← Chapters

ကျားခြင်္သေ့သားရဲ

Vol. 15 Ch. 166

ကျားခြင်္သေ့သားရဲ

Vol. 15 Ch. 166

နာ့ယီရှို့က သွေးဂျင်ဆင်းပင်များကို အမြစ်မပျက်ဆီးစေရန် တစ်ပင်ချင်း ဂရုတစိုက်တူးယူပြီး အိတ်ငယ်လေးများအတွင်းထည့်သွင်းကာ သိုလှောင်အိတ်အတွင်း သိမ်းဆည်းလိုက်သည်။

သွေးဂျင်ဆင်းများက အပင်ပေါင်း(၃၀)ကျော်လေရာ သူမ ခူးဆွတ်ချိန်က အမွှေးတိုင်တစ်တိုင်စာနီးပါး ကြာမြင့်သွားသဖြင့် အဲလစ်နှင့် လွန်ခါတို့ အတော်လေး စိတ်မရှည် ဖြစ်သွားကြသည်။

နောက်ဆုံးအပင်ကို တူးယူပြီးနောက် နာ့ယီရှို့က ပြုံးရယ်ရင်း မတ်တတ်ရပ်လိုက်သည်။

သူမက လက်တွင်ပေနေသည့်မြေကြီးများကို ခါထုတ်လိုက်ရင်း...

“အားလုံးပဲ... အကြာကြီးစောင့်လိုက်ရလို့ အားနာပါတယ်ရှင် ၊ ဒီနေ့ ကျွန်မတော့ တကယ် ကံကောင်းတာပဲ ၊ ဒီသွေးဂျင်ဆင်းတွေကို ကျွန်မတို့ ပြာလွင်တောင်ပံမျိုးနွယ်စုကလွဲလို့ ဘယ်သူမှမလိုချင်ကြလို့ တော်သေးတယ်လို့ပြောရမယ် ၊ ရှေ့မှာ ကောင်းကင်ရတနာတွေ့ရင်တောင် ကျွန်မဝေစု မယူတော့ပါဘူး ၊ ဘေးကနေပဲ ကြည့်နေပါတော့မယ် ၊ အစ်ကိုတို့ အစ်မတို့ လိုတာရှိရင်တော့ ကျွန်မက ကူညီပေးဖို့ အဆင်သင့်ပါပဲနော်”

နာ့ယီရှို့၏ ချိုသာသိမ်မွေ့သည့်စကားကြောင့် အဲလစ်နှင့် လွန်ခါတို့ရင်ထဲမှ အစာမကြေမှုများ အနည်းငယ်လျော့ပါးသွားသည်။

ထို့နောက် သူတို့အုပ်စု ရှေ့ဆက်ထွက်ခွာခဲ့ကြ၏။

ဟုတ်ပေ၏။

လွန်ခါနှင့် အဲလစ်ပင် မဟုတ်ပေ။

သူတို့နောက်မှ တိတ်တဆိတ်လိုက်ပါလာသည့် ချောင်တတိယသခင်လေးမှာလည်း အတော်လေး စိတ်မရှည် ဖြစ်နေရပေပြီ။

သူက အက်ရှသည့်လေသံဖြင့်...

“ဒီကောင်မကတော့ တကယ့်ကို အကွက်တွေများလွန်းတယ် ၊ နောက်ပိုင်း ငါ့လက်ထဲရောက်လာလို့ကတော့ အမေကယ်ပါ အော်ရလောက်အောင် လုပ်ပစ်ဦးမယ်”

ထိုစကားကြားတော့ ချောင်ဟူတို့ညီအစ်ကို(၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့သခင်လေးက ပါရမီနှင့်ပြည့်စုံပြီး ရည်မှန်းချက်ကြီးသူဖြစ်သလို အတော်အတန်လည်း အားကိုးထိုက်သူ ဖြစ်၏။ သို့သော် မိန်းမပွေရှုတ်သည်ကတော့ တကယ်ပင် စိတ်ပျက်စရာ ကောင်းလှသည်။

နောက်ဆုံးမှလိုက်လာသည့် ခုန်မင်သည်လည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

နာ့ယီရှို့တစ်‌ယောက် အလှအပကိစ္စကို ဤမျှအထိ အစွန်းရောက်အောင် တန်ဖိုးထားမည်ဟု မျှော်လင့်မထားခဲ့ပေ။

