အဆင့်(၄) မှော်ဝင်သားရဲများကိုနှိမ်နင်းခြင်း
Vol. 15 Ch. 161
ခုန်မင်က မီးလျှံဖီးနစ်ငှက်မွှေးအသုံးပြုပြီး အညှာအတာကင်းမဲ့စွာတိုက်ခိုက်မည်ဆိုပါက ထိုဖားများ သေချာပေါက် အရှုံးနှင့်ရင်ဆိုင်ရပေမည်။
သို့သော် သူက ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် မရှိပေ။
ယခုဆိုလျှင် ခုန်မင်က လက်ထဲတွင် မီးလျှံဖီးနစ်ငှက်မွှေးကိုကိုင်ထားပြီး မီးတောက်မီးလျှံများကို စိတ်ကြိုက် လှည့်ပတ်ကစားနိုင်နေပေပြီ။
သူက မီးလျှံဖီးနစ်ငှက်မွှေးကိုင်ထားသည့်သည့်လက်ကို ကျောက်ဂူအမိုးဆီသို့ ပင့်မြှောက်လိုက်ရာ ရေကန်ကိုဖုံးလွှမ်းထားသည့် မီးပင်လယ်ကြီးက ချက်ချင်းပင် အပေါ်ဘက် လေထုထဲသို့ ရောက်ရှိသွားသည်။
ထုံးကျောက်လိုဏ်ဂူက အနည်းငယ် ကျယ်ဝန်းသဖြင့် တော်သေးသည်ဟုဆိုရမည်။
ကျောက်ဂူသာ ကျဉ်းမြောင်းပါက မီးတောက်မီးလျှံများ၏ဖိအားကြောင့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်လာနိုင်သည်။
မီးပင်လယ်ကြီး လေထုထဲမြင့်တက်သွားမှ ကျောက်နို့နှစ်ဖားနှစ်ကောင်မှာ အသက်ဝဝရှူနိုင်ကြတော့၏။
သူတို့က လှုပ်ခတ်နေသောရေကန်ကို ငြိမ်သက်အောင်ထိန်းလိုက်ပြီး ခုန်မင် ဘာဆက်လုပ်မည်ကို သတိထားစောင့်ကြည့်နေကြသည်။၊
ဟုတ်ပေ၏။
ခုန်မင်က နှစ်တစ်ထောင်ကျောက်နို့နှစ်များကို ထိခိုက်မခံလိုပေ။
ထို့ကြောင့် သူက ကျောက်နို့နှစ်ဖားများကို သူသေကိုယ်သေ မတိုက်ခိုက်ဘဲ မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားကိုပြသကာ ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
မီးတောက်မီးလျှံများ လုံလောက်သည့်အမြင့်သို့ရောက်ရှိသွားသည်နှင့် ခုန်မင်က သူ၏ကိုယ်တွင်းမှ မီးဒြပ်စင်စွမ်းအားကို စုစည်းလိုက်ပြီး "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို အစွမ်းကုန် လှည့်ပတ်ကာ ပြင်းထန်သော မီးဒြပ်စင်စွမ်းအားများကို မီးလျှံငှက်မွှေးအတွင်းသို့ အလုံးအရင်းနှင့် ထည့်သွင်းလိုက်၏။
"မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" က နဂိုကတည်းကပင် မီးဒြပ်စင်စွမ်းအားကို မီးပင်လယ်အဖြစ်ပြောင်းလဲကာ ရန်သူကိုထိုးစစ်ဆင်ရန် ဖန်တီးထားသည့်ကျင့်စဉ် ဖြစ်သည်။
