မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအား
Vol. 15 Ch. 160
ခုန်မင်က အသစ်ရရှိထားသော မီးလျှံဖီးနစ်ငှက်မွှေးကို စမ်းသပ်အသုံးချပြီး ကျောက်နို့နှစ်ဖားများကို တိုက်ခိုက်ကြည့်ရန် ဆုံးဖြတ်ထားသည်။
သူက ထုံးကျောက်လိုဏ်ဂူထဲတွင် မတ်တတ်ရပ်လျှက် ရေကန်နားသို့တိုးကပ်သွားခြင်းမပြုဘဲ ဒြပ်စင်စွမ်းအားကို အသာထုတ်ဖော်လိုက်ရာ တည်ငြိမ်သောကန်ရေပြင်ထက် လှိုင်းကြက်ခွပ်လေးများ ထွက်ပေါ်လာသည်။
ရေကန်က သိပ်ပြီး ကျယ်ဝန်းခြင်းမရှိပေ။ ပေအနည်းငယ် သာကျယ်ပြန့်လေသည်။
ရေမျက်နှာပြင်က မြေပြင်နှင့်တသားတည်းဖြစ်နေလေရာ ခုန်မင်ထုတ်လွှတ်လိုက်သည့် ဒြပ်စင်စွမ်းအားတုန်ခါမှုကြောင့် ရေများလှုပ်ခတ်သွားပြီး ကမ်းပါးထက်သို့ လျှံတက်လာသည်။
ထိုအချိန်မှာပင်...
ရေကန်ထဲမှ မိုးခြိမ်းသံပမာ ကျယ်လောင်သော ဖားအော်သံကြီးထွက်ပေါ်လာပြီး ကျောက်ဂူတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ထိုဖားအော်သံထွက်ပေါ်လာသည်နှင့် လှုပ်ခတ်နေသော ကန်ရေပြင်က ချက်ချင်းဆိုသလို ပြန်လည်ငြိမ်သက်သွားသည်။
ထို့နောက် တည်ငြိမ်နေသည့်ကန်ရေပြင်ထဲမှ လက်ဆေးဇလုံခန့် အရွယ်အစားရှိပြီး တကိုယ်လုံး ကျောက်စိမ်းရောင်တောက်ပနေသည့် ဖားကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ထိုဖားကြီးကို ရေလှိုင်းများက ဝိုင်းရံပင့်တင်ထားပြီး ရေထဲသို့ နစ်မြုပ်မသွားစေရန် ထိန်းမတ်ပေးထားသည်။
သူ့နယ်မြေထဲသို့ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာသည့် ခုန်မင်အပေါ် ဤကျောက်စိမ်းဖားကြီးက စေတနာထားလိမ့်မည် မဟုတ်ပေ။
ဖားကြီးက ပဲစေ့ခန့်ရှိပြီး ပတ္တမြားရောင်တောက်ပနေသည့် မျက်ဝန်းများဖြင့် ခုန်မင်ကို စူးစိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက အဆင့်(၄) မှော်ဝင်သားရဲ၏ ရောင်ဝါကိုထုတ်ဖော်ကာ ခုန်မင်ကို ဖိအားပေးရန် ကြိုးစားနေသည်။
ခုန်မင်ကတော့ ထို အဆင့်(၄)သားရဲကို ကြောက်ရွံ့ခြင်း မရှိပေ။
