← Chapters

နှစ်တစ်ထောင်ကျောက်နို့နှစ်

Vol. 15 Ch. 159

နှစ်တစ်ထောင်ကျောက်နို့နှစ်

Vol. 15 Ch. 159

ပြန်စဉ်းစားကြည့်မည်ဆိုလျှင် မီးလျှံဖီးနစ်ငှက်မွှေးကိုပိုင်ဆိုင်ထားသော “ဂါ့ဒ်” မှာ ဖီးနစ်ကျဆုံးတောင်ကြားတွင် သေချာပေါက် စွမ်းအားကြီးမားသည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာရပေမည်။

ဂါ့ဒ်က မီးဒြပ်စင်ကျင့်ကြံသူဖြစ်သလို ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ပင်မတပည့်လည်းဖြစ်လေရာ သူ့အနေဖြင့် မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သည့်တိုင် ၊ ဤလက်နက်က သူ့လက်ထဲတွင် အလွန်တရာ စွမ်းအားကြီးမားနေပေလိမ့်မည်။

မျိုးနွယ်စုအကြီးအကဲများက သူ့ကို ဤအစွမ်းထက်လက်နက် ပေးအပ်လိုက်ခြင်းမှာ ဖီးနစ်ကျဆုံးတောင်ကြားတွင် တဟုန်ထိုး နာမည်ကျော်ကြားလာစေရန်အတွက် ဖြစ်၏။

သို့သော် ဂါ့ဒ်မှာ လော့ခ်၏ အကွက်ချကြံစည်မှုကိုခံရပြီး ကံဆိုးစွာ အသက်ပျောက်သွားခဲ့လေရာ ဖီးနစ်နားခိုရာမျိုးနွယ်စု အကြီးအကဲများ၏ မျှော်လင့်ချက်သည်လည်း အလကားဖြစ်သွားခဲ့သည်။

“သေစမ်း... နက်ရှိုင်းသစ်သားဒိုင်းနဲ့ ခံစစ်စွမ်းအားကျင့်စဉ်တွေ အားကောင်းလွန်းလို့သာ ဒီလောက်ပြင်းထန်တဲ့ ပေါက်ကွဲမှုကနေ ဒဏ်ရာမရဘဲ တောင့်ခံနိုင်ခဲ့တာ...”

ခုန်မင် ရေရွတ်လိုက်သည်။

“ဒါဆို လော့ခ်ရော ဘယ်လိုနေမလဲ...”

အတွေးနှင့်အတူ ခုန်မင် ရှေ့သို့ လှမ်းကြည့်လိုက်၏။

မီးတောင်လိုဏ်ဂူလမ်းကြောင်းမှာ အနည်းဆုံး ပေ(၃၀၀)ခန့် ပြိုကျပျက်ဆီးနေပြီး လမ်းကြောင်းလည်း ပိတ်ဆို့သွားပေပြီ။

ခုန်မင်က ကျောက်တုံးထိန်းချုပ်နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်သည့်တိုင် ဤမျှများပြားစွာပိတ်ဆို့နေသည့် ကျောက်တုံးကျောက်ခဲများကို အချိန်တိုအတွင်း ရှင်းလင်းရန်မှာ လုံးဝမဖြစ်နိုင်ပေ။

ဤပုံအတိုင်းဆိုလျှင် သူ့အနေဖြင့် လော့ခ်နောက်သို့ဆက်လိုက်ရန် မဖြစ်နိုင်တော့ပေ။

မီးဒြပ်စင်စွမ်းအားပေါက်ကွဲမှုကြီးအောက်တွင် လော့ခ်တစ်ယောက် သေလား ရှင်လားဆိုသည်ကတော့ ကံတရားအတိုင်းသာပင်။

ခုန်မင်က လော့ခ်ကို ခေါင်းထဲမှဖွယ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင် ကျောက်ဂူအပျက်အစီးများကို တစ်ချက်အကဲခတ်လိုက်သည်။

ရုတ်တရက်ပင် သူ၏မျက်ဝန်းများက ကျောက်ဂူတစ်နေရာတွင် ပျံသန်းနေသည့် မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းတစ်ခုဆီသို့ ကျရောက်သွားသည်။

