← Chapters

ရတနာမြေ

Vol. 15 Ch. 165

ရတနာမြေ

Vol. 15 Ch. 165

လွန်ခါက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လေးနက်သောအသံဖြင့်...

“ဘာမှစဉ်းစားမနေနဲ့ ၊ အားလုံး အတူတူတိုက်ခိုက်ပြီး ဒီတံခါးကိုဖွင့်ကြတာပေါ့ ၊ လူတွေ ဒီလောက်အများကြီးရဲ့အင်အားကို ဒီကျောက်တံခါးက ခံနိုင်မှာတဲ့လား”

အဲလစ်က မည်သည့်မှတ်ချက်မှမပေးဘဲ တိတ်ဆိတ်နေသည်။

သို့သော် နာ့ယီရှို့က ပြုံးလိုက်ပြီး...

"ဒီတံခါးရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာ ကျွန်မတို့ မသိရသေးဘူးလေ ၊ တကယ်လို့ အထဲရောက်တဲ့အခါ ကျွန်မတို့လုပ်လိုက်လို့ တစ်ခုခုပျက်ဆီးသွားတာမျိုးဆိုရင် နောင်တရစရာ ဖြစ်ကုန်လိမ့်မယ်”

သူမက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း ဆက်ပြောလိုက်သည်။

“ကျွန်မအမြင်အရတော့... ဒီနေရာရဲ့တည်ဆောက်ပုံက ထူးခြားတယ် ၊ အထူးသဖြင့် ဒီကျောက်သားရဲရုပ်တုနှစ်ခုပေါ့ ၊ ဒီလိုရုပ်တုမျိုး တခြား ဘယ်နေရာမှာမှ မမြင်ဖူးဘူး ၊ ဒီရုပ်တုတွေက တံခါးကိုဖွင့်ဖို့အတွက် လျှို့ဝှက်ချက်ဖြစ်နေနိုင်တယ်”

လွန်ခါ ‘ဟွန့်’ ကနဲ နှာခေါင်းတစ်ချက်ရှုံ့လိုက်သော်လည်း ထပ်မံငြင်းခုန်ခြင်း မပြုတော့ပေ။

အဲလစ်က အေးစက်သောလေသံဖြင်...

“ကျွန်မတို့ နတ်သူငယ်တွေက မှော်စက်ဝန်းတွေကို အထူးကျွမ်းကျင်သလို ယန္တရားပညာကိုလည်း အသင့်အတင့်နားလည်ပါတယ် ၊ ဒီတော့ ကျွန်မကို အချိန် နည်းနည်းလောက်ပေးပါ ၊ ဒီတံခါးဖွင့်ဖို့အတွက် ယန္တရားတစ်ခုခုသုံးထားတယ်ဆိုရင် ဖွင့်နိုင်အောင် ကြိုးစားကြည့်ချင်တယ်”

ထို့နောက် အဲလစ်က နာ့ယီရှို့နှင့် လွန်ခါတို့၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ သူမ၏အဖွဲ့ဝင် နတ်သူငယ်(၄)ယောက်ကို အချက်ပြလိုက်သည်။

နတ်သူငယ်အုပ်စုက ကျောက်တံခါးကြီးနှင့် ကျောက်သားရဲရုပ်တုများကို သေချာစစ်ဆေးကြည့်ရှုပြီးနောက် နတ်သူငယ်သာသာစကားဖြင့် တီးတိုးတိုင်ပင်လိုက်ကြသည်။

ထို့နောက် နတ်သူငယ် ယောကျ်ားလေးနှစ်ယောက်က ကျောက်ရုပ်တုများရှိရာသို့ တိုးသွားပြီး ရုပ်တုများကို တပြိုင်တည်းဆုပ်ကိုင်ကာ တစ်ယောက်က ရုပ်တုကို ဘယ်ဘက်သို့လှည့်လိုက်ပြီး ကျန်တစ်ယောက်က ညာဘက်သို့ လှည့်လိုက်သည်။

“ကျွီ... ကျွီ... ကျွီ...”

