← Chapters

ရေမှန်ရင်တော့ စီးဆင်းနေမှာပဲ

Vol. 1 Ch. 68

ရေမှန်ရင်တော့ စီးဆင်းနေမှာပဲ

Vol. 1 Ch. 68

တာအိုဆရာသခင်၏ မျက်လုံးများမှာ စူးရှတောက်ပနေခြင်း မရှိသလို မှုန်မှိုင်းနေခြင်းလည်း မရှိပါ။ ကံတရားအတိုင်း ဖြစ်ခြင်းပျက်ခြင်း တရားများကို နားလည် လက်ခံထားသည့် မျက်ဝန်းများ ဖြစ်လေသည်။

ဆရာသခင်၏ မျက်ဝန်းများမှာ ရှင်းချွိပင်းကျိရှောင်အန်း၏ မျက်ဝန်း များနှင့်လည်း မတူညီပါ။

ဆရာသခင်၏ ပုံစံမှာ ကြည်ညိုဖွယ်ရာ အပြည့် ရှိလေသည်။

သို့သော် ဆရာစူး၏ ပုံစံနှင့်လည်း နှိုင်းယှဉ်၍ မရပြန်ပေ။

ဆန်းလျန်၏ မသိစိတ်တွင် ဆရာသခင်မှာ ခန့်မှန်း၍ မရနိုင်သည့် ထူးဆန်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု လက်ခံယုံကြည် နေမိလေသည်။ ကိုးကွယ်ဆည်းကပ် ထိုက်သူ တစ်ယောက် အဖြစ် ကြည်ညိုလေးစား နေမိလေတော့သည်။

ဆရာသခင်က မျက်လုံးတစ်ချက် ပြန်မှိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပ လာလေသည်။

အပူလှိုင်း တစ်ခုမှာ ဆန်းလျန်၏ ကျောရိုးတစ်လျှောက် စီးဆင်းသွားပြီး ဦးခေါင်းထက်ရှိ အထွတ်အထိပ် ဆုံမှတ်နေရာသို့ ရောက်ရှိ သွားလေသည်။

ဆန်းလျန်၏ စိတ်အာရုံထဲတွင် သူ ရေးဆွဲနေကျ နတ်သမီးရုပ်ပုံ ပေါ်၍ လာလေသည်။ စီးဝင် လာသည့် အပူလှိုင်းမှာ တစ်စုံတစ်ခုကို ကြောက်ရွံ့တုန်လှုပ် သွားသည့်အလား ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။

ဆန်းလျန် မစဉ်းစား လိုက်နိုင်ခင်မှာပင် မမြင်နိုင်သည့် စွမ်းအားတစ်ခုက သူ့ကို တွန်းထုတ် လိုက်သောကြောင့် အခန်းထောင့် တစ်နေရာသို့ လွင့်ထွက်သွားကာ အနောက်ဘက်ရှိ တိုင်လုံးတစ်ခုနှင့် သွားရိုက် မိလေသည်။

ရှေ့တည့်တည့်သို့ ကြည့်လိုက်မိတော့ ရှောင်ဟေးကို တွေ့လိုက်ရလေသည်။ ရှောင်ဟေး တစ်ကိုယ်လုံးမှာ အနက်ရောင် မီးတောက်များဖြင့် ဝန်းရံနေလေသည်။ သူ၏ ဦးခေါင်းထက်နားတွင် ကြေးမုံမှန် တစ်ချပ်က တောက်ပနေလေသည်။ ကြေးမုံမှန်မှ အလင်းရောင်များမှာ ရှောင်ဟေး ကိုယ်ပေါ်သို့ ဖြာကျနေလေသည်။ သို့သော် မမြင်ရသည့် စွမ်းအားများက သူ့ထံမှ စိမ့်ထွက်နေဆဲ ဖြစ်လေသည်။

