← Chapters

စက္ကူကြိုးကြာများဖြင့်ပျံသန်းခြင်း

Vol. 1 Ch. 67

စက္ကူကြိုးကြာများဖြင့်ပျံသန်းခြင်း

Vol. 1 Ch. 67

စာပေသမား"လူ" ရှေ့သို့ ထွက်လိုက်လေသည်။ သူက ထောင်ထောင်မောင်းမောင်းနှင့် ဖြစ်သောကြောင့် အခြားသူများထက် ထွားနေလေသည်။ သူက အဘိုးအို နှစ်ယောက်ရှေ့သို့ သွားလိုက်ပြီး…

"ဆရာကြီးတို့ ... ဆရာကြီးတို့ နှစ်ယောက်က ချင်းရွှမ်က နတ်ဒေဝါတွေများလား"

သူက လက်နှစ်ဖက်ဆုပ် အရိုအသေ ပြုလိုက်ရင်း လေးလေးစားစားဖြင့် မေးလိုက်လေသည်။

"နတ်ဘုရား ဖြစ်ဖို့ဆိုတာ လွယ်တယ်မှတ်လို့။ ဒါပေမယ့် မင်းတို့ သုံးယောက်ကတော့ ကျော်ဖြတ် လာနိုင် ကြတာပေါ့လေ"

အနီရောင်ဝတ် အဘိုးအိုက စာပေသမား"လူ" ကို ကြည့်ရင်း ပြောလိုက်လေသည်။

သူက သူ၏ အင်္ကျီလက်ထဲမှ စက္ကူစွန် သုံးခုကို ထုတ်ယူလိုက်လေသည်။ စွန်များမှာ လေထဲတွင် ပျံသန်းသွားကာ လူတစ်ယောက်၏ အရပ်ထက်ဝက် ခန့်လောက်ထိ ကြီးထွား လာကြလေသည်။ ထိုစွန်များက မြေပေါ်တွင် ရပ်တန့်နေပြီး သူတို့၏ အတောင်များကို ဖြန့်လိုက် လေသည်။  သေသေချာချာ မကြည့်လျှင် ထို စက္ကူစွန်များကို အဖြူရောင် ကြိုးကြာငှက်များဟု ထင်မှတ်မိမည် ဖြစ်လေသည်။

ဆန်းလျန်နှင့် စာပေသမား"လူ" တို့နှစ်ယောက်လုံးမှာ သတ္တိရှိကြသူများ ဖြစ်ကြလေသည်။ သူတို့က ထိုစက္ကူစွန်များကို ကြည့်ကာ ကြောက်လန့်သွားခြင်းမျိုး မရှိဘဲ တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြလေသည်။ သူတို့၏ တွေ့ဆုံမှုမှာ ကံတရားအတိုင်းသာ ဖြစ်ပြီး ယခုအချိန်မှ စတင်ကာ အတူတူ ပညာသင်ကြား ရတော့မည့် သူများ ဖြစ်လေသည်။

စာပေသမား"လူ"မှာ စာပေသမား တစ်ယောက် ဖြစ်သည့်တိုင် ပိုပြီးသန်မာပုံ ရလေသည်။ ဆန်းလျန်မှာတော့ နူးညံ့သိမ်မွေ့ပုံ ရသော်လည်း အဆင့်မြင့် သိုင်းသမားတစ်ဦး ဖြစ်လေသည်။

သို့သော် အားနည်းနေသည့် ပိန်ပိန်ပါးပါး လူငယ်မှာတော့ စက္ကူစွန်များပေါ်သို့ တက်ရန် မဝံ့မရဲ ဖြစ်နေလေသည်။

ဝမ့်ရှင်းလမ်း တစ်လျှောက် အန္တရယ်များကို မည်သို့ဖြတ်ကျော် လာသည် မသိပေ။ သူ့ပုံစံက အားအင် ချည့်နဲ့နေကာ ကြောက်ရွံ့ တုန်လှုပ်သည့်ပုံ ပေါက်နေလေသည်။

