← Chapters

မနိုင်ရင်... ပြေး

Vol. 15 Ch. 158

မနိုင်ရင်... ပြေး

Vol. 15 Ch. 158

မီးနှင့်ရေ ဒြပ်စင်နှစ်ခုဆိုလျှင် အချင်းချင်း အပြန်အလှန် ထောက်ပံ့ပေးနိုင်သလို အပြန်အလှန် ဖျက်ဆီးနိုင်စွမ်းလည်း ရှိသည်။

ထိုဒြပ်စင်နှစ်မျိုးတွင် မည်သည့်ဒြပ်စင်က ပိုမိုသာလွန်သည်ဟု အလွယ်တကူ ပြောဆို၍မရပေ။

ဟုတ်ပေ၏။

ဒြပ်စင်စွမ်းအားတိုင်းတွင် အားသာချက်ကိုယ်စီရှိသည်ဖြစ်ရာ မည်သည့်စွမ်းအားက ပိုမိုသာလွန်သည်ဟု သတ်မှတ်ရန် မဖြစ်နိုင်ပေ။

ကျင့်ကြံသူတစ်ယောက် ကျင့်ကြံထားသည့် ကျင့်စဉ်စွမ်းအားအပေါ်တွင်မူတည်ပြီး ဒြပ်စင်စွမ်းအားများ၏ အစွမ်းထက်မှုသည်လည်း အနည်းနှင့်အများ ကွာခြားသွားမည်သာပင်။

မီးတောင်အတွင်းပိုင်း ပတ်ဝန်းကျင်အခြေအနေက လော့ခ်၏စွမ်းအားကို ဖိနှိပ်ထားသော်လည်း သူက အခြေခံခိုင်မာသည့်နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဖြစ်သည်။

သို့ဖြစ်ရာ သူ၏ကျင့်စဉ်စွမ်းအားကိုသာ မှန်ကန်စွာ အသုံးချနိုင်မည်ဆိုပါက ခုန်မင်၏ထိုးစစ်ဆင်မှုကို ခုခံကာကွယ်ရန်မှာ သူ့အတွက် ကြီးမားသော အခက်အခဲ မဟုတ်ပေ။

သို့သော် ခုန်မင်၏ ထူးခြားသည့်အရည်အချင်းမှာ ရန်သူကိုအသက်ရှူရန်အချိန်မပေးဘဲ မရပ်မနား ဆက်တိုက်တိုက်ခိုက်နိုင်ခြင်း ဖြစ်၏။

လော့ခ် ဖန်တီးထားသည့် ရေပြာလိုက်ကာက ခုခံနိုင်စွမ်း အသင့်အတင့်မြင့်မားပြီး မီးဒြပ်စင်စွမ်းအား တိုက်ကွက်များကို တုန့်ပြန်ရာတွင် အမှန်တကယ်ပင် ထိရောက်မှု ရှိသည်။

သို့သော် မည်မျှပင် ခံစစ်စွမ်းအားကောင်းမွန်ပါစေ ခုန်မင်၏မရပ်မနားတိုက်ခိုက်မှုကို မည်မျှအထိ ကြံ့ကြံ့ခံနိုင်ပါမည်နည်း။

ခုန်မင်က စိတ်အာရုံစေစားလိုက်ပြီး ပတ်ဝန်းကျင်လေထုထဲမှ မီးဒြပ်စင်စွမ်းအားကိုစုစည်းကာ မီးလျှံဥက္ကာပျံများ မိုးရွာသလို ရွာချလိုက်သည်။

ဤနေရာက မီးဒြပ်စင်စွမ်းအားကြွယ်ဝလွန်းသဖြင့် ခုန်မင်၏ မီးဒြပ်စင်စွမ်းအားထုတ်ဖော်နိုင်စွမ်းမှာ (၁၀)ရာနှုန်းမှ (၂၀)ရာနှုန်းအထိ ပိုမိုပြင်းထန်လာသည်။

ထို့ပြင် သူက ယွမ်ရုန်ဒူးလေး မြားကျည်များကိုလည်း လျှင်မြန်စွာလဲလှယ်ပြီး အဆက်မပြတ် ပစ်ခတ်လိုက်၏။

