ကြီးမားသော နားလည်မှုလွဲခြင်း
Vol. 12 Ch. 111
"စီနီယာအစ်မ မူရွှယ်က အကြီးအကဲစစ်ချန်ကို စိန်ခေါ်လိုက်ပြီ။ နှစ်ယောက်လုံး သိုင်းလေ့ကျင့်ရေးကွင်းကို ရောက်နေကြပြီဟေ့။"
ချင်းရွှမ်အဆင့် ၂၆ နေရာက အဆင့် ၃ နေရာကို စိန်ခေါ်လိုက်တာလား။
ဒါက ဘယ်လိုသဘောတရားမျိုးလဲ။ ပုံမှန်ဆိုရင် ဒီအဆင့်အတန်းမျိုး တိုက်ပွဲကို ကြည့်ချင်ရင် လေလံပွဲမှာ မှတ်တမ်းတင် ကျောက်စိမ်းပြားကို ဝိညာဉ်ကျောက်တုံးတွေ အကုန်ခံပြီး ဝယ်ယူမှ ရနိုင်မှာ။
အခုကျတော့ တို့ဂိုဏ်းထဲမှာတင် တိုက်ရိုက် ကြည့်ခွင့်ရပြီပေါ့။
ဟဲဟွမ်းဂိုဏ်းကို ထားလိုက်ပါတော့၊ အရှေ့ပိုင်းဒေသ တစ်ခုလုံးမှာတောင် ဒါက သတင်းခေါင်းစဉ်ကြီး ဖြစ်လာမှာ သေချာသည်။
သတင်းကြားလိုက်သည်နှင့် လူတိုင်း... ဓားသိုင်းလေ့ကျင့်နေသူ၊ ဆေးဖော်နေသူ၊ ပိုးပန်းနေသူ မကျန်... လှုပ်ရှားနိုင်သမျှ လူအကုန်လုံး သိုင်းလေ့ကျင့်ရေးကွင်းဆီသို့ လူအုပ်လိုက်ကြီး အုံနဲ့ကျင်းနဲ့ ပြေးလာကြသည်။
ကျင့်ကြံဖို့လား။ အလျင်မလိုပါဘူး။ အတင်းအဖျင်း ဆိုတာ မုန့်လို့ပဲ ပူတုန်းစားမှ ကောင်းတာလေ။
လီထယ်ကျူးသည် သူ့အတွက် သတ်မှတ်ပေးထားသော တပည့်ဆောင်ဝင်းထဲတွင် တရားထိုင်ခါစ ရှိသေးသည်။ အပြင်ဘက်တွင် ရေနွေးပွက်သလို ဆူညံနေသံများကို ကြားလိုက်ရသည်။
သူ တံခါးဖွင့်လိုက်ပြီး အရှေ့မှ ဖြတ်ပြေးသွားသော တပည့်တစ်ဦးကို လှမ်းဆွဲမေးလိုက်သည် "စီနီယာအစ်ကို... ဘာဖြစ်နေတာလဲ။"
"စီနီယာအစ်မ မူရွှယ်က အကြီးအကဲစစ်ချန်ကို စိန်ခေါ်နေတယ်။ သိုင်းလေ့ကျင့်ရေးကွင်းမှာ။" ထိုတပည့်သည် စကားလုံးများကို ပစ်ပေးခဲ့ပြီး ပျောက်ကွယ်သွားသည်။
လီထယ်ကျူး ကျောက်ရုပ်လို ရပ်နေပြီး ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ခေါင်းထဲမှာ ပြန်စီစဉ်ကြည့်လိုက်သည်။
"...ဒီဇာတ်လမ်းသွားက မဟုတ်သေးပါဘူး"
သူ တီးတိုး ရေရွတ်လိုက်သည် "အချစ်စမ်းပွဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး စိန်ခေါ်ပွဲ ဖြစ်သွားရတာလဲ။"
ဟေးစန်းသည် ပါးစပ်ထဲတွင် မုန့်တစ်ဝက်ကို ကိုက်လျက် အခန်းထဲမှ လမ်းလျှောက်ထွက်လာသည်။ အကြောင်းစုံကို ကြားပြီးနောက် ပေါင်ကို ရိုက်ချလိုက်သည် "အဲဒါ အမှန်ပဲလေ။"
လီထယ်ကျူး လှည့်ကြည့်လိုက်သည် "ဗျာ... ဘာက အမှန်လဲ။"
"ကြိုက်ရင် ချကြတာလေ။"
ဟေးစန်းက ကမ္ဘာပေါ်မှာ အသဘာဝကျဆုံး ကိစ္စတစ်ခုလို ပြောလိုက်ပြီး မျက်နှာတွင် "ငါ ကောင်းကောင်း နားလည်ပါတယ်" ဆိုသည့် အမူအရာ ပေါ်နေသည်။ "နိုင်ရင် အိမ်ခေါ်သွားလို့ ရပြီ။ ဒါ ငါတို့တောင်ပေါ်က စည်းမျဉ်းပဲ။"
