← Chapters

ရတနာပစ္စည်းများစွာဖြင့်ပြည့်နက်နေသည့်မြေအောက်နန်းတော်

Vol. 15 Ch. 162

ရတနာပစ္စည်းများစွာဖြင့်ပြည့်နက်နေသည့်မြေအောက်နန်းတော်

Vol. 15 Ch. 162

ထူထပ်သိပ်သည်းလွန်းသော မိုးမြေဒြပ်စင်စွမ်းအားများကို အာရုံခံမိသည်နှင့် “ဤမြေအောက်နန်းတော်ထဲတွင် အလွန်တရာကြီးမားသည့် ဒြပ်စင်စွမ်းအားစုစည်းခြင်းအစီအရင်တစ်ခု သေချာပေါက်ရှိနေရမည်” ဟု ခုန်မင် တွေးလိုက်မိသည်။

အစီအရင်တစ်ခုမရှိဘဲ ဤမျှကြွယ်ဝသော ဒြပ်စင်စွမ်းအားများ စုဝေးနေရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ဤမျှထူထပ်သိပ်သည်းသော ဒြပ်စင်စွမ်းအားများကို ကျင့်ကြံခြင်းအတွက် အသုံးမချနိုင်ခြင်းမှာ နှမျောစရာကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော နန်းတော်ထဲတွင် ဒြပ်စင်စွမ်းအားများသာမက မိစ္ဆာချီများသည်လည်း ထူထပ်သိပ်သည်းနေသောကြောင့်ပင်။

ဖီးနစ်ကျဆုံးတောင်ကြား၏ အခြားသောနေရာများနှင့်ယှဉ်လျှင် ဤနေရာမှမိစ္ဆာချီများက (၂)ဆ မှ (၃)ဆအထိ ပိုမိုပြင်းထန်သည်။

သို့ဖြစ်ရာ ဤနေရာမှ ဒြပ်စင်စွမ်းအားကို စုပ်ယူကျင့်ကြံမည်ဆိုပါက 'ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်' ပင်ဖြစ်လင့်ကစား မိစ္ဆာချီလွှမ်းမိုးမှုကိုခံစားရပြီး စိတ်ဖောက်ပြန်ကာ အသိဉာဏ်ကွယ်ပျောက်သွားနိုင်သည်။

သို့ပေသိ မြေအောက်နန်းတော်ထဲမှ ကြွယ်ဝလွန်းသည့် မိုးမြေ ဒြပ်စင်စွမ်းအားများက ကျင့်ကြံခြင်းအတွက် အသုံးမပြုနိုင်သော်လည်း ကောင်းကင်ရတနာများကို ပျိုးထောင်ရာတွင် များစွာအထောက်အကူပြုသည်။

ကောင်းကင်ရတနာပစ္စည်းများဖြစ်ပေါ်လာရန်အတွက် မိုးမြေဒြပ်စင်စွမ်းအား အမြောက်အမြားကိုစုပ်ယူရန် လိုအပ်သည်ဖြစ်ရာ ဤနန်းတော်ကြီးက ကောင်းကင်ရတနာများဖြစ်ထွန်းရန်အတွက် အကောင်းဆုံးပတ်ဝန်းကျင် ဖြစ်နေပေသည်။

ထို့ကြောင့်ပင် ဤမြေအောက်နန်းတော်ကြီးက ဖီးနစ်ကျဆုံးတောင်ကြား၏ ရတနာတိုက်ကြီးပမာ ဖြစ်နေရခြင်းသာပင်။

ဤနန်းတော်အတွင်းသို့ဝင်ရောက်ပြီး ရတနာပစ္စည်း ရယူနိုင်သူများကို လူတိုင်းက မနာလိုအားကျ ဖြစ်ကြရသည် မဟုတ်လား။

သို့သော် ခုန်မင်၏ အဓိကရည်ရွယ်ချက်ကတော့ ကောင်းကင်ရတနာများ မဟုတ်ခဲ့ပေ။

သူက ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံ နောက်ဆုံးတွင်ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော ဧရာမသစ်ပင်ကြီးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

