← Chapters

နောက်ကွယ်မှစာကလေး

Vol. 15 Ch. 164

နောက်ကွယ်မှစာကလေး

Vol. 15 Ch. 164

ထူးဆန်းသည်မှာ အုပ်စု(၃)စုတွင် နာ့ယီရှို့က အားအနည်းဆုံးဟုထင်ရသော်လည်း ယခု သူမက မသိမသာဖြင့် ဦးဆောင်သူနေရာသို့ ရောက်ရှိနေခြင်းပင်။

နတ်သူငယ်အုပ်စုရော ၊ ကြံ့နက်မျိုးနွယ်စုဝင်များပါ သူမဦးဆောင်မှုနောက်သို့ မသိမသာ လိုက်ပါနေမိကြသည်။

အမှောင်ထဲတွင် ပုန်းအောင်းနေသောခုန်မင်ကတော့ မြင်ကွင်းကိုကြည့်ရင်း နာ့ယီရှို့၏ ကျွမ်းကျင်လှသော ပရိယာယ်များကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

ဤမိန်းကလေးကတော့ သူတပါးကို လှည့်စားခြယ်လှယ်ရာတွင် မွေးရာပါထူးချွန်သည့် စုန်းမလေးတစ်ယောက် ဖြစ်သည်။

နာယီရှို့နှင့် အခြားသူများ ဤနေရာကို မည်သို့ရှာဖွေတွေ့ရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ၊ သူတို့က ဤနေရာကို ဆေးပင်ဥယျာဉ်ဟု မခေါ်ဘဲ “ရတနာတိုက်” ဟု ခေါ်ဆိုကြသည်။

ပုံမှန်ဆိုလျှင် ရတနာပစ္စည်းများရှိရာနေရာတိုင်းက ဘေးကင်းသည်ဟူ၍ မရှိပေ။

နာ့ယီရှို့က တစ်ယောက်တည်းရောက်လာသည်ဖြစ်ရာ ရတနာပစ္စည်းများရယူရင်း အန္တရယ်ကြုံတွေ့ပါက ရင်ဆိုင်နိုင်စွမ်း မရှိနိုင်ပေ။

ထို့ပြင် နတ်သူငယ်များရော ကြံ့နက်မျိုးနွယ်စုဝင်များပါ ဤနေရာသို့ ရောက်ရှိနေကြသည်ဖြစ်ရာ နာ့ယီရှို့တစ်ယောက်တည်းဖြင့် ဤအုပ်စုနှစ်ခုကို မည်သို့ယှဉ်ပြိုင်နိုင်ပါမည်နည်း။

သူတို့အချင်းချင်းသတ်ပွဲကို ဘေးမှထိုင်ကြည့်နေဦးတော့ နောက်ဆုံး အနိုင်ရမည့်အုပ်စုကိုလည်း နာ့ယီရှို့အနေဖြင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမက နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များကြား အင်အားချန်ခွင်ရှာကိုထိန်းညှိထားရင်း အတူတကွ ရတနာရှာဖွေရန် ဆွဲဆောင်သိမ်းသွင်းလိုက်ခြင်း ဖြစ်၏။

အန္တရယ်ကြုံလျှင်လည်း အုပ်စုတောင့်သဖြင့် ရင်ဆိုင်ရလွယ်ကူနိုင်ပေသည်။

နောက်တစ်ချက်မှာ နာ့ယီရှို့က တစ်ကိုယ်တည်းသမားဖြစ်သဖြင့် နတ်သူငယ်များရော ကြံ့နက်မျိုးနွယ်စုဝင်များသည်ပါ သူမကို သံသယဝင်ကြမည် မဟုတ်ပေ။

အင်အားကြီးအုပ်စုနှစ်ခုကြားတွင် တစ်ကိုယ်တော် ဖြတ်သန်းလှုပ်ရှားရသည်မှာ အလွန်အန္တရယ်များသည်ဟု ထင်စရာရှိသော်လည်း ကျွမ်းကျင်သောနည်းပရိယာယ်ကိုသာ အသုံးပြုနိုင်မည်ဆိုပါက အခြေနေအရပ်ရပ်ကို မိမိစိတ်ကြိုက် ခြယ်လှယ်နိုင်မည်သာပင်။

လက်ရှိအခြေအနေအရ နာ့ယီရှို့က သူမအကြံအစည်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

