။
သို့သော်လည်း သူတို့အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း ဟန်မူယဲ့၏ လက်ဖဝါးပေါ်မှ မီးပြင်းဖိုက တုန်ယင်သွားပြီး ဘီလီယံနှင့်ချီသော မီးတောက်မီးလျှံများကို ထုတ်လွှတ်လိုက်သည်။ ထိုမီးတောက်မီးလျှံများက ဟင်းလင်းပြင်ထဲမှာ မီးနဂါးများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး ကောင်းကင်ဘုံတာအိုအရှင်သခင်များနောက်သို့ လိုက်ဖမ်းကြသည်။
“ တာအိုအရှင်သခင်ကျောက်ထျန်း… ကျုပ်ကို ကယ်ပါဦး ”
တာအိုအရှင်သခင်တစ်ပါးက နတ်ဘုရားမီးနဂါးတစ်ကောင်၏ ရစ်ပတ်ခံလိုက်ရပြီး ဝါးမျိုခံလိုက်ရသည်။
အဝေးမှ ဟင်းလင်းပြင်ထဲတွင် ဧရာမလက်ဝါးပုံရိပ်တစ်ခု ပေါ်လျှိုးလာပြီး နတ်ဘုရားမီးနဂါးကို ဖိချလိုက်သည်။
ထိုလက်ဝါး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လောကက ရုတ်တရက် ဝေဝါးသွားသည်။
ဟင်းလင်းပြင်ထဲတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် ဟန်မူယဲ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ဟန်မူယဲ့က တာအိုတစ်သောင်းနတ်ဘုရားမီးပြင်းဖိုကို ဆုပ်ကိုင်ထားစဉ် ထွန်းလင်းတောက်ပသော ဓားအလင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ပေါ်လျှိုးလာသည်။ သူက ဝတ်စုံဖြူအဖိုးအိုကို ပြန်စိုက်ကြည့်လိုက်သည်။
“ ငါက ကျောက်ထျန်း… မင်းငါ့ကို သိလောက်မှာပါ ”
ဝတ်စုံဖြူအဖိုးအိုက ဟန်မူယဲ့ကို ကြည့်လိုက်စဉ် နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ပုံရိပ်ယောင်လောကရဲ့ ပညာရှင်… မင်း အမှန်တရားကုန်းမြေရဲ့ ဒီနောက်ဆုံးနယ်မြေကို တကယ်ဖျက်ဆီးပစ်ချင်တာလား ”
ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်းက အမှန်တကယ် အစွမ်းထက်သည်။ သူက အကြည့်တစ်ချက်ဖြင့် ဟန်မူယဲ့၏ ဇစ်မြစ်ကို ရှာတွေ့သွားသည်။
ဟန်မူယဲ့က ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောသည်။
“ ကျုပ်မှာ အမှန်တရားကုန်းမြေကို ဖျက်ဆီးပစ်ချင်တဲ့ ရည်ရွယ်ချက်မရှိဘူး… ကျုပ်မှာ ဆန္ဒတစ်ခုပဲ ရှိတယ်… ပုံရိပ်ယောင်လောကက သက်ရှိတွေကို အမှန်တရားကုန်းမြေထဲမှာ တကယ်ရှင်သန်စေချင်တယ် ”
ပုံရိပ်ယောင်လောကထဲမှ သူထွက်လာပြီး အမှန်တရားကုန်းမြေပေါ်သို့ ခြေချလိုက်သည့်အခါ အရာအားလုံးက စစ်မှန်သွားသည်။
ယခု သူက အမှန်တရားကုန်းမြေထဲမှာ ထာဝရ ရှင်သန်နိုင်သွားသည်။ သို့သော်လည်း သူဂရုစိုက်သော ချစ်သူနှင့် ညီအကိုမိတ်ဆွေများက ပုံရိပ်ယောင်လောကထဲမှာ ကျန်ရှိနေဆဲပင်။
အမှန်တရားကုန်းမြေသည် ပုံရိပ်ယောင်လောက၏ လမ်းကြောင်းအားလုံးကို တားဆီးပိတ်ပင်ထားသည်။ သို့ဖြစ်၍ အမှန်တရားကုန်းမြေနှင့် ပုံရိပ်ယောင်လောကကြားတွင် မည်သည့်ဆက်သွယ်မှုမှ မရှိပေ။