နန်းတော်ထဲဝင်ပြီးသည်နှင့် ခုန်မင်က မြေပုံကိုထပ်မံထုတ်ယူပြီး ရောက်ရှိနေသည့်တည်နေရာကို အတည်ပြုလိုက်သည်။ ထို့နောက် မြေအောက်နန်းတော် ဗဟိုချက်ရှိရာ အတွင်းပိုင်းဆီသို့ ဦးတည်ဝင်ရောက်သွားတော့၏။

မြေအောက်နန်းတော်ထဲသို့ ကိုယ်တိုင်ခြေချလိုက်တော့မှ နန်းတော်ကြီး၏ ဗိသုကာလက်ရာများက အလွန်တရာ အံ့သြစရာကောင်းကြောင်း သိလိုက်ရသည်။

နန်းတော်အတွင်းရှိ ဥမင်လမ်းကြောင်းများအားလုံးကို ကြီးမားသည့် မီးခိုးပြာရောင်ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည်။

ဥမင်နံရံများက မှန်ချပ်များပမာ ချောမွေ့ညီညာနေပြီး အမြင့် (၁၀)ပေ ၊ အလျား (၁၇)ပေခန့်ရှိသဖြင့် မြင်းရထားတစ်စင်းပင်လျှင် အတားအဆီးမရှိ ဖြတ်သန်းသွားလာနိုင်သည်။

ထို့ပြင် နန်းတော်ဥမင်လမ်းများက မီးတောင်ဝမှ လိုဏ်ဂူလမ်းကြောင်းများထက်ပင် အကွေ့အကောက်ပိုမိုများပြားပြီး ရှုပ်ထွေးလေသည်။

ခုန်မင်က ဥမင်လမ်းအတိုင်းလမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလာသည်။

လမ်းကွေ့တိုင်းရှိ နံရံများထက်တွင် ထူးဆန်းသောသင်္ကေတများ ရေးထွင်းထားသည်ကို တွေ့ရှိရသည်။ ထိုသင်္ကေတများက ပုံစံမျိုးစုံကွဲပြားနေပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင်လျှို့ဝှက်အဓိပ္ပါယ်များ ရှိနေကြသည်။

ဟုတ်ပေ၏။

ဤသင်္ကေတများမှာ နှစ်ပေါင်းများစွာအတွင်း နန်းတော်ကြီးထဲသို့ လာရောက်စူးစမ်းခဲ့ကြသော တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာမှ စမ်းသပ်ပွဲပါဝင်ဆင်နွှဲသည့်လူငယ်များ ချန်ထားခဲ့သော အမှတ်အသားများပင် ဖြစ်သည်။

မျိုးနွယ်စုမတူညီပါက ဤအမှတ်အသားများကို အဓိပ္ပါယ်ဖော်ရန် အလွန်ပင် ခက်ခဲပေမည်။

သို့သော် လမ်းညွှန်ပေးမည့် ဤသို့သော သင်္ကေတများမရှိပါက နန်းတော်ထဲဝင်ရောက်လာသူများမှာ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနိုင်မည်မဟုတ်ဘဲ နန်းတော်အပြင်ဘက်နေရာများတွင်သာ လှည့်ပတ်နေကြရမည် ဖြစ်၏။

တကယ်တော့ နန်းတော်ထဲတွင် အမှတ်အသား ချန်ရစ်နိုင်စွမ်းရှိသူများမှာ အင်အားကြီးမားပြီး ထင်ရှားသော မျိုးနွယ်စုများမှ စမ်းသပ်ပွဲဝင်ရောက်လာသူများသာ ဖြစ်ကြသည်။

အလယ်အလတ်နှင့် အဆင့်နိမ့် မျိုးနွယ်စုများကတော့ စမ်းသပ်ပွဲပါဝင်ယှဉ်ပြိုင်သည့်တိုင် နန်းတော်ထဲသို့ ဝင်ရောက်ရန် အာမခံချက် မရှိပေ။

ထို့ကြောင့် သူတို့၏မျိုးဆက်သစ်များအတွက် အမှတ်အသားများချန်ထားသည်မှာလည်း နည်းပါးကြသည်။

