ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 15 Ch. 163
ကြံ့နက်မျိုးနွယ်စုနှင့် ထိပ်တိုက်ရင်ဆိုင်နေသူ (၅)ယောက်ကတော့ တစ်ခါကြည့်ရုံဖြင့် ဘယ်တော့မှ မေ့နိုင်စရာအကြောင်းမရှိသော နတ်သူငယ်မျိုးနွယ်များ ဖြစ်ကြသည်။
နတ်သူငယ်တစ်ယောက်ချင်းစီတိုင်းက ပန်းချီကားထဲမှထွက်လာသည့်အလား အလွန်တရာ ချောမောလှပလွန်းကြသည်။
သူတို့၏ ရှည်လျားချွန်ထက်သည့် နားရွက်များ ၊ ကျောထက်တွင်လွယ်ထားသည့် အနုစိတ်လက်ရာမြောက်လှသည့် လေးများနှင့်ပေါင်းစပ်လိုက်လျှင် သူတို့၏ကိုယ်ရောင်ကိုယ်ဝါက ထင်ရှားတောက်ပလွန်းသည်။
နတ်သူငယ်များက လေးအတတ်ကျွမ်းကျင်ရုံသာမက ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကြယ်သော မှော်ပညာကိုလည်း တတ်မြောက်ကြသည်။
ထိုမှော်ပညာက နတ်သူငယ်များ လောကကိုအုပ်စိုးစဉ် မှော်ယဉ်ကျေးမှုထွန်းကားခဲ့သည့် ခေတ်ကာလကတည်းက ဆင်းသက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးစွမ်းအားတစ်ခုဖြစ်ပြီး ယနေ့ခေတ် ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းနှင့် လုံးဝ မတူကွဲပြားသည်။
ထို့ကြောင့် မိန်းကလေး(၂)ယောက်နှင့် ယောကျ်ားလေး(၃)ယောက်ပါဝင်သော နတ်သူငယ်မျိုးနွယ် လူငယ်(၅)ယောက် မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း ခန့်မှန်းရ ခက်လှသည်။
သို့ပေသိ လက်ရှိမှာတော့ ကြံ့နက်မျိုးနွယ်စုမှ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၄)ယောက်က နတ်သူငယ်များကို လုံးဝအလျှော့မပေးလိုဟန် မရှိပေ။
ကြည့်ရသည်မှာ သူတို့အနေဖြင့် နတ်သူငယ်များကို ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်း ရှိဟန်တူသည်။
ထိုအချိန်မှာပင် ကြံ့နက်မျိုးနွယ်စု လူငယ်ခေါင်းဆောင်၏စကားသံ ထွက်ပေါ်လာသည်။
“အဲလစ်... ဟိုးရှေးခေတ်အချိန်ကတည်းက ဖီးနစ်ကျဆုံးတောင်ကြားဆိုတာ ငါတို့ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာရဲ့ စမ်းသပ်ပွဲယှဉ်ပြိုင်ရာနယ်မြေပဲ ၊ မင်းတို့ နတ်သူငယ်တွေနဲ့ ဘာမှမသက်ဆိုင်ဘူး ၊ ဒီတော့... မင်းတို့ အခုပဲထွက်သွားဖို့ ငါ အကြံပေးချင်တယ် ၊ မဟုတ်လို့ကတော့... ပြဿနာအကြီးအကျယ်တက်မယ်ဆိုရင် မင်းတို့လိုအပြင်လူတွေအတွက် အခြေအနေကောင်းမှာ မဟုတ်ဘူး”
ကြံ့နက်မျိုးနွယ်စု လူငယ်ခေါင်းဆောင် ခေါ်ဆိုလိုက်သည့် “အဲလစ်” ဆိုသူက နတ်သူငယ်(၅)ယောက်၏ခေါင်းဆောင် မိန်းမပျို ဖြစ်လေသည်။
နတ်သူငယ်မျိုးနွယ်များက မိန်းကလေးများကို ဦးဆောင်ခွင့်ပေးသော လူ့အဖွဲ့အစည်းဖြစ်ပြီး နတ်သူငယ်မျိုးနွယ် ဘုရင်မနှင့် အကြီးအကဲချုပ်တို့မှာလည်း အမျိုးသမီးများသာ ဖြစ်ကြသည်။
ယခု နတ်သူငယ်လူငယ်ခေါင်းဆောင်ဖြစ်သော “အဲလစ်” ဆိုသည့် မိန်းမပျိုက နတ်သူငယ်(၅)ယောက်ထဲတွင် ခန္ဓာကိုယ် အသေးသွယ်ဆုံးဖြစ်သည်။
သို့သော် သူမ၏ရုပ်ရည်သွင်ပြင်က အလွန်တရာ နုနယ်လှပပြီး အလွန်တရာ ရှားပါးသော အစိမ်းနုရောင်ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။
သူမကျောတွင်လွယ်ထားသည့် လေးမှာလည်း မြစိမ်းရောင်တောက်ပနေသည်ဖြစ်ရာ သူမခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်အလင်းတန်းများဖြင့် ဝန်းရံထားသည့်ပမာ ထင်မှတ်ရစေသည်။
ကြံနက်မျိုးနွယ်စု လူငယ်ခေါင်းဆောင်၏ ခြိမ်းခြောက်စကားကိုကြားသည့်တိုင် အဲလစ်၏မျက်နှာအမူအရာက တစ်ချက်ပျက်ယွင်းသွားခြင်း မရှိပေ။
သူမက အေးစက်စွာဖြင့်...
