← Chapters

အခန်း (၅၆၁)

Vol. 57 Ch. 561

အခန်း (၅၆၁)

Vol. 57 Ch. 561

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ယခုတစ်ကြိမ် အက်စ် သယ်ဆောင်လာသော အမြောက် ၁၃၀ စလုံးသည် ပေါင်ချိန်ခြောက်ပေါင် အမြောက်များ ဖြစ်ကြသည်။ ဤနေရာတွင် ပေါင်ခြောက်ပေါင်ဆိုသည်မှာ အလေးချိန်အား ရည်ညွှန်းခြင်းမဟုတ်လေဘဲ အမြောက်၏ ပြင်းအားကို ဆိုလိုနေခြင်းဖြစ်၏။

ဤအမြောက်များသည် ပြောင်းဝကျဉ်းပြီး ပြောင်းတိုကာ အလေးချိန် ပေါ့ပါးသည်။ စုစုပေါင်း အလေးချိန် ကျင်းတစ်ထောင်ကျော်သာ ရှိသဖြင့် သယ်ယူပို့ဆောင်ရ လွယ်ကူသည်။ ပေါင် ၁၂ ပေါင် အမြောက်ဆိုလျှင် အောက်ခံခုံနှင့် ပေါင်းပါက ကျင်း ၃,၀၀၀ ကျော် လေးလံ၍ ယခုအချိန်ထိ လမ်း၌ တရွေ့ရွေ့ လာနေဆဲသာ ဖြစ်သည်။

သို့သော် ပေါင်ခြောက်ပေါင် အမြောက် ၁၃၀ သည်လည်း အလွန် အားကောင်းသော စစ်လက်နက်များ ဖြစ်ကြသည်။

ပုံမှန်အခြေအနေတွင် ဤအမြောက် တစ်ရာကျော်သည် တုပိုင်၏ ဖူကျိုးမြို့ကို အပြီးတိုင် ချေမှုန်းပစ်ရန် လုံလောက်သည်။ အမြောက်သည် ကျောက်ခဲပစ်စက်နှင့် မတူပေ။

ကျောက်ခဲပစ်စက်၏ တိကျမှုသည် ကံတရားအပေါ် မူတည်ပြီး တစ်နေရာတည်းကို နှစ်ခါပြန်မှန်ရန် မဖြစ်နိုင်သလောက်ပင်။ အမြောက်ကမူ သင်္ချာနှင့် ဂျီသြမေတြီ သဘောတရားအပေါ် အခြေခံသည်။ ပထမအကြိမ် ပစ်ခတ်မှု အနည်းငယ်သည် လွဲချော်နိုင်သော်လည်း ၊ အကြိမ်ကြိမ် ချိန်ညှိပြီးပါက အမြောက်သည် ပိုမို တိကျလာပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် မည်သူမျှ မြို့ရိုးပေါ်တွင် ရပ်နေနိုင်တော့မည် မဟုတ်ပေ။ မဟုတ်လျှင် သေချာပေါက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ ဖြစ်သွားပေလိမ့်မည်။

လက်ရှိအချိန်တွင် အမြောက်များ၏ ကျည်ဆန်များသည် ပေါက်ကွဲခြင်း မရှိသေးသည့် သံလုံးကျည်ဆန်များသာ ဖြစ်သည်။ တုပိုင်၏ စစ်သည်များသည် တစ်ကိုယ်လုံး ဖုံးအုပ်ထားသော သံချပ်ကာများ ဝတ်ဆင်ထားပြီး ၊ ခေါင်းအစ ခြေအဆုံး ၊ ဖင်မွှေးပင်မကျန် ကာကွယ်ထားသည် ဆိုသော်ငြား ခြောက်ပေါင်ရှိသော အမြောက်ကျည်ဆန်၏ ပစ်ခတ်မှုကိုမူ တားဆီးနိုင်မည် မဟုတ်ပေ။ ထိမှန်သည်နှင့် ကျိုးပဲ့ကြေမွပြီး သေဆုံးသွားကြရမည် ဖြစ်သည်။

အက်စ်သည် ကုလားအုတ်ဖြူကြီးကို စီးလျက် အမြောက်တပ်စခန်းကို မောက်မာစွာ လှည့်လည်စစ်ဆေးနေလေသည်။

"မြန်မြန်... မြန်မြန်... ယမ်းတွေ သယ်ခဲ့... ယမ်းတွေ သယ်ခဲ့..."