ဘေးနားရှိ ဟုန်ဖုန်းကလည်း လက်တွေ့ကျသည့် မျက်နှာထားဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်နေသည်။ "လူသိရှင်ကြား နေရာကို ရွေးချယ်ပြီး ပရိသတ်တွေကို လက်ခံတယ် ဆိုကတည်းက... ဒါက မိတ်လိုက်ခွင့် ပိုင်ဆိုင်ကြောင်း မျိုးစိတ်တစ်ခုလုံးကို ကြေညာလိုက်တာပဲ။ တော်တော်လေး ရှေးရိုးကျပြီး အခမ်းအနားဆန်သားပဲ။ လူသားတွေက မဆိုးဘူးပဲ"
လီထယ်ကျူး ပါးစပ် လှုပ်ရမ်းသွားသည် "...ဂိုဏ်းတူဦးလေးနှစ်ယောက်... ကျွန်တော်တို့ လူသားမျိုးနွယ်မှာ အဲလို မလုပ်ကြပါဘူးဗျာ။"
ထိုစဉ် အမျိုးသမီးတပည့် အချို့ သူတို့ရှေ့မှ တခစ်ခစ် ရယ်မောပြီး ဖြတ်ပြေးသွားကြသည်။
သူမတို့အထဲမှ တစ်ယောက်သည် မီးကဲ့သို့ နီရဲနေသော အလုံးလေး တစ်ခုကို ပွေ့ဖက်ထားပြီး အဲဒီအရာလေးက "ကျိကျိ" ဟု ပျော်ရွှင်စွာအော်မြည်နေသည်။
လီထယ်ကျူး သေချာ ကြည့်လိုက်ရာ မျက်လုံးများ ပြူးထွက်လာသည်... ဒါ ဂိုဏ်းတူဒေါ်လေးပဲနီလေး မဟုတ်ဘူးလား။
လက်ရှိတွင် ပဲနီလေးသည် မိန်းကလေးတစ်ဦး၏ ရင်ခွင်ထဲတွင် မှီခိုနေပြီး လည်ပင်း၌ ပန်းရောင် ဖဲပြားလေး ချည်ထားသည်။ ကျောပေါ်တွင် ဖဲပြားငယ်လေး တစ်ခုနှင့် ခေါင်းပေါ်တွင် ဘယ်ကရလာမှန်း မသိသော ပန်းသရဖူလေး တစ်ခု ဆောင်းထားသည်။
ရုန်းကန်ခြင်း မရှိသည့်အပြင် "ဒီဘိုးဘေးက ဒါကို သဘောကျတယ်၊ ဆက်ပြီး ပြုစုကြစမ်း" ဟူသော ပုံစံဖြင့် မျက်လုံးများ မှေးစင်းနေသေးသည်။
ရုတ်တရက် ပြောင်းလဲသွားသော ပုံစံကြောင့် လီထယ်ကျူး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူ ညည်းညူမနေတော့ပေ။ ဂိုဏ်းတူဦးလေးနှစ်ယောက် ဘာမှ မပြောနိုင်ခင် သူတို့ကို ဆွဲပြီး သိုင်းလေ့ကျင့်ရေးကွင်းဆီသို့ တရွတ်တိုက် ခေါ်သွားတော့သည်။
သိုင်းလေ့ကျင့်ရေးကွင်းသည် ပုံမှန်အားဖြင့် တပည့်များ အချင်းချင်း ယှဉ်ပြိုင်ရန်သာ အသုံးပြုပြီး အများဆုံး ပရိသတ် ရာဂဏန်းခန့်သာ ဆံ့သည်။
သို့သော် ယခု... လီထယ်ကျူး ရောက်သွားချိန်တွင် နေရာမှားလာပြီဟုပင် ထင်လိုက်မိသည်။
ဘုရားရေ... လူခေါင်းတွေချည်းပဲ... အနည်းဆုံး လူနှစ်ထောင်၊ သုံးထောင်လောက် ရှိလိမ့်မည်။
ဂိုဏ်းအတွင်း ပျံသန်းခြင်းကို တားမြစ်ထားပြီး ကွင်းက လူမဆံ့တော့သဖြင့် အချို့က ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးများ၊ သစ်ပင် အကိုင်းအခက်များပေါ်သို့ တက်ရောက် နေရာယူထားကြသည်။ မြင်ကွင်းက တကယ့်ကို ခမ်းနားလှသည်။