ဖုန်မှုန့်နှင့် မီးခိုးများကြားတွင် ထိုအနီရောင်အလင်းတန်းက အတော်လေး မှိန်ဖျော့နေသည်။

သို့သော် ထိုအလင်းတန်းကိုတွေ့လိုက်သည်နှင့် အလွန်တရာ စိတ်တည်ငြိမ်လှပါသည်ဆိုသော ခုန်မင်သည်ပင် တားဆီးမရနိုင်အောင် စိတ်လှုပ်ရှားသွားရသည်။

ထိုအနီရောင်အလင်းတန်းက အခြားမဟုတ်ပေ။

ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် ဖြစ်သော “မီးလျှံဖီးနစ်ငှက်မွှေး” ပင် ဖြစ်၏။

ကြောက်မက်ဖွယ်ရာ ငရဲမီးကွင်းပြင် ပေါက်ကွဲထွက်မှု ပြီးဆုံးသည့်နောက် မီးလျှံဖီးနစ်ငှက်မွှေးသည်လည်း ငြိမ်သက်သွားကာ ဒြပ်စင်စွမ်းအား အတက်အကျသည်လည်း မူအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ခုန်မင် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားလိုက်သည်။

သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ မီးဒြပ်စင်စွမ်းအားစီးကြောင်းတစ်ခုထွက်ပေါ်လာပြီး မီးလျှံဖီးနစ်ငှက်မွှေးကို ညင်သာစွာရစ်ပတ်သွားသည်။

ထို့နောက် မီးလျှံဖီးနစ်ငှက်မွှေးက ခုန်မင်လက်ဖဝါးထက်သို့ ညင်သာစွာ ဆင်းသက်လာသည်။

မီးလျှံဖီးနစ်ငှက်မွှေးအတွင်းရှိ စွမ်းအားများက အလွန်တရာ တည်ငြိမ်လေရာ အပေါ်ယံကြည့်ရုံမျှဖြင့် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားလက်နက်တစ်ခုဖြစ်ကြောင်း မည်သူမှ မသိရှိနိုင်ပေ။

သို့သော် ထိုပစ္စည်းနှင့် ထိတွေ့လိုက်သည်နှင့် ကျယ်ပြောလှသော သမုဒ္ဒရာကြီးပမာ တရိပ်ရိပ်တိုးဝှေ့လာသည့် အဆုံးအစမရှိသော စွမ်းအားလှိုင်းလုံးများကို ခုန်မင် အာရုံခံလိုက်မိသည်။

ခုန်မင်က မီးဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူ ဖြစ်သည်။

သို့ဖြစ်ရာ သူ့အနေဖြင့် ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ကျင့်စဉ်များကို မသိရှိသည့်တိုင် အလွန်သန့်စင်သည့် မီးဒြပ်စင်စွမ်းအားကိုအသုံးပြုပြီး မီးလျှံဖီးနစ်ငှက်မွှေးကို သေချာပေါက် သန့်စင်ထိန်းချုပ်နိုင်ပေသည်။

ခုန်မင်အတွက်တော့ တိုက်စစ်အတွက် မီးလျှံဖီးနစ်ငှက်မွှေးနှင့် ခံစစ်အတွက် နက်ရှိုင်းသစ်သားဒိုင်းရှိမည်ဆိုလျှင် ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ကြောက်စရာမရှိတော့ပေ။

နှမျောစရာကောင်းသည်မှာ ငရဲမီးကွင်းပြင်ပေါက်ကွဲမှုကြောင့် ဂါ့ဒ်၏ သိုလှောင်အိတ်ထဲတွင် စုဆောင်းထားသည့် ဆေးလုံးများ ၊ ဝိညာဉ်ဆေးပင်များ ၊ ဒြပ်စင်စွမ်းအားအမြုတေများအားလုံး ပြာမှုန့်အဖြစ် ပြောင်းလဲသွားခြင်းပင်။

ထိုပစ္စည်းများသာမက ဂါ့ဒ်နှင့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်၏ ရုပ်အလောင်းများသည်လည်း မီးလေင်ကျွမ်းကာ အစအနပင်မကျန်အောင် ပြာကျသွားခဲ့ပေ၏။