ဆန်းလျန် ထိုလူငယ်ကို လေ့လာနေသည်မှာ ကြာပြီဖြစ်လေသည်။ ထိုသူမှ သိုင်းပညာ လုံးဝ လေ့ကျင့်ဖူးခြင်း မရှိသည့် အားနည်းနေသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် တာအို ကျင့်စဉ်များကိုလည်း ကျင့်ကြံထားခြင်း မရှိပေ။

သူ စက္ကူကြိုးကြာရုပ်များကို ကြောက်နေသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။

"ကောင်လေး မင်းကြောက်နေတာလား"

အနီရောင်ဝတ် အဘိုးအိုက ပြုံးပြီးမေးလိုက်လေသည်။

"ကျွန်တော်က ကောင်လေးမဟုတ်ပါဘူး။ ကျွန်တော့်နာမည်က ရှောင်ဟေးပါ"

လူငယ်လေးက တိုးလျစွာ ပြောလိုက်လေသည်။

သူက ခေါင်းကို ငုံ့ထားလိုက်ပြီး အနီရောင်ဝတ် အဘိုးအိုကို မော့မကြည့် ရဲတော့ပေ။

"ဟား ဟား ကောင်လေးရေ ဒီကြိုးကြာရုပ်တောင် မစီးရဲဘဲနဲ့ ချင်းရွှမ် နတ်တံခါးကို ဘယ်လို ရောက်လာတာလဲ"

"ကျွန်တော်က နတ်ဘုရား ကျင့်စဉ်တွေကို သင်ယူ ချင်လို့ပါ။ ဒါဆိုရင် ချင်းရွှမ် နတ်တံခါးကို ဆက်သွယ် ရမှာမလား"

လူငယ်လေး၏ မျက်ဝန်းတွင် ခိုင်မာသည့် ဆုံးဖြတ်ချက်များဖြင့် တစ်လက်လက် တောက်ပ နေလေသည်။ ထိုမျက်လုံးများမှာ သူ၏ အားနည်းနေသည့် ပုံသဏ္ဍန်နှင့်ပင် မလိုက်ဖက်ပေ။

"မင်းက နတ်ဘုရား ကျင့်စဉ်တွေကိုပဲ သင်ယူချင်တာလား။ ထာဝရ အသက်ရှင်ဖို့ ကိုရော မလိုချင်ဘူးလား"

မီးခိုးရောင်ဝတ် အဘိုးအိုက ထိုလူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး အလေးအနက် မေးလိုက်လေသည်။

အဘိုးအို၏ အကြည့်ကြောင့်  လူငယ်လေးမှာ လဲကျသွားလု မတတ်ပင် ဖြစ်သွားရလေသည်။

"ကျွန်တော်က နတ်ဘုရား ကျင့်စဉ်တွေကိုပဲ သင်ယူချင်တာပါ။ အစွမ်းအထက်ဆုံး နတ်ဘုရား ကျင့်စဉ်ကို သင်ယူချင်တာပါ"

လူငယ်လေးကလည်း လေးနက်စွာ ပြန်ပြော လိုက်လေသည်။

"ဘာကြောင့်လဲ"

မီးခိုးရောင်ဝတ် အဘိုးအိုက ခပ်တည်တည်ဖြင့် မေးလိုက်လေသည်။

"ကျွန်တော် လက်စား ချေချင်လို့ပါ"

"ဒါဆို နတ်ဘုရားကျင့်စဉ်တွေ ကျင့်ကြံ အောင်မြင်ပြီးလို့ လက်စားလည်း ချေပြီး သွားပါပြီတဲ့  မင်း ဘာဆက်လုပ်မှာလဲ"

မီးခိုးရောင်ဝတ် အဘိုးအိုက စူးစမ်းသလို မေးလိုက်သည်။

"ကျွန်တော် မသိပါဘူး"