သူက တည်ကြည်သည့်မျက်ဝန်းများဖြင့် ကျောက်စိမ်းဖားကြီးကို ပြန်လည်စူးစိုက်ကြည့်လိုက်ပြီး အေးဆေးသည့်လေသံဖြင့် စကားဆိုလိုက်သည်။
“ဖားမင်း... ဒီ 'နှစ်တစ်ထောင် ကျောက်နို့နှစ်' တွေကို မင်းတစ်ယောက်တည်း အပိုင်သိမ်းထားတာ... နည်းနည်းတော့ အတ္တကြီးရာမကျဘူလား ၊ ငါလည်း ဒီနေ့ ဒီလမ်းက ဖြတ်သွားတယ်ဆိုတော့ နည်းနည်းလောက်ခွဲပေးပါလား ၊ အပြန်အလှန် စေတနာထားကြတာပေါ့”
အဆင့်(၄) မှော်ဝင်သားရဲများက လူသားများကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးရှိကြသည်။
ကျောက်နို့နှစ်ဖားက လူစကားမပြောနိုင်သော်လည်း ခုန်မင်၏ စကားအဓိပ္ပါယ်ကို နားလည်သည်။ သူ၏လေသံက အကောင်းပြောခြင်းမဟုတ်ဘဲ လှောင်ပြောင်သည့်အငွေ့အသက်များပါနေသည်ကိုလည်း ကောင်းစွာသဘောပေါက်သည်။
ထို့ကြောင့်ပင် ကျောက်နို့နှစ်ဖား၏ ပတ္တမြားရောင် မျက်ဝန်းကြီးများတွင် မုန်းတီးရိပ်များယှက်သမ်းသွားပြီး ကျယ်လောင်စွာ တစ်ချက်အော်ဟစ်လိုက်၏။
သူသာ လူစကားပြောတတ်မည်ဆိုပါက ဤအသံက ခုန်မင်ကို ဆဲဆိုအော်ဟစ်လိုက်ခြင်း ဖြစ်ပေမည်။
မှော်ဝင်သားရဲများ၏ဉာဏ်ရည်ကို ဘယ်သောအခါမှ အထင်မသေးသင့်ပေ။ မှော်ဝင်သားရဲများ အဆင့်မြင့်လာလေ သူတို့၏ဉာဏ်ရည်က လူသားများနှင့် ပိုမိုနီးစပ်လာလေ ဖြစ်သည်။
ကျယ်လောင်သောဖားအော်သံကြီး ထွက်ပေါ်လာပြီးသည်နှင့် ခုန်မင်၏ခြေထောက်အောက်ရှိမြေပြင်က တုန်ခါသွားပြီး တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ခုန်မင်သာ သတိမရှိပါက ရုတ်တရက် အငိုက်မိသွားပြီး ထိုတွင်းကြီးထဲ ကျသွားမည်ဖြစ်သည်။
သို့သော် ခုန်မင်က ဤသို့ဖြစ်လာမည်ကို ကြိုတင်တွက်ဆထားပြီးသားပင်။ သူက အံ့အားသင့်ဟန် တစ်ချက်မပြဘဲ တွင်းနက်ကြီးထဲပြုတ်မကျအောင် အသာခုန်ရှောင်ကာ တွင်းနှုတ်ခမ်းဝဆီသို့ လှပစွာပင် ဆင်းသက်လိုက်၏။
ခုန်မင်က သက်ပြင်းချရင်း...
“ဖားမင်း... မင်းက ဧည့်သည်အပေါ်မှာ မရိုးသားဘူးပဲ ၊ မင်းတို့မျိုးနွယ်တွေက အမြဲတမ်း ဒီလိုပဲလုပ်တတ်ကြတာလား ၊ တစ်ကောင်က အာရုံလွှဲထားပြီး နောက်တစ်ကောင်က အောက်ကနေ ခိုးပြီးတိုက်ခိုက်တယ်ပေါ့လေ...”