“ငါတို့ နတ်သူငယ်တွေရဲ့ကိစ္စကို ကြံ့နက်မျိုးနွယ်စုတွေအနေနဲ့ စစ်ဆေးမေးမြန်းနေစရာမလိုဘူး... အထူးသဖြင့် မင်းပဲ ‘လွန်ခါ’... ၊ တောရိုင်းဒေသ မျိုးဆက်သစ်တွေထဲမှာ မင်းကိုယ်မင်း အတော်ဆုံးလို့ကြွေးကျော်နေပေမယ့် ငါတို့ နတ်သူငယ်တွေက အသိအမှတ်ပြုစရာ အကြောင်းမရှိဘူး ၊ ဒီတော့ ငါတို့ရှေ့မှာ အာဏာလာပြနေမယ်ဆိုရင် မင်းမှာ အဲဒီလိုအရည်အချင်းမျိုး တကယ်ရှိ မရှိ ပြန်စမ်းစစ်ဖို့လိုတယ်”
အဲလစ်၏မျက်နှာထက် ခံစားချက်မရှိသည့်တိုင် ပြောလိုက်သည့်စကားလုံးများက အလွန်ပင် ထက်ရှလှသည်။
ဟုတ်ပေ၏။
အဲလစ်သာ ဤသို့ထက်မြက်ခြင်းမရှိပါက နတ်သူငယ်အုပ်စု၏ ခေါင်းဆောင်နေရာကို တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ကြံ့နက်မျိုးနွယ်စု လူငယ်ခေါင်းဆောင်၏အမည်က ‘လွန်ခါ’ ဖြစ်သည်။
သူက အသက်ငယ်ငယ်ဖြင့် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ တက်ရောက်နိုင်သည်ကတစ်ကြောင်း ၊ ကြံ့နက်မျိုးနွယ်စုကဲ့သို့ အထင်ကရာမျိုးနွယ်စုကြီးတစ်ခုမှ ဆင်းသက်လာသည်က တစ်ကြောင်းတို့ကြောင့် တောရိုင်းဒေသ နံပါတ်(၁)အတော်ဆုံးအဖြစ် သတ်မှတ်ခံထားရသည်။
လွန်ခါကိုယ်တိုင်သည်လည်း ဝိုင်းဝန်းမြှောက်စား ချီးကျူးမှုများကြားတွင် အသားကျနေပြီဖြစ်ရာ သူ၏အပြုအမူတိုင်းက မောက်မာဝင့်ကြွားနေတော့၏။
သို့သော် သူ၏ တောရိုင်းဒေသ နံပါတ်(၁)ဆိုသော ဘွဲ့ထူးမှာ နတ်သူငယ်များရှေ့တွင် ဘောင်မဝင်ပေ။
ဟုတ်ပေ၏။
နတ်သူငယ်မျိုးနွယ်များက တောရိုင်းဒေသတွင်နေထိုင်သည့် အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်သည်။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာ၏ အဓိကမျိုးနွယ်စုကြီး(၃)ခု ပူးပေါင်းတိုက်ခိုက်လျှင်ပင် နတ်သူငယ်များကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကြံ့နက်မျိုးနွယ်စု၏ အတော်ဆုံးတပည့်ဖြစ်သော လွန်ခါမှာ နတ်သူငယ်များအတွက်တော့ မည်သည့်ခြိမ်းခြောက်မှုမှ မရှိလှပေ။
ထို့ပြင် အဲလစ်ဆိုသည်ကလည်း အထူးပင် အဆင့်အတန်းမြင့်မားသူတစ်ယောက် ဖြစ်သည်။