အနီရောင်ဝတ် အဘိုးအိုနှင့် မီးခိုးရောင်ဝတ် အဘိုးအိုတို့မှာ လက်ညိုးနှင့် လက်ခလယ်ကို အသုံးပြုကာ ရောင်စဉ်တန်းများကို ဖန်ဆင်း လိုက်ကြလေသည်။ သူတို့၏ လက်ညိုးနှင့် လက်ခလယ်တွင် မိုးနှင့်မြေမှ စွမ်းအားများ စုစည်းလာကြလေသည်။

ထိုစွမ်းအားများ၏ ကြီးမားလွန်းသောကြောင့် ဆန်းလျန် စိတ်ကူး ကြည့်နိုင်စွမ်း ထက်ပင် ကျော်လွန် လေသည်။

မိုးနှင့်မြေရှိ စွမ်းအားများအားလုံး စုစည်းရောက်ရှိ လာသကဲ့သို့ပင် ဆန်းလျန် ခံစား လိုက်ရလေသည်။ နတ်ဒေဝါ အဘိုးအို နှစ်ယောက်၏ ကြောက်မက်ဖွယ်ရာ တန်ခိုးများကိုလည်း သူ ရှင်းလင်းစွာ မြင်တွေ့ လိုက်ရလေသည်။

အဘိုးအိုနှစ်ယောက်၏ စွမ်းအားများမှာ ကြေးမုံမှန်ဆီသို့ စိမ့်ဝင်သွားပြီး ရှောင်ဟေး ကိုယ်ပေါ်တွင် လောင်ကျွမ်းနေသည့် အနက်ရောင် မီးတောက်များမှာ တဖြည်းဖြည်း အားနည်း သွားလေသည်။ နောက်ဆုံးတွင်တော့ အနက်ရောင် မီးတောက်မှာ ငြိမ်းသွား လေတော့သည်။

အဘိုးအို နှစ်ယောက် ပင့်သက် ရှိုက်လိုက်သည့် အသံကို ဆန်းလျန် ကြားလိုက်ရပြီး စောစောက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက သူတို့ကို တုန်လှုပ် သွားစေကြောင်း ဆန်းလျန် သိလိုက်ရ လေသည်။

ထူးဆန်းသည်မှာ ချင်းရွှမ်တာအို ဆရာသခင်သည် ကျောက်သလွန်ထက်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး တစ်ချက်ကလေးမျှပင် အဘိုးအိုနှစ်ယောက်ကို ကူညီခြင်း မရှိပေ။

ကြေးမုံမှန်မှာ ဆရာသခင်၏ အင်္ကျီလက်တွင်းသို့ ပြန်လည်ဝင်ရောက် သွားလေသည်။ ထို့နောက် ဆရာသခင်က အင်းချပ် တစ်ခုရေးကာ လူငယ်လေး ရှောင်ဟေး၏ နဖူးထက်သို့ အင်းချပ်ကို ပစ်လွှတ် လိုက်လေသည်။

ဆန်းလျန်နှင့် စာပေသမား"လူ"မှာ အရှေ့သို့ လျှောက်သွားလိုက်လေသည်။ လူငယ်လေး၏ လက်မောင်းထက်တွင် အနက်ရောင် အစင်းကြောင်းများကို ဆန်းလျန် မြင်တွေ့ လိုက်ရလေသည်။ အင်းချပ်က လူငယ်လေး၏ နဖူးတွင် ထိကပ်သွားသည့် အချိန်တွင်တော့  ထိုအနက်ရောင် အစင်းများမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။

"ကျင်းချင်း ၊ ဆန်းလျန်နဲ့ လူစောယိကို အနားယူဖို့ ဝါးအိမ်လေးဆီကို လိုက်ပို့ပေးလိုက်"

ဆရာသခင်က ဖြည်းညင်းစွာပြောလိုက်လေသည်။

တာအိုဆရာသခင်မှာ ဆန်းလျန်နှင့် စာပေသမား"လူ"၏ နာမည်များကို မမေးဘဲနှင့် သိနေ လေသည်။ ထို့ကြောင့်ပင် ဆန်းလျန်မှာ နတ်ဘုရား ကျင့်စဉ်လမ်းများကို အထင်ကြီး လေးစားခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန် "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်မှ ကျင့်စဉ်များကို ကျင့်ကြံခဲ့သည်ကို တာအိုဆရာသခင် သိရှိ သွားခဲ့သည်လား ဆိုသည်ကိုတော့ ဆန်းလျန်မသိပါ။

