တာအိုမိတ်ဆွေ... လမ်းမေးမလို့လား
Vol. 12 Ch. 116
"တာအိုမိတ်ဆွေတို့... ခြေလှမ်း ခဏလောက် ရပ်ပေးကြပါဦး" ဆိုသော ဟေးစန်း၏ အသံသည် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ သူ့ဝက်ဝံမျက်နှာကြီးပေါ်တွင် စစ်ချန်ဆီမှ ကူးယူထားသော ဖော်ရွေသော အပြုံးတစ်ခု တပ်ဆင်ထားသည်။
သူ့အဖွင့်စကားက အပြစ်ပြောစရာ မရှိဘူးလို့ ခံစားလိုက်ရသည် ယဉ်ကျေးသည်၊ နွေးထွေးသည်၊ ဆွေမျိုးရင်းချာ ဆန်သည်ပေါ့။
ဆန့်ကျင်ဘက်မှ မိစ္ဆာအဖွဲ့သည် ပြိုင်တူ ရပ်တန့်သွားကြသည်။ မျက်လုံးအစုံ ၂၀ ကျော်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော ဝက်ဝံမည်းကြီးကို စိုက်ကြည့်နေကြသည်။
ခေါင်းဆောင်လုပ်သူမှာ အပြာရောင်သမ်းသော မီးခိုးရောင် အမွေးအမျှင်ရှိသည့် ဝံပုလွေမိစ္ဆာ ဖြစ်သည်။ သူလည်း တတိယအဆင့် ရှိသည်။
သူ ချက်ချင်း ပြန်မဖြေဘဲ မျက်လုံးကို မှေးစင်းလိုက်ပြီး ဟေးစန်းကို အပေါ်အောက် စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။
ဟေးစန်း၏ စူထွက်နေသော ဗိုက်ပူကြီးမှသည် ဖူးရောင်နေသော ပြုံးဖြဲဖြဲ မျက်နှာအထိ၊ နောက်ဆုံးတွင် လည်ပင်း၌ ချိတ်ဆွဲထားသော 'ဘေးကင်းလုံခြုံပါစေ' ကျောက်စိမ်းပြား (ဟဲဟွမ်းဂိုဏ်း စားသောက်ဆောင် စားဖိုမှူးကြီး၏ လက်ဆောင်) ဆီသို့ အကြည့်ရောက်သွားသည်။
သူ အကြာကြီး စိုက်ကြည့်နေသည်။
အဲဒီအကြည့်က ဆွေမျိုးသားချင်း တစ်ယောက်ကို နှုတ်ဆက်တဲ့ အကြည့် မဟုတ်ဘဲ ဈေးထဲမှာ အသားရွေးနေပြီး အဆီများလွန်းလို့ မကြိုက်တဲ့ အကြည့်မျိုးနဲ့ ပိုတူနေသည်။
အကြည့်ခံရတာ မသက်မသာ ဖြစ်လာသဖြင့် ဟေးစန်း စကားပြောတော့မည့် အချိန်တွင် ဝံပုလွေမိစ္ဆာက လက်မြှောက်လိုက်သည်။
"ရိုက်ပစ်လိုက်။"
စကားလုံး သုံးလုံးတည်း... ရှင်းရှင်းလင်းလင်းနှင့် ပြတ်သားသည်။
ဟေးစန်း "...ဗျာ။"
သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် မိစ္ဆာ သုံးလေးကောင် သူ့ဆီသို့ ခုန်ဝင်လာကြသည်။ ဘုန်းခနဲ အသံနှင့်အတူ လက်သီးတစ်လုံး သူ့ဘယ်ဘက်မျက်လုံး တည့်တည့်ကို ဝင်ဆောင့်သွားသည်။
သူ့ဝက်ဝံခေါင်း လည်ထွက်သွားပြီး မျက်လုံးအပေါ်တွင် အဖုကြီး တစ်ခု ထွက်လာသည်။ သူ လုံးဝ ကြောင်အမ်းသွားသည်။
ဘာ... ဘာဖြစ်ကုန်တာလဲ။
သူက ယဉ်ကျေးစွာ လမ်းမေးခဲ့တာလေ။ ယဉ်ကျေးတဲ့ လက်သီးဆုပ် ဂါရဝပြုနည်းကိုတောင် ကူးယူခဲ့တာ။ ဘယ်လိုလုပ် စကားတစ်ခွန်းမှ မပြောဘဲ လက်သီးနဲ့ စထိုးကြတာလဲ။
"မင်းတို့ ဦးနှောက် ပျက်နေကြတာလား။"
ဟေးစန်း နောက်ဆုံးတွင် ပေါက်ကွဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည် "ငါက လမ်းမေးတာလေကွ... မင်းတို့က..."