"ဖယ်ကြပါဦး... ဖယ်ကြပါဦး... ဝင်ပါရစေ။"
လီထယ်ကျူး ရှေ့ဆုံးတန်းရောက်အောင် မနည်း တိုးဝှေ့သွားရသည်။ အနီးနားရှိ တပည့်အချို့ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
"စီနီယာအစ်မ မူရွှယ်က နတ်ဘုရားဝိညာဉ်အဆင့် ရောက်တာ မကြာသေးဘူး မဟုတ်လား။ အကြီးအကဲစစ်ချန်ကို စိန်ခေါ်ရဲတယ်ပေါ့။"
"အဆင့်အတန်း ကိစ္စ မဟုတ်ဘူး... အကြီးအကဲစစ်ချန်က ရွှေအမြုတေအဆင့်တုန်းက နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူကို သတ်ခဲ့တာလေ။ စီနီယာအစ်မ မူရွှယ် နည်းနည်း စိတ်လိုက်မာန်ပါ လုပ်မိပြီ ထင်တယ်။"
"အို... ပြောပြပါဦး။"
အမျိုးသမီးတပည့်တစ်ဦး၏ မျက်လုံးများ တောက်ပလာသည်။ "စီနီယာအစ်မ မူရွှယ်က... အကြီးအကဲစစ်ချန်ကို စိတ်ဝင်စားနေတာများလား။ သူ့အာရုံစိုက်မှု ရအောင် ဒီနည်းလမ်း သုံးတာများလား။"
ဒီစကား ထွက်လာတာနဲ့ မူရွှယ်ကို လေးစားအားကျတဲ့ အမျိုးသားတပည့် တစ်စုရဲ့ ပြင်းထန်တဲ့ ငြင်းပယ်သံတွေ ထွက်ပေါ်လာသည်။
"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး။ စီနီယာအစ်မ မူရွှယ်ရဲ့ နှလုံးသားထဲမှာ ဓားပဲ ရှိတယ်။"
"သူက ဒီအခွင့်အရေးကို သုံးပြီး သူ့ရဲ့ ဓားသိုင်း အတားအဆီးကို ဖောက်ထွက်ချင်တာ ဖြစ်မှာပါ။"
"ဟုတ်တယ်... စီနီယာအစ်မ မူရွှယ်က အဲဒီလိုလူစားမျိုး မဟုတ်ဘူး။"
ဘေးနားရှိ အမျိုးသမီးတပည့်တစ်ဦးက တီးတိုးပြောသည် "ဒါပေမဲ့ အကြီးအကဲစစ်ချန်က တကယ် ကြည့်ကောင်းတာပဲ... ပြီးတော့ သန်မာတယ်... စီနီယာအစ်မ မူရွှယ် စိတ်လှုပ်ရှားသွားတာ ပုံမှန်ပါပဲ..."
ဒီစကားကြောင့် ဘေးနားရှိ တခြား အမျိုးသမီးတပည့်များလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
ထိုစဉ် လူအုပ်ကြီးထဲမှ လျှို့ဝှက်ဆန်းကြယ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် "နင်တို့ သိလား။ စီနီယာအစ်မတွေ ပြောတာ ကြားလိုက်တယ်။ အကြီးအကဲစစ်ချန်က ပန်းဆောင်ထဲမှာ စီနီယာအစ်မ အများကြီးကို 'ယင်ယန် ကြီးမြတ်သော တာအို' အကြောင်း အတူတူ လေ့လာဖို့ ဖိတ်ခေါ်ခဲ့တယ်တဲ့..."
"...???"
"ပြောပါဦး... မြန်မြန် ပြောပြပါဦး။"
ထိုအမျိုးသမီးတပည့်၏ မျက်နှာ နီရဲသွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောသည် "အဲဒါ... သူတို့ ပြောတာပဲလေ... သူက လေ့ကျင့်ချင်တယ်တဲ့... ပြီးတော့ လူတိုင်း အတူတူတဲ့..."