ဆေးပင်ဥယျာဉ်ထဲရောက်ပြီးနောက် သူမက အခြေအနေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဦးမည်လား မသိနိုင်သေးသော်လည်း ၊ ဤစုန်းမလေးက ကောက်ကျစ်စဉ်းလဲသော ပရိယာယ်များဖြင့် ပြည့်နက်နေသည်ဖြစ်ရာ သူမအတွက် မည်သည့်နည်းနှင့်မှ အရှုံးပေါ်စရာ အကြောင်းမရှိပေ။

မြူခိုးတိမ်တိုက်တောင်တွင် ခုန်မင်က နာ့ယီရှို့ကို အရူးလုပ်နိုင်ခဲ့ခြင်းမှာ ခုန်မင်၏ နည်းပရိယာယ်များက သူမထက် ပိုမိုသာလွန်သော‌ကြောင့် ဖြစ်သည်။

ခုန်မင်မဟုတ်ဘဲ အခြားသူဆိုလျှင်တော့ နာ့ယီရှီု့လှည့်စားခြင်းကိုခံရပြီး သူမလက်ခုပ်ထဲမှရေ ဖြစ်သွားပေမည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ခဲ့သည့် အချိန်တစ်လနီးပါးအတွင်း ခုန်မင် လူငယ်များစွာနှင့် တွေ့ဆုံခဲ့ရသည်။

ထိုလူငယ်များထဲတွင် ဉာဏ်အများဆုံးနှင့် အကောက်ကျစ်ဆုံးကို ပြောပါဆိုလျှင် မိန်းကလေးများထဲတွင် နာ့ယီရှို့ဖြစ်ပြီး ယောကျ်ားလေးများထဲမှာတော့ လော့ခ် ဖြစ်လေသည်။

လက်ရှိတွင် နာ့ယီရှို့အ‌နေဖြင့် အခြေအနေအားလုံးကို မည်မျှအထိ ထိန်းချုပ်သွားနိုင်မည်ကို ခုန်မင် သိချင်နေမိသည်။

ထို့ကြောင့် သူက နာ့ယီရှို့ ၊ အဲလစ်နှင့် လွန်ခါတို့၏ နောက်ထပ်ခြေလှမ်းများကို လေ့လာရန်အတွက် သူတို့နောက်သို့ နောင်ယောင်ခံလိုက်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုခဏမှာပင် ခုန်မင်ရှိနေသည့် ဥမင်လမ်းကြောင်းနှင့် ကပ်လျှက်ရှိသော ဥမင်လမ်းထဲတွင် ပုန်းအောင်းနေသည့် အုပ်စုတစ်စုရှိနေကြောင်း သတိလိုက်ရပြီး ရုတ်တရက် အံ့အားသင့်သွားရသည်။

တကယ်တော့ ထိုသူများက ခုန်မင်ထက်စောပြီး ရောက်ရှိနေကြဟန်ပင်။

သို့သော် သူတို့သည်လည်း စွမ်းအားရောင်ဝါများကို ဖုံးကွယ်ထားပြီး ခုန်မင်ကဲ့သို့ပင် အမှောင်ထဲတွင် ငြိမ်သက်နေခဲ့ကြသည်။

ဥမင်လမ်းနှစ်ခုကြားခံထားသည့် အရံအတားကြောင့်သာ ခုန်မင် ရောက်ရှိလာချိန်က သူတို့၏တည်ရှိမှုကို သတိမထားခဲ့မိခြင်း ဖြစ်သည်။

သူတို့သာ ခုန်မင်နောက်မှ ရောက်လာမည်ဆိုလျှင် အရံအတားရှိနေသည့်တိုင် ခုန်မင်အနေဖြင့် အာရုံခံမိပေမည်။

ခုန်မင်က ဤနေရာသို့ မရောက်မီကတည်းကပင် "ရောင်ဝါဖုံးကွယ်ခြင်းအတတ်" ကို အသုံးပြုထားခဲ့မိသဖြင့် တော်သေးသည်ဟု ဆိုရမည်။

မဟုတ်ပါက ထိုအုပ်စုအနေဖြင့် ခုန်မင်ရောက်ရှိလာသည်ကို အာရုံခံမိသွားနိုင်သည်။

(အရင်က “ဖုံးကွယ်ခြင်းအတတ်” လို့ရေးတာကို အခု “ရောင်ဝါဖုံးကွယ်ခြင်းအတတ်” လို့ ပြင်ရေးထားတာပါ ၊ “ရောင်ဝါဖုံးကွယ်ခြင်းအတတ်” ဆိုတာက ပိုပြီးလှမလားလို့ - ဘာသာပြုန်သူ)