ခုန်မင်၏ အဆက်မပြတ်တိုက်ခိုက်မှုများအောက်တွင် ရေပြာလိုက်ကာမှ စွမ်းအားရောင်ဝါများမှေးမှိန်သွားပြီး ပြိုကျတော့မလို ဖြစ်လာသည်။

ရေလိုက်ကာထဲတွင်ပုန်းအောင်းနေသော လော့ခ်မှာ ကျောရိုးထဲစိမ့်မတတ် ထိတ်လန့်သွားရသည်။

ခုန်မင်က ကြီးမားပြင်းထန်စွာဖြင့် ဆက်တိုက် တိုက်ခိုက်လာမည်ဟု လော့ခ် လုံးဝ ထင်မထားခဲ့ပေ။

သူ့အတွက် အားနည်းချက်ရှိနေသည့် မီးတောင်ပတ်ဝန်းကျင်တွင် ဤကဲ့သို့ထူးဆန်းသော ရန်သူနှင့်ရင်ဆိုင်ရခြင်းမှာ သူ့အနေဖြင့် အနိုင်ရရန် အခွင့်အ‌ရေး ရှိပါဦးမည်လား။

ခုန်မင်က သူ့ကိုအနိုင်ယူရန် ယုံကြည်ချက်အပြည့်ရှိနေရသည့်အကြောင်းရင်းကို သဘောပေါက်သွားပြီးနောက် လော့ခ်စိတ်ထဲ သံသယများ ဝင်ရောက်လာတော့သည်။

လော့ခ်က ခုန်မင် အရင်က ရင်ဆိုင်ခဲ့ဖူးသော ပြိုင်ဘက်များနှင့် မတူညီပေ။

သူက ခုန်မင်၏စိတ်ကိုအာရုံခံနိုင်သည်ဖြစ်ရာ ဤလူငယ်က အဆက်မပြတ်တိုက်စစ်ဆင်နေသည့်တိုင် အချိန်ကြာသည်နှင့်အမျှ အားပျော့သွားမည်မဟုတ်ကြောင်း နားလည်ထားသည်။

တကယ်တော့ ခုန်မင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ အာရုံခံမိပြီးချိန်မှာပင် ထိုသူတွင် သူ့ကို အမှန်တကယ် သတ်ဖြတ်ပစ်နိုင်သည့်စွမ်းရည်ရှိကြောင်း လော့ခ် သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် ဆက်လက်မတိုက်ခိုက်ဘဲ ခုခံရန်သာကြိုးစားပြီး အခွင့်အရေးရပါက ဆုတ်ခွာရန်သာ တွေးထားခဲ့သည်။

ခုန်မင် တတိယအကြိမ် တိုက်ခိုက်လိုက်ချိန်မှာတော့ လော့ခ်ဖန်တီးထားသည့် ရေပြာလိုက်ကာ ပြိုကျပျက်ဆီးသွားကာ ထူထပ်သည့် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။

မြူခိုးများကြားတွင် လော့ခ်၏ပုံရိပ်က ဝေဝါးစွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပေသည်။

ခုန်မင်က တစ်ချက်ပင် သက်ညှာခြင်းမရှိပေ။

ယွမ်ရုန်ဒူးလေးမှ မြားချက်များက လေထုကိုထိုးခွင်းသွားပြီး မီးလျှံဥက္ကာခဲများကလည်း မိုးရွာသလို အဆက်မပြတ် ကျဆင်းသွားသည်။

မြူခိုးများကြားတွင် လော့ခ်၏ပုံရိပ်က လျှင်မြန်စွာလှုပ်ရှားနေပြီး ခုန်မင်၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားနေခြင်း ဖြစ်ဟန်တူသည်။

သို့သော် ဘက်ပေါင်းစုံမှ ပိတ်ဆို့တိုက်ခိုက်လိုက်သည့် ခုန်မင်၏တိုက်ကွက်မှ လွတ်မြောက်ရန်မျာ မလွယ်ကူပေ။ သူ၏တိုက်ကွက်တစ်ဝက်ခန့်က လော့ခ်၏ခန္ဓာကိုယ်ထက်သို့ တည့်တည့်မတ်မတ်ပင် ကျရောက်သွားသည်။