ထိုကျင့်စဉ်၏စွမ်းအားက မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားနှင့် များစွာဆင်တူသည်ဖြစ်ရာ စွမ်းအားနှစ်ခု လိုက်ဖက်ညီစွာ ပေါင်းစည်းသွားပြီး မီးတောက်မီးလျှံများ အရှိန်အဟုန်ဖြင့် တောက်လောင်ထွန်းလင်းလာတော့သည်။
အစပိုင်းတွင် လေထုထဲသို့မြင့်တက်သွားသည့် မီးတောက်မီးလျှံများမှာ ရေကန်ငယ်တစ်ခုစာမျှသာရှိသော်လည်း ၊ ယခု ခုန်မင်က "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို အစွမ်းကုန် မြှင့်တင်လိုက်သည့်အခါ ပေ(၃၀၀)နီးပါးကျယ်ပြန့်သည့် ကျောက်ဂူတစ်ခုလုံးစာ ဧရာမ မီးလျှံတိမ်တိုက်ကြီးအဖြစ် ပြန့်ကားသွားသည်။
မီးတောက်မီးလျှံများက အောက်ဘက်သို့ ရှည်လျားစွာတွဲလောင်းကျနေသည့် ကျောက်စက်ပန်းဆွဲများကို လောင်ကျွမ်းဝါးမြိုသွားလေရာ ကျောက်စက်ပန်းဆွဲများမှာ တစ်ခဏအတွင်း အရည်ပျောက်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
လေထုထဲရှိ အတိုင်းအဆမရှိသော မီးလျှံပင်လယ်ကြီးကို တွေ့မြင်လိုက်သည်နှင့် ကျောက်နို့နှစ်ဖားနှစ်ကောင်၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤမီးလျှံပင်လယ်ကြီးသာ သူတို့ထံသို့ကျရောက်လာပါက သူတို့သည်လည်း အစအနပင်မကျန်အောင် လောင်ကျွမ်းခံရပေမည်။
သူတို့နေထိုင်ရာ အသက်သွေးကြောဖြစ်သည့် ရေကန်ငယ်လေးမှ ရေဒြပ်စင်စွမ်းအားဖြင့် ဤမီးပင်လယ်ကြီးကို မည်သည့်နည်းနှင်မှ တုံ့ပြန်ခုခံနိုင်မည် မဟုတ်ပေ။
ဟုတ်ပေ၏။
ခုန်မင်သာအလိုရှိမည်ဆိုလျှင် ကျောက်နို့နှစ်ဖားများ နေထိုင်ရာနေရာတစ်ခုလုံးအား မီးလောင်တိုက်သွင်းပစ်နိုင်ပေမည်။
ယခု ခုန်မင်နှင့်ရင်ဆိုင်နေသည့် ကျောက်နို့နှစ်ဖား အထီးနှင့်အမမှာ ထုံးကျောက်လိုဏ်ဂူတွင်နေထိုင်သော ဖားမျိုးနွယ်စု၏ မိဘများ ဖြစ်ကြသည်။
သူတို့မိသားစုတွင် အားနည်းသေးသည့်အတွက် ဘေးအန္တရယ်မှကင်းလွတ်စေရန် ရေကန်အောက်ခြေတွင် ပုန်းအောင်းနေသော ကျောက်နို့နှစ်ဖားပေါက်လေး (၃)ကောင် ရှိနေသေးသည်။
မီးလျှံပင်လယ်ကြီး မြေပြင်ထက်သို့ဆင်းသက်လာပြီး ရေကန်ငယ်လေးကို ဝါးမြိုလောင်ကျွမ်းသွားမည်ဆိုပါက ထိုဖားပေါက်လေးများသည်လည်း သေချာပေါက် အသက်ပျောက်ရမည်ပင်။
ကျောက်နို့နှစ်ဖားများ ကြောက်ရွံ့တုန်လှုပ်နေသည်ကိုမြင်တော့ ခုန်မင်က ခပ်ဖွဖွပြုံးလိုက်ရင်း...