နာ့ယီရှို့က ကြံ့နက်မျိုးနွယ်စုဝင်များနှင့် နတ်သူငယ်များကို ဦးဆောင်ကာထွက်ခွာသွားသည်နှင့် အမှောင်ထဲတွင် ပုန်းအောင်းနေသည့်အုပ်စုသည်လည်း အနည်းငယ် စိတ်လျှော့လိုက်ကြပုံရသည်။

ထိုခဏတွင်ထွက်ပေါ်လာသည့် တိုးလျသည့်အသံများက ခုန်မင်ကို သတိပြုမိသွားစေခြင်းပင်။

ခုန်မင်က "ကျောက်တုံးထိန်းချုပ်နည်းစနစ်" ကို တိတ်တဆိတ် ထုတ်ဖော်လိုက်ပြီး နံရံတွင် နားကိုကပ်လျှက် ဘေးကပ်လျှက် ဥမင်ထဲမှလှုပ်ရှားမှုများကို အာရုံစိုက်လိုက်သည်။

ကျောက်တုံးထိန်းချုပ်နည်းစနစ်ကြောင့် နံရံတစ်ခုလုံးက အသံကူးယူပေးသည့် ကြားခံနယ်အဖြစ် ပြောင်းလဲသွားသည်ဖြစ်ရာ တစ်ဖက်ခြမ်းမှလူများ အချင်းချင်း နားနားကပ်၍ တိုးတိုးလေးစကားဆိုဦးတော့ ခုန်မင်အနေဖြင့် အတိုင်းသားကြားနိုင်မည် ဖြစ်၏။

"ဒါက ဘယ်လိုဖြစ်တာလဲ... အဲဒီ တောရိုင်းဒေသက ကောင်တွေနဲ့ နတ်သူငယ်တွေက ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ ၊ ငါတို့ရထားတဲ့ သတင်းအရဆိုရင် ဒီလျှို့ဝှက်နယ်မြေက ပြင်ပလောကကို တစ်ခါမှ မပေါက်ကြားဖူးဘူးဆို ၊ မဟုတ်ရင်... ခေတ်အဆက်ဆက် ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွေတစ်လျှောက် ဘာပြဿနာမှမဖြစ်ဘဲ နေမှာတဲ့လား”

တစ်ဖက်ခြမ်းမှ စကားသံများက ခုန်မင်၏နားထဲသို့ ကြည်လင်ပြတ်သားစွာ တိုးဝင်လာသည်။

ခုန်မင် အံ့အားသင့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ထိုအသံပိုင်ရှင်မှာ သူနှင့်ရင်းနှီးပြီးသားဖြစ်သော ချောင်အိမ်တော်မှ ချောင်တတိယသခင်လေး၏အသံ ဖြစ်နေသောကြောင့်ပင်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ခုန်မင်ရောက်ရှိနေကြောင်း ချောင်တတိယသခင်လေး မသိရှိသော်လည်း ခုန်မင်ကတော့ သူ၏လှုပ်ရှားမှုများကို မလွတ်တမ်း စောင့်ကြည့်နေခဲ့သည်။

ချောင်တတိယသခင်လေးနှင့် သူ၏နောက်လိုက်များက တောရိုင်းဒေသတွင် စမ်းသပ်ပွဲလက်မှတ် (၄)ခုအထိရရှိအောင် စုဆောင်းနိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ချီးကျူးထိုက်သည့်စွမ်းဆောင်ရည် ဖြစ်သည်။

ထို့ပြင် သူနှင့်အတူ တောင်ကြားထဲသို့ လိုက်ပါလာသည့် နောက်လိုက်(၃)ယောက်လုံးမှာလည်း နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များ ဖြစ်ကြသည်။

ထို့ကြောင့် ဖီးနစ်ကျဆုံးတောင်ကြားတွင် ချောင်တတိယသခင်လေး၏အုပ်စုက လျှော့မတွက်သင့်သော အုပ်စုတစ်စု ဖြစ်၏။