သူက ခေါင်းတစ်ချက်ညိတ်ရင်း ဆက်ပြောလိုက်သည်။
“အင်း... မင်းတို့တွေက မြေနဲ့ရေ ဒြပ်စင်နှစ်မျိုးစပ်တွေ ပီသပါပေတယ် ၊ အခုလိုမျိုး မြေပြိုကျင့်စဉ်ကို အသံတစ်ချက်မထွက်ဘဲ အသုံးပြုနိုင်တာ တကယ်ချီးကျူးစရာပါပဲ”
ခုန်မင်၏စကားဆုံးသွားသည်နှင့် ပြိုကျသွားသောတွင်းနက်ထဲမှ နောက်ထပ် ကျောက်နို့နှစ်ဖားတစ်ကောင် ခုန်ထွက်လာသည်။
ထိုဖား၏ပုံစံသည်လည်း ရေကန်ထက်တွင်ရှိနေသည့် ကျောက်စိမ်းဖားနှင့် တစ်ပုံစံတည်း ဖြစ်သည်။
သူက ခုန်မင်ကို စူးစိုက်ကြည့်လိုက်ပြီး တစ်ချက်အော်ဟစ်ကာ ရေကန်ထက်သို့ခုန်ပျံထွက်ခွာသွားပြီး ရေကန်ထက်မှဖားနံဘေးသို့ ရောက်ရှိသွားသည်။
ကျောက်နို့နှစ်ဖား အထီးတစ်ကောင် အမတစ်ကောင်ဖြစ်ပြီး ဤထုံးကျော်ကလိုဏ်ဂူ၏ ဘုရင်နှင့် ဘုရင်မ ဖြစ်ပေသည်။
ခုန်မင်သာ သစ်သား-မြေ-မီး ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသူမဟုတ်လျှင် ၊ သို့မဟုတ် ကျောက်တုံးထိန်းချုပ်နည်းစနစ်ကို ကျွမ်းကျင်စွာတတ်မြောက်ထားခြင်းမရှိလျှင် ခြေထောက်အောက်မှ မြေဒြပ်စင်တုန်ခါမှုကို အကဲဆတ်စွာ အာရုံခံမိမည် မဟုတ်ပေ။
သို့ဖြစ်ပါက သူ့အနေဖြင့် အငိုက်မိကာ တွင်းနက်ထဲ ကျရောက်သွားရပေမည်။ တွင်းနက်ထဲပြုတ်ကျသွားပါက အသက်အန္တရယ်မရှိလျှင်တောင်မှ သိက္ခာတော့ကျရမည်ပင်။
ယခု အခြေအနေကြည့်ရသည်မှာ ကျောက်နို့နှစ်ဖားများက နှစ်တစ်ထောင်ကျောက်နို့နှစ်ကို ခုန်မင်အား ခွဲပေးချင်ဟန် မရှိပေ။
သူတို့ဘက်မှ အရင်စတင်တိုက်ခိုက်သည်ဖြစ်ရာ ခုန်မင်သည်လည်း လက်တွန့်နေစရာ အကြောင်းမရှိပေ။
သူက လက်ကောက်ဝတ်ကိုတစ်ချက်ခါလိုက်ရာ မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး သူ့လက်ထဲတွင် မီးလျှံဖီးနစ်ငှက်မွှေး ထွက်ပေါ်လာသည်။
မီးလျှံဖီးနစ်ငှက်မွှေး၏ ဒြပ်စင်စွမ်းအားက အလွန်ငြိမ်သက်ပြီး မပြင်ပန်းကြည့်လျှင် သာမန်မျှသာ ထင်ရသည်။ ထို့ကြောင့် မည်သူမှ ဤပစ္စည်းကို ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဟု ရိပ်မိကြမည် မဟုတ်ပေ။
သို့သော် မှော်ဝင်သားရဲများကတော့ အန္တရယ်ကို ကြိုတင်အာရုံခံနိုင်စွမ်းရှိကြသည်။
မီးလျှံဖီးနစ်ငှက်မွှေး ထွက်ပေါ်လာသည်နှင့် ကျောက်နို့နှစ်ဖားနှစ်ကောင်လုံး မျက်လုံးများ မှေးစင်းလိုက်ကြပြီး ပါးစပ်များဟကာ လျှာများကိုထုတ်လိုက်ကြသည်။
သူတို့လျှာများထက်တွင် အပြာရောင်စွမ်းအားလှိုင်းလုံးလေးများ စတင်စုစည်းလာကြသည်။ ဤသည်က ခုန်မင်ကို အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်လိုက်ခြင်းပင်။
ဒြပ်စင်နှစ်မျိုးစပ် မှော်ဝင်သားရဲများကို ကိုင်တွယ်ရသည်က အလွန်ပင်ခက်ခဲသည်။ သို့သော် ခုန်မင်က ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူဖြစ်၏။