အားလုံး ပြိုင်တူ အသက်ရှူအောင့်သွားကြသည်။
တပည့်များ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့ခေါင်းထဲတွင် အပိုင်း ၈၀ ပါ 18ယောက်စုထားရသည့်ဇာတ်လမ်းတွဲကြီး တစ်ခု ချက်ချင်း နေရာယူသွားသည်။
ဒီစကားလုံးတွေက လူအုပ်ကြီးထဲ ပျံ့နှံ့သွားပြီး တစ်ယောက်စကား တစ်ယောက်နား ဆင့်ကမ်း ပြောကြရင်း ပိုမို ချဲ့ကားလာကြသည်။
"ဘာ... အကြီးအကဲစစ်ချန်က စီနီယာအစ်မ မူရွှယ်နဲ့ နှစ်ပါးသွား ကျင့်ကြံချင်တယ်လို့ ပြောလိုက်တယ် ဟုတ်လား။"
"ဘုရားရေ... အကြီးအကဲစစ်ချန်က စီနီယာအစ်မ အများကြီးနဲ့ နှစ်ပါးသွား ကျင့်ကြံချင်တယ်လို့ ပြောလိုက်တာလား။"
သိုင်းလေ့ကျင့်ရေးကွင်း အစွန်အဖျား ရောက်သွားချိန်တွင်မူ
"ဇာတ်လမ်းက ရှင်းသွားပြီ... အကြီးအကဲစစ်ချန်က ဂိုဏ်းထဲက ညီအစ်မတွေ အကုန်လုံးနဲ့ နှစ်ပါးသွား ကျင့်ကြံချင်တယ်လို့ ပြောလိုက်တာတဲ့။ စီနီယာအစ်မ မူရွှယ်က ဒေါသထွက်ပြီး တော်တော်သရမ်းတဲ့ ရှင့်ဟာကိုဖြတ်ပစ်မယ်ဆိုပြီး ဓားဆွဲထုတ်လိုက်တာတဲ့။"
... သိုင်းလေ့ကျင့်ရေးကွင်း အစွန်အဖျားမှ ကောလာဟလများသည် တောမီးပမာ ပျံ့နှံ့သွားပြီး လီထယ်ကျူး၏ နဖူးတွင် အမည်းစက်များ ပြည့်နှက်သွားစေသည်။
သူ ရှေ့သို့ တိုးဝှေ့သွားရင်း ဒီလူတွေရဲ့ စိတ်ကူးယဉ်မှု လွန်ကဲပုံကို စိတ်ထဲတွင် ဆဲဆိုလိုက်သည်။
သူ့ဆရာသခင်ရဲ့ စိတ်နေသဘောထားနဲ့ "လူတိုင်းနဲ့ နှစ်ပါးသွား ကျင့်ကြံမယ်" လို့ ပြောပါ့မလား။
စနစ်က ကိုယ်ချင်းစာစိတ် ဝင်လာပြီး သူ့ကို အလကား ကျင့်ကြံခွင့် ပေးမယ်ဆိုတာကိုတောင် သူ ပိုယုံလိုက်ဦးမည်။
【တင်း ပိုင်ရှင်ထံမှ စောင့်ကြည့်ခံရမည့် အတွေးများကို တွေ့ရှိရပါသည်။ ဂုဏ်သတင်း အမှတ် ၁၀။ လက်ရှိအမှတ် (၁၀)။】
လီထယ်ကျူး "..."