ပုံမှန်ဆိုလျှင် ဤသို့သောတိုက်ကွက်များ ထိမှန်ခံရသည်နှင့် လော့ခ်အနေဖြင့် လွင့်စင်ထွက်သွားပြီး မသေမရှင်ဘဝသို့ ရောက်ရှိသွားရပေမည်။

ယခုတော့ ခုန်မင်၏တိုက်ကွက်များထိမှန်ခံရသည်နှင့် လော့ခ်၏ခန္ဓာကိုယ်က လှိုင်းထနေသည့်ရေပြင်ပမာပြောင်းလဲသွားပြီး အစိတ်စိတ်အမွှာမွှာအက်ကွဲသွားကာ မြူခိုးတိမ်တိုက်များပမာ အငွေ့ပျံပျောက်ကွယ်သွားသည်။

ခုန်မင် မျက်မှောင်ကျုံ့လိုက်မိသည်။

“ရေဒြပ်စင်ကိုယ်ပွားလား... ဒီလိုနည်းလမ်းမျိုးသုံးပြီး ထွက်ပြေးသွားတာ တကယ်စိတ်ဝင်စားစရာကောင်းတာပဲ”

ဟုတ်ပေ၏။

ခုန်မင်၏တိုက်ကွက်များကို ခံဘူလိုက်သူမှာ ‌လော့ခ်ကိုယ်တိုင် မဟုတ်ခဲ့ပေ။ ရေဒြပ်စင်စွမ်းအားဖြင့်ဖွဲ့စည်းထားသည့် လော့ခ်၏ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

ဤသည်က ရေဒြပ်စင်ကျင့်ကြံသူများ၏ အဆင့်မြင့်စွမ်းအားတစ်ခု ဖြစ်သည်။

လော့ခ်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်သာဖြစ်သဖြင့် ဤစွမ်းအားကို ပြီးပြည့်စုံအောင် ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိသေးပေ။

သို့ပေသိ ရေပြာလိုက်ကာပြိုကွဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ထူထပ်သည့်မြူခိုးများ ဖုံးလွှမ်းသွားသည်ကိုအခွင့်ကောင်းယူကာ လော့ခ်က လွတ်အောင်ရှောင်ထွက်သွားခြင်း ဖြစ်သည်။

အရင်က ခုန်မင်ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်များတွင် မည်သူမှ ဤသို့လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။

မည်သို့ပင်ဖြစ်စေ ရေဒြပ်စင်ကိုယ်ပွားအသုံးပြုပြီး ထွက်ပြေးသွားသည့်တိုင် လော့ခ်အနေဖြင့် ခပ်ဝေးဝေးသို့ ရောက်နိုင်ဦးမည် မဟုတ်ပေ။

စကြာဝဠာများစွာကို ဖြတ်သန်းလာခဲ့သောခုန်မင်က ဝိညာဉ်စွမ်းအား အလွန်ကောင်းမွန်သည်ဖြစ်ရာ သူ၏အာရုံ(၆)ပါးက သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သည်။

လော့ခ်၏ ရေဒြပ်စင်ကိုယ်ပွားက ခုန်မင်ကို ခဏတဖြုတ်မျှ လှည့်စားနိုင်မည်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အစစ် အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် ခုန်မင်က ချက်ချင်းအာရုံခံမိမည်သာပင်။

ခုန်မင်က ချက်ချင်းပင် ပတ်ဝန်းကျင်ကို အာရုံစူးစိုက်ပြီး စစ်ဆေးကြည့်လိုက်ရာ ထွက်ပြေးသွားသော လော့ခ်၏တည်နေရာကို ရှာဖွေတွေ့ရှိသွားသည်။

လော့ခ်သာ ရှုပ်ထွေးလွန်းသည့် မီးတောင်လိုဏ်ဂူလမ်းကြောင်းများထဲသို့ ထွက်ပြေးလွတ်မြောက်သွားပါက ခုန်မင်အနေဖြင့် သူ့ကိုပြန်လည်ဖမ်းဆီးရန် လွယ်ကူမည် မဟုတ်တော့ပေ။