ကျင်းချင်း ဆိုသည်မှာ ဆန်းလျန်တို့ကို တံခါးလာဖွင့်ပေးသည့် တာအို ဆရာလေး၏ အမည် ဖြစ်လေသည်။

ရှောင်ဟေး လူငယ်လေး၏ ဇစ်မြစ်မှာ ပြဿနာ ရှိနေကြောင်း ဆန်းလျန်နှင့် စာပေသမား"လူ" ရိပ်မိ လိုက်လေသည်။ တာအိုဆရာသခင်က ထိုလူငယ်လေး၏ အကြောင်းကို မီးခိုးရောင်ဝတ် အဘိုးအိုနှင့် အနီရောင်ဝတ် အဘိုးအိုတို့နှင့်အတူ ဆက်လက် ဆွေးနွေးလိုသည့် အတွက် သူတို့ကို အနားယူဖို့ သွားခိုင်းလိုက်ခြင်း ဖြစ်ကြောင်း သူတို့နှစ်ယောက်လုံး ရိပ်မိလေသည်။

ခန်းမထဲမှ ထွက်လာကြသည့်နောက် တာအိုဆရာလေး ကျင်းချင်းက ဆန်းလျန်နှင့် လူစောယိကို ပြုံးပြ လိုက်လေသည်။ ထို့နောက် ကျင်းချင်းမှာ အစိမ်းရောင် စပါးအုံး မြွေကြီးအသွင် ကူးပြောင်း သွားလေသည်။ မြွေကြီး၏ ကျောပြင် တစ်လျှောက်တွင် အမြီးထိ ရှည်လျားသည့် ရွှေရောင် အစင်းကြောင်း တစ်ခု ရှိလေသည်။ ပိုပြီး ထူးဆန်းသည်မှာ စပါးအုံး မြွေကြီးတွင် အတောင်ပံတစ်စုံ ရှိနေခြင်းပင် ဖြစ်လေသည်။

"ဂိုဏ်းတူအစ်ကို နှစ်ယောက် ကျွန်တော့် ကျောပေါ်မှာ ထိုင်လိုက်ပါ"

အစိမ်းရောင် မြွေကြီးမှ လူစကား ပြောလိုက်ခြင်း ဖြစ်ပြီး သူ၏ အသံမှာ ကျင်းချင်း၏ အသံပင် ဖြစ်လေသည်။

"ဒီမြွေကြီးက ခြေထောက် မပါပေမယ့် ပျံလို့ရတယ်။ တာအိုဆရာလေးရဲ့ ပုံသဏ္ဌာန် အစစ်အမှန် ပဲ ဖြစ်ရမယ်။ ဒီတာအို ဆရာလေးက မြွေမိစ္ဆာ ဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ"

ဆန်းလျန်က တွေးနေလိုက်မိလေသည်။

ထိုကဲ့သို့သော မြွေမျိုးနွယ်မှာ ဒဏ္ဍာရီထဲတွင်သာ ရှိသည့် "မြွေပျံ" နှင့် ပုံသဏ္ဌာန် ဆင်တူ လေသည်။

မြွေကြီး၏ ကျောပေါ်တွင် ဆန်းလျန်နှင့် လူစောယိတို့ ထိုင်လိုက် မိသည်နှင့် တိမ်တိုက် တစ်ခုက သူတို့ကို ဝန်းရံလာပြီး ပျံသန်း သွားလေတော့သည်။  အရှေ့၊ အနောက်၊ တောင်၊ မြောက် မည်သည့် အရပ် မျက်နှာသို့ ပျံသန်းသွားသည်ကို သူတို့ မခွဲခြားနိုင်ပါ။