"ဒီဝက်ဝံဝတုတ်က ဘယ်က ထွက်လာတာလဲ။ ဟောင်နေတုန်းပဲ။"
ဝံပုလွေခေါင်းဆောင်က လှောင်ပြောင်လိုက်ပြီး နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဝ... ဝက်ဝံဝတုတ် ဟုတ်လား။
ဟေးစန်း ခေါင်းထဲ ဝီခနဲ မြည်သွားသည်။
ဟဲဟွမ်းဂိုဏ်းမှာ နေတုန်းက စစ်ချန်ရဲ့ လှုပ်ရှားမှုတိုင်းကို သူ အတုခိုးခဲ့သည်။ လက်သီးဆုပ် နှုတ်ဆက်သည်၊ 'ကျေးဇူးပြုပြီး' ထည့်ပြောသည်၊ ထမင်းစားရင်တောင် အသံမထွက်အောင် ဝါးသည်။
အခုတော့... အဲဒီလောက် ယဉ်ကျေးဟန်ဆောင်ပြီးမှ လက်သီးစာမိပြီး 'ဝက်ဝံဝတုတ်' ဆိုတဲ့ နာမည်ပဲ ရလိုက်တာလား။
တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား။ ဥပဒေ ဆိုတာ မရှိတော့ဘူးလား။
ဟေးစန်း ပေါက်ကွဲသွားသည်။ 'ယဉ်ကျေးသော ဝက်ဝံ' မျက်နှာဖုံး ကွဲကြေသွားပြီ။
"မင်းအဘိုးကြီးတော်ကိုကွ။"
"ငါက မင်းထမင်း စားထားလို့လား။ မင်းဟင်းရည် သောက်ထားလို့လား။"
ဟိန်းဟောက်ရင်း သူ လက်ဝါးကြီး ရိုက်ချလိုက်ရာ ဝင်တိုးလာသော ကျားသစ်မိစ္ဆာတစ်ကောင် လေထဲတွင် သုံးပတ်လည်သွားပြီး မူးဝေလျက် ပြုတ်ကျသွားသည်။
"မင်းကမှ ဝတုတ်... မင်းတစ်ဆွေလုံး တစ်မျိုးလုံး ဝတုတ်... ငါက ထွားတာကွ... ထွားတာ... သိလား။"
ထို့နောက် သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ငြိမ်သက်နေသော ပါရမီကို ပြန်လည် နိုးထလိုက်သည်။
"မင်းရဲ့ မီးခိုးရောင် အမွေးတွေကို ကြည့်စမ်း... ဆယ်နှစ်လောက်ကြာတဲ့ ထမင်းရည်ပုပ်ထဲ နှစ်ထားသလိုပဲ။"
"မင်းအမေတောင် သည်းခြေ သုံးခွက်လောက် အန်ထွက်လိမ့်မယ်။ ခြေတစ်ချက် ကန်ထည့်ပြီး ပြန်မွေးခိုင်းလိုက်ရမလား။"
ဝံပုလွေ ခဲသွားသည်။ ဘေးနားရှိ မိစ္ဆာအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဒါ ဘယ်လို တိုက်ခိုက်နည်းမျိုးလဲ။
ဟေးစန်း ဆဲလေလေ တိုက်ခိုက်မှုက ပိုချောမွေ့လေလေ ဖြစ်လာသည်။ သူ နောက်ပြန် လက်ဝါးရိုက်ချက်ဖြင့် တောဝက်မိစ္ဆာတစ်ကောင်ကို လွင့်ထွက်သွားစေပြီး ဆက်ပြောသည်