ကံကောင်းစွာဖြင့် ဂါ့ဒ်၏ကိုယ်ပေါ်မှ တန်ဖိုးအရှိဆုံး ရတနာပစ္စည်း(၂)ခုကတော့ ပျက်ဆီးမသွားခဲ့ပေ။

တစ်ခုက ခုန်မင့်လက်ထဲရောက်လာသော “မီးလျှံဖီးနစ်ငှက်မွှေး” ဖြစ်ပြီး ကျန်တစ်ခုကတော့ လော့ခ် လက်ထဲရောက်ရှိသွားသည့် “ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်” ဖြစ်သည်။

ဟုတ်ပေ၏။

လက်ရှိတွင် လော့ခ်၏ အခြေအနေက မည်သို့ရှိပါသနည်း။

မီးတောင်လိုဏ်ဂူလမ်းကြောင်း အခြားတစ်ဖက်ရှိ ပြိုကျပျက်ဆီးနေသော ကျောက်တုံးကျောက်ခဲများနှင့် ဖုံမှုန့်များကြားတွင် လော့ခ်တစ်ယောက် ပုံလျက်သား လဲကျနေသည်။

သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့်ပြည့်နေပြီး အသက်ကိုမနည်းလုကာ မောဟိုက်စွာရှူရှိုက်နေရသည်။

မီးတောင်လိုဏ်ဂူလမ်းကြောင်းထဲတွင် မီးလျှံဖီးနစ်ငှက်မွှေး၏ ငရဲမီးကွင်းပြင်ကိုထုတ်ဖော်လိုက်ခြင်းက ဤမျှပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားမည်ဟု လော့ခ်ကိုယ်တိုင်လည်း တွေးထင်မထားခဲ့ပေ။

သူ အတတ်နိုင်ဆုံး လွတ်အောင်ပြေးခဲ့သော်လည်း ပေါက်ကွဲမှု၏ နောက်ဆက်တွဲရိုက်ခတ်မှုဒဏ်ကို ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပေ။

သူ့တွင် ခုန်မင်ကဲ့သို့ ကာကွယ်ပေးမည့် နက်ရှိုင်းသစ်သားဒိုင်းမရှိသဖြင့် ပြင်းထန်သော စွမ်းအားလှိုင်းလုံးများ၏ ထိုးနှက်မှုကို သိသိသာသာပင် ခံစားလိုက်ရသည်။

လော့ခ်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ဖြစ်သောကြောင့်သာ အသက်ပျောက်မသွားသော်လည်း ပေးဆပ်လိုက်ရသည့်တန်ဖိုးကတော့ အတော်လေးကြီးမားသည်။

သူ၏ခန္ဓာကိုယ်ထက်မှ အရိုး(၁၂)ချောင်းခန့် ကြေမွသွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း ပြောင်းဆန်လျှက် နေရာအနေအထားများ ပျက်ယွင်းကုန်သည်။

လော့ခ်က အံတင်းတင်းကြိတ်လိုက်ပြီး လျှို့ဝှက်သိမ်းဆည်းထားသည့် “သက်ဝင်ဆေးလုံး” တစ်လုံးကို ခက်ခက်ခဲခဲထုတ်ယူကာ မျိုချလိုက်၏။

ထို့နောက် အားတင်းကာမတ်တတ်ရပ်လိုက်ပြီး မီးတောင်လိုဏ်ဂူလမ်းကြောင်း အခြားတစ်ဖက်သို့ ဆက်လက်ထွက်ပြေးသွားတော့၏။

လော့ခ် သေချာနားလည်ထားသည်မှာ -

အသက်ရှင်နေသရွေ့ အနာဂတ်အတွက် မျှော်လင့်ချက်ရှိနေမည်ဆိုသောအချက်ပင် ဖြစ်သည်။

ခုန်မင်က မီးလျှံဖီးနစ်ငှက်မွှေးအား တိုရီယာလက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး ပြိုကျပျက်စီးနေသော လိုဏ်ဂူလမ်းကြောင်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

လမ်းကြောင်းက လုံးဝပိတ်ဆို့သွားပြီဖြစ်ရာ သူ့အနေဖြင့် လော့ခ်နောက်သို့ဆက်လိုက်ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ပေ။