သူမက နတ်သူငယ်မျိုးနွယ်စု၏ အမြင့်မြတ်ဆုံးသော အထက်တန်းလွှာမျိုးနွယ်မှ ဆင်းသက်လာသူဖြစ်လေရာ သူမစိတ်ထဲတွင် တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာဆိုသည်က ယဉ်ကျေးမှုမထွန်းကားသော လူရိုင်းများသာ ဖြစ်သည်။
ယခု အဲလစ်က စကားကို မချေမငံပြောလိုက်သည်ဖြစ်ရာ လွန်ခါ၏မျက်နှာတစ်ခုလုံး မှောင်မဲသွားသည်။
“မင်းတို့ နတ်သူငယ်မျိုးနွယ်စုမှာ တော်ဝင်ပါရမီရှင်(၅)ယောက်ဆိုတာ အတော်နာမည်ကြီးတယ်လို့ ကြားဖူးတယ် ၊ အဲဒီ (၅)ယောက်လုံး ဒီမှာရှိနေမယ်ဆိုရင်တော့... မင်းတို့ရဲ့ နတ်သူငယ် တော်ဝင်သွေးကို ထောက်ထားပြီး ငါ နည်းနည်းပါးပါး လေးစားမှုပြမိလိမ့်မယ်”
လွန်ခါက မထီမဲ့မြင်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အဲလစ်... တော်ဝင်ပါရမီရှင်(၅)ယောက်မှာ အညံ့ဆုံးဖြစ်တဲ့ မင်းတစ်ယောက်တည်းရှိနေရုံနဲ့တော့ ငါက အရေးစိုက်မယ်မထင်နဲ့ ၊ ဟွန်း... ဖီးနစ်ကျဆုံးတောင်ကြားဆိုတာ စမ်းသပ်ပွဲယှဉ်ပြိုင်ရာနယ်မြေပဲ ၊ အပြင်လောကမှာ မင်းတို့အဆင့်အတန်း ဘယ်လောက်မြင့်မားပါစေ... ဒီနေရာမှာ အသက်ပျောက်သွားလို့ကတော့ အရိုးစုတစ်ခုထက်ပိုမှာ မဟုတ်ဘူး ၊ နတ်သူငယ်တော်ဝင်မျိုးနွယ်ဖြစ်နေရုံနဲ့ အသက်မသေဘူးလို့ အာမခံချက်မရှိဘူးနော်”
အဲလစ်၏မျက်နှာက အေးစက်ခက်ထန်နေဆဲဖြစ်ပြီး သူမက ရွံရှာစက်စုပ်သည့်လေသံဖြင့်...
“အမှန်ပဲ... ဖီးနစ်ကျဆုံးတောင်ကြားလို စုတ်ပြတ်သတ်နေတဲ့နေရာမျိုးက မင်းတို့လို လူရိုင်းတွေအတွက် အသင့်တော်ဆုံး သင်္ချိုင်းမြေပဲလေ”
သူတို့နှစ်ယောက် စကားစစ်ထိုးနေသည်ကပင် ဓားသံလှံသံများ ထွက်ပေါ်နေပြီ ဖြစ်သည်။ ထပ်မံ၍ စကားစစ်ထိုးဦးမည်ဆိုပါက တိုက်ပွဲဖြစ်ပွားသည့်အခြေအနေသို့ ရောက်ရှိသွားပေမည်။
ခုန်မင်ကတော့ အမှောင်ထဲတွင် ပုန်းအောင်းရင်း ကျားနှစ်ကောင်သတ်ပွဲကို ဘေးကကြည့်ရန် ဆုံးဖြတ်ထားသည်။
သို့သော် သူ့စိတ်ထဲ သံသယများစွာ ပြည့်နက်နေလေသည်။
နတ်သူငယ်များရော ကြံ့နက်မျိုးနွယ်စုဝင်များပါ ဤမျှလျှို့ဝှက်လွန်းသောနေရာကို မည်သို့ ရှာတွေ့ခဲ့ကြပါသနည်း။