"ဘူးသီးခြောက်လို ယိမ်းထိုးနေပြီး လိပ်ခေါင်းထွက်နေသလိုပဲ... အိမ်မှာပဲ နေစမ်းပါကွ။ လာပြီး ရှိုးပြမနေနဲ့။"
"တွင်းအောင်းပြီး ငြိမ်ငြိမ်လေးနေ... အပြင်ထွက်ပြီး မိစ္ဆာမျိုးနွယ် သိက္ခာချမနေနဲ့။"
"မ... မင်း..." ဝံပုလွေ တုန်ရီနေပြီး လက်ညှိုးထိုးကာ စကားတစ်လုံးမှ ပြောမထွက်တော့ပေ။
ဟေးစန်းသည် တိုက်လည်းတိုက်၊ ဆဲလည်းဆဲဖြင့် တဖက်လူ၏ ဘိုးဘေး ၁၈ ဆက်မြောက်အထိ တူးဆွနေပြီး သူက "လုံးဝ မဝဘူး" ဆိုတာကို အလေးပေး ပြောကြားနေသည်။
ဝံပုလွေ၏ မျက်နှာ မည်းမှောင်လာသည်။
သူက ဒါကို လမ်းဘေးက ဝက်ဝံဝတုတ်လေး တစ်ကောင်မို့ ရိုက်နှက် ဆုံးမလို့ ရမယ် ထင်ထားခဲ့တာ။
ဘယ်သူက ထင်မှာလဲ... ဒီဝက်ဝံက အသားထူရုံတင် မကဘူး၊ လျှာက ပိုထူနေတယ် ဆိုတာ။ သွေးသားဆွေစဉ်မျိုးဆက် ကနေ နေ့စဉ် အကျင့်စရိုက်တွေအထိ အကုန် ဆဲဆိုနေတော့တာပဲ။
ဝံပုလွေ မနိုင်တော့ဘူး... တကယ် မနိုင်တော့ဘူး။
အချိန်အကြာကြီး ရုန်းကန်ပြီးနောက် မျက်နှာနီရဲလျက် စကားလုံး အနည်းငယ် ညှစ်ထုတ်လိုက်နိုင်သည် "မင်း... မင်းအမေ...အာဝုးးး"
အူသံပေးပြီး သူ ခုန်အုပ်လိုက်သည်။ တတိယအဆင့် မိစ္ဆာတစ်ကောင် ဝင်ပါလာသဖြင့် တခြားမိစ္ဆာများ အပေါ် ဖိအား ချက်ချင်း လျော့ကျသွားသည်။
ခဏချင်းမှာပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။
အပေါ်ဘက်ရှိ ပျံသန်းရေးလှေပေါ်မှ စစ်ချန် မျက်မှောင်ကြုတ် ကြည့်နေသည်။
လမ်းမေးရုံတင် ထင်ထားတာ... ဘယ်လိုလုပ် ရန်ပွဲ ဖြစ်သွားရတာလဲ။
ဟုန်ဖုန်းကတော့ အရသာခံ ကြည့်ရှုနေသည်။ သိုလှောင်လက်စွပ်ထဲမှ နေကြာစေ့ တစ်ဆုပ်ကိုတောင် ထုတ်ယူပြီး ပျော်ရွှင်စွာ ဝါးနေသေးသည်။
စစ်ချန် ဆင်းဖို့ ပြင်လိုက်ချိန်တွင် ဟုန်ဖုန်းက တားလိုက်သည်။
"နေဦး။"
ဟုန်ဖုန်းက အခွံကို ထွေးထုတ်လိုက်သည် "အဲဒီ ငတုံးကောင် လက်သီးစာ နည်းနည်းလောက် ပိုမိပါစေဦး။"
စစ်ချန် သူ့ကို လှမ်းကြည့်လိုက်သည်။ မျက်လုံးထဲတွင် "မင်း တကယ်ပြောတာလား" ဆိုသည့် အဓိပ္ပာယ် ပါဝင်နေသည်။