“ဖားကြီးတို့... ငါ့လက်နက်ရဲ့အစွမ်းကို ဘယ်လိုသဘောရလဲ ၊ ငါသာ နှစ်တစ်ထောင်ကျောက်နို့နှစ်တွေ ပျက်ဆီးသွားမှာကို မစိုးရိမ်ဘူးဆိုရင်... မင်းတို့နေတဲ့ နေရာတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်လိုက်မှာ”
သူက ဆက်ပြောလိုက်သည်။
“ကဲ... ငါ့ကို နှစ်တစ်ထောင်ကျောက်နို့နှစ် နည်းနည်းပါးပါးပေးမယ်ဆိုရင် မင်းတို့ကို အသက်ချမ်းသာပေးမယ်”
ကျောက်နို့နှစ်ဖားများက အဆင့်(၄) မှော်ဝင်သားရဲများဖြစ်လေရာ ကိုယ်ပိုင်သိက္ခာနှင့် မာန်မာနများ ရှိကြသဖြင့် မလွှဲသာသည့်အခြေအနေမှလွဲပြီး အလွယ်တကူ အညံ့ခံလေ့ မရှိကြပေ။
သို့သော် ယခုတော့ အခြေအနေက ရှင်းနေပေပြီ။
ခုန်မင်၏မီးလျှံဖီးနစ်ငှက်မွှေးက ကျောက်နို့နှစ်ဖားများကို ပြတ်ပြတ်သားသားပင် ခြိမ်းခြောက်နေသည်။
သူတို့အနေဖြင့် နှစ်တစ်ထောင်ကျောက်နို့နှစ်ကို လိမ်လိမ်မာမာ ထုတ်ပေးမည်လား ၊ သို့မဟုတ် အရာအားလုံး ပြကျသွားစေမည့်ကပ်ဘေးနှင့် ရင်ဆိုင်မည်လား ရွေးချယ်ရပေမည်။
အဆုံးသတ်မှာတော့ ကျောက်နို့နှစ်ဖားနှစ်ကောင် အားမတန် မာန်လျှော့လိုက်ရ၏။
ဖားနှစ်ကောင်က လက်လျှော့လိုက်ဟန်ဖြင့် တစ်ချက်အော်မြည်လိုက်ပြီး ရေကန်ထဲသို့ငုပ်လျှိုးသွားကာ ပြန်ပေါ်မလာတော့ပေ။
ကျောက်နို့နှစ်ဖားများမှာ ရွေးချယ်စရာမရှိသဖြင့် မိသားစုနှင့်အိုးအိမ် ဆုံးရှုံးခံရမည့်အစား ခုန်မင်ကိုသာ အရှုံးပေးလိုက်ကြရသည်။
ရလဒ်က ဤသို့ဖြစ်လာမည်ကို ခုန်မင် သိရှိပြီးသားပင်။ ထို့ကြောင့်လည်း သူက မီးလျှံဖီးနစ်ငှက်မွှေးအသုံးပြုကာ ကျောက်နို့နှစ်ဖားများကို ခြိမ်းခြောက်ရုံသာ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
သူက လေထုထဲမှ မီးလျှံပင်လယ်ကြီးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မီးလျှံဖီးနစ်ငှက်မွှေးကိုလည်း တိုရီယာလက်စွပ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။
ထို့နောက် ခုန်မင်က ရေကန်စပ်သို့လမ်းလျှောက်သွားပြီး မြေပြင်ထက်သို့လက်တစ်ဖက်တင်လျှက် "ကျောက်တုံးထိန်းချုပ်နည်းစနစ်" ကိုထုတ်ဖော်လိုက်ရာ ၊ ရေကန်စပ်နှင့် ရေကန်အလယ်မှကျောက်တိုင်ကို ဆက်စပ်ပေးသည့် မြေသားတံခါးတစ်ခု ဖြစ်ပေါ်လာသည်။
ခုန်မင်က တံတားထက်မှ တည်ငြိမ်စွာပင် လမ်းလျှောက်သွားပြီးတိုရီယာလက်စွပ်ထဲမှ ကြွေပုလင်းအလွတ်တချို့ကိုထုတ်ယူကာ ကျောက်တိုင်ထိပ်ရှိ ကျောက်ခွက်အတွင်းမှ အဖိုးတန်လှသော “နှစ်တစ်ထောင်ကျောက်နို့နှစ်” များကို ဂရုတစိုက် ထည့်သွင်းယူဆောင်လိုက်သည်။
နှစ်တစ်ထောင်ကျောက်နို့နှစ်များ ကြွေပုလင်း(၅)ပုလင်းခန့် ရရှိတော့မှ ခုန်မင်က ရေကန်စပ်သို့ ပြန်လျှောက်လာခဲ့သည်။