လူငယ်လေးက ခေါင်းကို ခါယမ်းရင်း ဖြေလိုက်လေသည်။

"ကောင်လေး မင်းကျုပ်ကို ဂါရဝသုံးကြိမ် ပြုစမ်း"

မီးခိုးရောင်ဝတ် အဘိုးအိုက သူ၏ အင်္ကျီလက်ကို ဝေ့ယမ်းရင်း ပြောလိုက်လေသည်။

ဘာကြောင့် ထိုသို့ ပြောလိုက်မှန်း မည်သူမျှ မသိပေ။ အားလုံးမှာ အံ့အားသင့်သွား ကြလေသည်။

"ဂိုဏ်းတူ အစ်ကိုကယ် ဘာလို့ဒီလို လုပ်ရတာလဲ။ ဆရာသခင်ရှေ့မှာ ထျန်းတိကျန်းနဲ့ သူတို့ ဇစ်မြစ်နဲ့ စိတ်ရင်းကို စစ်ဆေးမှု မခံရသေးခင် မင်း တပည့်မွေးလို့ မရဘူးလေ"

အနီရောင်ဝတ် အဘိုးအိုက မျက်ခုံးတစ်ချက် ပင့်ရင်း ပြောလိုက်လေသည်။

"ထျန်းတိကျန်း" ဆိုသည်မှာ ချင်းရွှမ်နတ်တံခါး၏ ရတနာပစ္စည်း တစ်ခု ဖြစ်လေသည်။ တန်ခိုးနှင့် ပြည့်ဝသည့် လူတစ်ယောက်သာ အသုံးပြုလျှင် ဘုံကိုးခုနှင့် လောကဆယ်ပါးကို မြင်တွေ့ နိုင်လေသည်။ အလွန်မှ အစွမ်းထက်သည့် ပစ္စည်းတစ်မျိုး ဖြစ်လေသည်။

"တရားမဝင် တပည့်လက်ခံပြီး တန်ခိုး စွမ်းအားတွေကို သင်ပေးနေတဲ့ သူတွေလည်း ရှိတာပဲလေ"

မီးခိုးရောင်ဝတ် အဘိုးအိုက အနီရောင်ဝတ် အဘိုးအိုကို ကြည့်ရင်း ပြောလိုက်လေသည်။

ထို့နောက် သူ၏ အကြည့်က ဆန်းလျန်ဆီသို့ ရောက်သွားလေသည်။

ဆန်းလျန်မှာ သိုင်းပညာလည်း တော်သလို အတွင်းအား ကျင့်စဉ်တွင်လည်း အဆင့်မြင့်သူ တစ်ယောက် ဖြစ်လေသည်။ စစ်တုရင်ခုံမှ ကျင့်စဉ်မှာ အနီရောင်ဝတ် အဘိုးအိုက ဆန်းလျန်အတွက် အဓိကထားပြီး သင်ကြားပေးခဲ့ခြင်း ဖြစ်လေသည်။ အဘိုးအိုများမှာ နတ်ဒေဝါများ ဖြစ်သည့်အလျှောက် အမှတ်မထင် ပြုလုပ်ကြခြင်း မဟုတ်ပေ။

အဘိုးအို နှစ်ယောက်မှာ စစ်တုရင် ကစားကွက်ထဲတွင် ကျင့်စဉ် နည်းစနစ်ကို မည်ကဲ့သို့ ထည့်သွားထားသည်ကို ဆန်းလျန် အံ့သြနေမိ လေသည်။ အမှန်တကယ်ပင် လေးစားစရာ ပညာရပ် ဖြစ်လေသည်။

သို့သော် အနီရောင်ဝတ် အဘိုးအို၏ စကားကြောင့် ဆန်းလျန်ကို စိတ်ရှုပ်ထွေး သွားရ ပြန်လေသည်။

"ကျုပ်ဘယ်သူ့ကိုမှ ဘာမှ သင်မပေးပါဘူး"