ဟုန်ဖုန်းက တရားသဖြင့် ပြောလိုက်သည် "တွေ့လား... အဲဒီဝံပုလွေက လူအုပ်နဲ့ လာတာပေမဲ့ သူတို့က လက်သီးထိန်းထားတယ်။ သင်ခန်းစာပေးရုံပဲ... သတ်ဖို့ မဟုတ်ဘူး။"
သူ ဟေးစန်းကို လက်ညှိုးထိုးပြသည် "ပြီးတော့ ဒီငတုံးကောင် ဟဲဟွမ်းဂိုဏ်းမှာ အစားတွေပဲ သိပ်ထားတာ... အဆီချဖို့ အချိန်တန်ပြီ။"
စစ်ချန် အောက်ဘက်မှ တိုက်ပွဲကို လေ့လာကြည့်လိုက်သည်။
မှန်ပါသည်... ဝံပုလွေမိစ္ဆာ၏ လက်သီးများက ပြင်းထန်သော်လည်း သေစေလောက်သည့် နေရာများကို ရှောင်ကြဉ်ထားသည်။ ကျန်တဲ့ မိစ္ဆာတွေလည်း အားလျော့ထားကြသည်။ ရန်ပွဲနှင့် တူသော်လည်း သဲအိတ်ကို ဝိုင်းထိုးနေကြသလို ပိုဖြစ်နေသည်။
ဟေးစန်းကတော့ ဖူးရောင်နေပေမဲ့ အားကုန် အော်ဟစ်နေတုန်းပင်။ သူ့ဆဲဆိုမှုများက ပို၍ပင် ဖန်တီးမှု ကောင်းလာသည်။
"ဟုတ်သားပဲ။" စစ်ချန် ခေါင်းညိတ်လိုက်ပြီး ဟုန်ဖုန်းဘေးတွင် တကယ် ဝင်ထိုင်လိုက်သည်။
... ဟေးစန်း၏ ဘယ်ဘက်မျက်လုံး မျဉ်းကြောင်းလောက်သာ ကျန်တော့သည်၊ ညာဘက်ပါးက အစိမ်းကွက်များ ဖြစ်နေသည်။
ဝံပုလွေမိစ္ဆာလည်း ထို့အတူပင်... သူ့မျက်နှာတစ်ခြမ်း ဖူးရောင်နေသည်။
တိုက်ခိုက်ရင်းနှင့် နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် လေးစားမှု အနည်းငယ် ဖြစ်ပေါ်လာသော်လည်း ဘယ်သူမှ အလျှော့မပေးရဲကြပေ။
ဟုန်ဖုန်း နောက်ဆုံးကျန်သော နေကြာစေ့များကို စားပြီးနောက် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။
"ငါ့အလှည့်ပဲ။"
သူ မူလပုံစံသို့ ပြောင်းလဲပြီး ခုန်ချလိုက်သည်။
ဒီတစ်ခါ ဟေးစန်းတုန်းကလို တွင်းကြီး ဖြစ်မသွားပေ။ အဲဒါက သိက္ခာမရှိလွန်းသည်။
ဟုန်ဖုန်းသည် လေညင်းလေး တစ်ချက်ကဲ့သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ ဖုန်မှုန့်လေးတောင် မထပေ။ ငြိမ်းချမ်းရေး ဖျန်ဖြေသူ ပုံစံပေါက်နေသည်။
"အဟမ်း... မိတ်ဆွေတို့... ရပ်လိုက်ကြပါဦး။ တို့တွေ အားလုံးက မိစ္ဆာမျိုးနွယ်တွေပဲလေ။ နားလည်မှုလွဲတာ ဖြစ်မှာပါ..."
သူ စကားမဆုံးခင်...