လေးလံသည့် စက်ယန္တရားသံနှင့်အတူ ကျောက်တံခါးကြီးက ဖြည်းဖြည်းချင်း အပေါ်သို့ တက်ကြွလာပြီး အမြင့်ပေ(၇)ပေခန့်ရောက်မှ ရပ်တန့်သွားသည်။

‌ကျောက်တံခါးကြီးကို အမှန်တကယ်ပင် လျှို့ဝှက်ယန္တရားဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

စက်ယန္တရားကို ပုံစံထုတ်ခဲ့သူမှာလည်း အတော်ပင် စနစ်ကျလှသည်။

အပြင်ပန်းကြည့်လျှင် တံခါးနှစ်ချပ်စေ့ထားသည့်ပမာဖြစ်လေရာ တွန်းဖွင့်ရမည့်တံခါးဟု အထင်မှားဖွယ် ရှိသည်။ သို့သော် လက်တွေ့မှာတော့ အပေါ်သို့ဆွဲတင်ရသည့် တံခါးအမျိုးအစား ဖြစ်နေပေ၏။

သို့သော် ခုန်မင်ကတော့ နတ်သူငယ်များ၏လုပ်ရပ်ကိုကြည့်ပြီး သံသယဝင်သွားသည်။

ဟုတ်ပေ၏။

နတ်သူငယ်များက “ယန္တရားပညာကျွမ်းကျင်သည်” ဟုပြောလိုက်ခြင်းမှာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပေလိမ့်မည်။

သူတို့အနေဖြင့် ဤမျှလွယ်လွယ်ကူကူဖြင့် တံခါးကိုဖွင့်နိုင်ခဲ့ခြင်းမှာ လွန်ခါနှင့် နာ့ယီရှို့တို့ထက်ဆာလျှင် ဤဆေးပင်ဥယျာဉ်၏လျှို့ဝှက်ချက်များကို ကြိုတင်သိရှိထားသောကြောင့် ဖြစ်နိုင်သည်။

ကျောက်တံခါးကြီး ပွင့်သွားပြီးနောက်မှာတော့ တံခါးကို အင်အားသုံး မချိုးဖျက်ခဲ့သည်မှာ အလွန်ပင် မှန်ကန်ကြောင်း သိလိုက်ရတော့၏။

ကျောက်တံခါး၏အနောက်တည့်တည့်တွင် ဝန်ချီစက်တစ်ခုနှင့် ဆင်တူသော ယန္တရားတစ်ခု ရှိနေသည်။ ထိုယန္တရားက အတန်ငယ်ဝေးသောနေရာတစ်ခုမှ ဆည်တစ်ခုနှင့် ချိတ်ဆက်ထားသည်။

တံခါးကိုသာ အတင်းအကျပ်ချိုးဖျက်ဝင်ရောက်ခဲ့ပါက ပြင်းထန်သောတုန်ခါမှုများဖြစ်ပေါ်ပြီး ဝန်ချီစက်၏ စပရိန်ထိန်းအားကို လှုံ့ဆော်ပေးသလိုဖြစ်ကာ ဆည်၏ရေကာတာတံခါး အလိုအလျောက် ပွင့်သွားမည် ဖြစ်သည်။

ထိုအခါ ဆည်ရေများက တံခါးဆီသို့ ဒရကြမ်းစီးဆင်းလာပြီး လမ်း‌ကြောင်းတစ်ခုလုံး နစ်မြုပ်သွားစေပေလိမ့်မည်။

ဤသို့သော ယန္တရားစနစ်က အမှန်တကယ်ပင် အံ့အားသြစရာကောင်းလှသည်။

မြေအောက်တွင် နှစ်ပေါင်းများစွာနစ်မြုပ်နေသည့် နန်းတော်ကြီးထဲတွင် အလုပ်လုပ်နေဆဲဖြစ်သော ဆည်တစ်ခုရှိနေမည်ဟု မည်သူတွေးထင်ထားပါမည်နည်း။

ထို့ပြင် ဆည်၏ရေအရင်းအမြစ်အတွက်လည်း စိုးရိမ်စရာမရှိပေ။ ထိုဆည်ကို မြေအောက်မြစ်တစ်ခုနှင့် ဆက်သွယ်ထားသဖြင့် ဆည်ရည်များ ကုန်ခမ်းသွားခြင်းမရှိဘဲ အမြဲမပြတ် ရရှိနေပေလိမ့်မည်။

သေချာပြန်စဉ်းစားကြည့်တော့ ဤနေရာတွင် ဆည်တစ်ခုရှိနေခြင်းက သဘာဝကျပေသည်။

မြေအောက်နန်းတော်၏အကြီးဆုံးသော ဆေးပင်ဥယျာဉ်တစ်ခုအနေဖြင့် လုံလောက်သော ဆည်ရေပေးဝေမှုမရှိဘဲ မည်သို့ရှင်သန်ရပ်တည်နိုင်ပါမည်နည်း။