ဤသို့ ရုပ်ရည်သွင်ပြင်အပေါ် အလွန်အမင်းအလေးထားခြင်းက သူမ၏အားနည်းချက် ဖြစ်လာနိုင်သည်။ ထိုအချက်ကို ကောင်းကောင်းအသုံးချနိုင်မည်ဆိုပါက သူမကို ကိုင်တွယ်ရသည်မှာ ထင်ထားသည်ထက် ပိုမိုလွယ်ကူသွားပေမည်။

ထို့နောက်မှာတော့ နာ့ယီရှို့က ဆေးပင်ဥယျာဉ် အလယ်ဗဟိုသို့ တည့်တည့်မတ်မတ်ပင် ဦးဆောင်ထွက်ခွာသွားသည်။ လွန်ခါနှင့် အဲလစ်တို့အုပ်စုသည်လည်း ကန့်ကွက်ခြင်းမရှိဘဲ သူမနောက်မှ လိုက်ပါသွားလေသည်။

သူတို့အားလုံး အလိုချင်ဆုံးဖြစ်သည့် အဖိုးတန်ပစ္စည်းက ဤရတနာမြေ၏ ဗဟိုချက်တွင် သေချာပေါက်တည်ရှိနေမည်ဟု လူတိုင်းစိတ်ထဲ တွေးတောထားကြသည်။

ခဏမျှရှေ့ဆက်ပြီးနောက် အဲလစ်က...

“ခဏလေး... ဒီနေရာမှာ ကျွန်မတို့လူမျိုးတွေအတွက် အရမ်းအရေးကြီးတဲ့အရာတစ်ခုရှိနေတယ် ၊ အဲဒါကို ရအောင်ယူပြီးမှ ခရီးဆက်နိုင်မယ်”

ပြောပြီးသည်နှင့် အဲလစ်နှင့် အခြားသော နတ်သူငယ်(၄)ယောက်က ရှေ့သို့ လျှင်မြန်စွာတိုးသွားပြီး နေရာတစ်ခုကို ပိတ်ဆို့ဝိုင်းရံထားလိုက်ကြသည်။

ထိုနေရာတွင် ချုံပုတ်အပုလေးများ ရှိနေလေသည်။

သာမန်ကြည့်မည်ဆိုလျှင် ထိုချုံပုတ်လေးများက ထူးဆန်းလှသည် မဟုတ်ပေ။ မည်သည့်နေရာတွင်မဆို တွေ့ရှိနိုင်သည့် သာမန်ချုံပုတ်လေးများအဖြစ် ထင်မှတ်ရသည်။

သို့သော် ထိုချုံပုတ်ငယ်လေးများ၏ အကိုင်းအခက်နှင့် အရွက်များကြားတွင် သွေးကဲ့သို့ ရဲရဲနီနေသည့် လက်သန်းခန့်အရွယ်အစားရှိသော အသီးလေးများစွာကို တွေ့ရမည် ဖြစ်၏။

နာ့ယီရှို့နှင့် အခြားသူများကတော့ ထိုအနီရောင်အသီးကလေးများက ထူးခြားသည်ဟု မခံစားရပေ။ ထိုအသီးလေးများက ဒြပ်စင်စွမ်းအားများ ပေါကြွယ်ဝသည့် ဝိညာဉ်သစ်သီးများလည်း မဟုတ်ခဲ့ပေ။

သို့သော် နတ်သူငယ်များက လူသားများကဲ့သို့ ဒြပ်စင်စွမ်းအား ကျင့်ကြံသူများ မဟုတ်ကြပေ။ ထို့ကြောင့် အသီးအနီလေးများက သူတို့အတွက် အရေးပါသည့်အရာတစ်ခု ဖြစ်နိုင်သည်။

နတ်သူငယ်များ၏ အပြုအမူကို နာ့ယီရှို့က မည်သည့်စကားမှမဆိုသော်လည်း လွန်ခါ၏မျက်နှာကတော့ မှောင်မဲပုပ်သိုးနေပြီ ဖြစ်၏။

သူက နှာတစ်ချက်မှုတ်ရင်း...