တောရိုင်းဒေသတွင် ရှေးယခင်ကတည်းက ဓလေ့ထုံးတမ်းတစ်ခု တည်ရှိသည်။

ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် မြေအောက်နန်းတော်သို့ ဝင်‌ရောက်သည့်အခါ ရှေ့လူများချန်ထားခဲ့သော အမှန်အသားများကို ဖျက်ဆီးခွင့်မရှိပေ။

အလယ်အလတ်နှင့် အဆင့်နိမ့်မျိုးနွယ်စုများမှ ချန်ထားခဲ့သည့် အမှတ်အသားများပင်ဖြစ်လင့်ကစား မပျက်ဆီးအောင် ထိန်းသိမ်းရမည် ဖြစ်သည်။

ဤသည်က ရှေ့လူတို့ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ခဲ့သည်ကို နောက်လူတို့လက်ချက်ဖြင့် အလဟသဖြစ်မသွားစေရန် အာမခံထားခြင်း ဖြစ်၏။

ခုန်မင့်လက်ထဲတွင် ဖီးနစ်ကျဆုံးတောင်ကြား မြေပုံအပြည့်အစုံရှိနေသည်ဖြစ်ရာ ၊ သူ့အတွက်တော့ ဤမြေအောက်နန်းတော်ကြီးက ဝင်္ကပါတစ်ခုသဖွယ် မဟုတ်‌တော့ပေ။

ထို့ကြောင့်ပင် သူက လမ်းပျောက်ခြင်းမရှိဘဲ နန်းတော်ထဲတွင်သွားလာနိုင်ပြီး နေ့ဝက်ခန့်အကြာမှာတော့ နန်းတော်ဗဟိုချက် အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာသည်။

လမ်းတစ်လျှောက်တွင် ခုန်မင်က နန်းတော်ထဲမှ လျှို့ဝှက်သိုလှောင်ခန်းအချို့ကို ရှာတွေ့ခဲ့ပြီး ကနဦးအဆင့် သစ်သားဒြပ်စင် ဝိညာဉ်လက်နက်တစ်ခုနှင့် ရတနာပစ္စည်းအတော်များများကို ရရှိခဲ့သည်။

သူရရှိခဲ့သော ကနဦးအဆင့် ဝိညာဉ်လက်နက်က ရှားပါးသော ခံစစ်လက်နက်တစ်ခုဖြစ်သဖြင့် တန်ဖိုးမြင့်မားသည်ဟု ဆိုနိုင်သည်။

သာမန်မျက်စိဖြင့်ကြည့်မည်ဆိုလျှင် ဘာမှမဟုတ်သည့် ကြိမ်ချပ်ဝတ်တစ်ခုဟုသာ ထင်ရသော်လည်း ခုန်မင်က နတ်မျက်စိဖြင့်သုံးသပ်ခြင်းစွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ရာ ထူးခြားသည့် “ကြိမ်နွယ်ပင်ချပ်ဝတ်” ဖြစ်နေခဲ့သည်။

ခုန်မင်တွင် “နက်ရှိုင်းသစ်သားဒိုင်း” ရှိနေပြီးဖြစ်ရာ ဤချပ်ဝတ်က သိပ်ပြီး အသုံးမဝင်လှပေ။

သို့သော် သစ်သားဒြပ်စင် ခံစစ်စွမ်းအား ဝိညာဉ်လက်နက်တစ်ခုက ခွန်းကာမြို့ ၊ ခုန်အိမ်တော်အတွက်တော့ အတော်လေး အသုံးဝင်လှပြီး ရောင်ခြယ်သစ်သားတောင်ဝှေးနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

တိုက်စစ် ခံစစ် ဝိညာဉ်စွမ်းအားလက်နက်နှစ်မျိုး ပိုင်ဆိုင်ထားပြီး အိမ်တော်သခင်’ခုန်ကျွင်း’ ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် အလယ်ဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်မည် ဖြစ်၏။

ခုန်မင်က ကြိမ်နွယ်ပင်ချပ်ဝတ်အပြင် ယနေ့ခေတ်တွင် မည်သို့မှရှာမရနိုင်တော့သည့် ရှားပါးထူးခြားသော သတ္တုရိုင်းအမျိုးအစား (၁၀)ခုကျော်ကိုလည်း ရရှိခဲ့သေးသည်။