နတ်သူငယ်များ ရှေ့ထွက်ပြီး ကျောက်တံခါးကိုဖွင့်ပေးခဲ့ခြင်းမှာလည်း ဤသို့သောထောင်ချောက်ယန္တရားမျိုး တပ်ဆင်ထားသည်ကို ကြိုတင်သိရှိထားသောကြောင့်ဖြစ်နိုင်သည်ဟု ခုန်မင် တွေးလိုက်မိသည်။

အကယ်၍ တံခါးကို အတင်းအကျပ်ချိုးဖျက်ခဲ့မည်ဆိုလျှင် ဒရကြမ်းစီးဝင်လာမည့်ရေဘေးကြောင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပျက်ဆီးသွားနိုင်သည်။

ယခု ကျောက်တံခါးကြီးပွင့်သွားပြီဖြစ်ရာ လူတိုင်းစိတ်ထဲ ဝမ်းသာပျော်ရွှင်သွားကြသည်။

သူတို့မျက်စိရှေ့တွင် တွေ့မြင်လိုက်ရသည်က အလွန်တရာလှပသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ကျောက်တံခါးတစ်ဖက်ခြမ်းရှိ မြက်ခင်းပြင်မှက စိမ်းလန်းစိုပြေသည့် ကော်ဇောကြီးတစ်ချပ်ပမာဖြစ်ပြီး ရောင်စုံပန်းများကလည်း ဖူးပွင့်ဝေဆာလျှက် ရှိသည်။

ဤနေရာက အသက်ဓာတ်စွမ်းအားများ လွှမ်းခြုံနေသည့် စိမ်းလန်းစိုပြေသော သီးခြားကမ္ဘာငယ်လေးတစ်ခုပမာပင် ဖြစ်သည်။

မှောင်မိုက်သည့်မြေအောက်နန်းတော်ကြီးထဲတွင် ဤသို့သောနေရာမျိုးရှိနေမည်ဟု မည်သူကထင်မှတ်ပါမည်နည်း။

ဤနယ်မြေအတွင်းရှိ ဒြပ်စင်စွမ်းအားသိပ်သည်းမှုနှင့် အပင်များ၏ဝေဆာဖြစ်ထွန်းမှုကို ကြည့်မည်ဆိုလျှင် ‘ကောင်းကင်ရတနာ’ ၊ ‘မြေကြီးရတနာ’ များစွာ ရှိနေနိုင်ခြေ မြင့်မားသည်။

ဤနေရာသို့ရောက်ရှိနေကြသူအားလုံးမှာ အခြေအနေကိုရိပ်စားလိုက်မိသည်နှင့် ရင်ထဲတွင် လောဘမီးလျှံများ တောက်လောင်လာကြတော့သည်။

လူတိုင်းက ထိုဒဏ္ဍာရီလာပစ္စည်းကို အာရုံစိုက်ကြမည်မှာ မလွဲဧကန်ပင်။

ဤထူးခြားဆန်းပြားသောနေရာကို ရတနာသိုက်ဟု မခေါ်လျှင် အခြား မည်သည့်နေရာကိုမှ ခေါ်ဆိုနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဤသို့သောနေရာတွင် ထိုဒဏ္ဍာရီလာပစ္စည်းသည်လည်း သေချာပေါက် ရှိနေနိုင်သည်။

နတ်သူငယ်မျိုးနွယ်များနှင့် နတ်မိစ္ဆာမျိုးနွယ်များမှာ တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးကြည့်ရင်း အချင်းချင်း စတင်ရန်ဆောင်လာကြတော့သည်။

သူတို့ထဲမှတစ်ယောက်ယောက်က ရှေ့သို့ခြေတစ်လှမ်းတိုးလိက်သည်နှင့် ကျန်လူများက ဝိုင်းဝန်းတိုက်ခိုက်ကြမည့် အနေအထားသို့ ရောက်ရှိနေသည်။

ဤသို့သောအခြေအနေတွင် နာ့ယီရှို့က ဖျန်ဖြေသူအဖြစ် ကြားဝင်‌ဆောင်ရွက်ရပြန်သည်။

သူမက ချစ်စရာကောင်းစွာရယ်မောလိုက်ပြီး နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များကြားသို့ လျှောက်သွားလိုက်သည်။

ပြီးမှ နားဝင်ချိုလှသော နူးညံ့သိမ်မွေ့သည့်အသံဖြင့်...