နောက်ဆုံးတွင်တော့ အဆောက်အဦ တစ်ခုရှေ့တွင် သူတို့ ဆင်းသက် လိုက်ကြလေသည်။ ထို အဆောက်အဦမှာ နေချင်စဖွယ် ဝါးအိမ်လေး တစ်လုံး ဖြစ်လေသည်။

တိမ်များက ပျံ့လွင့်နေပြီး အရောင်မျိုးစုံ ပြောင်းလဲနေလေသည်။ ဝါးရွက်များက လေထဲတွင် ယိမ်းထိုးလှုပ်ရှား နေကြလေသည်။

ဝါးအိမ်လေးနှင့် မနီးမဝေးတွင် ဝါးရုံတောတစ်ခု ရှိလေသည်။

ဝါးအိမ်လေးမှာ တောင်ကုန်း နံဘေးတွင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး တောင်မှာ အလွန် မြင့်မားသော တောင်တစ်တောင် ဖြစ်လေသည်။ တိမ်များပင်လျှင် တောင်ပတ်လည်တွင် ပျံဝဲနေကြ လေသည်။

သူတို့ ရောက်ရှိနေသည့် နေရာမှာ အလွန် မြင့်မားသည့် တောင်တစ်တောင် ထိပ်တွင် ဖြစ်လေသည်။

ဆန်းလျန်နှင့် လူစောယိတို့ စပါးအုံး မြွေကြီး၏ ကျောပြင်ထက်မှ ဆင်းသက် လိုက်ကြ လေသည်။ မြွေကြီးက လူသားပုံသဏ္ဌာန် ပြန်ပြောင်းလိုက်လေသည်။

"ဂိုဏ်းတူအစ်ကိုတို့ ကျွန်တော်တို့ ချင်းရွှမ်မှာ တောင်ငါးလုံး ရှိတယ်။ နာမည်တွေကတော့ ထိုက်ယီ၊ ချင်းလျန်၊ ကျီဖူ၊ ထျန်းယွမ်နဲ့ ယွိယန်တောင်တွေပါပဲ။ အဓိက တောင်မကြီးကတော့ ထိုက်ယီတောင်ပါ။ အခု ကျွန်တော်တို့ ရောက်နေတာက ချင်းလျန်တောင်က ရှယွမ့် အဆောင်မှာ ရောက်နေတာပါ"

ချင်းကျင်းက ရှင်းပြလိုက်လေသည်။

"ရှယွမ့်ဆောင် ဆိုတော့ စန့်ယွမ့် အဆောင်လည်း ရှိဦး မှာပေါ့"

(ရှယွမ့် = အနိမ့်ဆောင်၊ စန့်ယွမ့် = အမြင့်ဆောင်)

လူစောယိက စပ်စုလိုက်လေသည်။

လူစောယိမှာ တဲ့တိုး မေးတတ်သူ တစ်ဦးဖြစ်ပြီး မည်သည့် အခါမျှ စဉ်းစားခြင်း မပြုဘဲ ပြောဆို တတ်လေသည်။

"သေချာတာပေါ့"

ကျင်းချင်းက ခေါင်းတစ်ချက် ညိတ်ရင်း ပြောလိုက်လေသည်။

"ရှယွမ့်အဆောင်နဲ့ စန့်ယွင့်အဆောင်က ဘာကွာတာလဲ။ စန့်ယွမ့်အဆောင်က ပိုကောင်းတဲ့ နေရာပဲ ဖြစ်ရမယ်"

လူစောယိက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

ချင်းရွှမ်နတ်တံခါး ကဲ့သို့သော နတ်ဘုရားကျောင်းတော် တစ်ခုတွင် အဆင့်အတန်း ခွဲခြားမှု ရှိနေသည်လားဟု တွေးမိပြီး လူစောယိမှာ များစွာစိတ်ပျက် သွားရလေသည်။