“ အမှန်တရားကုန်းမြေနဲ့ ပုံရိပ်ယောင်လောကက ဘယ်တော့မှ အတူတကွ မတည်ရှိနိုင်ဘူး… ပုံရိပ်ယောင်က အစစ်အမှန်ကို ယိုယွင်းတိုက်စားပစ်လိမ့်မယ် ”
ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအရ အဲ့ဒါကို မင်းမမြင်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး ”
မှန်ပေသည်။ ယင်းကို သူကြိုမြင်ပြီးပြီ ဖြစ်၏။
လက်ရှိ ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းအားအရ အမှန်တရားကုန်းမြေနှင့် ပုံရိပ်ယောင်လောကက အတူတကွ မတည်ရှိနိုင်ကြောင်း ရှင်းလင်းစွာ သူခံစားနိုင်သည်။ အမှန်တရားက ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်နိုင်သည်။ တဖန် ပုံရိပ်ယောင်က အမှန်တရားကို ဝါးမျိုပစ်နိုင်သည်။
“ ဒါပေမဲ့… ကျုပ်ကြိုးစားကြည့်ချင်တယ် ”
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။
ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်း၏ အနောက်မှ တာအိုအရှင်သခင်များက ဒေါသထွက်သွားကြသည်။
ဟန်မူယဲ့က အံ့ဖွယ်အန္တိမကောင်းကင်ဘုံကို ဖျက်ဆီးပစ်ရန် ကြံစည်နေသည်။
“ တာအိုရောင်းရင်း… ပုံရိပ်ယောင်လောကထဲက သက်ရှိတွေကို အမှန်တရားကုန်းမြေဆီ ခြေချနိုင်စေဖို့ မင်း တကယ်ဆန္ဒရှိတာလား ”
ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ မေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်းက တစ်ခဏကြာ တွေးတောပြီးနောက် လက်မြှောက်လိုက်သည်။ အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခုက ဟန်မူယဲ့ဆီသို့ ပျံသန်းသွားသည်။
“ ရှေးခေတ်မှာ အံ့ဖွယ်အန္တိမနန်းတော်ရဲ့ ကျင့်ကြံသူတွေက ပုံရိပ်ယောင်လောကနဲ့ အစစ်အမှန်ကုန်းမြေ ပေါင်းစည်းနိုင်မယ့် နေရာတစ်နေရာကို ရှာဖွေဖို့ ဒီလောကကနေ ထွက်ခွာသွားခဲ့ကြတယ် ”
“ အဲ့ဒီကျောက်စိမ်းပြားက သူတို့မထွက်သွားခင် ချန်ထားခဲ့တဲ့ အမှတ်အသားပဲ… အဲ့ဒီကျောက်စိမ်းပြားနဲ့ဆိုရင် မင်း သူတို့ရဲ့ တည်နေရာကို ရှာဖွေနိုင်လိမ့်မယ် ”
“ အတိတ်မှာ ငါတို့က အံ့ဖွယ်အန္တိမနန်းတော်က ကျင့်ကြံသူတွေနဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်… အံ့ဖွယ်အန္တိမကောင်းကင်ဘုံကနေ ထွက်သွားပြီးရင် ဒီကို ဘယ်တော့မှ ပြန်မလာရဘူး ”
ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်းက ဟန်မူယဲ့ကို ကြည့်လိုက်စဉ် နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ တာအိုရောင်းရင်း… ခင်ဗျားရော ဒီသဘောတူညီမှုကို လက်ခံလား ”
တစ်စုံတစ်ယောက်သည် ပုံရိပ်ယောင်လောက တည်ရှိနိုင်သော နေရာတစ်နေရာကို ရှာဖွေရန် အံ့ဖွယ်အန္တိမကောင်းကင်ဘုံမှ ထွက်သွားရလိမ့်မည်။
အတိတ်တွင် အံ့ဖွယ်အန္တိမနန်းတော်မှ ကျင့်ကြံသူများက ထိုလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