အနီရောင်ဝတ် အဘိုးအိုက ကမန်းကတန်း ငြင်းလိုက်လေသည်။

"မင်းမှာ နာမည်ရှိမှတော့ မင်းကို ရှောင်ဟေးလို့ပဲ ခုချိန်ကစပြီး ခေါ်တော့မယ်။ မင်းကျုပ်ကို သုံးကြိမ် ဂါရဝပြုပါ။ ကျုပ်မင်းကို နတ်ဘုရား ကျင့်စဉ်တွေ သင်ပေးမယ်"

မီးခိုးရောင်ဝတ် အဘိုးအိုမှာ တည်ကြည်လေးနက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ရှောင်ဟေးကို ကြင်ကြင်နာနာနှင့် ပြောဆိုနေလေသည်။ မီးခိုးရောင်ဝတ် အဘိုးအိုက အနီရောင်ဝတ် အဘိုးအိုကိုတော့ အရေးပင် မလုပ်တော့ပေ။

အနီရောင်ဝတ် အဘိုးအိုကလည်း ဤတစ်ကြိမ်တွင်တော့ တားဆီးခြင်း မပြုတော့ပါ။

တပည့်ဆိုသည်က ဆရာကောင်းကို ရှာရစမြဲ ဖြစ်လေသည်။ ဆရာကောင်း ဆိုသည်ကလည်း မိမိမွေးချင်သည့် တပည့်မျိုးကို ရှာဖွေရပေမည်။ သူတို့သုံးယောက် ဤနေရာသို့ ရောက်လာကြခြင်းမှာ ကံတရား အတိုင်းပင် ဖြစ်လေသည်။

သူတို့သုံးယောက်မှာ စည်းမျဉ်း စည်းကမ်းအတိုင်း "ထျန်းတိကျန်း" ရတနာပစ္စည်းဖြင့် စစ်ဆေးမှု ခံယူဖို့ လိုအပ်နေသေးသည်။

ချင်းရွှမ် နတ်တံခါးမှာ စည်းကမ်း တင်းကြပ်ခြင်း မရှိသော်လည်း မည်သူမှ စည်းကမ်းဖောက်ဖျက်ပြီး ပြဿနာ မရှာကြပေ။

"ထျန်းတိကျန်း"နှင့် စစ်ဆေးခြင်း ဆိုသည်မှာလည်း ရှေးယခင် ကတည်းက ရှိသည့် ချင်းရွှမ် နတ်တံခါး၏ စည်းကမ်းမဟုတ်ပေ။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာ ခန့်ကမှာ ထိုစည်းကမ်းချက်ကို ဖြည့်စွက် ထားခဲ့ခြင်း ဖြစ်လေသည်။

ထိုစည်းကမ်း ထပ်မံဖြည့်စွက် ခဲ့ရခြင်းအတွက် အနီရောင်ဝတ် အဘိုးအိုတို့ ကဲ့သို့ နှစ်ရှည် ကျင့်ကြံ နေသူများပင် စိတ်မသက်မသာ ဖြစ်ခဲ့ရလေသည်။ ထိုအဖြစ်အပျက်ကို သူပြန်ပြီး မတွေးချင်ပါ။

လူငယ်လေးက မီးခိုးရောင်ဝတ် အဘိုးအိုကို သုံးကြိမ်ဂါရဝ ပြုလိုက် လေတော့သည်။

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး စက္ကူ ကြိုးကြာရုပ်များမှာ ကောင်းကင်ထက်သို့ ပျံသန်း သွားကြလေသည်။ ထောင်ထောင်မောင်းမောင်းဖြစ်သည့် စာပေသမား"လူ"မှာ သူ၏ အလေးချိန် ကြောင့် ပြုတ်ကျမည်ကို စိုးရိမ်သည့် အလား စက္ကူ ကြိုးကြာရုပ်ကို သေချာစွာ ကိုင်ထားလေသည်။