"စန့်ယွမ့်အဆောင်မှာ နေတဲ့ သူတွေကလည်း ချင်းရွှမ် နတ်တံခါးက တပည့်တွေပါပဲ။ ဒါပေမယ့် သူတို့ထဲက အများစုက ဒီက ကျင့်ကြံသူတွေနဲ့ ပတ်သက်မှုတွေ ရှိကြတယ်။ တချို့ဆို ဆွေမျိုးတောင် တော်ကြသေးတယ်။ အချို့တွေကတော့ မိတ်ဟောင်း ဆွေဟောင်းတွေရဲ့ အနွယ်တော်တွေပေါ့။ သူတို့တွေက နတ်ဘုရား ကျင့်စဉ်လမ်းမှာ အလားအလာရှိတဲ့ သူတွေမို့လို့ ချင်းရွှမ်နတ်တံခါးက လက်ခံထားတာ။ ဒါပေမယ့် စန့်ယွမ့်အဆောင်နဲ့ ရှယွမ့်အဆောင်ရဲ့ ဝန်ဆောင်မှုကတော့ သိပ်ပြီး မကွာခြားလှပါဘူး။ အရင်တုန်းက ဂိုဏ်းတူအစ်ကို တစ်ယောက်က ဒီကိစ္စကို အရင်မျိုးဆက်ရဲ့ ဆရာသခင်ကို တက်တိုင်ဘူးတယ်။ သူက ဘာလို့ ကျင့်ကြံသူတွေကို အဆင့် အနိမ့်အမြင့် ခွဲနေရတာ လဲတဲ့။ အဲဒါနဲ့ အရင် ဆရာသခင်က သူ့ကို ဝါးရုံတောထဲမှာ လေ့ကျင့်ဖို့ ခုနစ်နှစ် ပို့လိုက်တယ်။ အရင် ဆရာသခင် ပြောတာက အဲဒီ တပည့်က ကိုယ်ရရှိထားတဲ့ ကံကောင်းခြင်းတွေကို ကောင်းကောင်း အသုံးမချ တတ်ဘူးတဲ့။ ကျင့်ကြံသူ တစ်ယောက်အတွက် အရေးကြီးတာက သူရရှိတဲ့ တန်ခိုးစွမ်းအားပဲ။ အဆင့် အနိမ့်အမြင့် ဆိုတာက အရေးမကြီးဘူးတဲ့ "

မြွေမိစ္ဆာပင် ဖြစ်လင့်ကစား ကျင်းချင်းမှာ သိမ်မွေ့ပြီး ရည်ရည်မွန်မွန် ရှိလေသည်။

ကျင်းချင်း၏ မြွေပုံသဏ္ဌာန်ကို မြင်လျှင် ဆန်းလျန်မှာ ဝူထုန် နတ်မိစ္ဆာများကို သတိရပြီး စိတ်မသက်မသာ ခံစားမိလေသည်။ သို့သော် ကျင်းချင်းထံမှ ဝူထုန် နတ်မိစ္ဆာများကဲ့သို့ မကောင်းသည့် အငွေ့အသက်များ ရရှိခြင်းတော့ မရှိပေ။

"ကြည့်ရတာ ဂိုဏ်းတူအစ်ကို နားမလည် နိုင်သေးဘူး ထင်တယ်။ အနိမ့်အမြင့် ဘယ်လိုပဲ ရှိပါစေ။ ရေမှန်ရင်တော့ စီးဆင်းနေမှာပါပဲ။ တကယ်တော့ အားလုံးက အတူတူပါပဲ။ အမည်နာမသာ ကွဲပြားတာပါ။ ဒါကြောင့် အရင်ဆရာသခင်က ခုနတပည့်ကို ကံကောင်းခြင်းကို တန်ဖိုးမထားတဲ့ သူလို့ ပြောခဲ့တာပေါ့"

ဆန်းလျန်က ရုတ်တရက် ဝင်ပြောလိုက်မိလေသည်။

ဆန်းလျန် တွေးနေမိသည်။ အရင်ဆရာသခင်ကလည်း "အဆင့် အနိမ့်အမြင့်" ခွဲခြားမှုကို လျစ်လျူရှုထားပုံ ရလေသည်။ ရေဆိုသည်မှာ စီးဆင်းနေပြီး အရာအားလုံးကို သူနှင့်အတူ သယ်ဆောင် သွားသည်ပဲ မဟုတ်ပါလား။