လော့ခ်က တကယ်ပင် မဆိုးလှပေ။

အသက်ရှင်သန်ရန်အတွက် မီးလျှံဖီးနစ်ငှက်မွှေးကဲ့သို့သော အဖိုးတန်ရတနာကိုပင် ပြတ်သားစွာ စွန့်လွှတ်ဝံ့ပေသည်။

ငရဲမီးကွင်းပြင် ပေါက်ကွဲထွက်မှုက ကြောက်မက်ဖွယ်ရာ ပြင်းထန်လှ‌သော်လည်း လော့ခ်ကိုတော့ အသက်ပျောက်သွားစေမည်မဟုတ်ကြောင်း ခုန်မင် ခန့်မှန်းမိသည်။

အကယ်၍...

နောင်တစ်ချိန် သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ကြဦးမည်ဆိုလျှင် သေချာပေါက် သူသေကိုယ်သေတိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားလာမည်မှာ မလွဲဧကန်ပင်။

ဘာပဲဖြစ်ဖြစ် ထိုက်တန်သည့် ပြိုင်ဘက်ကောင်းတစ်ယောက် ရှိနေခြင်းက မိမိ၏တိုက်ခိုက်လိုစိတ်နှင့် ကိုယ်ရည်ကိုယ်သွေးကို ပိုမိုထက်မြက်လာစေပေမည်။

တကယ်တော့ ပြိုင်ဘက်မရှိသည့်လောကကြီးတွင် နေထိုင်ရသည်က အလွန်ပင် ပျင်းစရာကောင်းသည် မဟုတ်ပါလား။

ခုန်မင်က တိုရီယာလက်စွပ်ထဲမှ ဖီးနစ်ကျဆုံးတောင်ကြား မြေပုံအပြည့်အစုံကို ထုတ်ယူကာ လမ်းကြောင်းပြန်လည်စစ်ဆေးပြီးနောက် အခြားတစ်ဖက်ရှိ လိုဏ်ဂူလမ်းကြောင်းဆီသို့ ဦးတည်လိုက်သည်။

လော့ခ် လွတ်မြောက်သွားသော်လည်း မီးလျှံဖီးနစ်ငှက်မွှေးကို ရရှိလိုက်သဖြင့် ခုန်မင်အတွက် အမြတ်ထွက်သည်ဟု ဆိုရမည်။

ခုန်မင်က မီးလျှံသလင်းကျောက်များကို ဆက်လက်မရှာဖွေတော့ဘဲ လိုဏ်ဂူလမ်းကြောင်း မြေအောက်ဝင်ပေါက်မှတဆင့် မြေအောက်နန်းတော်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။

မြေအောက်နန်းတော်သို့ ဝင်ရောက်ခြင်းက ဖီးနစ်ကျဆုံးတောင်ကြား ခရီးစဉ်၏ အရေးကြီးဆုံး စတင်ခြင်းအပိုင်း ဖြစ်သည်။

လမ်းခရီးတစ်လျှောက်မှာတော့ ခုန်မင်က အခွင့်အရေးကို လက်လွှတ်မခံဘဲ မီးလျှံသလင်းကျောက်များကို ရသမျှ စုဆောင်းသွားသေး၏။

နောက်ဆုံး သူ့လက်ထဲ မီးလျှံသလင်းကျောက် တစ်ရာနီးပါးပင် ရရှိလာသည်။

***

ထိုသို့ဖြင့်...

ခုန်မင် မီးတောင်လိုဏ်ဂူလမ်းကြောင်းများထဲသို့ ဝင်ရောက်လာသည်မှာ (၈)ရက် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပေသည်။

မရေမတွက်နိုင်သည့် လိုဏ်ဂူလမ်းကြောင်းများစွာကို ဖြတ်သန်းပြီးနောက် ကျောက်ဂူဝတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုကျောက်ဂူဝမှ အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် ကျယ်ပြောလှသော ထူးဆန်းသည့် မြေအောက်ကမ္ဘာဆီသို့ ခြေချလိုက်နိုင်ပေပြီ။