ဤနေရာသို့လာရောက်နိုင်သည့် ဝင်္ကပါလမ်းကြောင်းကို ရှာတွေ့သည်ဆိုဦးတော့ လမ်းကြောင်းမှန်အတိုင်း ဖြတ်သန်းဝင်ရောက်လာရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့်ကိစ္စပင်။
သူတို့ထံတွင်လည်း ခုန်မင်ကဲ့သို့ပင် လမ်းညွှန်မြေပုံ အပြည့်အစုံများ ရှိနေလေသည်လား။
သူတို့ထံတွင် လမ်းညွှန်မြေပုံ အပြည့်အစုံရှိနေသည်ဆိုလျှင် ထိုမြေပုံကို ဘယ်ကရခဲ့ပါသနည်း။
မီးလျှံဖီးနစ်ငှက်မွှေးမှ အသွင်ပြောင်းထားသည့် ဖီးနစ်ကျဆုံးတောင်ကြား မြေပုံအပြည့်အစုံမှာ နေရာတကာတွင် အလွယ်တကူ ရှာတွေ့နိုင်လောက်သည့် ပေါပေါလောလောပစ္စည်းမျိုး မဟုတ်နိုင်ပေ။
သို့ဆိုလျှင် နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များ ဤနေရာသို့ ရောက်ရှိလာနိုင်သည်မှာ ထူးခြားသောအကြောင်းရင်းတစ်ခု ရှိရပေမည်။
သူတို့သည်ပင် ရောက်ရှိလာနိုင်သည်ဆိုလျှင် အခြားသော မျိုးနွယ်စုများမှလူငယ်များရော ရောက်ရှိလာဦးမည်လား။
လူသူအရောက်အပေါက်မရှိနိုင်သော ဆေးပင်ဥယျာဉ်ထဲတွင် ရတနာပစ္စည်းများကို လွယ်ကူစွာ ရှာဖွေနိုင်မည်ဟု ခုန်မင် စဉ်းစားထားခဲ့မိသည်။
သို့သော် လက်ရှိအခြေအနေများကို ကြည့်ခြင်းအားဖြင့် သူ၏အတွေး မှားယွင်းသွားခဲ့ပေပြီ။
ထိုအချိန်မှာပင်...
ခေါင်းလောင်းသံပမာ အလွန်တရာသာယာသည့် ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ခုန်မင် ပုန်းအောင်းနေသည့်နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော ဥမင်လမ်းကြောင်းမှ အလွန်တရာ ချောမောလှပသော မိန်းမပျိုတစ်ယောက် ထွက်လာလေသည်။
ထိုမိန်းကလေးကိုတွေ့သည်နှင့် ခုန်မင် ဆွံ့အ သွားရ၏။
သူမက အခြားသူ မဟုတ်ပေ။
မြူခိုးတိမ်တိုက်တောင်တွင် ခုန်မင်နှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသော ပြလွင်တောင်ပံမျိုးနွယ်စုမှ နာမည်ကျော် အလှပဂေး ‘နာ့ယီရှို့’ ပင် ဖြစ်ပေ၏။
နာ့ယီရှို့ ဤနေရာတွင် ထွက်ပေါ်လာခြင်းက ခုန်မင်ကို အတော်လေး အံ့အားသင့်သွားစေသည်။
“မျိုးနွယ်စုကြီးတွေမှာ ဒီနေရာကိုရောက်နိုင်တဲ့နည်းလမ်းများ ရှိနေတာလား...”