ဟန်မူယဲ့က တုံ့ဆိုင်းမနေပေ။ သူက ကျောက်စိမ်းပြားကို ဖမ်းဆုပ်ပြီးသည်နှင့် မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ သူက မိုးကောင်းကင်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူက လက်ဖဝါးထဲ၌ ဓားရှည်တစ်လက်ကို ဖွဲ့စည်းလိုက်ပြီး မိုးကောင်းကင်ကို ခုတ်ပိုင်းလိုက်လေရာ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ သူက အက်ကွဲကြောင်းမှတဆင့် အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အပြင်ဘက်သို့ ထွက်သွားသည်။
အောက်ဘက်တွင် အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှ ကျင့်ကြံသူများက ခေါင်းမော့လိုက်ကြသည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ငါတို့ရဲ့ ရွေးချယ်မှုက မှန်လား သူတို့ရဲ့ ရွေးချယ်မှုက မှန်လား ငါမသိဘူး ”
ကောင်းကင်ဘုံတာအိုအရှင်သခင်ကျောက်ထျန်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက နေရာမှ ပျောက်ကွယ်သွားသည်။
“ ဖြစ်နိုင်တာက အစစ်အမှန်ကို လက်လျော့ရဲတဲ့ သတ္တိရှိမှပဲ တကယ့် အစစ်အမှန်ကုန်းမြေဆီ ဝင်ရောက်နိုင်တာ ဖြစ်မယ်… ”
တခြားတာအိုအရှင်သခင်တစ်ပါးက ခေါင်းယမ်းလိုက်ပြီး ရေရွတ်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။
…..
ဟင်းလင်းပြင်ထဲတွင်… ။
ဟန်မူယဲ့သည် ကျောက်စိမ်းပြား၏ လမ်းညွှန်မှုနောက်သို့ လိုက်၍ မြန်ဆန်စွာ ပျံသန်းနေသည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် အဆုံးမဲ့သော မိုးမြေစွမ်းအားက ပေါ်လျှိုးနေသည်။
အဆုံးမဲ့စွာ ကျယ်ပြောသော အာကာသဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီးနောက် သူ၏ ပုံရိပ်က တောက်ပသော ကြယ်တာရာကောင်းကင်တစ်ခု၏ အရှေ့မှာ ရပ်တန့်သွားသည်။
ကြယ်တာရာကောင်းကင်၏ အရှေ့တွင် ဧရာမခေါင်းတလားတစ်ခုက လွင့်မျောနေသည်။
“ စီနီယာအကိုကျန်းယွမ် ”
ဟန်မူယဲ့က ခေါင်းတလားကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ခေါင်းတလားအနောက်မှ ထွန်းလင်းတောက်ပသော ကြယ်အစုအဝေးပေါ်သို့ ကျရောက်သွားသည်။
သူက ပြုံးလိုက်သည်။
“ ငါနားလည်ပြီ ”
“ အစစ်အမှန်နဲ့ ပုံရိပ်ယောင်က တကယ်တော့ အတွေးတစ်ခုပဲ ခြားတယ် ”
“ ရှေးဦးအပျက်အစီးကုန်းမြေက ပုံရိပ်ယောင်ဟုတ်သလို အစစ်အမှန်လည်း ဟုတ်တယ် ”
ဟန်မူယဲ့က အရှေ့သို့ ဆက်လက် ပျံသန်းသွားပြီး ထွန်းလင်းတောက်ပသော ကြယ်အစုအဝေးထဲသို့ ဝင်ရောက်သွားသည်။
“ မွေးစားအဖေပြန်လာပြီ ”
“ ဆရာဟန် ”
“ ယောင်္ကျား ”
“ ဟား ဟား… ညီလေးဟန် ပြန်လာပြီ ”
ဝမ်းသာပျော်ရွှင်သော စကားသံများက ကြယ်တာရာကောင်းကင်ထဲဝယ် ပျံ့လွင့်သွားသည်။
“ ပြီးပါပြီ ”