"ရေ" မှာ ကျင့်ကြံသူ လမ်းစဉ်နှင့် ဆင်တူလေသည်။ "ရေ" ဆိုသည်မှာ အမြင့်ကိုလည်း မရှောင် အနိမ့်ကိုလည်း မရှောင် စီးဆင်းသွားမြဲ ဖြစ်လေသည်။ ထို့ပြင် ရေထဲတွင် နေထိုင်သည့် ထောင်ပေါင်း များစွာသော ရေသတ္တဝါများကို ဖမ်းဆီးချုပ်နှောင်ခြင်း မရှိဘဲ ခိုလှုံခွင့် ပေးသလို ကံတရားနှင့် အောင်မြင် ကျော်ကြားမှုများကိုလည်း ရယူခြင်း မရှိဘဲ ကျင့်စဉ်လမ်းကိုသာ တစ်စိုက်မတ်မတ် ကျင့်ကြံနေထိုင် သွားရန် ဖြစ်လေသည်။

ကျင့်ကြံသည့် လမ်းစဉ်သို့ လိုက်မည်ဆိုလျှင် အဆင့် အနိမ့်အမြင့် ကွဲပြားမှုမှာ အရေးမပါဘဲ ကျင့်ကြံမှုကသာ အရေးပါသည် မဟုတ်ပါလား။

ဆန်းလျန်စကားကြောင့် ကျင်းချင်းမှာ အံ့သြသွားရလေသည်။

"အရင်ဆရာသခင် ပြောတဲ့စကားကို ဘယ်သူမှ နားမလည်ခဲ့ကြဘူး။ ဒါပေမယ့် နားလည်တဲ့ သူတစ်ယောက်ပဲ ရှိခဲ့တယ်။ အခုလည်း ဂိုဏ်းတူအစ်ကိုရဲ့ စကားတွေက အဲဒီလူရဲ့ စကားတွေနဲ့ တစ်ထပ်တည်းပဲ"

ကျင်းချင်က ပြောလိုက်လေသည်။

လူစောယိမှာ စပ်စုတတ်သူ တစ်ယောက် ဖြစ်လေသည်။ သူက ဂန္ထဝင် စာအုပ်ပေါင်းများစွာကို ဖတ်ဖူး လေသည်။ စာပေပညာကိုလည်း လေ့လာဖူးသည်။ သို့သော် တာအိုကျင့်စဉ်လမ်းနှင့် ပတ်သက်လျှင်တော့ သူက သိပ်ပြီး လေ့လာဖူးခြင်း မရှိပါ။ သူက တာအိုကျင့်စဉ် လမ်းသို့ လျှောက်လှမ်း ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မသေမျိုး ဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်လိုသောကြောင့်သာ ဖြစ်လေသည်။

ဆန်းလျန်ပြောခဲ့သည့် "ရေမှန်ရင်တော့ စီးဆင်းနေမှာပဲ" ဆိုသည့် စကားမှာ ကျင်းချင်း ပြောပြသည့် "ကံကောင်းခြင်းကို တန်ဖိုးမထားတတ်သည့် တပည့်" နှင့် မည်သို့ ဆက်စပ်နေသည်ကို လူစောယိ နားမလည်နိုင် ဖြစ်နေလေသည်။

ထို့ပြင် ကျင်းချင်းကလည်း "အရင်ဆရာသခင် ပြောတဲ့စကားကို ဘယ်သူမှ နားမလည်ခဲ့ကြဘူး။  ဒါပေမယ့် နားလည်တဲ့ သူတစ်ယောက်ပဲ ရှိခဲ့တယ်" ဟု ပြောသည့် စကားမှာလည်း စိတ်ဝင်စားစရာ ကောင်းနေလေသည်။

"အရင်ဆရာသခင် ပြောတဲ့စကားကို နားလည်ခဲ့တဲ့ တစ်ယောက်တည်းသောသူက ဘယ်သူများ လဲ။ သူက ဒီလောကမှာ သက်ရှိထင်ရှား ရှိနေသေးလား"