နောက်ပိုင်းတွင် ခုန်မင်ကိုယ်တိုင် ဝိညာဉ်လက်နက်သွန်းလုပ်မည်ဆိုပါက ဤရှားပါးသတ္တုရိုင်းများက လုပ်ငန်းစဉ် ပိုမိုချောမွေ့စေရန် ကူညီပေးနိုင်သည်။

မြေအောက်နန်းတော်ကြီးက အလွန်တရာကျယ်ပြန့်သည်ဖြစ်ရာ နေရာတိုင်းတွင် သိုလှောင်ခန်းများစွာ ရှိနေပေသည်။

သို့သော် သိုလှောင်ခန်းအများစုတွင် သာမန်ပစ္စည်းများသာရှိကြပြီး အချိန်ကြာလာသည်နှင့်အမျှ သိုလှောင်ခန်းထဲမှပစ္စည်းများမှာ ဆွေးမြေ့ပျက်ဆီးသွားကြလေသည်။

အချိန်ကာလ၏စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သော ထူးခြားသည့်ပစ္စည်းများကတော့ လက်ရှိ ခုန်မင်ရှာဖွေတွေ့ရှိသော လျှို့ဝှက်သိုလှောင်ခန်းများတွင်သာ ရှိနိုင်သည်။

ပုံမှန်ဆိုလျှင် လျှို့ဝှက်သိုလှောင်ခန်းတစ်ခုကို ရှာတွေ့ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ ကံကောင်းပြီး ကြက်ကန်းဆန်အိုးတိုးမှသာလျှင် ဖြစ်နိုင်ပေမည်။

သို့သော် ခုန်မင်ကတော့ နေ့ဝက်အတွင်းမှာပင် လျှို့ဝှက်သိုလှောင်ခန်းများစွာကို ဆက်တိုက်ရှာဖွေနိုင်ခဲ့ပေသည်။

ခုန်မင်က နန်းတော်ဗဟိုချက်သို့သွားနေရင်းမှ လမ်းကြောင်းအနည်းငယ် ပြောင်းလိုက်သည်။

သူက နန်းတော်ဗဟိုချက်သို့ အနီးဆုံးလမ်းကြောင်းမှ အနည်းငယ်သွေဖယ်ပြီး နန်းတော်ထဲရှိ “ဝိညာဉ်ဆေးပင်ဥယျာဉ်” ဆီသို့ ဦးတည်လိုက်၏။

မြေအောက်နန်းတော်ထဲတွင် ဆေးပင်ဥယျာဉ်များစွာရှိသော်လည်း လျှို့ဝှက်သိုလှောင်ခန်းများထက်ပင် ပိုမိုရှားပါးသည်။

နန်းတော်ကြီး စတင်တည်ဆောက်စဉ်ကတည်းကပင် ဝိညာဉ်မြက်ပင်များနှင့် ဆေးဘက်ဝင်အပင်များစိုက်ပျိုးရန် ဥယျာဉ်များကို သီးသန့်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ယခု နှစ်ပေါင်းထောင်နှင့်ချီပြီး ကြည့်ရှုစောင့်ရှောက်မည့်သူမရှိဘဲ ပစ်ထားခြင်းခံရသည့်တိုင် ရှင်သန်နိုင်စွမ်းအားကောင်းသည့် ဝိညာဉ်ဆေးပင်များက ကြံ့ကြံ့ခံ ရှင်သန်နေဆဲ ဖြစ်၏။

ထို့ပြင် နန်းတော်ထဲတွင် မိုးမြေဒြပ်စင်စွမ်းအားများ သိပ်သည်းလွန်းလေရာ ဝိညာဉ်ဆေးပင်တိုင်းက ထူးကဲသောအစွမ်းသတ္တိများ ပိုင်ဆိုင်ထားကြသည်။

ယခင်က ဤနန်းတော်ထဲတွင် ရှာဖွေတွေ့ရှိခဲ့သော ဒဏ္ဍာရီလာ ‘ကောင်းကင်ရတနာ’ များမှာ ဆေးဥယျာဉ်များထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းသာ ဖြစ်သည်။