နတ်ဒေဝါ အဘိုးအိုနှစ်ပါး ရှိနေသည့် ကြားကပင် သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။

ထို့ပြင် သူရောက်ရှိနေသည့် နေရာမှာ မြေပြင်နှင့် ပေထောင်ပေါင်းများစွာ အမြင့်သို့ ရောက်ရှိနေခြင်း ဖြစ်လေသည်။ ကောင်းကင်ထက်တွင် စူးရှသည့် လေအေးကလည်း တိုက်ခတ် နေသည့်အတွက် သူ့မှာ သတိကြီးစွာ ထားနေရလေသည်။

ဆန်းလျန်ကတော့ စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်ကို ကျင့်ကြံအောင်မြင် ထားသည့်သူ ဖြစ်သောကြောင့် ကြောက်ရွံ့ခြင်း မဖြစ်မိပါ။ သူက ရှေ့တွင်ရှိသော တိမ်ဆိုင်များကို ငေးကြည့်နေရင်း ရှေ့လျှောက် ရင်ဆိုင်ရမည့် အကြောင်းအရာများကို တွေးတော စဉ်းစားလျက် ရှိလေတော့သည်။

မီးခိုးရောင်ဝတ် အဘိုးအိုမှာ ခပ်တည်တည် နေသည့်တိုင် ရှောင်ဟေးကိုတော့ အထူး ဂရုစိုက်လေသည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် သူ၏ သားငယ်ကို ပြန်တွေ့ ရသကဲ့သို့ ဖြစ်လေသည်။ ရှောင်ဟေး စီးနေသည့် စက္ကူကြိုးကြာတွင် အတူတူ လိုက်စီးကာ ကာကွယ် ပေးနေသည် သာမက စက္ကူကြိုးကြာ တည်ငြိမ်မှု ရှိစေရန် ထိန်းပေးသည့် တိမ်တိုက်များကိုလည်း ဖန်ဆင်း ပေးထား လေသည်။ ထို့ကြောင့် ရှောင်ဟေး၏ စက္ကူကြိုးကြာမှာ ကောင်းကင်ထက်တွင် တည်တည် ငြိမ်ငြိမ်ဖြင့် ရွက်လွှင့် နေနိုင်လေသည်။

ထို အခြေအနေတွင်ပင် ကြောက်လန့်နေသော ရှောင်ဟေးမှာ မီးခိုးရောင်ဝတ် အဘိုးအို၏ အင်္ကျီစ မလွှတ်တမ်း ဆုပ်ကိုင်ထားလေသည်။

ရှောင်ဟေးကဲ့သို့သော လူငယ်လေးမျိုးကို တပည့်အဖြစ် လက်ခံရန်အတွက် မီးခိုးရောင်ဝတ် အဘိုးအို အဘယ်ကြောင့် ဆုံးဖြတ် လိုက်သည်ကို မည်သူမျှ မသိပေ။

လူ့လောက အပြင်ဘက်တွင် တည်ရှိသည့် ချင်းရွှမ်နတ်တံခါးမှာ တန်ခိုးဖြင့် ဖန်ဆင်းထားသော နတ်ဘုံနတ်နန်း တစ်ခု ဖြစ်လေသည်။ ချင်းရွှမ်တောင်ထိပ်တွင် အလွန်ကြီးမား ခမ်းနားသည့် နတ်ဘုံ နတ်နန်းကြီးကို မြင်တွေ့ရမည် ဖြစ်လေသည်။ ကမ္ဘာပေါ်ရှိ တိုက်ကြီးများ အားလုံး ပေါင်းစည်း ထားသည်ဟု ထင်ရလောက်အောင် ကျယ်ပြန့် လွန်းလေသည်။ သို့သော် ပင်လယ်ပြင်ကိုတော့ တွေ့မြင် ရခြင်း မရှိပေ။