ခုန်မင် တွေးလိုက်မိသည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုသာ အတွင်းပိုင်းရန်ငြိုးများဖြင့် ရှုပ်ထွေးမနေခဲ့လျှင် ဂါ့ဒ်တို့အုပ်စုသည်လည်း ဤနေရာသို့ ရောက်လာနိုင်ခြေ ရှိသည်။
ယခုတော့ ဂါ့ဒ်က သေဆုံးသွားပြီ ဖြစ်သည်။
လော့ခ်မှာလည်း ဒဏ်ရာများကုသရန် တစ်နေရာတွင် ပုန်းအောင်းနေရမည်ဖြစ်ပြီး ထူယာ့ကတော့ ရှန်ရှင်းယွင်နှင့်အတူ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုမှ လူငယ်(၃)ယောက်ကတော့ ဤဇာတ်လမ်းနှင့် လွဲချော်ရန် ကံပါလာခဲ့ကြပုံရသည်။
မည်သို့ပင်ဖြစ်စေ နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များ အခြေအတင် စကားများနေချိန် နာ့ယီရှို့ ထွက်ပေါ်လာခြင်းက ရိုးရှင်းသည့်ကိစ္စ မဟုတ်ပေ။
သို့သော် မထင်မှတ်စွာပင် နာ့ယီရှို့က အပြုံးလှလှလေးဖြင့် နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များကြား ဖြန်ဖြေပေးသည့် လေပြေအေးစကားများကို ပြောဆိုလိုက်သည်။
“လေးစားရတဲ့ နတ်သူငယ်များနဲ့ ကြံ့နက်မျိုးနွယ်စုက မိတ်ဆွေတို့ရှင်... ဒီ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲမှာ ဆုံတွေ့ခွင့်ရတယ်ဆိုတာ ကံတရားကြောင့်ပဲ မဟုတ်လား ၊ အချင်းချင်း ကူညီရိုင်းပင်ကြရမှာပေါ့”
သူမက ဆက်ပြောလိုက်သည်။
“လူတိုင်းက အကျိုးအမြတ်တွေကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်တယ်ဆိုတာ နားလည်ပါတယ် ၊ ဒါပေမဲ့ ဒီလောကမှာ ဘယ်အရာမှ ကိုယ်ဖြစ်ချင်သလို ချောချောမွေ့မွေ့ မဖြစ်နိုင်ဘူးလေ ၊ ဒီတော့... အခု အားလုံးက ဒီနေရာကို ရှာတွေ့ခဲ့ကြပြီဆိုတော့... အင်း... ဒီနေရာအကြောင်း တခြားသူတွေ မသိနိုင်လောက်သေးဘူး”
“ပြီးတော့ ရှေ့က ရတနာတိုက်ထဲမှ ဘာတွေရှိမလဲဆိုတာလည်း ဘယ်သူမှ သေချာမသိနိုင်ဘူး ၊ ရတနာပစ္စည်းတွေအပြင် ကြီးမားတဲ့အန္တရယ်တွေလည်း ရှိနေနိုင်တယ်လေ ၊ ကျွန်မအမြင်ပြောရရင်တော့... ရတနာတွေ ရှာမတွေ့သေးခင် အချင်းချင်းတိုက်ခိုက်ကြတယ်ဆိုတာ မိုက်မဲတဲ့လုပ်ရပါပဲ ၊ အားလုံးပူးပေါင်းပြီး ရတနာတွေ အတူတူရှာဖွေကြမယ် ၊ ပြီးရင် အညီအမျှ ခွဲဝေယူကြမယ်လေ ၊ အင်း... ရတနာတွေကို တစ်ယောက်တည်းအပိုင်စီးချင်တယ်ဆိုရင်တောင် ရတနာတွေကို ရှာတွေ့ပြီးမှ လုပ်သင့်တဲ့ကိစ္စပဲ မဟုတ်ဘူးလား”
နာ့ယီရှို့က ပိုမိုတောက်ပပြီး ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်ရင်း...
“ကျွန်မက တစ်ယောက်တည်းသမားပါနော် ၊ နတ်သူငယ်တွေရော ကြံ့နက်မျိုးနွယ်စုဝင်တွေရောက တန်ခိုးစွမ်းအားလည်းကြီးသလို အင်အားလည်းများပါတယ် ၊ ဒီတော့ ကျွန်မဘက်က တစ်ခုခုလှည့်စားမယ်လို့တော့ သံသယမဝင်ကြပါနဲ့ ၊ တကယ်တော့... ကျွန်မက အကျိုးအမြတ်လေး နည်းနည်းပါးပါးရမယ်ဆိုရင် ကျေနပ်ပါပြီ”
နာ့ယီရှို့၏စကားများက သဘာတကျသည် အမှန်ပင်။
သူမက တစ်ယောက်တည်းဖြစ်သဖြင့် နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုများအနေဖြင့် သူမကို ပြိုင်ဘက်အဖြစ် သတ်မှတ်ရန် မလိုအပ်ပေ။
ထို့ကြောင့်ပင် အဲလစ်နှင့် လွန်ခါတို့က သူမ၏အကြံပြုချက်ကို လိုက်နာသင့် မသင့် စတင်စဉ်းစားလာကြသည်။
ခဏအကြာမှာတော့ လွန်ခါက နာ့ယီရှို့အား လှမ်းကြည့်လိုက်ပြီး...