“ကောင်းပြီ ၊ ငါတို့ စောင့်ပေးမယ် ၊ ဒါပေမဲ့... ရှေ့မှာ ရတနာပစ္စည်းတွေ့တယ်ဆိုရင် ငါတို့ ကြံ့နက်မျိုးနွယ်စုကပဲ အပိုင်သိမ်းမှာနော်”

လွန်ခါ၏လေသံက အလွန်ပြတ်သားလှသည်။

အဲလစ်ကလည်း မဆိုင်းမတွပင်...

"ကောင်းပြီ... ပြဿနာမရှိဘူး"

စကားဆုံးသည်နှင့် နတ်သူငယ်များက ထို အနီရောင်အသီးလေးများကို လျှင်မြန်စွာ ဆွတ်ခူးလိုက်ကြရာ တစ်ခဏအတွင်းမှာပင် တစ်လုံးမှမကျန်အောင် ပြေင်စင်သွားတော့၏။

ထို့နောက် အဲလစ်က သူမ၏လက်သန်းတွင်ဝတ်ဆင်ထားသည့် လက်စွပ်လေးကို တစ်ချက်လှည့်လိုက်ပြီး နတ်သူငယ်များအားလုံး ခူးဆွတ်ထားသော အနီရောင်အသီးလေးများကို သိမ်းဆည်းလိုက်သည်။

အဲလစ်ဝတ်ဆင်ထားသည့်လက်စွပ်က သိုလှောင်လက်စွပ်တစ်ခု ဖြစ်သည်။ ၎င်း၏ပုံစံဒီဇိုင်းက တိုရီယာလက်စွပ်ကို အတုယူပြုလုပ်ထားဟန်ရှိသော်လည်း အတွင်းပိုင်းသိုလှောင်နိုင်စွမ်းက မည်သို့ရှိမည်ကိုတော့ ခန့်မှန်းရခက်သည်။

အသီးများကို သိမ်းဆည်းပြီးနောက် အဲလစ်၏မျက်နှာထက်မှ အေးစက်တင်းမာမှုများ သိသိသာသာ ပြေလျော့သွားသည်။

သူက နာ့ယီရှို့နှင့် လွန်ခါဘက်သို့လှည့်ကာ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး...

“စောင့်ခိုင်းမိတဲ့အတွက် အားနာပါတယ် ၊ အခု ရှေ့ဆက်လို့ ရပါပြီ”

လွန်ခါက အေးစက်တင်းမာသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း နာ့ယီရှို့ကတော့ တစ်ချက်လေးပင် အပြုံးမပျက်ခဲ့ပေ။

သူမက ချိုသာနူးညံ့သည့်လေသံဖြင့်...

“မမတို့အတွက် အဖိုးတန်ပစ္စည်းလေးတွေ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်နော် ၊ တွေ့လား... ကျွန်မတို့ အုပ်စု(၃)ခုပေါင်းမိတာ ဘယ်လောက်ကောင်းလိုက်သလဲ ၊ အားလုံး ကိုယ်လိုချင်တဲ့ပစ္စည်းကို ရွေးချယ်ယူလို့ရတယ်လေ”

အဲလစ်က သူမစကားကို ယဉ်ကျေးသမှုဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း လွန်ခါကတော့ တစ်ချက်လေးပင် အရေးစိုက်ဟန် မရှိပေ။

အမှန်တော့ သူတို့အုပ်စု ပူးပေါင်းဆောင်ရွက်သည် ဆိုခြင်းမှာ သူတို့၏ အကျိုးစီးပွားချင်း ထိပ်တိုက်မတွေ့ခင်အချိန်ထိသာ ဖြစ်ပေသည်။

အထူးသဖြင့် ဒဏ္ဍာရီလာပစ္စည်း ပေါ်ထွက်လာပါက မည်သူမှ အလွယ်တကူ လက်လွှတ်ခံကြမည် မဟုတ်ပေ။

ထိုသို့သောအချိန်ရောက်လျှင်တော့ အချင်းချင်းတိုက်ခိုက်ကြရုံသာမက လူသတ်နှုတ်ပိတ်သည့်ကိစ္စများကိုပင် ပြုလုပ်ကြမည် ဖြစ်၏။

သူတို့နောက်မှလိုက်လာသည့် ချောင်တတိယသခင်လေးက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း...