ကျောက်ဂူဝမှ လှမ်းထွက်လိုက်သည်နှင့် အလွန်တရာကြီးမားသော ထုံးကျောက်လိုဏ်ဂူကြီးတစ်ခုအတွင်းသို့ ခုန်မင် ရောက်ရှိလာသည်။

ထူးဆန်းသည်မှာ မှောင်မိုက်သည့် မြေ‌အောက်ကမ္ဘာပင်ဖြစ်သော်ငြား ဤလိုဏ်ဂူထဲတွင် ရောင်စုံအလင်းတန်းများ တောက်ပနေခြင်း ဖြစ်၏။

ထုံး‌ကျောက်လိုဏ်ဂူထဲရောက်သည်နှင့် ခုန်မင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အပေါ်သို့ ခေါင်းမော့ကြည့်လိုက်သည်။

ဂူအမိုးက ပေ(၃၀၀)ကျော်ခန့်မြင့်မားပြီး အပေါ်ဘက်မှ မရေမတွက်နိုင်အောင်များပြားသည့် ကျောက်စက်ပန်းဆွဲများ ဇောက်ထိုးတွဲကျလျှက် ရှိသည်ကို တွေ့လိုက်ရသည်။

ထိုကျောက်စက်ပန်းဆွဲများက အတိုအရှည် အမျိုးမျိုးရှိကြပြီး ရောင်စုံသလင်းကျောက်များနှင့် ပေါင်းစပ်ထားသဖြင့် ဂူတစ်ခုလုံးကို ရောင်စုံအလင်းတန်းများဖြင့် တောက်ပနေစေခြင်း ဖြစ်ပေသည်။

ကျောက်စက်ပန်းဆွဲများ၏ထိပ်ဖျားတွင် နို့နှစ်ရောင်အရည်များ စုဝေးနေပြီး တစ်စက်ချင်းစီ အောက်သို့စိမ့်ကျလျှက်ရှိပြီး ကျောက်ဂူအလယ်ရှိ ရေကန်ငယ်လေးထဲသို့ စီးဝင်နေကြသည်။

ထိုရေကန်ငယ်လေးသည်လည်း အလွန်ထူးခြားပေ၏။

ရေကန်၏အလယ်ဗဟိုတွင် (၃)ပေခန့်မြင့်မားသော ကျောက်တိုင်တစ်ခုထိုးထွက်နေပြီး ကျောက်တိုင်ထိပ်ပိုင်းက ပန်းကန်လုံးပုံစံ ချိုင့်ဝင်နေသည်။

ထို "ကျောက်ခွက်" ထဲတွင် အလွန်တရာပျစ်ခဲနေသော နို့နှစ်ရောင်အရည်များ ရှိနေသည်။

ထိုအရည်ထဲတွင် ကိန်းအောင်းနေသည့် မြေဒြပ်စင်စွမ်းအား သိပ်သည်းဆမှာ အဆင့်(၄) သို့မဟုတ် အဆင့်(၅)ရှိသော မြေဒြပ်စင်သားရဲများ၏ အမြုတေထက်ပင် ပိုမိုသာလွန်သည်။

ဤနို့နှစ်ရောင်အရည်များက အခြားမဟုတ်ပေ။

ကျောက်စက်ပန်းဆွဲများ၏ အဆီအနှစ်များကို နှစ်ပေါင်းထောင်ချီ ဖြည်းဖြည်းချင်းသန့်စင်ရာမှ စိမ့်ထွက်လာသည့် “နှစ်တစ်ထောင်ကျောက်နို့နှစ်” ပင် ဖြစ်သည်။

"နှစ်တစ်ထောင် ကျောက်နို့နှစ်" ဆိုသည်က အလွန်တရာ ရှားပါးသော သဘာဝရတနာတစ်ပါး ဖြစ်၏။

ထိုအရာဖြစ်တည်လာရန်အတွက် ထူးခြားဆန်းပြားသည့် မြေပြင်အနေအထားရှိရန် လိုအပ်သည်သာမက ကာလရှည်ကြာ ဖိနှိပ်သန့်စင်မှုကိုလည်း လိုအပ်သည်။