“ကောင်းပြီ... မင်းရဲ့စကားက အဓိပ္ပါယ်ရှီပါတယ်”
အဲလစ်ကလည်း နာ့ယီရှီု့ဘက်သို့လှည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး...
“ဒါဖြင့် ကောင်းပြီလေ...”
နာ့ယီရှို့က ပြုံးလိုက်ရင်း...
“အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင်... ရတနာပစ္စည်း တစ်ယောက်တစ်ခုရမယ်ဆိုရင်တောင် ပျော်စရာပဲ မဟုတ်ဘူးလား ၊ ရှင်တို့ အုပ်စုနှစ်ခု အချင်းချင်း စိတ်မချဖြစ်နေသေးတယ်ဆိုရင် ကျွန်မက ကြားခံလူအဖြစ် ဆောင်ရွက်ပေးပါ့မယ်နော်”
လွန်ခါက ပြတ်သားသည့်လေသံဖြင့်...
“ကောင်းပြီ... မင်းသဘောအတိုင်း လုပ်နိုင်တယ်”
ပြာလွင်တောင်ပံမျိုးနွယ်စုနှင့် ကြံ့နက်မျိုးနွယ်စုကြား လက်ထပ်ထိမ်းမြား မဟာမိတ်ပြုခြင်းမှာ ရှေးယခင်ကတည်းက တည်ရှိခဲ့သော သမိုင်းဝင် အစဉ်အလာတစ်ခု ဖြစ်သည်။
ဤမျိုးနွယ်စုနှစ်ခုမှ အထူးချွန်ဆုံးလူငယ်ပါရမီရှင်များ မကြာခဏဆိုသလို ထိမ်းမြားလက်ထပ်လေ့ရှိကြပြီး တောရိုင်းဒေသတခွင် ပြောမကုန်သော အချစ်ဒဏ္ဍာရီပေါင်းများစွာကိုလည်း ချန်ထားခဲ့ကြသည်။
အထူးသဖြင့်လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က တောရိုင်းဘုရင်’ကိုနန်’ နှင့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ ထိပ်တန်းအလှပဂေး ‘ယီလီယာနာ’ တို့၏ ဆုံဖက်ပေါင်းစည်းမှုဆိုလျှင် ယနေ့ထိတိုင် တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာကြား လူပြောအများဆုံး အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေဆဲပင်။
သို့သော် လူသားတို့၏ ရေစက်ဆိုသည်ကလည်း အတော်လေး ဆန်းကြယ်လှသည်။
ပြာလွင်တောင်ပံမျိုးနွယ်စု၏ လက်ရှိအလှဘုရင်မ’နာ့ယီရှို့’ နှင့် ကြံ့နက်မျိုးနွယ်စု၏ အတော်ဆုံး ထိပ်တန်းတပည့် ‘လွန်ခါ’ တို့မှာ တစ်ယောက်ကိုတစ်ယောက် တစ်စက်လေးပင် စိတ်ဝင်စားခြင်း မရှိကြပေ။
မျိုးနွယ်စုအကြီးအကဲများက သူတို့နှစ်ယောက်ကို လက်ဆက်ပေးရန် ရည်ရွယ်ခဲ့ကြသော်လည်း လူငယ်များက လုံးဝ စိတ်မဝင်စားသဖြင့် နောက်ဆုံး လက်လျှော့ခဲ့ကြရသည်။
ယခုလည်း လွန်ခါက သူ့ရှေ့တွင်ရှိနေသော လှပျိုဖြူလေး နာ့ယီရှို့ကို တစ်ချက်လေးပင် နွေးထွေးပျူငှာစွာ မဆက်ဆံခဲ့ပေ။
မည်သို့ပင်ဖြစ်စေ နာ့ယီရှို့၏ ဖျောင်းဖျမှုက အောင်မြင်သွားခဲ့ပြီး သူတို့အုပ်စု(၃)စု အတူပူးပေါင်းလျှက် ထွက်ပေါက်နှင့်မလှမ်းမကမ်းရှိ ဆေးပင်ဥယျာဉ်ဆီသို့ အတူတကွ ဦးတည်ထွက်ခွာသွားကြတော့၏။