“ဟွန်း... ဒင်းတို့ကို ခဏလောက် ပျော်ခွင့်ပေးထားလိုက်မယ် ၊ အချိန်တန်ရင်တော့ ရှိသမျှရတနာပစ္စည်းအားလုံး ငါ့လက်ထဲရောက်လာစေရမယ် ၊ သူတို့စုဆောင်းထားတဲ့ ရတနာပစ္စည်းတွေလည်း ငါယူမယ် ၊ ဟိုကောင်မလေးတွေကိုလည်း ငါပဲအပိုင်သိမ်းမယ်”

ချောင်ဟူတို့ညီအစ်ကို(၃)ယောက်မှာ မည်သည့်စကားမှမဆိုဘဲ ကြိတ်၍သာ သက်ပြင်းချလိုက်ကြသည်။

ခဏမျှ ထပ်မံခရီးဆက်ပြီးနောက် လုံးပတ်ထုထည်အလွန်ကြီးမားပြီး မိုးထိအောင်မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်ရှေ့သို့ ရောက်ရှိလာသည်။

ထိုနေရာအရောက်မှာတော့ ကြံ့နက်မျိုးနွယ်စုဝင်များ ရပ်တန့်လိုက်ကြလေသည်။

နာ့ယီရှို့က ရွှန်းလဲ့ကြည်လင်သည့်မျက်ဝန်းများဖြင့် ထိုသစ်ပင်ကြီးကိုကြည့်လိုက်ပြီး သာယာစွာ ရယ်မောလိုက်သည်။

“ဒီတစ်ခါတော့ ကြံ့နက်မျိုးနွယ်စုက အစ်ကိုတို့အလှည့်ရောက်ပြီပေါ့လေ ၊ ဒီ ဝရဇိန်သစ်ပင်ကိုကြည့်ရတာ အနည်းဆုံး သက်တမ်းတစ်ထောင်ကျော်လောက် ရှိနိုင်တယ် ၊ သစ်ပင်ပေါ်က ဝရဇိန်သီးတွေရဲ့ ဆေးဖက်ဝင်အာနိသင်က ပြင်ပလောကမှာ ဘယ်အရာနဲ့မှ ယှဉ်လို့ရနိုင်မယ်မထင်ဘူး”

သူမက ဆက်ပြောလိုက်သည်။

“အစ်ကိုတို့ ကြံ့နက်မျိုးနွယ်စုက ထူးခြားတဲ့ ရုပ်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်တဲ့သူဆိုတော့... ဒီ ဝရဇိန်သီးတွေရဲ့ အကူအညီနဲ့သာဆိုရင် အစ်ကိုတို့ရဲ့ ရုပ်ခန္ဓာကျင့်စဉ် သေချာပေါက် နောက်တစ်ဆင့်ကို တက်သွားနိုင်တယ်နော်”

ပြာလွင်တောင်ပံမျိုးနွယ်စုနှင့် ကြံ့နက်မျိုးနွယ်စုက ခေတ်အဆက်ဆက် ပတ်သက်မှုရှိခဲ့သည်ဖြစ်ရာ နာ့ယီရှို့အနေဖြင့် ကြံနက်မျိုးနွယ်စု၏ လျှို့ဝှက်ချက်များကို သိရှိနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

သူမပြောသည့်အတိုင်းပင် ဝရဇိန်သီးများက ကြံ့နက်မျိုးနွယ်စုအတွက် အလွန်ပင် အရေးပါလှသည်။

လွန်ခါက မျက်နှာအမူအရာတင်းမာနေဆဲဖြစ်သည်။

သူက ပြတ်သားသည့်အသံဖြင့်...