လက်ရှိမှာတော့ ချောင်တတိယသခင်လေးတို့အုပ်စုက ခုန်မင်နှင့်ဘေးချင်းကပ် ဥမင်ထဲတွင် ပုန်းအောင်းနေကြပြီး ဤနေရာသို့ နတ်သူငယ်များနှင့် တောရိုင်းဒေသ မျိုးနွယ်စုဝင်များပါ ရောက်ရှိလာကြသဖြင့် အံ့သြတကြီး ဖြစ်နေကြလေသည်။

အခြေအနေများက အတော်လေး စိတ်ဝင်စားစရာကောင်းလာလေပြီ။

မည်သူမှမသိနိုင်သည့် လျှို့ဝှက်ချက်ဖြစ်‌သော ဆေးပင်ဥယျာဉ်တည်ရှိရာနေရာက ယခုတော့ အဘယ့်ကြောင့် လူပေါင်းများစွာက သိရှိနေကြပါသနည်း။

ခုန်မင်ကတော့ ပွဲကြီးပွဲကောင်းတွေ့ပြီဟု တွေးလိုက်မိသည်။

ထိုအချိန် ဘေးဘက်ရှိဥမင်ထဲမှ ချောင်ပြောင်၏အသံ ထွက်ပေါ်လာသည်။

“သခင်လေး... ကြံ့နက်မျိုးနွယ်စုနဲ့ ပြာလွင်တောင်ပံမျိုးနွယ်စုက တောရိုင်းဒေသရဲ့ အဓိကအင်အားစုတွေပဲ ၊ ပြီးတော့ နတ်သူငယ်တွေကလည်း အတော်လေး အင်အားကြီးတယ် ၊ ဒီတစ်ခေါက် စမ်းသပ်ပွဲကို နတ်သူငယ်တွေ ပါဝင်လာတာကို ကြည့်ရရင်... ဟို ဒဏ္ဍာရီလာပစ္စည်းအကြောင်း သတင်းပေါက်ကြားသွားပြီထင်တယ်”

သူက ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် အခုလိုအင်အားစုတွေ တပြိုင်တည်း ဒီနေရာကိုရောက်လာကြတာ နေမှာ ၊ ဒါပေမဲ့... ကျွန်တော်တို့ တောရိုင်းဒေသကို စပြီးခြေချတဲ့အချိန်တုန်းက ဒီလိုသတင်းမျိုး တစ်ခါမှ မကြားခဲံဖူးပါဘူး ၊ ဒါကြောင့် သတင်းပေါက်ကြားတယ်ဆိုရင်တောင် အသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးထဲမှာပဲ ဖြစ်လိမ့်မယ် ၊ ဒီတော့ ဒီလူရိုင်းတွေနဲ့ နတ်သူငယ်တွေ ကျွန်တော်တို့လောက် ကြိုတင်ပြင်ဆင်ထားနိုင်ကြမယ် မထင်ဘူး”

ချောင်တတိယသခင်လေးက ခေါင်းညိတ်လိုက်ပြီး…

“ဒီခရီးမှာ အဲဒီဒဏ္ဍာရီလာပစ္စည်းကို ငါတို့ပဲ အပိုင်သိမ်းနိုင်ရမယ် ၊ မင်းတို့ ညီအစ်ကို(၃)ယောက်ရှိနေတယ်ဆိုတော့ သိပ်စိတ်ပူစရာမရှိပါဘူး”

သူက တစ်ချက်ပြုံးလိုက်ပြီး...

“ဒါနဲ့ စကားမစပ်... ဟိုလူရိုင်းမလေးက အ‌တော်လေး ဆွဲဆောင်မှုရှိတယ် ၊ ဟို နတ်သူငယ်မလေးနှစ်ယောက်ထဲက တစ်ယောက်ဆိုရင်လည်း တော်ဝင်သွေးပါတယ်ဆိုပဲ ၊ အခွင့်အရေးရရင်တော့ သူတို့ရဲ့အလှအပလေးတွေကို ခံစားကြည့်ချင်သေးတယ် ၊ ကဲ... သွားရအောင် ၊ သူတို့ ဘာကစားကွက်တွေခင်းမလဲ လိုက်ကြည့်ကြရအောင်”

ထို့နောက် ချောင်တတိယသခင်လေးတို့အုပ်စု ဥမင်လမ်းထဲမှထွက်လာပြီး နာ့ယီရှို့ ၊ အဲလစ်နှင့် လွန်ခါတို့ အုပ်စုနောက်သို့ တိတ်တဆိတ် လိုက်ပါသွားကြလေသည်။