ခုန်မင်က ချက်ချင်းပင် လင်းယုန်တောင်ပံဝတ်ရုံထဲသို့ သစ်သားဒြပ်စင်စွမ်းအား ထည့်သွင်းလိုက်ကာ လော့ခ်နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားသည်။

လော့ခ်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကတော့ ချီးကျူးစရာပင်။

သူက ခုန်မင်ကို မနိုင်မှန်းသိသည်နှင့် တစ်ချက်မတုံ့ဆိုင်းဘဲ ထွက်ပြေးခဲ့သည်။

ကံကောင်းပြီး ခုန်မင်ကိုနိုင်မည်လားဟု စုံလုံးကန်းမယုံစားသလို သူ၏ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် “ဂုဏ်သိက္ခာ” ကိုလည်း အရေးမစိုက်ခဲ့ပေ။

လော့ခ်က စစ်မှန်သည့်စွမ်းအားကိုသာ အ‌လေးထားသူဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်ဆိုသည်က စွမ်းအားကိုခွဲခြားသတ်မှတ်သည့် သာမန်နည်းလမ်းများသာ ဖြစ်၏။

ကျင့်ကြံခြင်းအဆင့်နိမ့်သူတစ်ယောက်က ကျင့်ကြံခြင်းအဆင့်မြင့်သူတစ်ယောက်ကို အနိုင်မယူနိုင်ဟု မည်သူမှ ပုံသေသတ်မှတ်မထားပေ။

ယခုဆိုလျှင် ခုန်မင်၏စွမ်းအားက သူ့ထက်သာလွန်သည်သာမက ရန်သူက သူ့ကို အသေသတ်ရန်ပင် ကြံစည်နေသည်ဖြစ်ရာ လော့ခ်အနေဖြင့် ထွက်ပြေးရန်မှတပါး ရွေးချယ်စရာ မရှိပေ။

လူဆိုသည်က အသက်ရှင်သန်နိုင်မှသာ အနာဂတ်ကိုဖန်တီးနိုင်မည်ဖြစ်ပြီး ပိုမိုစွမ်းအားကြီးမားလာရန်လည်း အခွင့်အရေး ရရှိပေမည်။

သို့သော် ခုန်မင်က အလွန်တရာလျှင်မြန်လှသည်။

လင်းယုန်တောင်ပံဝတ်ရုံ၏ အရှိန်အဟုန်မြှင့်တင်ပေးမှုကြောင့် သူက လော့ခ်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာနိုင်ခဲ့၏။

ထို့ပြင် ခုန်မင်၏လက်ထဲတွင် အဝေးပစ်လက်နက်ဖြစ်သော ယွမ်ရုန်ဒူးလေးရှိနေသည့်အတွက် လော့ခ်၏အခြေအနေက ပိုမိုဆိုးရွားသွားတော့သည်။

မြားမုန်တိုင်းများကြား နောက်တစ်ကြိမ်ပိတ်မိသွားပါက လော့ခ်အနေဖြင့် ရေဒြပ်စင်ကိုယ်ပွားကို နောက်တစ်ကြိမ်အသုံးပြုရန် အခွင့်အရေးရတော့မည် မဟုတ်ပေ။

လော့ခ် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ရုတ်တရက်ပင် သူ့လက်ထဲတွင် အနီရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ခုန်မင်ထံသို့ ပစ္စည်းတစ်ခုဖြင့် အားကုန်လွှဲကာ ပစ်ပေါက်လိုက်သည်။

လော့ခ် ပစ်ခတ်လိုက်သည့် အနီရောင်အလင်းတန်းက အခြားမဟုတ်ပေ။ ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာည်လက်နက်ဖြစ်သော “မီးလျှံဖီးနစ်ငှက်မွှေး” ပင် ဖြစ်၏။

ဟုတ်ပေ၏။

မီးလျှံဖီးနစ်ငှက်မွှေးက ထိပ်တန်းအဆင့် မီးဒြပ်စင်ဝိညာဉ်လက်နက်ဖြစ်လေရာ စွမ်းအားအစစ်အမှန်ကိုထုတ်ဖော်ရန် မီးဒြပ်စင်စွမ်းအားလိုအပ်ပေသည်။