“အားလုံးပဲ... ဒီရတနာမြေရဲ့ဝင်ပေါက်ကိုရောက်ဖို့ အတော်လေးကြိုးစားခဲ့ကြရတယ် မဟုတ်လား ၊ ဒီတော့ အထဲကို ဝင်ကြည့်ခွင့်မရရင် နှမျောစရာကြီးလေ... နော်”

သူမက ဆက်ပြောလိုက်သည်။

“ဒီတော့ တံခါးဝမှာပဲ အချင်းချင်း သတ်ပုတ်မနေကြပါနဲ့တော့ ၊ အထဲမှာတွေ့မယ့်အန္တရယ်ကိုပဲ စည်းစည်းလုံးလုံးနဲ့ အတူရင်ဆိုင်ကြရအောင် ၊ ကဲ... ကဲ... လူကြီးမင်းတို့ သံသယတွေရှိနေကြသေးရင်လည်း ကျွန်မကပဲ ဒီရတနာမြေထဲကို အရင်ဆုံးဝင်လိုက်ပါ့မယ်”

သူမစကားဆုံးသွားသည်နှင့် ကြံ့နက်မျိုးနွယ်စုဝင်များနှင့် နတ်သူငယ်များ စိတ်လျှော့လိုက်ကြသည်။ အဲလစ်နှင့် လွန်ခါလည်း ခေါင်းညိတ်လိုက်ကြပြီး နာ့ယီရှို့နောက်မှ လိုက်ပါသွားကြတော့၏။

နာ့ယီရှို့က ဆရာကျစွာပင် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့သည်ပင်။

ဆေးပင်ဥယျာဉ်ထဲတွင် မြက်ပင် သစ်ပင်များက ထူထပ်စွာပေါက်ရောက်နေသဖြင့် လှုပ်ရှားမှုများကိုဖုံးကွယ်ရန် ပိုမိုလွယ်ကူသည်ဖြစ်ရာ လူတိုင်းအတွက် အားသာချက်တစ်ခုဟုပင် ဆိုနိုင်၏။

ထို့ကြောင့် ချောင်တတိယသခင်လေးတို့အုပ်စုမှာလည်း နာ့ယီရှို့တို့အုပ်စုနောက်သို့ တိတ်တဆိတ်လိုက်ပါရန် ပိုမိုလွယ်ကူသွားသလို ခုန်မင်သည်လည်း ‘ချောင်’ အုပ်စုနောက်သို့ အနီးကပ်လိုက်ပါသွားရန် အခွင့်အရေး ရခဲ့သည်။

အားလုံးက မှောင်မိုက်အေးစိမ့်သော မြေအောက်နန်းတော် ပတ်ဝန်းကျင်တွင် ကျင့်သားရနေခဲ့သည်ဖြစ်ရာ ယခုကဲ့သို့ စိမ်းလန်းစိုပြေပြီး သာယာလှပသော ကမ္ဘာငယ်လေးထဲ ရောက်ရှိလာသည့်အခါ စိတ်များလည်း ကြည်လင်လန်းဆန်းလာကြသည်။

ခရီးဆက်လာရင်း ပြင်ပလောကတွင် တစ်ခါမှမမြင်ဖူးသည့် အပင်ပေါင်းများစွာကိုလည်း တွေ့ရှိခဲ့ရသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုအပင်များက သာမန်အပင်များမဟုတ်ကြောင်း သိသာလှသည်။

သို့သော် ထိုအပင်များ၏ ဆေးဘက်ဝင်မှုနှင့် တန်ဖိုးကိုတော့ မည်သူမှ အတိအကျ ခန့်မှန်းနိုင်ခြင်း မရှိကြပေ။

သူတို့သိကျွမ်းသည့် ဝိညာဉ်ဆေးပင်နှင့် ဆေးဘက်ဝင်အပင်များထဲမှာတော့ ထူးခြားရှားပါးသည့်အပင်မျိုး မတွေ့ရှိရသေးပေ။

သို့ပေသိ သာမန်ဆေးပင်များသည်ပင အနည်းဆုံး နှစ်ပေါင်းရာနှင့်ချီ သက်တမ်းရှိနေပြီဖြစ်ရာ ဆေးစွမ်းထက်မြက်မှု အလွန်မြင့်မားသည်ကတော့ ပြောနေစရာမလိုပေ။