ခုန်မင်ကတော့ ခေါင်းတစ်ချက်ခါယမ်းလိုက်မိသည်။

ဤမျှအန္တရယ်များသည့် ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်နေပါလျက် ချောင်တတိယသခင်လေးက ဖွန်ကြောင်နိုင်သေးသည် မဟုတ်လား။

ပြီးတော့ သူက ခွန်းကာမြို့ ၊ ချန်အိမ်တော်မှ သခင်မလေးနှင့် လက်ထပ်ထားသည်မှာပင် မကြာလှသေးပေ။

မည်သို့ပင်ဖြစ်စေ ခုန်မင်အနေဖြင့် ချောင်တတိယသခင်လေး၏ ကိုယ်ရေးကိုယ်တာများကို သိပ်ပြီးအရေးစိုက်စရာ မရှိပေ။

သို့ပေသိ ချောင်တတိယသခင်လေး၏ စကားထဲတွင် စဉ်းစားစရာတချို့ ရှိနေသည်။

“မင်းတို့ ညီအစ်ကို(၃)ယောက်ရှိနေတယ်ဆိုတော့ သိပ်စိတ်ပူစရာမရှိပါဘူး”

ဆိုသောစကားအရ ချောင်တတိယသခင်လေးက သူ၏နောက်လိုက်(၃)ယောက်၏ ပေါင်းစပ်အင်အားကို အတော်လေး တန်ဖိုးထားပုံရသည်။

ကြည့်ရသည်မှာ ထိုသူ(၃)ယောက်တွင် “ပူးပေါင်းတိုက်ခိုက်ရေးအတတ်” တစ်ခုကို တတ်မြောက်ထားခြင်း ဖြစ်နိုင်၏။

မဟုတ်ပါက ထို(၃)ယောက်မှာ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များ ဖြစ်စေကာမူ နာ့ယီရှို့၊ လွန်ခါနှင့် အဲလစ်တို့ကဲ့သို့သောသူများကိုရင်ဆိုင်ရန်အတွက် ယုံကြည်ချက်အပြည့်ရှိနေရန် မဖြစ်နိုင်ပေ။

ချောင်တတိယသခင်လေး၏ တန်ခိုးစွမ်းအားက မပြောပလောက်သော်လည်း ချောင်အိမ်တော်ဆိုသည်က လျန်ကျိုးနွယ်တစ်ခုလုံးတွင် ထိပ်တန်းအဆင့်ဝင် အိမ်တော်တစ်ခုဖြစ်ပြီး အလွန်တရာ စွမ်းအားကြီးမားသည်။

ထို့ကြောင့် ခုန်မင်အနေဖြင့် ချောင်အိမ်တော်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အလေးအနက်ထားကာ စဉ်းစားသင့်ပေသည်။

ချောင်တတိယသခင်လေးတို့အုပ်စု နာ့ယီရှို့တို့နောက်သို့ လိုက်ပါသွားသည်နှင့် ခုန်မင်သည်လည်း ‘ရောင်ဝါဖုံးကွယ်ခြင်းအတတ်’ ကို ဆက်လက်အသုံးပြုကာ သူတို့အုပ်စုနောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်။

“နှံကောင်က ပုစဉ်းရင်ကွဲကိုဖမ်းရန်ချောင်းနေစဉ် နောက်ကွယ်မှ စာကလေးငှက်က အသင့်စောင့်နေသည်” ဆိုသော စကားပုံအတိုင်း ခုန်မင်က စာကလေးငှက်အဖြစ် နေရာယူလိုက်သည်။

ဥမင်လမ်းမှထွက်ပြီး ပေ(၃၀၀)ခန့် လမ်းလျှောက်ပြီးနောက် မြေအောက်နန်းတော်၏ အကြီးမားဆုံးသော ဆေးပင်ဥယျာဉ်ဝင်ပေါက်သို့ ရောက်ရှိလာသည်။

ဆေးပင်ဥယျာဉ်ဝင်ပေါက်အား ထုထည်ကြီးမားပြီး လေးလံပုံရသော ကျောက်တံခါးကြီးတစ်ချပ်ဖြင့် ပိတ်ဆို့ထားသည်။ တံခါး၏တစ်ဖက်တစ်ချက်တွင် ထူးဆန်းသောလက်ရာဖြင့် ထုလုပ်ထားသည့် ကျောက်ဆစ်သားရဲရုပ်တုနှစ်ခု ရှိနေသည်။