သို့သော် လော့ခ်က ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ပင်မတပည့်တစ်ယောက်ဖြစ်လေရာ မျိုးနွယ်စု၏ အမွေအနှစ်ရတနာပစ္စည်းအကြောင်းကို ကောင်းစွာနားလည်ထားသည်။

မီးလျှံဖီးနစ်ငှက်မွှေးကို ရေဒြပ်စင်စွမ်းအားဖြင့် အတင်းအကျပ်အသုံးပြုရန် ကြိုးစားမည်ဆိုပါက ထိုလက်နက်မှ အလွန်ပြင်းထန်သည့် တန်ပြန်သက်ရောက်မှုများ ပေါက်ကွဲထွက်လာမည် ဖြစ်သည်။

မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအား နိုးထလာမည်ဆိုလျှင် လေထုထဲတွင် “ငရဲမီးကွင်းပြင်” တစ်ခု ချက်ချင်းဖြစ်တည်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ကျယ်ပြန့်သည့် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်ပေမည်။

သူ့နောက်မှလိုက်လာသည့် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်က မည်မျှပင်စွမ်းအားကြီးမားပါစေ ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု ‌ပေါက်ကွဲထွက်သည့်စွမ်းအားကိုတော့ လျစ်လျူရှုရဲမည် မဟုတ်ပေ။

ကျဉ်းမြောင်းသည့် မီးတောင်လိုဏ်ဂူလမ်းကြောင်းတွင် ကြီးမားသော မီးလျှံပင်လယ်ကြီးဖြစ်တည်လာပါက သူ့နောက်မှလိုက်ပါလာသူမှာ သေချာပေါက် ရှေ့ဆက်တိုးနိုင်မည် မဟုတ်တော့ပေ။

လော့ခ်က ပြတ်သားလွန်းပေသည်။

သူ ဘေးကင်းစွာ ထွက်ပြေးနိုင်ရန်အတွက် မီးလျှံဖီးနစ်ငှက်မွှေးကဲ့သို့သော ထိပ်တန်းအဆင့် ရတနာပစ္စည်းမျိုးကိုပင် စွန့်လွှတ်ရန်ဝန်မလေးခဲ့ပေ။

သို့သော် မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားက သူထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေခဲ့သည်။

မီးလျှံဖီးနစ်ငှက်မွှေး၏ အလိုအလျောက်တုံ့ပြန်မှုကြောင့်ဖြစ်ပေါ်လာသော “ငရဲမီးကွင်းပြင်” က ထိုလက်နက်၏ အစစ်အမှန်စွမ်းအားကို ကိုယ်စားမပြုသည့်တိုင် သာမန်ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။

မီးတောင်လိုဏ်ဂူလမ်းကြောင်းက အလွန်ကျဉ်းမြောင်းသည်ဖြစ်ရာ လှိုင်းထန်နေသည့် မီးပင်လယ်ကြီးမှာ အပြင်ဘက်သို့ မိုင်ပေါင်းများစွာ ဖြန့်ကျက်သွားခြင်းမျိုး မပြုလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် မီးတောက်မီးလျှံအလွှာများက တစ်ခုပေါ်တစ်ခုဆင့်သွားပြီး လိုဏ်ဂူလမ်းကြောင်းထဲ ပြည့်နက်ဖိသိပ်သွားသည်။

နောက်ဆုံးမှာတော့ မီးတောင်လိုဏ်ဂူလမ်းကြောင်းထဲတွင် ပြည့်ကြပ်ဖိသိပ်နေသည့် ငရဲမီးကွင်းပြင် မီးလျှံအလွှာများက ဖိအားကိုမခံနိုင်တော့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့၏။

‌လော့ခ်က ရန်သူကိုအချိန်ဆွဲရုံမျှဖြင့် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုဖြစ်သော မီးလျှံဖီးနစ်ငှက်မွှေးကို စွန့်လွှတ်ရဲသည်အထိ ဆုံးဖြတ်ချက်ပြတ်သားမည်ဟု ခုန်မင် ထင်မထားခဲ့မိပေ။