မည်သို့ပင်ဖြစ်စေ ဤဆေးပင်ဥယျာဉ်ထဲရောက်နေကြသူများက အဖိုးတန်ရတနာများကိုသာ စိတ်ဝင်စားကြသည်ဖြစ်ရာ သာမန်ဆေးပင်များကို အရေးမစိုက်ကြပေ။

ဆေးပင်ဥယျာဉ်ဗဟိုချက်သို့ ဝင်ရောက်နိုင်ပါက စစ်မှန်သော ‘ကောင်းကင်ရတနာ’ များကို တွေ့ရှိနိုင်ခြေ ပိုမိုများပြားကြောင်း အားလုံးနားလည်ထားကြသည်။

သို့ဖြစ်ရာ ဘာမဟုတ်သည့် ဝိညာဉ်ဆေးပင်များအတွက် မည်သူမှအချိန်ဖြုန်းလိုစိတ်မရှိကြသလို မိမိတို့၏ သိုလှောင်ပစ္စည်းများ နေရာပြည့်သွားကြမည်ကိုလည်း မလိုလားကြပေ။

ခုန်မင်ကတော့ ထိုသို့မဟုတ်ပေ။

သူ၏ တိုရီယာလက်စွပ်က သိုလှောင်နေရာ အလွန်ပင် ကျယ်ပြန့်လှသည်။ ထို့ကြောင့် သူက လမ်းတစ်လျှောက်တွေ့ရှိရသည့် ဆေးပင်များကို သိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ အနည်းဆုံး နမူနာတစ်ပင်ခန့်စီ နှုတ်ယူပြီး လက်စွပ်ထဲ စနစ်တကျ သိမ်းဆည်းစုဆောင်းလာခဲ့သည်။

အပင်တစ်ပင်ရရှိထားရုံဖြင့် ပြင်ပလောကသို့ ပြန်ရောက်သည့်အခါ ပြန်လည်စိုက်ပျိုးနိုင်မည် ဖြစ်သည်။ ကံကောင်းပါက ရှားပါးဆေးပင်များ အကြီးကျယ် စိုက်ပျိုးထုတ်လုပ်သော စီးပွားရေးကိုပင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

အသုံးတည့်မည်ဟု ယူဆရသော ဆေးပင်များကိုတော့ နောင်တစ်ချိန် ဆေးလုံးဖော်စပ်ရန်အတွက် အမြောက်အမြားပင် ဆွတ်ခူးခဲ့သည်။

ဤနေရာမှ ဆေးပင်များက ပြင်ပလောကမှဆေးပင်များထက် များစွာသာလွန်သည်ဖြစ်ရာ သူဖော်စပ်မည့်ဆေးလုံးများမှာလည်း သာမန်ထက် အစွမ်းထက်လာမည် အမှန်ပင်။

ထိုအချိန် ရှေ့ဆုံးမှသွားနေသည့် နာ့ယီရှို့က ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

သူမက မြေပြင်ထက်တွင် တွားသွားပေါက်ရောက်နေသည့် သွေးကဲ့သို့ရဲရဲနီနေသော အပင်အုပ်စုလေးတစ်စုကို ညွှန်ပြလိုက်ပြီး...

“သွေးဂျင်ဆင်းတွေပဲ ၊ ဒီနေရာမှာ တကယ်ပဲ သွေးဂျင်ဆင်းတွေ ရှိနေတာပဲ ၊ အရွက်တွေရဲ့ပုံစံကိုကြည့်ရတာ အနည်းဆုံး သက်တမ်းနှစ်ရာကျော်လောက် ရှိနေပြီ”

ပြောပြီးသည်နှင့် နာ့ယီရှို့က ဆောင့်ကြောင့်ထိုင်လိုက်ပြီး သွေးဂျင်ဆင်းများကို အနီးကပ်စစ်ဆေးကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများတွင် ဖုံးကွယ်မရနိုင်သည့် အံ့အားသင့်မှုများနှင့် ဝမ်းသာကြည်နူးမှုများ ပြည့်နက်နေ၏။

နာ့ယီရှို့ကိုကြည့်ပြီး အဲလစ်ကတော့ အတော်လေး စိတ်မရှည်ဖြစ်သွားသည်။

သူမက နာ့ယီရှို့ကို အေးစက်စွာဖြင့် ကြည့်လိုက်ပြီး...