လူစောယိက စပ်စု လိုက်ပြန်လေသည်။

"အဲဒီလူရဲ့ အမည်နာမကိုတော့ ကျွန်တော်ထုတ်ဖော် မပြောနိုင်ပါဘူး။ ဒါပေမယ့် ချင်းရွှမ် နတ်တံခါးရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာ အဲဒီတန်ခိုးရှင်ဟာ ထိပ်တန်းသုံးပါးထဲမှာ တစ်ပါး အပါအဝင် ဖြစ်ခဲ့တယ်။ သူက အခု လောကကြီးရဲ့ တစ်နေရာမှာ ရှိနေပါတယ်"

ကျင်းချင်းက ပြန်ပြောလိုက်လေသည်။

ကျင်းချင်း၏ နုနယ်သည့် မျက်နှာလေးတွင် စိတ်ရှုပ်ထွေးသည့် ပုံများ ပေါ်နေသောကြောင့် လူစောယိက ရယ်ချင်စိတ်ကို ထိန်းမရ ဖြစ်သွားရလေသည်။

အမှန်တော့ ကျင်းချင်းမှာ မြွေမိစ္ဆာ တစ်ယောက်ဖြစ်ပြီး လူစောယိ၏ ဘိုးဘေးများထက်ပင် အသက်ကြီးသည့် သူတစ်ယောက် ဖြစ်လေသည်။

"အဲဒီလူကို ထားလိုက်ပါ။ ဝါးရုံတောထဲမှာ ခုနစ်နှစ် လေ့ကျင့်ဖို့ အပို့ခံလိုက်ရတဲ့ သူကရော ဘယ်သူလဲ သိကြလား"

ကျင်းချင်းက ပြုံးရင်း မေးလိုက်လေသည်။

"ဘယ်သူလဲ"

လူစောယိက မေးလိုက်လေသည်။

ဆန်းလျန်က မေးမြန်းခြင်း မရှိပါ။ သူက အဖြေကို သိပြီးသား ဖြစ်နေသောကြောင့် စိတ်ထဲတွင် ရယ်မောနေလိုက် မိလေသည်။

"အစ်ကိုတို့ နှစ်ယောက်လုံးနဲ့ ခုနပဲ တွေ့ခဲ့တဲ့သူပေါ့"

ကျင်းချင်းက ပြုံးပြီးပြောလိုက်ရင်း စပါးအုံး မြွေကြီးအသွင်သို့ ပြန်လည်ကူးပြောင်း သွားလေ တော့သည်။ သူက အမြီးကို ခါလိုက်သည့် အတွက်ကြောင့် ပတ်ဝန်းကျင်တွင် ဖုန်များသဲများ ပလူပျံသွား ရလေသည်။

ထို့နောက် ကောင်းကင်ထက်သို့ ပျံတက်ကာ တိမ်စိုင်များကြားတွင် ပျောက်ကွယ် သွားလေ တော့သည်။

"အစ်ကိုဆန်း အဲဒီလူက ဘယ်သူများလဲ။ အနီရောင်ဝတ် အဘိုးကြီးလား၊ မီးခိုးရောင်ဝတ် အဘိုးကြီးလား။ ဒါမှမဟုတ် ဆရာသခင် ကိုယ်တိုင်ပဲလား"

လူစောယိက ဆန်းလျန်ကို မေးလိုက်လေသည်။

"အစ်ကိုလူ ဝမ့်ရှင်းလမ်း တစ်လျှောက်လည်း ပင်ပန်း၊ တောင်ပေါ် ရောက်တော့လည်း ပင်ပန်းနဲ့  ဒီက ညီလေးက ပင်ပန်းလို့ သေတော့မယ်။ တရေးတမောလောက် အိပ်ဖို့များ ဆန္ဒ မရှိဘူးလားဟင်"

ဆန်းလျန်က လူစောယိ၏ အမေးကို စကားလမ်းကြောင်း ပြောင်းကာ ရှောင်လွှဲလိုက် လေတော့သည်။

***

All Chapters