ယခု ခုန်မင်သွားရောက်နေသည့် ဆေးပင်ဥယျာဉ်မှာ နန်းတော်တစ်ခုလုံးတွင် အကြီးမားဆုံးဖြစ်ပြီး တည်နေရာကလည်း အလွန်ပင်လျှို့ဝှက်လေရာ တွေ့ရှိနိုင်သူ အလွန်မှရှားပါးသည်။

စဉ်းစားကြည့်မည်ဆိုလျှင် ဤမျှကြီးမားသော ဆေးပင်ဥယျာဉ်ထဲတွင် ဝိညာဉ်မြက်ပင်နှင့် ဆေးဘက်ဝင်အပင် အမျိုးအစားပေါင်း မည်မျှများပြားမည်ကို မသိရှိနိုင်ပေ။

အချိန်ကာလများစွာကိုဖြတ်သန်းပြီးနောက် ဤဆေးပင်များထဲမှ အချို့ကတော့ သေချာပေါက် ‘ကောင်းကင်ရတနာ’ အဆင့်သို့ ရောက်ရှိနေပေလိမ့်မည်။

စိတ်ငြိမ်မြက်နှင့် ကျောက်စိမ်းပွင့်လွှာတို့ကဲ့သို့ အတွေ့များသည့်ဆေးပင်များပင်ဖြစ်ဦးတော့ သက်တမ်းသောင်းနှင့်ချီအောင် နှစ်ချို့သွားပါက တန်ဖိုးသည်လည်း လုံးဝ ပြောင်းလဲသွားပေမည်။

ဆေးပင်ဥယျာဉ်သို့ သွားသည့်လမ်းက အလွန်တရာရှုပ်ထွေးလှသည်။

အကွေ့အကောက်များစွာရှိသော ဥမင်လမ်းကြောင်းများကို ဖြတ်ကျော်ပြီးနောက် အတော်လေးထူးခြားသော နေရာတစ်ခုသို့ ခုန်မင် ရောက်ရှိလာသည်။

ဤနေရာမှ လမ်းကြောင်းများက ဥမင်များအပြန်အလှန်ချိတ်ဆက်ထားသည့် ရိုးရှင်းသော ထောင့်ချိုးလမ်းကြောင်းများမဟုတ်တော့ပဲ စက်ဝိုင်းပုံစံ ပတ်ချာလည်နေသော လမ်းကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

ပုံသဏ္ဌန်မမှန်သည့် ထူးဆန်းသောလမ်းကြောင်းများစွာက “ဝင်္ကပါ” အသွင်ဆောင်နေသည်ဖြစ်ရာ ၊ ဤနေရာတွင် ခဏမျှ လှည့်ပတ်သွားလာရုံဖြင့် ခေါင်းမူးကာ မျက်စိလည်သွားနိုင်၏။

လမ်းညွှန်မြေပုံမရှိပါက ဤသို့သောဝင်္ကပါမျိုးကို ဖြတ်ကျော်သွားလာရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် ခုန်မင်က သူသွားရောက်မည့် ဆေးပင်ဥယျာဉ်ကို မည်သူမှ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ဟု တွေးထင်လိုက်မိသည်။

သို့သော် ခုန်မင်တစ်ယောက် ထူးဆန်းသည့်လမ်းကြောင်းများကိုဖြတ်ကျော်ပြီး ဝင်္ကပါထဲမှထွက်ခွာတော့မည့်အချိန်တွင် သူ၏အတွေး မှားယွင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော အရှေ့ဆီမှ စကားပြောသံသဲ့သဲ့ကို ရုတ်တရက် ကြားလိုက်ရသောကြောင့်ပင်။

ခုန်မင် အံ့အားသင့်သွားရသည်။

အခြားသူတစ်ယောက်က ဤနေရာကို ရှာတွေ့သည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ခုန်မင် မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး ‘ဖုံးကွယ်ခြင်းအတတ်’ ကို ချက်ချင်းထုတ်ဖော်အသုံးပြုလိုက်သည်။

ထို့နောက် အသံလာရာဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်လေသည်။

ကွေ့ကောက်သော ဥမင်လမ်းကြောင်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် ရှေ့ကိုက်အနည်းငယ်အကွာတွင် ဆေးပင်ဥယျာဉ် အဝင်ဝကို တွေ့မြင်လိုက်ရသည်။