“ဒီဝရဇိန်သီးတွေကို ငါတို့ယူမယ် ၊ ဒါဆိုရင် မင်းတို့နဲ့ ကျေပြီလို့ မှတ်လိုက်တော့”

စကားဆုံးသည်နှင့် လွန်ခါက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဝရဇိန်သစ်ပင်ကြီးကို လက်ဖြင့် ခပ်ဖွဖွရိုက်ချလိုက်သည်။

ထိုအခါ စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သစ်ပင်ကြီးလှုပ်ခါသွားကာ ရင့်မှည့်နေသည့် ဝရဇိန်သီးများ မိုးသီးများပမာ တဖွဲဖွဲ ကြွေကျလာတော့သည်။

ကြံ့နက်မျိုးနွယ်စုမှ ကျန်ရှိသည့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃)ယောက်က လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး ဝရဇိန်သီးများ မြေကြီးထက်သို့ပြုတ်မကျခင် ဖမ်းယူလိုက်ကြသည်။

ထို့နောက် လွန်ခါက ဝရဇိန်သီးများအားလုံးကို သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းလိုက်၏။

ဆေးပင်ဥယျာဉ်ထဲသို့ ရောက်ရှိလာကြသည့် မျိုးနွယ်စု(၃)ခုမှာ စိတ်လှုပ်ရှားစရာကောင်းလောက်သည့် ရတနာပစ္စည်းများကို ကိုယ်စီ ရရှိထားကြပြီဖြစ်လေရာ စိတ်ထဲ အတော်လေး အဆင်ပြေသွားကြသည်။

သူတို့အုပ်စု ရှေ့ဆက်လျှောက်လာရင်း ရောင်စုံပန်းများပွင့်လန်းနေသည့် နေရာတစ်ခုအရောက်မှာတော့ အားလုံး ခြေလှမ်းများ ရပ်တန့်လိုက်မိကြသည်။

ပန်းခင်းအနောက်ဘက်တွင် ခြင်္သေ့လည်းမဟုတ် ကျားလည်းမဟုတ်သော အလွန်တရာကြီးမားသည့် သားရဲကြီးတစ်ကောင် အိပ်မောကျနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

ဤမှော်ဝင်သားရဲ၏ရောင်ဝါက အတော်လေး ထူးဆန်းသည်။

မျက်စိဖြင့် မမြင်ရခင်အချိန်ထိ ထိုသတ္တဝါ၏တည်ရှိမှုကို သူတို့အားလုံး အာရုံမခံမိခဲ့ကြပေ။ ပန်းခင်းနောက်တွင် သက်ရှိတစ်ကောင်ရှိနေမည်ဟု သူတို့အားလုံး ရိပ်မိခဲ့ခြင်း မရှိပေ။

ဤသားရဲ၏ မိမိကိုယ်ကိုဖုံးကွယ်ထားသည့်နည်းလမ်းမှာ ‘ရောင်ဝါဖုံးကွယ်ခြင်းအတတ်’ နှင့် အလွန်ဆင်တူသည့်အပြင် သူ၏နည်းလမ်းက ပို၍ပင် အံ့သြစရာကောင်းသည်ဟု ဆိုရပေမည်။

ဤရတနာမြေတွင် မှော်ဝင်သားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဟု ကြိုတင်တွက်ဆထားပြီးဖြစ်သော်လည်း ယခုကဲ့သို့အခြေအနေဖြင့် တွေ့ဆုံရလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။

ကြည့်ရသည်မှာ ပန်းခင်းထဲတွင် ရှားပါးရတနာတစ်ခု ရှိနေပေလိမ့်မည်။

မဟုတ်ပါက ဤသို့သောမှော်ဝင်သားရဲတစ်ကောင် စောင့်ကြပ်နေစရာ အကြောင်းမရှိပေ။

နာ့ယီရှို့က အံ့အားသင့်သွားဟန်ဖြင့်...

“ဒီမှော်ဝင်သားရဲ ဘယ်လောက်ထိ အားကောင်းမလဲဆိုတာ အတိအကျတော့ အာရုံမခံနိုင်ဘူး ၊ ဒါပေမဲ့... ဒီသားရဲက အဆင့်(၅) မှော်ဝင်သားရဲပဲ”

အဲလစ်က ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ နာမည်ကြီး အဆင့်(၅) မှော်ဝင်သားရဲဖြစ်တဲ့ ကျားခြင်္သေ့သားရဲပဲ”

ကျားခြင်္သေ့သားရဲမှာ ကျားလည်းမဟုတ် ခြင်္သေ့လည်းမဟုတ်ဘဲ တစ်ဝက်ကခြင်္သေ့နှင့်တူပြီး တစ်ဝက်က ကျားနှင့်တူသော သတ္တဝါဖြစ်သည်။