ယခုဆိုလျှင် ကျောက်တိုင်ထိပ်ရှိကျောက်ခွက်ထဲတွင် နှစ်တစ်ထောင်ကျောက်နို့နှစ် ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်။ ခုန်မင်က သက်ညှာသောအားဖြင့် အားလုံးကို သိမ်းကျုံးယူသွားခြင်းမပြုဘဲ ထိန်းသိမ်းပေးလိုက်ခြင်းသာပင်။
ထို့နောက် ခုန်မင်က နှစ်တစ်ထောင်ကျောက်နို့နှစ်ထည့်ထားသည့် ကြွေပုလင်းများကို တိုရီယာလက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး ကျောက်နို့နှစ်ဖားများကို နှုတ်ဆက်စကားဆိုလိုက်သည်။
“မင်းတို့ရဲ့ ရက်ရောတဲ့လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဖားကြီးတို့ ၊ ကဲ... ငါ့ကို ခွင့်ပြုပါဦး ၊ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့”
ထို့နောက် ခုန်မင်က ထုံးကျောက်လိုဏ်ဂူကို တစ်ပတ်ပတ်ကြည့်ပြီး လမ်းကြောင်းရှာဖွေလိုက်သည်။
သိပ်မကြာခင်မှာပင် အလွန်တရာမှောင်မိုက်နေသော ဥမင်လမ်းကြောင်းတစ်ခု ရှာတွေ့သွားပြီး ခုန်မင် အတွင်းသို့လှမ်းဝင်ကာ ပျောက်ကွယ်သွားတော့သည်။
ခုန်မင်၏အရိပ်အယောင် လုံးဝပျောက်ကွယ်သွားတော့မှ ရေကန်မျက်နှာပြင်ထက်တွင် လှိုင်းကြက်ခွပ်လေးများထလာပြီး ကျောက်နို့နှစ်ဖားနှစ်ကောင် ပြန်လည်ထွက်ပေါ်လာသည်။
သူတို့၏ကျောထက်တွင် လက်ဖဝါးသာသာခန့်ရှိသော ကျောက်နို့နှစ်ဖားပေါက်လေး(၃)ကောင် ခိုကပ်လိုက်ပါလာကြသည်။
ဖားပေါက်လေးများ၏ခန္ဓာကိုယ်က ကျောက်စိမ်းသားပမာကြည်လင်နေပြီး သူတို့၏မိဘများထက် ပိုမိုနုနယ်ပုံရသည်။
ကျောက်နို့နှစ်ဖားအထီကြီးက ကျယ်လောင်စွာ တစ်ချက်အော်မြည်လိုက်ပြီး...
“ကလေးတို့... စောစောက ကြောက်စရာကောင်းတဲ့လူသားကို သေချာမှတ်ထားကြ ၊ တကယ်လို့ တစ်နေ့နေ့မှာ သူနဲ့ထိပ်တိုက်ပြန်တွေ့ခဲ့ရင် လုံးဝ သွားမဆွကြနဲ့ ၊ တတ်နိုင်သမျှ ဝေးဝေးရှောင်ကြ”
သူ့စကားဆုံးသွားသည်နှင့် ဖားငယ်လေးများက နားလည်လက်ခံသည့်အလား အသံသေးသေးလေးများဖြင့် စူးရှစွာ အော်ဟစ်လိုက်ကြသည်။
***
ခုန်မင်ကတော့ ကျောက်နို့နှစ်ဖားကြီး၏ ဆုံးမစကားကို ကြားသိနိုင်ခြင်းမရှိဘဲ ဥမင်ထဲတွင် အမြန်ဆုံး ခရီးနှင်လျှက် ရှိသည်။
ခုန်မင်ဝင်ရောက်သွားသည့် ဥမင်လိုဏ်ခေါင်းက မြေအောက်နန်းတော်ဝင်ပေါက်တစ်ခုနှင့် တိုက်ရိုက်ဆက်သွယ်ထားသည်။
ဥမင်လမ်းကြောင်းက အလွန်မှောင်မိုက်သဖြင့် ခုန်မင်က "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို အသုံးပြုပြီး လေထဲတွင် မီးတိုင်တစ်ခုဖန်တီးကာ ခရီးဆက်ရသည်။
နာရီဝက်ခန့်ကြာပြီးနောက် ခုန်မင် ဥမင်ထဲမှ အပြင်သို့ထွက်လာနိုင်လေသည်။
ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ တသွင်သွင်စီးဆင်းနေသည့် မြေအောက်မြစ်တစ်စင်းကိုတွေ့လိုက်ရသည်။ ခုန်မင်က မြေအောက်မြစ်ကမ်းပါးထက်တွင် ခဏမျှ မတ်တတ်ရပ်ရင်း သွားရမည့်လိမ်းကြောင်းကို စမ်းစစ်လိုက်၏။
ထို့နောက် မြစ်အထက်ဘက် ပေ(၃၀၀)ခန့်သို့ လျှောက်လာပြီးနောက် ရုတ်တရက်ဆိုသလို မြင်ကွင်းက ပြောင်းလဲသွားသည်။
သူ့မျက်စိရှေ့တွင် ဧရာမကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် ခိုင်ခံ့လှသော မြို့ရိုးကြီးတစ်ခုကို တွေ့လိုက်ရ၏။
မြို့ရိုးကြီးက မြေအောက်မြစ်ကို ကျုံးသဖွယ် အမှီပြုပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့သော် မြို့ရိုးက အလွန်တရာ ရှည်လျားခြင်းတော့ မရှိပေ။
ပေ(၃၀၀)ခန့်သာ ရှည်လျားပြီး ကျန်ရှိသောအစိတ်အပိုင်းများက မြေလွှာများအောက်တွင် နစ်မြုပ်လျှက် ရှိသည်။
ဤမြို့ရိုးက ပေ(၃၀၀)မျှသာ ရှည်လျားခြင်းလား ၊ သို့မဟုတ် ကျန်ရှိသော မြို့ရိုးအစိတ်အပိုင်းများက မြေအောက်သို့ နစ်မြုပ်နေသည်လားဆိုသည်ကိုတော့ မသိရှိရပေ။
မြို့ရိုးအလယ်တည့်တည့်မှာတော့ ဧရာမတံခါးကြီးတစ်ချပ် ရှိနေသည်။
အဝေးမှကြည့်ရုံမျှဖြင့် ထိုတံခါးကြီးကို ထူးခြားသော သတ္တုစပ်တစ်မျိုးဖြင့် ပြုလုပ်ထားကြောင်း သိသာလှသည်။
မြေအောက်အနက်ပိုင်းတွင် ရှိနေသည့်တိုင် သံချေးတက်သည့်အရိပ်အယောင်မရှိဘဲ သတ္တုရောင်မှိန်ပျပျ တောက်ပနေဆဲ ဖြစ်၏။
တံခါးကြီးက တင်းတင်းစေ့ပိတ်လျှက် ရှိသည်။
ထိုတံခါးကြီး၏နောက်မှာတော့ ဖီးနစ်ကျဆုံးတောင်ကြား၏ အနက်ရှိုင်းဆုံးနေရာဖြစ်သည့် မြေအောက်နန်းတော်ရှိနေမည်မှာ သံသယဝင်စရာ မလိုပေ။
ခုန်မင် လျှင်မြန်စွာပင် မြို့တံခါးအောက်ခြေသို့ ရောက်ရှိသွားသည်။
ထို့နောက် သူက တံခါးကြီးကို တစ်ချက်အကဲခတ်လိုက်ပြီးနောက် ပင့်သက်တစ်ချက်ရှိုက်ရင်း တံခါးချပ်ကြီးတစ်ခုအား လက်ဖြင့်တွန်းဖွင့်လိုက်သည်။
ခုန်မင်က တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို ဒုတိယအဆင့်အောင်မြင်ထားပြီးဖြစ်ရာ သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုက သာမန်ထက် အဆပေါင်းများစွာ သာလွန်နေပေပြီ။
ထို့ကြောင့် သူက တံခါးကြီးအား မည်သည့်ဒြပ်စင်စွမ်းအားမှ အသုံးမပြုဘဲ သာမန်ပင်တွန်းဖွင့်လိုက်သည့်တိုင် သူ၏တွန်းအားက ပေါင်ချိန်ထောင်ပေါင်းများစွာနှင့် ညီမျှပေသည်။
ခုန်မင်ကဲ့သို့ ထူးခြားသည့်ရုပ်ခန္ဓာကျင့်စဉ်မျိုး ကျင့်ကြံထားခြင်းမရှိပါက ဒြပ်စင်စွမ်းအားအသုံးပြုပြီး တံခါးကိုတွန်းဖွင့်ရပေလိမ့်မည်။
မြေအောက်နန်းတော်ကြီးက နှစ်ပေါင်းများစွာ မြေအောက်တွင်မြှုပ်နှံခံထားရသည့်တိုင် ယန္တရားများကတော့ အကောင်းပကတိအတိုင်း ရှိနေဆဲပင်။