ငရဲမီးကွင်းပြင်မှ မီးဒြပ်စင်စွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသဖြင့် ခုန်မင် လော့ခ်နောက်သို့ ဆက်လိုက်နိုင်ခြင်းမရှိတော့ဘဲ အရှိန်ကိုလျှော့ချလိုက်ရသည်။

ထို့နောက် သူ့ထံဝင်ရောက်လာသည့် အလွန်တရာပြင်းထန်သော ဖိအားကြီးကိုရင်ဆိုင်ရန် ချက်ချင်းပင် နက်ရှိုင်းသစ်သားဒိုင်းကိုဆင့်ခေါ်ကာ ကာကွယ်လိုက်ရသည်။

ပေါက်ကွဲမှုမှ လွင့်စင်ထွက်လာသည့် မီးဒြပ်စင်စွမ်းအားများက အလွန်အမင်း ပြင်းထန်လှသည်။

နက်ရှိုင်းသစ်သားဒိုင်းကဲ့သို့ ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်သည်ပင် ပေါက်ကွဲမှု၏ အရှိန်အဟုန်ကို အပြည့်အဝမခုခံနိုင်ဘဲ ခဏမျှသာ တောင့်ခံထားနိုင်ခဲ့သည်။

ထို့နောက် သစ်သားဒိုင်းတစ်ခုလုံး တုန်ခါသွားပြီး နောက်သို့လွင့်စင်သွားကာ ခုန်မင်အား အရှိန်အဟုန်ဖြင့် ဝင်ဆောင့်လိုက်သည်။

ကံကောင်းသည်မှာ နက်ရှိုင်းသစ်သားဒိုင်းက ကာကွယ်ပေးထားသည့် စက္ကန့်ပိုင်းမျှအချိန်လေးတွင် ခုန်မင်က ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နိုင်ခဲ့ခြင်းပင်။

သူက သံမဏိမြေသားကျင့်စဉ်နှင့် မီးလျှံနဂါးကျင့်စဉ်၏ ခံစစ်စွမ်းအားကိုထုတ်ဖော်ပြီး စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်အား ကြံ့ခိုင်ကျစ်လျစ်သည့် ရှေးဟောင်းသစ်ခြောက်ပင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထို့ကြောင့် နက်ရှိုင်းသစ်သားဒိုင်းနှင့် ဝင်ဆောင့်မိသည့်တိုင် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။

သို့သော် သူ့ခန္ဓာကိုယ်က နောက်သို့လွင့်စင်ထွက်သွားပြီး ကျောက်သားနံရံတစ်ခုနှင့် အရှိန်ပြင်းစွာရိုက်ခတ်မိသွားသည်။

ဒဏ်ရာမရသည့်တိုင် ခုန်မင် တစ်ကိုယ်လုံးထုံကျင်သွားရပြီး ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု၏ အစွမ်းသတ္တိကို ပထမဆုံးအကြိမ် ကိုယ်တိုင်မြည်းစမ်းလိုက်ရခြင်းသာပင်။

ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် ပေါက်ကွဲမှု၏ နောက်ဆက်တွဲရိုက်ခတ်မှုကပင် ဤမျှကြောက်မက်ဖွယ်ကောင်းလေရာ မီးလျှံဖီးနစ်ငှက်မွှေးနှင့် တိုက်ရိုက် ထိုးနှက်တိုက်ခိုက်ခံရပါက ပြောနေစရာပင် မလိုတော့ပေ။

“ဒီမီးလျှံဖီးနစ်ငှက်မွှေးကို ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ကိုင်ဆောင်ထားမယ်ဆိုရင် သူ့အစွမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ ၊ တစ်လောကလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ဒဏ္ဍာရီလာ နတ်ဘုရားစွမ်းအားမျိုးတောင် ဖြစ်သွားနိုင်တယ်”

ခုန်မင် စိတ်ထဲမှ အ‌လေးအနက်တွေးတောလိုက်မိလေ၏။

All Chapters