ရှေ့ဆက်သွားမည်ဆိုလျှင် စကားပြောနေကြသူများ သူ့ကိုတွေ့မြင်သွားမည်ဖြစ်သောကြောင့် ခုန်မင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဤထူးဆန်းသောဝင်္ကပါ၏ ထွက်ပေါက်က ထီးတစ်လက်ပမာ ဖြစ်သည်။

ဥမင်လမ်းကြောင်း(၈)ခုက ဗဟိုချက်တစ်ခုတည်းရှိသည့် ထွက်ပေါက်ဆီသို့ အချိုးကျကျ စုဆုံသွားခြင်း ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုထွက်ပေါက်တွင် ရပ်နေမည်ဆိုလျှင် လမ်းကြောင်း(၈)ခုမှ ထွက်လာသူ မည်သူ့ကိုမဆို တွေ့မြင်နိုင်ပေမည်။

ခုန်မင်ကြားနေရသည့်စကားပြောသံများက ထိုထွက်ပေါက်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ခုန်မင်က သူ့ကို အခြားသူများမမြင်အောင် ပုန်းကွယ်လိုက်ပြီး ထွက်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ အတော်လေး ပွက်လောရိုက်နေသည့် အခြေအနေကို တွေ့မြင်လိုက်ရသည်။

ထွက်ပေါက်တွင် အုပ်စုနှစ်စုရှိနေပြီး စုစုပေါင်း လူ(၉)ယောက်ရှိသည်။ ကြည့်ရသည်မှာ အုပ်စုနှစ်စု အခြေအတင် အငြင်းပွားမှုဖြစ်နေကြဟန်ပင်။

အုပ်စုတစ်ခုတွင် အလွန်ထွားကျိုင်းသန်မာပြီး ကြံ့ခိုင်ပုံရသည့် လူငယ်(၄)ယောက် ရှိနေပြီး သူတို့၏မျက်နှာများက အေးစက်ခက်ထန်နေကြသည်။

ထိုလူငယ်(၄)ယောက်က အခြားသူများ မဟုတ်ပေ။

ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနား စင်မြင့်ထက်တွင် ပါဝင်ခဲ့ကြသည့် ကြံ့နက်မျိုးနွယ်စုမှ 'နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်' (၄)ယောက်ပင် ဖြစ်သည်။

အုပ်စုခေါင်းဆောင်က 'နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်' အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသည့် လူငယ်ကျင့်ကြံသူများတွင် ထိုသူကို ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဟု သတ်မှတ်နိုင်သည်။

တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် ကြံ့နက်မျိုးနွယ်စုက တိုက်ခိုက်ရေး အကျွမ်းကျင်ဆုံးအဖြစ် ကျော်ကြားသည်။ သို့ဖြစ်ရာ သူတို့က (၄)ယောက်တည်းဖြစ်သည့်တိုင် တောင်ကြားထဲရှိ မည်သည့်အုပ်စုကိုမဆို အသာစီးရရှိနိုင်၏။

ဤလူငယ်(၄)ယောက်မှာ တောင်ကြားထဲသို့ အသုတ်ခွဲ၍ ဝင်ရောက်လာခဲ့ကြသော်လည်း ယခုကဲ့သို့ အတူပြန်ဆုံကြသည်မှာ နားလည်ရန် မခက်ခဲပေ။

ခုန်မင်နှင့် ရှန်ရှင်းယွင်ကဲ့သို့ပင် တောင်ကြားထဲမဝင်ခင်ကတည်းက ဆုံရပ်တစ်ခု သဘောတူထားပြီး ပြန်လည်ပူးပေါင်းလှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်နိုင်သည်။

သို့သော် ထူးဆန်းသည်မှာ ကြံ့နက်မျိုးနွယ်စုအနေဖြင့် မည်မျှအစဉ်အလာကြီးမားသော မျိုးနွယ်စုဖြစ်ပါစေ မြေအောက်နန်းတော်ကြီး၏ လျှို့ဝှက်နေရာတစ်ခုဖြစ်သော ဤဆေးပင်ဥယျာဉ်ကိုရှာတွေ့ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ကြည့်ရသည်မှာ သူတို့ ဤနေရာသို့ ရောက်ရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ဟန် တူသည်။

All Chapters