တိုက်ခိုက်ချင်စိတ် ပြင်းပြနေသော ဝံပုလွေမိစ္ဆာသည် နောက်ထပ် တတိယအဆင့် မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ တော်တော် ခက်ထန်မယ့်ပုံပဲ။ ဒါပေမဲ့ ဘာဖြစ်လဲ... အရင် လက်ဦးအောင် တိုက်ရမယ်။
"နားလည်မှုလွဲတာ မင်းအဘွားကြီးတော်ကိုကွ" ဟု အော်ဟစ်ပြီး ဟုန်ဖုန်း ဟန်ရေးပြနေတုန်းမှာပင် မျက်လုံးတည့်တည့်ကို လက်သီးဖြင့် ပစ်ထိုးလိုက်သည်။
ဟုန်ဖုန်း၏ ခေါင်း လည်ထွက်သွားပြီး ခဲသွားသည်။
သူ ဖြည်းညှင်းစွာ လက်သည်းကို မြှောက်လိုက်သည်။ ဘယ်ဘက်မျက်လုံးမှ ပူနွေးပြီး ဖူးရောင်လာသော ခံစားမှုကို ထိတွေ့လိုက်သည်။ အလားတူ ကြောင်အမ်းနေသော ဟေးစန်းဘက်သို့ လှည့်ကြည့်ပြီး မယုံကြည်နိုင်သော လေသံဖြင့် မေးလိုက်သည် "သူ... သူ ငါ့ကို ထိုးလိုက်တာလား။"
ဟေးစန်း ကြောင်တောင်တောင် ခေါင်းညိတ်လိုက်သည် "အေး... ထိုးလိုက်တာ။"
"ဝါး၊ ဂယားး...!!!"
ဟုန်ဖုန်းသည် အနီရောင် လျှပ်စီးကြောင်းကဲ့သို့ ပြေးဝင်သွားသည်။ "ဒီနေ့ မင်းကို မျိုးတုံးသွားအောင် မရိုက်ရင် ငါ တစ်သက်လုံး ဝမ်းချုပ်ပါစေကွာ။"
လန့်သွားသော်လည်း ဝံပုလွေမိစ္ဆာ အမြန် ပြန်တုံ့ပြန်လိုက်သည် "လာစမ်းပါ... ငါ့ကို သတ်ကြည့်စမ်း။"
"ငါတို့ တောင်ပိုင်းမိစ္ဆာတွေက ဘိုးဘေးနန်းတော်ကို မျိုးရိုးစဉ်ဆက် စောင့်ရှောက်လာခဲ့ကြတာ။ မြေရိုင်းတွေကြားမှာ ကုတ်ကပ်ရှာဖွေ စားသောက်ရရင် စားသောက်ရမယ်... ခွေးတွေလိုတော့ တောင်းမစားဘူးကွ။"
ဟေးစန်း သူ့ကို ထပ်ရိုက်လိုက်သည် "တောင်းစားတာ မင်းအမြီးပဲ... ငါက လမ်းမေးတာပါဆို... နားလည်လား... လမ်းမေးတာလို့။"
အခြေအနေက လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။
ပျံသန်းရေးလှေပေါ်တွင် စစ်ချန် သက်ပြင်းချလိုက်သည်။
ဒီအတိုင်း ဆက်သွားရင် ညမိုးချုပ်တဲ့အထိ ပြီးကြမှာ မဟုတ်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲ အလယ်ဗဟိုတွင် သူ ပေါ်လာသည်။
အဖြူရောင် ဝတ်ရုံများ လွင့်ပျံနေသော လူသားကျင့်ကြံသူ တစ်ဦး။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့ အလိုအလျောက် ရပ်တန့်သွားကြသည်။
ဝံပုလွေမိစ္ဆာကတော့ နောက်ထပ် လူသစ်တစ်ယောက်၊ ကြည့်ရတာ အားနည်းမယ့်ပုံပေါက်တဲ့ လူသားတစ်ယောက် ထပ်ရောက်လာတာ မြင်ပြီး ပိုရိုင်းစိုင်းလာသည်
"လူသားမျိုးနွယ် ဟုတ်လား။ ကောင်းပြီလေ။"
"ဒီနေ့ ငါ အသေခံမယ်... ဖျက်ဆီးခံလိုက်မယ်... ဝိညာဉ်လွင့်ပါးပြီး စိတ်ဓာတ်တွေ ကွဲကြေသွားပါစေ... အရိုးတွေ ဖုန်မှုန့်ဖြစ်သွားပါစေ..."