တစ်ချိန်တည်းမှာပင် ကွင်းထဲမှ နှစ်ဦးသည် နေရာယူပြီးကြပြီ ဖြစ်သည်။
မူရွှယ်သည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်က ဓားရိုးပေါ်တွင် တင်ထားသည်။ သူမ၏ ကိုယ်နေဟန်ထားသည် ထင်းရှူးပင်ကဲ့သို့ မတ်မတ် ရှိနေသည်။
သူမ၏ ဓားချီစွမ်းအင်သည် ထိန်းချုပ်ထားသော်လည်း ရှေ့ဆုံးတန်းမှ တပည့်များကို မသိစိတ်ဖြင့် ခြေတစ်လှမ်း ဆုတ်သွားစေသည်။
"အကြီးအကဲ... လမ်းညွှန်ပေးပါဦး။"
မူရွှယ် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။ သူမ၏ အသံသည် အေးစက်ပြီး ပြတ်သားကာ တုန့်ဆိုင်းမှု လုံးဝ မရှိပေ။
သူမနှင့် မျက်နှာချင်းဆိုင် ရပ်နေသော စစ်ချန် ခေါင်းညိတ်လိုက်သည်။
ဤကဲ့သို့လမ်းညွှန်မှု တောင်းခံခြင်းကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သော်လည်း လုံးဝ အတွေ့အကြုံ မရှိသည်တော့ မဟုတ်ပေ။
တတိယဦးလေး ပြောဖူးသည်မှာ ယှဉ်ပြိုင်ခြင်း ဆိုသည်မှာ... တစ်ဖက်လူ မသေအောင် လုပ်ဖို့ပဲတဲ့။
တတိယဦးလေး နောက်နေတာ ဖြစ်မယ်လို့ စစ်ချန် ထင်လိုက်သည်။ ဘယ်လိုလုပ် သူက လူသတ်မှာလဲ။ သူက အမြဲတမ်း စည်းကမ်းလိုက်နာတဲ့သူပဲဟာ။
ထို့ကြောင့် သူ မူရွှယ်ကို ဂရုတစိုက် လေ့လာကြည့်လိုက်သည်... နတ်ဘုရားဝိညာဉ် အစောပိုင်းအဆင့်၊ ခိုင်မာသော ဓားချီနှင့် တည်ငြိမ်သော အုတ်မြစ် ရှိသည်။
တစ်ဖက်လူက လမ်းညွှန်မှု တောင်းခံလာမှတော့ သူမ တစ်ခုခု သင်ယူသွားနိုင်မယ့်နည်းလမ်းနဲ့ တုံ့ပြန်သင့်သည်။
အရမ်း ပြင်းထန်လွန်းရင် သူမ ယုံကြည်မှု ပျောက်သွားလိမ့်မည်။
အရမ်း ပျော့ညံ့လွန်းရင်လည်း မလေးစားရာ ရောက်လိမ့်မည်။
ဒါဆိုရင်... အဲဒီသိုင်းကွက်ကို သုံးလိုက်မယ်။
စစ်ချန် ခဏတာ စဉ်းစားလိုက်ပြီးနောက် ညာလက်ကို မြှောက်လိုက်ကာ လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်သည်။
သူ့လက်ချောင်းထိပ်တွင် မှိန်ဖျော့သော အလင်းရောင်လေး တစ်ခု လင်းလက်လာသည်။
"တာအိုမိတ်ဆွေ မူရွှယ်..."
စစ်ချန်သည် လက်ချောင်းထိပ်မှ အလင်းစက်လေးကို ကြည့်ပြီး အလွန် ရိုးသားသော လေသံဖြင့် ပြောလိုက်သည် "ကျွန်တော့်ရဲ့ ဒီသိုင်းကွက် နာမည်က ပိုးစုန်းကြူးပါ။ သော့ချက်က စွမ်းအင်ကို အလွန်အမင်း ထိန်းချုပ်ပြီး တစ်နေရာတည်းမှာ စုစည်းထားတာပါ (rasengen!!!!)။ ပြီးတော့ ညင်ညင်သာသာလေး ထိတွေ့လိုက်တာနဲ့ ပြန်ရုပ်သိမ်းလိုက်ရမယ်။"
သူ ခဏတာ စဉ်းစားပြီး ဒီသိုင်းကွက်ရဲ့ သဘောတရားကို သူမ နားလည်အောင် ပြောပြသင့်တယ်လို့ ခံစားလိုက်ရသဖြင့် လေးလေးနက်နက် ဖြည့်စွက်ပြောလိုက်သည်
"ဥပမာ ပြောရရင်... လက်ချောင်းလေး တစ်ချောင်းနဲ့ အထိခိုက်မခံဆုံးဖြစ်တဲ့ နူးညံ့တဲ့နေရာလေးကို ညင်ညင်သာသာလေး ထိတွေ့လိုက်သလိုမျိုးပေါ့..."
သူ့အသံ ဆုံးသွားသည်နှင့် စောစောက ဆူညံနေသော ဆွေးနွေးသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။
တပည့်တိုင်း... ကျား၊ မ မရွေး... ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မျက်နှာပေါ်ရှိ အမူအရာများ ခဲသွားကြသည်။
အနီးနားရှိ သစ်ပင်များမှ သစ်ရွက်ကြွေ အချို့ ဝဲပျံကျဆင်းလာပြီး မြေကြီးပေါ် ကျရောက်သည့် အသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။
လီထယ်ကျူး မျက်နှာကို အုပ်လိုက်ပြီး လက်ချောင်းကြားမှတဆင့် ခိုးကြည့်လိုက်သည်။
သွားပြီ... ဆရာသခင်ရေ…
ဒါက ဘယ်လို အရှက်ရစရာ စကားလုံးတွေလဲဗျာ။