ဤနန်းတော်ကြီးက နှစ်ပေါင်းထောင်ချီကြာအောင် မြေအောက်ထဲနစ်မြုပ်နေသည်ဖြစ်ရာ ဤအနုပညာလက်ရာများက လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ရှေးဟောင်းလက်ရာများ ဖြစ်ကြပြီး ယနေ့ခေတ်လက်ရာများဖြင့် များစွာကွာခြားသည်။

သို့သော် စွန့်ပစ်ခံထားရသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သဖြင့် တံခါးနှင့် ရုပ်တုများထက် ဖုံမှန်ု့များက တစ်လက်မကျော်ခန့် ထူပ်ထပ်စွာဖုံးလွှမ်းနေသည်။

လက်ရှီမှာတော့ နာ့ယီရှို့တို့အုပ်စု ကျောက်တံခါးကြီးရှေ့တွင် မတ်တတ်ရပ်နေကြပြီး တံခါးကိုမည်သို့ဖွင့်ရမည်ကို စဉ်းစားနေကြသည်။

ထိုအချိန်မှာပင်...

အဲလစ်က သူမ၏လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင်ထားရှိလိုက်ပြီး ထူးဆန်းသော လက်ဟန်တစ်ခုကိုပြုလုပ်ကာ နတ်သူငယ်ဘာသာစကားဖြင့် ဂါထာတစ်ပုဒ် ရွတ်ဆိုလိုက်သည်။

ချက်ချင်းပင် လေဆင်နှာမောင်းအသေးစားတစ်ခုဖြစ်ပေါ်လာပြီး ကျောက်တံခါးကြီးနှင့် ကျောက်သားရဲရုပ်တုများထက်မှ ထူထပ်သည့်ဖုံများကို တစ်စမကျန် ယူဆောင်တိုက်ချွတ်ပစ်လိုက်သည်။

အဲလစ်က သူမ၏လက်ဟန်ကိုပြန်လည်ရုတ်သိမ်းလိုက်ချိန် လေဆင်နှာမောင်းအသေးစားလေး ပျောက်ကွယ်သွားပြီး ဖုံမှုန့်များသည်လည်း မြေပြင်ထက် ဝုန်းကနဲပြုတ်ကျကာ မြေကြီးနှင့်တသားတည်းကျအောင် ဖိသိပ်ခံလိုက်ရတော့၏။

ဟုတ်ပေ၏။

နတ်သူငယ်များက အလွန်တရာ အသန့်ကြိုက်သူများဖြစ်လေရာ ဖုံမှုန့်များနှင့် ညစ်ပေနေသည်ကို မခံစားနိုင်သဖြင့် သန့်ရှင်းရေးလုပ်လိုက်ခြင်းသာ ဖြစ်လေသည်။

ယခု အဲလစ်အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားက နတ်သူငယ်တို့၏ နာမည်ကျော် ‘မှော်ပညာ’ ဖြစ်လေသည်။

မှော်ပညာက အလွန်ပင် အံ့သြစရာကောင်းသည်။

ဒြပ်စင်စွမ်းအားနှင့်နှိုင်းယှဉ်လျှင် ထုတ်ဖော်မှုအရှိန်အဟုန် အနည်းငယ်နှေးကွေးသော်လည်း အသုံးပြုပုံနည်းလမ်းများက ပိုမိုစုံလင်ပြီး မျိုးစုံပြောင်းလဲနိုင်စွမ်း ရှိသည်။

ယခု ဖုန်မှုန့်များကင်းစင်သွားပြီဖြစ်ရာ ကျောက်တံခါးကြီး၏ပုံစံက အထင်အရှား ထွက်ပေါ်လာသည်။

တံခါးချပ် အလယ်ဗဟိုမှအက်ကွဲကြောင်းက လုံးဝပိတ်ဆို့နေသည်ဖြစ်ရာ တံခါးတစ်ချပ်ဆိုသည်ထက် ကျောက်နံရံတစ်ခုအလားပင် ထင်မှတ်ရသည်။

ထို့ကြောင့် ရှေ့ဆက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ တံခါးကို အင်အားသုံး ချိုးဖျက်ဝင်ရောက်ရန်သာ ရှိတော့၏။

All Chapters