ဖီးနစ်ကျဆုံးတောင်ကြားကဲ့သို့ ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ကာ ပိတ်ဆို့နေသည့် နေရာမျိုးမှလွဲ၍ အခြားသောနေရာများတွင် ဤမျှပမာဏများပြားသော ကျောက်နို့နှစ်ကိုတွေ့ရှိရန် မဖြစ်နိုင်သလောက်ပင်။

ကျောက်နို့နှစ်ကို အဂ္ဂိရတ်ပညာဖြင့် ဆေးလုံးဖော်စပ်ခြင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး ၊ အဆင့်မြင့်ဆေးလုံးများဖော်စပ်ရာတွင် မရှိမဖြစ်အရေးပါသော ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

နောက်တစ်ချက်မှာ မြေဒြပ်စင်စွမ်းအားကျင့်ကြံသူများအနေဖြင့် ကျောက်နို့နှစ်ကို ဤအတိုင်းသောက်သုံးရုံမျှဖြင့်ပင် ကျင့်ကြံခြင်းအရှိန်အဟုန် အဆမတန် မြင့်တက်လာစေနိုင်သည်။

မြေဒြပ်စင်ကျင့်ကြံသူများအတွက် ကျောက်နို့နှစ်က ကျင့်ကြံခြင်းအထောက်အကူပြုသည့် ဆေးလုံးများထက်ပင် များစွာသာလွန်ပေသည်။

ခုန်မင်က မြေအောက်နန်းတော်သို့ဝင်ရောက်ရန်အတွက် ဤလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းမှာ ကျောက်နို့နှစ်ကို လိုချင်သောကြောင့် ဖြစ်သည်။

ဖီးနစ်ကျဆုံးတောင်ကြား၏ ပြီးပြည့်စုံသည့်မြေပုံတွင် ဤနေရာတစ်ခုတည်းတွင်သာ ကျောက်နို့နှစ်ကို တွေ့ရှိနိုင်သည်ဟု မှတ်ချက်ပြုထားသည်။

ထို့ကြောင့် ခုန်မင်အနေဖြင့် ဤရှားပါးရတနာကို အရယူလိုပါက မဖြစ်မနေ ဤလမ်းကြောင်းအတိုင်း လာရောက်ရမည်သာပင်။

သို့သော် အဓိကအန္တရယ်မှာ သူ့ရှေ့တွင်ရှိနေသော တည်ငြိမ်သည့်ရေကန်ငယ်လေး ဖြစ်ပေ၏။

"နှစ်တစ်ထောင် ကျောက်နို့နှစ်" ကဲ့သို့သော ရတနာမျိုး တည်ရှိရာနေရာတွင် ထိုရတနာကိုစောင့်ကြပ်သည့် မှော်ဝင်သားရဲများ သေချာပေါက် ရှိသည်သာပင်။

ရေကန်ငယ်လေးအောက်တွင် “ကျောက်နို့နှစ်ဖား” ဆိုသော ရေနှင့်မြေ ဒြပ်စင်စွမ်းအားနှစ်မျိုးစပ် မှော်ဝင်သားရဲများ ပုန်းအောင်းနေကြသည်။

ထိုသားရဲများက အဆင့်(၄)သားရဲများဖြစ်သော်လည်း ဒြပ်စင်စွမ်းအားနှစ်မျိုး ပိုင်ဆိုင်ခြင်းနှင့် အုပ်စုဖွဲ့နေထိုင်တတ်သည့်အလေ့အထတို့ကြောင့် အန္တရယ်များသည့်သားရဲများအဖြစ် သတ်မှတ်ခံရသည်။

တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် ကျောက်နို့နှစ်ဖားအုပ်စုတစ်စု၏ အန္တရာယ်မှာ အဆင့်(၅) မှော်ဝင်သားရဲတစ်ကောင်ထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းသည်။

သို့သော် ခုန်မင်က ဤနေရာအထိ တကူးတကရောက်လာပြီး 'နှစ်တစ်ထောင် ကျောက်နို့နှစ်' ကို အရယူရန်ဆုံးဖြတ်ထားလေရာ ကျောက်နို့နှစ်ဖားများနှင့် သေချာပေါက် တိုက်ခိုက်ရပေတော့မည်။

All Chapters