အထူးသဖြင့် သူ့လက်ထဲတွင် မီးလျှံဖီးနစ်ငှက်မွှေးရှိနေလေရာ ကျောက်နို့နှစ်ဖားများကိုတိုက်ခိုက်ရန်အတွက် စွမ်းအားလုံလောက်သည်ထက်ပင် ပိုနေသေးသည်။
ခုန်မင်အတွက် စိုးရိမ်စရာရှိသည်မှာ မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားက ပြင်းထန်လွန်းနေမည်ကိုသာ ဖြစ်သည်။
တိုက်ပွဲအရှိန်အဟုန်ကြောင့် ပျက်ဆီးမှုများပြားပြီး 'နှစ်တစ်ထောင် ကျောက်နို့နှစ်' များပါ မီးလောင်ပြာကျသွားပါက သူကြိုးစားသမျှ အလကားဖြစ်သွားပေမည်။
ထို့ကြောင့် ကျောက်နို့နှစ်ဖားနှစ်ကောင်နှင့် ရင်ဆိုင်ရသည့်တိုက်ပွဲငယ်တွင် ခုန်မင်ကမီးလျှံဖီးနစ်ငှက်မွှေးကို သေချာထိန်းချုပ်အသုံးချရန် ဆုံးဖြတ်လိုက်သည်။
ဤသည်က ခုန်မင်အတွက် လေ့ကျင့်မှုတစ်ခုလည်းဖြစ်၏။
ဤထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပါက နောင်တစ်ချိန်တွင် ဤလက်နက်က သူ အားအထားရဆုံး ဝှက်ဖဲတစ်ချပ် ဖြစ်လာနိုင်သည်။
ခုန်မင်က မီးလျှံဖီးနစ်ငှက်မွှေးကို ပထမဆုံး စတင်အသုံးပြုသည်ဖြစ်ရာ စွမ်းအားကုန်ထုတ်မသုံးခဲ့ပေ။ သူက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိသော "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကိုပင် မထုတ်ဖော်ရဲခဲ့ပေ။
ထိုကျင့်စဉ်က အဆင့်မြင့်လွန်းသည်ဖြစ်ရာ မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားကို အလွန်အမင်း လှုံ့ဆော်လိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ခုန်မင်က ကိုယ်တွင်းမှ မီးဒြပ်စင်စွမ်းအားကိုစုစည်းလိုပ်ပြီး "မီးလျှံနဂါးကျင့်စဉ်" ကို လှည့်ပတ်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ သူက ဤကျင့်စဉ်စွမ်းအားကို ခံစစ်အတွက်အသုံးမပြုဘဲ တိုက်စစ်အဖြစ်သီးသန့်ခွဲထုတ်ကာ မီးလျှံဖီးနစ်ငှက်မွှေးအတွင်းသို့ စီးဝင်စေလိုက်သည်။
မီးလျှံနဂါးကျင့်စဉ်၏ တိုက်စစ်စွမ်းအားက မီးဒြပ်စင်စွမ်းအားကို သေးငယ်သောအပ်ချည်မျှင်များပမာ ကျစ်လျစ်အောင် ပြုလုပ်ပေးခြင်း ဖြစ်၏။
ထို့ကြောင့် ငှက်မွှေးအတွင်းသို့စီးဝင်သွားသောစွမ်းအားမှာ အလွန်သေးငယ်သည့် အမျှင်တန်းလေးမျှသာ ဖြစ်သည်။
သို့သော် ထိုမျှလောက်သော မီးဒြပ်စင်စွမ်းအားလေးကပင် မီးလျှံဖီးနစ်ငှက်မွှေးကို ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်စေခဲ့သည်။
ယခင်က မှိန်ဖျော့နေသော အနီရောင်အလင်းတန်းက ရုတ်ချည်းပင် မျက်စိကျိန်းမတတ် တောက်ပလာသည်။
အနီရောင်အလင်းတန်းများ ရောက်ရှိသွားရာ နေရာတိုင်းတွင် ပတ်ဝန်းကျင်မှအရာအားလုံးကို ဝါးမျိုလောင်ကျွမ်းပစ်တော့မည့်အလား ပြင်းထန်သော မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။