ဆယ်မိနစ်ခန့် ကြာသည့် အခါတွင်တော့ စက္ကူ ကြိုးကြာများကို ထိန်းပေးထားသည့် တိမ်များ ရုတ်တရက် ရပ်တန့်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်လာလေသည်။ ထို လေပြင်းကြောင့် ဆန်းလျန်နှင့် စာပေသမား"လူ" စီးနင်းလာသည့် စက္ကူ ကြိုးကြာများမှာ မှောက်တော့ မလိုပင် ဖြစ်သွားရလေသည်။

ထို့နောက်တွင်တော့ စက္ကူကြိုးကြာများမှာ ချင်းရွှမ် တောင်ထိပ်တွင် ဆင်းသက်လိုက်ကြ လေသည်။

တောင်ထိပ်သို့ ရောက်သည်နှင့် လေနုအေးလေးက သူတို့ကို ဆီးကြိုနှုတ်ဆက် လေသည်။ ဆန်းလျန် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း လိုက်လေသည်။ စက္ကူကြိုးကြာကို စီးလာရသည့်အတွက် မူးဝေ နေခြင်းများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ စာပေသမား "လူ" မှာလည်း စက္ကူ ကြိုးကြာပေါ်မှ ဆင်းလိုက်ပြီး ကျောက်တုံး တစ်ခုကို ကိုင်ထားရင်း အသက်ကို ခပ်ပြင်းပြင်း ရှူနေလေသည်။

သူတို့ အားလုံးမှာ လူသားများ ဖြစ်ကြလေသည်။ သူတို့၏ ခန္ဓာကိုယ် များမှာ စက္ကူကြိုးကြာကို သေလုမြောပါး စီးခဲ့ရသည့် အတွက် ပင်ပန်းမှုဒဏ်ကို ခံစား နေကြရလေသည်။

ချင်းရွှမ် တောင်ထိပ်တွင် မိုးနှင့်မြေ၏ စွမ်းအားများ ပြည့်ဝနေလေသည်။ သာမန်လူ တစ်ယောက် ဖြစ်လင့်ကစား ဤနေရာတွင် နေထိုင်မည် ဆိုလျှင် နှစ်ပေါင်း နှစ်ဆယ်ခန့် ပိုပြီး အသက် ရှည်နိုင်မည် ဖြစ်လေသည်။

မီးခိုးရောင်ဝတ် အဘိုးအိုက တိမ်တိုက်များကို ပြန်သိမ်းလိုက်ပြီး အနီရောင်ဝတ် အဘိုးအို ကလည်း စက္ကူ ကြိုးကြာများကို အင်္ကျီလက် အတွင်းသို့ ပြန်သိမ်းလိုက်လေသည်။

နတ်ဒေဝါ အဘိုးအိုနှစ်ယောက် ဦးဆောင်သည့် နောက်သို့ သူတို့လိုက်သွား ကြလေသည်။ တောင်ကုန်းအချို့ကို တက်ပြီး လမ်းချိုး အနည်းငယ် သွားပြီးသည့်နောက် ခန်းမကျယ်ကြီး တစ်ခုရှေ့သို့ သူတို့ ရောက်လာလေသည်။

ဆန်းလျန် ခေါင်းမော့ ကြည့်လိုက်တော့ ကျောက်ပြား တစ်ချပ်ပေါ်တွင် "ချင်းရွှမ်" ဟု ရေးထိုး ထားသည်ကို တွေ့လိုက်ရလေသည်။

ထို အချိန်မှာပင်…

ခန်းမတံခါးကြီး ပွင့်သွားပြီး တာအိုဆရာလေး တစ်ပါး ထွက်လာလေသည်။

"ဆရာဦးလေးတို့ ဆရာသခင်က ဆရာဦးလေးတို့ကို တံခါးဖွင့်ပေးဖို့ ကျွန်တော့်ကို လွှတ်လိုက် တာပါ"