ခုန်မင်တွန်းဖွင့်လိုက်သည်နှင့် တံခါးကြီးက ကြပ်နေခြင်းမျိုးမရှိသလို တကျွီကျွီအသံများထွက်ခြင်းလည်းမရှိဘဲ အတွင်းဘက်သို့ ညင်သာစွာ ပွင့်ဟသွားသည်။
ဖီးနစ်ကျဆုံးတောင်ကြားတွင် မြေအောက်နန်းတော်သို့ဝင်ရောက်နိုင်သည့် လမ်းကြောင်းများစွာရှိပြီး ၊ ထိုလမ်းကြောင်းများသည်လည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။
အချို့ဝင်ပေါက်များကတော့ ဤကဲ့သို့ ဧရာမတံခါးကြီးကို တံခါးကိုတွန်းဖွင့်စရာမလိုဘဲ နန်းတော်ထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ကြသည်။
တံခါးကိုတွန်းဖွင့်ပြီးနောက် ခုန်မင် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
မြေအောက်နန်းတော်သို့ ဝင်ရောက်ပြီးသည်နှင့် ဖီးနစ်ကျဆုံးတောင်ကြားအတွင်း စစ်မှန်သည့် စမ်းသပ်မှုခရီးစဉ် စတင်တော့မည်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိလိုက်သည်။
ဖီးနစ်ကျဆုံးတောင်ကြား ခရီးစဉ်တစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသောစိန်ခေါ်မှုများအားလုံးကို ခုန်မင်က အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး အန္တရယ်ကြီးကြီးမားမားလည်း တွေ့ကြုံရခြင်း မရှိသေးပေ။
သို့သော် မြေအောက်နန်းတော်ထဲ ဝင်ရောက်ပြီးသည်နှင့် အမည်မသိ နက်နဲသောဘေးအန္တရယ်များက သူ့ကိုစောင့်ကြိုနေပေလိမ့်မည်။
ဖီးနစ်ကျဆုံးတောင်ကြားတွင် အမှန်တကယ်ပဲ ဖီးနစ်ငှက်ဥ ရှိနေပါသလား။
ခုန်မင်ကရော ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပါမည်လား။
ဤအရာအားလုံးက မြေအောက်နန်းတော်အတွင်း ဝင်ရောက်ပြီးမှသာ ကံတရားနှင့် အခွင့်အလမ်းပေါင်းစပ်ပြီး သိမြင်ကြုံတွေ့ရမည့်ကိစ္စများသာ ဖြစ်သည်။
ခုန်မင် ဧရာမတံခါးကြီးကိုဖြတ်ကျော်ကာ နန်းတော်ထဲသို့ ခြေချလိုက်သည်။
ထူးဆန်းသည်မှာ တံခါးကို ကျော်ဖြတ်ပြီး ပထမဆုံးခြေလှမ်းကိုလှမ်းလိုက်သည်နှင့် အလွန်တရာနက်နဲပြီး စွမ်းအားထက်မြက်လှသော မိုးမြေ ဒြပ်စင်စွမ်းအားများ စုစည်းနေခြင်းကို အာရုံခံလိုက်ရခြင်း ဖြစ်၏။
ဤနေရာရှိ စွမ်းအားသိပ်သည်းမှုက ဖီးနစ်ကျဆုံးတောင်ကြား၏ အခြားသောနေရာများထက် အနည်းဆုံး နှစ်ဆမှ သုံးဆခန့်အထိ ပိုမိုများပြားသည်။
ဤသို့ ဒြပ်စင်စွမ်းအားသိပ်သည်းခြင်းက အမှန်တကယ်ပင် အံ့သြတုန်လှုပ်ဖွယ် ကောင်းလှသည်။
တကယ်တော့ ဖီးနစ်ကျဆုံးတောင်ကြားရှိ ဒြပ်စင်စွမ်းအားသိပ်သည်းမှုသည်ပင် အပြင်လောကထက် အဆပေါင်းများစွာ သာလွန်နေသည်ဖြစ်ရာ ၊ ဤမြေအောက်နန်းတော်ကတော့ ထို့ထက်ပင် ပိုမိုလွန်ကဲနေပြီး ပြင်ပလောကထက် (၁၀)ဆနီးပါးခန့် ဒြပ်စင်စွမ်းအားများ ပိုမိုသိပ်သည်းအားကောင်းနေလော့၏။