သူ၏စွမ်းအားက ပဉ္စမအဆင့် မှော်ဝင်သားရဲများထဲတွင် ထိပ်တန်းအဆင့် ရှိသည်။

ပုံမှန်ဆိုလျှင် အဆင့်(၅) မှော်ဝင်သားရဲတစ်ကောင်၏စွမ်းအားက ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်နှင့် ညီမျှသည်။

သို့သော် ကျားခြင်္သေ့သားရဲ၏စွမ်းအားကတော့ ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် အထွတ်ထိပ်ရှိသော ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှပေသည်။

နာ့ယီရှို့တို့အုပ်စုက အလွန်အင်အားကောင်းသည်ဟု ဆိုနိုင်သည်။

နာ့ယီရှို့ ၊ လွန်ခါနှင့် ကြံနက်မျိုးနွယ်စုဝင်(၃)ယောက်လုံးက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များ ဖြစ်ကြသည်။

အဲလစ်နှင့် နတ်သူငယ်(၄)ယောက်၏ တန်ခိုးစွမ်းအားက မည်သို့ရှိမည်ကို အတိအကျမသိနိုင်သော်လည်း အနည်းဆုံး နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များနှင့် ယှဉ်ပြိုင်နိုင်သောအဆင့်တွင် ရှိပေလိမ့်မည်။

သို့ဖြစ်ရာ သူတို့အုပ်စုတစ်စုလုံးအား နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၁၀)ယောက် စုပေါင်းအင်အားဟု မှတ်ယူနိုင်သည်။

သို့သော် ကျင့်ကြံခြင်းအဆင့် ကွာဟချက်ကြောင့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၁၀)ယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် အထွတ်ထိပ်အဆင့်တွင်ရှိသည့် ကျားခြင်္သေ့သားရဲကိုဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

ဟုတ်ပေ၏။

နာ့ယီရှို့တို့အားလုံးက အထူးလေ့ကျင့်ပျိုးထောင်ပေးခြင်းခံထားရသော ပါရမီရှင်များဖြစ်လေသည်။ ထို့ကြောင့် သာမန် နှောင်းပိုင်းအဆင့် ဆရာသခင်များထက် ပိုမိုစွမ်းအားကြီးမားကြသည်။

ထို့ပြင် သူတို့တစ်ဦးချင်းစီတွင် ထုတ်မသုံးဘဲ သိမ်းဆည်းထားသည့် လျှို့ဝှက်လက်နက်များလည်း ရှိနေပေသည်။

အကယ်၍ သူတို့အားလုံး အားကုန်သုံးပြီး ဝိုင်းဝန်းတိုက်ခိုက်မည်ဆိုပါက ကျားခြင်္သေ့သားရဲကို ရင်ဆိုင်ရန် ဖြစ်နိုင်ခြေရှိသည်။

သို့သော် သူတို့ဘက်မှ ထိခိုက်သေဆုံးမှုများလည်း သေချာပေါက် ရှိလာပေမည်။

ကံကောင်းသည်မှာ ကျားခြင်္သေ့သားရဲများက တစ်ကောင်တည်းနေတတ်သည့် သတ္တဝါများဖြစ်နေခြင်းပင်။

ကျောက်နို့နှစ်ဖားများကဲ့သို့ အုပ်စုဖွဲ့နေတတ်သည့် သားရဲများဖြစ်နေပါက နာ့ယီရှို့တို့အုပ်စုအနေဖြင့် ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးကြရပေမည်။

ယခု ကျားခြင်္သေ့သားရဲကြီးက မျက်လုံးမှိတ်၍ ‌ဟောက်အိပ်နေသည်ဆိုသော်ငြား သူ့အနားသို့ လူအုပ်ကြီးရောက်ရှိလာသည်ကို မရိပ်မိဘဲ မနေနိုင်ချေ။

သားရဲကြီးက မြေပြင်ထက်ဝပ်နေသော ဦးခေါင်းကို အနည်းငယ်မော့လိုက်ပြီး စူးရှအေးစက်သောမျက်ဝန်းများဖြင့် နာ့ယီရှို့တို့အုပ်စုအား အကဲခတ်သလို စူးစိုက်ကြည့်လာလေတော့၏။

All Chapters