မီးဒြပ်စင်စွမ်းအား အနည်းငယ်မျှဖြင့် မီးလျှံဖီးနစ်ငှက်မွှေးကို ဤမျှအထိ လှုံ့ဆော်နိုင်သည်မှာ အမှန်တကယ်ပင် 'ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်' ဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်လှသည်။
ပိုပြီးထူးခြားသည်မှာ ခုန်မင်၏လက်ထဲတွင် မီးလျှံဖီးနစ်ငှက်မွှေးကို ထိန်းချုပ်ထားရုံမျှဖြင့် သူ့ရှေ့မှ မီးတောက်မီးလျှံများကို အလိုရှိတိုင်း ထိန်းချုပ်စေခိုင်းနိုင်ခြင်းဖြစ်၏။
သူ စိတ်စေစားလိုက်ရုံမျှဖြင့် ပတ်ဝန်းကျင်တွင်ပျံ့နှံ့နေသည့် မီးတောက်မီးလျှံများက ရေကန်ထက်သို့ ရွေ့လျားသွားပြီး ကျောက်နို့နှစ်ဖားနှစ်ကောင်အား မီးလျှံများကြားတွင် ပိတ်ဆို့ထားလိုက်သည်။
ထိုအချိန်မှာပင် ရေကန်ထဲမှရေများ တဟုန်ထိုးမြင့်တက်လာပြီး တောက်လောင်နေသောမီးလျှံများကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်ငြိမ်းသတ်ရန် ကြိုးပမ်းလိုက်သည်။
တစ်ချိန်တည်းမှပင် ကျောက်ဂူအမိုးထက်တွင် တွဲလောင်းကျနေသော ကျောက်စက်ပန်းဆွဲများက မီးတောက်မီးလျှံများကြားသို့ အငြိုးတကြီးဖြင့် ထိုးဆင်းလာကြသည်။
ကျောက်စက်ပန်းဆွဲများနှင့် မီးတောက်မီးလျှံများ ထိတွေ့သွားသည်နှင့် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ ထိုပေါက်ကွဲအားကိုအသုံးချပြီး မီးတောက်မီးလျှံများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကြိုးပမ်းလိုက်ခြင်း ဖြစ်၏။
မီးတောက်မီးလျှံများသာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါက ရေကန်ထက်မှတက်လာသော ရေလှိုင်းလုံးကြီးဖြင့် အောင်မြင်စွာ ငြိမ်းသတ်နိုင်ပေမည်။
သို့သော် ဤမျှကြီးမားသော မီးတောက်မီးလျှံများကိုဖန်ဆင်းရန်အတွက် ခုန်မင်က သေးငယ်သည့် မီးဒြပ်စင်စွမ်းအားအမျှင်တန်းလေးကိုသာ မီးလျှံဖီးနစ်ငှက်မွှေးထဲသို့ ထည့်သွင်းထားခြင်း ဖြစ်သည်။
သူသာ ပိုမိုများပြားသည့် မီးဒြပ်စင်စွမ်းအားကို ထည့်သွင်းလိုက်မည်ဆိုပါက မီးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာမည်လား မဆိုနိုင်ပေ။
ခုန်မင်က မီးလျှံဖီးနစ်ငှက်မွှေးကို အပြည့်အဝ ကျွမ်းကျင်စွာ အသုံးမပြုနိုင်သေးသော်လည်း ၎င်း၏စွမ်းအားကိုတော့ အနည်းငယ် သဘောပေါက်စပြုလာပေပြီ။
ထို့ကြောင့် သူက ငှက်မွှေး၏စွမ်းအားအရှိန်အဟုန်ကို ဖြည်းဖြည်းချင်းမြှင့်တင်ပြီး ကျောက်နို့နှစ်ဖားများနှင့် စမ်းသပ်တိုက်ခိုက်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ခုန်မင်က မီးလျှံနဂါးကျင့်စဉ်ကို ရုပ်သိမ်းလိုက်ပြီး "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" သို့ ကူးပြောင်းလိုက်သည်။
"မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" က ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိ ကျင့်စဉ်တစ်ခုဖြစ်ပြီး ခံစစ်ထက် တိုက်စစ်ကိုဦးစားပေးသည်။
ဤကျင့်စဉ်ကိုအသုံးပြုပြီး မီးလျှံဖီးနစ်ငှက်မွှေးကို လှုံ့ဆော်မည်ဆိုပါက ထွက်ပေါ်လာသည့်မီးလျှံစွမ်းအားက ယခင်ကထက် (၁၀)ဆခန့် ပိုမိုပြင်းထန်ပေမည်။
ခုန်မင် မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်နှင့် မီးလျှံဖီးနစ်ငှက်မွှေးမှ အလင်းတန်းများ ပိုမိုစူးရှတောက်ပစွာ ဖြာထွက်လာသည်။
အနည်းငယ်ဖိနှိပ်ခံထားရသော မီးလျှံများမှာ ရုတ်တရက်ဆိုသလို အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး ရေကန်တစ်ခုလုံးအား တစ်ခဏအတွင်း ဝါးမြိုသွားသည်။
မီးတောက်မီးလျှံများအောက်တွင် ကျောက်နို့နှစ်ဖားများဖန်တီးထားသည့် ရေလှိုင်းလုံးကြီးများမှာလည်း နစ်မြုပ်ပျောက်ကွယ်သွားရသည်။
ရေကန်ထဲမှရေများဖြင့် မီးတောက်မီးလျှံများကို ငြိမ်းသတ်ရန်မှာ မည်သို့မှ မဖြစ်နိုင်တော့ပေ။
အပေါ်ဘက်မှပြုတ်ကျလာသော ကျောက်စက်ပန်းဆွဲများ၏ ပေါက်ကွဲမှုသည်လည်း ဤမျှကြီးမားသော မီးလျှံများကို လှုပ်ခတ်အောင် မလုပ်ဆောင်နိုင်တော့ပေ။
ဤကဲ့သို့ စမ်းသပ်တိုက်ခိုက်မှုများပြုလုပ်ပြီးသည့်နောက် ခုန်မင်က မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားကို အတော်လေး သဘောပေါက်သွားသည်။
နှစ်တစ်ထောင်ကျောက်နို့နှစ်များ မတော်တဆ ခမ်းခြောက်သွားမည်ကိုသာ စိုးရိမ်ခြင်းမရှိပါက ခုန်မင်က ကျောက်နို့နှစ်ဖားများကို တစ်ချက်တည်း အနိုင်ယူတိုက်ခိုက်ပစ်မည် ဖြစ်၏။
မီးတောက်မီးလျှံများထဲမှ ကျယ်လောင်သည့် ဖားအော်သံများ ထွက်ပေါ်လာသည်။ မီးပင်လယ်ကြီး ဖိနှိပ်မှုအောက်တွင် ကျောက်နို့နှစ်ဖားနှစ်ကောင်မှာ အတော်လေး ဂနာမငြိမ် ဖြစ်နေကြသည်။
၎င်းတို့၏တိုက်ခိုက်ရေးဗျူဟာများ မည်မျှပင်ကောင်းမွန်ပါစေ 'မီးလျှံဖီးနစ်ငှက်မွှေး' ကဲ့သို့သော ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု၏ ဖိနှိပ်မှုကို တွန်းလှန်ရန်မှာ ခဲယဉ်းလွန်းလှ၏။
ထိုဖားနှစ်ကောင်အနေဖြင့် မီးတောက်မီးလျှံများနှင့်ဝေးရာသို့ ထွက်ပြေးနိုင်သည့် နည်းလမ်းများစွာ ရှိနေသေးသည် အမှန်ပင်။
သို့သော် သူတို့ ထွက်ပြေးမည်ဆိုပါက နှစ်တစ်ထောင်ကျောက်နို့နှစ်ကို စွန့်လွှတ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
ဤသည်က သူတို့ မည်သို့မှလက်မခံနိုင်သည့်ကိစ္စပင်။