“အဲဒါက သွေးဂျင်ဆင်းပဲလေ ၊ ရှားပါးရတနာလည်းမဟုတ်ဘဲနဲ့ ဒီလောက်အရေးစိုက်နေဖို့လိုလို့လား ၊ ဒီမှာရပ်နေရတာ အလကားသက်သက် အချိန်ဖြုန်းနေသလိုပဲ”

နာ့ယီရှို့က ခေါင်းခါယမ်းလိုက်ပြီး သိမ်မွေ့သည့်လေသံဖြင့်...

“မမ မသိလို့ပါ ၊ ကျွန်မတို့ ပြာလွင်တောင်ပံမျိုးနွယ်စုအတွက်တော့ ဒီသွေးဂျင်ဆင်းက အသက်တမျှ အရေးကြီးပါတယ် ၊ ဒါက 'အသားအရေနုပျိုဆေးလုံး' ဖော်စပ်ဖို့အတွက် အဓိက လိုအပ်တဲ့ ပစ္စည်းပဲ ၊ အထူးသဖြင့် သက်တမ်းနှစ်ရာကျော်တဲ့ သွေးဂျင်ဆင်းနဲ့ ဖော်စပ်ထားတဲ့ဆေးလုံးတွေဆိုရင် အရမ်းကိုအစွမ်းထက်မြက်ပါတယ်”

သူမက ဆက်ရှင်းပြလိုက်သည်။

“ဒီဆေးလုံးတစ်လုံး သောက်သုံးလိုက်ရုံနဲ့ မိန်းကလေးတွေ အသက်ကြီးလာရင်တောင် မိန်းမပျိုလေးအတိုင်း နုပျိုချောမောနေစေနိုင်ပါတယ် ၊ ပြီးတော့ ဒီမြေအောက်နန်းတော်ထဲက မိုးမြေဒြပ်စင်စွမ်းအားတွေက သိပ်သည်းလွန်းတော့ ဒီသွေးဂျင်ဆင်းက အနှစ်နှစ်ရာသက်တမ်းရှိပေမယ့် အပြင်လောကက နှစ်တစ်ထောင်သွေးဂျင်ဆင်းနဲ့ အာနိသင်အတူတူပါပဲ ၊ ကျွန်မတို့ မျိုးနွယ်စုအတွက်တော့ ဒီဆေးပင်က ဘုရားပေးတဲ့လက်ဆောင်ပါပဲ ၊ ကံတရားကပေးလာမှတော့... ဒီလိုဆေးပင်မျိုးကို ကျွန်မ အရေးမစိုက်ဘဲ မနေနိုင်ပါဘူးရှင်”

အဲလစ်က သူမစကားများကို လုံးဝစိတ်မဝင်စားဟန်ဖြင့် မျက်မှောင်သာ တွင်တွင်ကျုံ့ထားလိုက်သည်။

နတ်သူငယ်များက မွေးရာပါချောမောလှပကြသူများဖြစ်ပြီး လူသားများထက်လည်း ပို၍ သက်တမ်းရှည်ကြသည်။

သူတို့၏နုပျိုမှုသည်လည်း ရာစုနှစ်များစွာ ကြာရှည်သည်ဖြစ်ရာ လူသားများ၏ အလှအပနှင့် အသားအရေထိန်းသိမ်းမှုနည်းလမ်းများကို ဘယ်သောအခါမှ အလေးမထားကြပေ။

ထို့ကြောင့် နာ့ယီရှို့၏ခံစားချက်များကို အဲလစ်အနေဖြင့် နားလည်ပေးနိုင်မည် မဟုတ်ပေ။

ထိုအချိန် လွန်ခါက ကြားဖြတ်ပြီး ဝင်ပြောလိုက်သည်။

“ကောင်းပြီ နာ့ယီရှို့... မင်း ဒီ သွေးဂျင်ဆင်းတွေကို ခူးချင်တယ်ဆိုရင် ခူးလို့ရတယ် ၊ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားရမယ်... ရှေ့မှာ ရတနာပစ္စည်းတစ်ခုခုတွေ့တယ်ဆိုရင် မင်းအတွက် ဝေစုရမှာ မဟုတ်ဘူး”

လွန်ခါက စီးပွားရေးဆန်သည့် ပြတ်သားသောလေသံဖြင့် စကားဆိုလိုက်သော်လည်း နာ့ယီရှို့က တစ်ချက်မှ တွေဝေသွားခြင်း မရှိပေ။

“ကောင်းပြီ... ရှင်ပြောတဲ့အတိုင်း သဘောတူတယ်”

All Chapters