သူ စကားမဆုံးခင် စစ်ချန် ညာလက်ကို မြှောက်လိုက်သည်။
တောက်ပနေသော ကောင်းကင်ကြီး ချက်ချင်း မှောင်မိုက်သွားသည်။
တောအုပ်အထက်တွင် တိမ်တိုက်များ လိမ့်ဝင်လာပြီး မယုံနိုင်လောက်အောင် မြန်ဆန်သော နှုန်းဖြင့် စုဝေးလာကြသည်။
အတွင်းတွင် မိုးခြိမ်းသံများ ဟိန်းထွက်နေသည်။
ဝံပုလွေမိစ္ဆာ၏ ဝိညာဉ်ကို တကယ် လွင့်ပါးသွားစေသော အရာမှာ ထိုမုန်တိုင်းကြီးသည် စစ်ချန်၏ မြှောက်ထားသော လက်ဝါးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေခြင်းကြောင့် ဖြစ်သည်။
ဒါက မိုးကြိုးလှံ၏ အဖွင့်အနေအထား ဖြစ်သည်။
ဝံပုလွေ အပါအဝင် မိစ္ဆာအားလုံး နေရာတွင် ခဲသွားကြသည်။
အသက်ရှူချိန် အနည်းငယ် ကြာသောအခါ...
ဝံပုလွေမိစ္ဆာသည် ရှုပ်ပွနေသော အမွေးများကို သပ်လိုက်သည်၊ စောင်းနေသော နားရွက်ကို တည့်လိုက်သည်၊ လည်ချောင်းရှင်းလိုက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်
"စီနီယာ... မေးခွင့်ပြုပါ... လမ်းမေးမလို့လားခင်ဗျ။"
သူ့နောက်မှ မိစ္ဆာ အကောင် ၂၀ ကျော်သည်လည်း သတိအနေအထား ယူလိုက်ကြပြီး မျက်လွှာချကာ သိုးငယ်လေးများကဲ့သို့ လိမ္မာသွားကြသည်။
ဟေးစန်း "..."
ဟုန်ဖုန်း "..."
... မိုင်တစ်ရာအကွာ တောနက်ထဲတွင်...
ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ပေါ်၌ လူရိပ်အချို့ ရပ်နေပြီး အားလုံး တစ်နေရာတည်းကို ငေးကြည့်နေကြသည်။
"သန့်စင်လိုက်တဲ့ လျှပ်စီးသိုင်းကွက်ပါလား..."
ပြောလိုက်သူမှာ မျက်နှာဖုံးစွပ် အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
သူမဘေးတွင် သင်္ကန်းရောင်စုံ ဝတ်ဆင်ထားသော ရဟန်းပျိုတစ်ပါးက လက်အုပ်ချီလိုက်သည်။ အပြုံးက နူးညံ့သော်လည်း တစ်မျိုးတမည် ဟန်ဆောင်ထားပုံ ပေါက်နေသည် "အဲဒါ တာအိုမိတ်ဆွေစစ်ချန် ဖြစ်ရမယ်။"
နောက်ဆုံး စကားပြောသူမှာ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားပြီး ယပ်တောင်ခတ်နေသော လူငယ်တစ်ဦး ဖြစ်သည်။ မျက်လုံးများထဲတွင် တွေးတောမှုများ ပါဝင်နေသည်။
"ဒါဆို သူက တတိယနေရာပေါ့... အခြေအနေတွေက စိတ်ဝင်စားစရာ ကောင်းလာပြီပဲ။"