တာအိုဆရာလေးက ကြည့်လင်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"ဒီလို ထပ်လုပ်ပြန်ပြီ။ ဂိုဏ်းတူ အစ်ကိုကြီးဟာ ဒီလိုလုပ်ရတာကို ဘယ်တော့မှများ မောမလဲ မသိဘူး"

အနီရောင်ဝတ် အဘိုးအိုက ရေရွတ်လိုက်လေသည်။

ဆရာသခင်ဆိုသူက အဘိုးအိုနှစ်ယောက် ရောက်လာမည်ကို ကြိုတင်သိမြင် နေသည့်အတွက် တာအိုဆရာလေးကို တံခါး ဖွင့်ခိုင်းလိုက်ခြင်း ဖြစ်လေသည်။ ထိုသို့သော အကြားအမြင် ပညာကို တစ်ကြိမ် တစ်ခါဆိုလျှင်တော့ လူအများက အံ့သြကြမည် ဖြစ်လေသည်။ သို့သော် အဘိုးအို နှစ်ယောက်မှာ မကြာခဏ ကြုံတွေ့ နေရသောကြောင့် အံ့သြခြင်း အလျင်း မရှိတော့ပေ။ ဆရာသခင် ဆိုသူကလည်း သူ၏ ဂိုဏ်းတူညီ အစ်ကိုများကို ပျော်စေပျက်စေ စနောက်ခြင်း ဖြစ်လေသည်။

မီးခိုးရောင်ဝတ် အဘိုးအိုက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လူငယ်လေး ရှောင်ဟေး၏ ခေါင်းကို တစ်ချက် ပွတ်သပ်ပေးလိုက်သည်။ သူ့ကို မကြောက်ရန် သတိပေးလိုက်ခြင်း ဖြစ်လေသည်။

ခန်းမကြီးမှာ အလွန်ကျယ်ဝန်းပြီး အစိမ်းရောင် တိုင်လုံးကြီး နှစ်တိုင် စိုက်ထူထားလေသည်။ ခန်းမ၏ ဘေးတစ်ဖက် တစ်ချက်စီတွင်တော့ တိုင်လုံးကြီး ခုနစ်တိုင်စီ ရှိနေပြီး ထို တိုင်လုံးကြီးများ ပေါ်တွင် ရှေးဟောင်း ပန်းပုလက်ရာများ ထွင်းထု ထားလေသည်။

ခန်းမထဲတွင် ကျောက်သားသလွန် တစ်ခုမှလွဲပြီး မည်သည့် အရာမျှ ရှိမနေပါ။ တာအို ဆရာကြီးတစ်ပါးက ထိုကျောက်သား သလွန်ပေါ်တွင် ထိုင်နေလေသည်။ ဆံပင်များက ဖွေးဖွေး ဖြူနေသလို၊ မုတ်ဆိတ်များကလည်း ဖွေးဖွေး ဖြူနေလေသည်။ မျက်နှာက ပန်းနုရောင် သန်းနေ လေသည်။ မျက်ခုံးနှစ်ဖက် နားတွင် ရှိနေသည့် အရေးအကြောင်းများက အသက်အရွယ် ကြီးရင့်မှုကို ဖော်ပြနေလေသည်။

သူ၏ပုံစံမှာ ပန်းချီကားများထဲတွင် တွေ့ရလေ့ရှိသည့် တာအိုဆရာ သခင်များနှင့် ဆင်တူ လေသည်။

"ဆရာသခင် ... ဆရာသခင် ခန့်မှန်းသလိုပဲ ကလေးသုံးယောက် ရောက်လာပါတယ်"

အဘိုးအို နှစ်ယောက်က ဂါရဝပြုရင်း ပြိုင်တူ ပြောလိုက်ကြလေသည်။

ခရမ်းရောင်နှင့် ရွှေရောင် ပေါင်းစပ်ထားသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ဆရာသခင် သည် မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး ဆန်းလျန်တို့ သုံးယောက်ကို လှမ်းကြည့် လိုက်လေတော့သည်။

***

All Chapters