ဧရာမ လူကြီး သုံးထောင်သည် လျင်မြန်စွာ ပြေးလွှားနေကြပြီး ၊ တစ်ယောက်ချင်းစီတိုင်းသည် ကီလိုဂရမ် ရာပေါင်းများစွာ လေးလံသော အမြောက်ကျည်ဆန်များနှင့် ယမ်းများကို ပခုံးပေါ်တွင် ထမ်းထားကြသည်။

ပြီးနောက်တွင် ကျည်ဆန်များနှင့် ယမ်းများကို အမြောက်တပ်စခန်းတွင် ပုံထားလိုက်ကြ၏။

အက်စ်၏ အမြင်တွင် မြို့ရိုးနှင့် မီတာ ၅၀၀ အကွာအဝေးသည် အရှေ့တိုင်း အသားဝါလူမျိုးများ၏ စစ်မြေပြင်၌ လုံးဝ ဘေးကင်းလုံခြုံသော အကွာအဝေး ဖြစ်သည်။ လီမိသားစု၏ ယခင်စစ်ပွဲ အခြေအနေများကို သုံးသပ်ကြည့်လျှင် ဤအချက်သည် မှန်ကန်ကြောင်း တွေ့ရသည်။

တုပိုင်၏ ကျောက်ခဲပစ်စက်သည် အဝေးဆုံး မီတာ ၄၅၀ ခန့်သာ ရောက်ရှိသည်။

အက်စ်၏ ခြောက်ပေါင်အမြောက်ကမူ မီတာတစ်ထောင်အထိ ပစ်ခတ်နိုင်စွမ်း ရှိသည်။ သူက အမြောက်တပ်စခန်းကို မြို့ရိုးနှင့် မီတာ ၅၀၀ အကွာတွင် ထားရှိခြင်းမှာ ပိုမို တိကျပြီး ပိုမို ပြင်းထန်သော စွမ်းအားကို ရရှိစေရန် ရှေးရိုးစွဲ တွက်ချက်ထားခြင်း ဖြစ်သည်။

အမြောက်တပ်စခန်း၏ နောက်ဘက် မလှမ်းမကမ်းတွင် အက်စ်၏ စစ်သည် ငါးသောင်းသည် စစ်ကြောင်းပုံစံ ၂၀ ကျော်ဖြင့် မတ်မတ်ရပ်ကာ မလှုပ်မယှက် ရှိနေကြသည်။

စစ်သည်တိုင်းသည် လေးနှင့်မြှားကို လွယ်ထားကြကာ ၊ ခါးနှင့် တင်ပါးတွင် ဓားကွေးများကို ချိတ်ဆွဲထားကြ၏။

အမြောက်ခေတ် ရောက်လာပြီ ဖြစ်သော်လည်း သေနတ်ခေတ် မရောက်သေးပေ။ တုပိုင် သတိထားမိသည်မှာ အက်စ်၏ စစ်သည် ငါးသောင်းစလုံး လေးနှင့်မြှားများ ကိုင်ဆောင်ထားကြပြီး သေနတ် ကိုင်ဆောင်ထားခြင်း မရှိပေ။

မကြာမီ သူ နားလည်သွား၏။ ဤကမ္ဘာသည် အခြားကမ္ဘာမှ စွမ်းအင်များ ဝင်ရောက်နေသဖြင့် လူသားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ တုပိုင်၏ မူလကမ္ဘာမြေထက် သာလွန်ကာ ၊ ခွန်အားကြီးမားပြီး အရိုးများ ပိုမို မာကျောကြသည်။ ထို့ကြောင့် လေးနှင့်မြှားသည် အစောပိုင်း သေနတ်ထက် ပိုမို သေစေနိုင်သော စွမ်းအား ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သေနတ်နှင့် လေးမြှား ယှဉ်ပြိုင်မှုတွင် လေးမြှားက ခေတ္တ အသာစီးရနေသည်။

သို့သော် အမြောက် ၊ ဧရာမဒူးလေးကြီးများ ၊ ကျောက်ခဲပစ်စက်များနှင့် ယှဉ်ပြိုင်မှုတွင်မူ အမြောက်က ပြတ်ပြတ်သားသား အနိုင်ရရှိထားပြီ ဖြစ်သည်။

"မြန်မြန်... မြန်မြန်... မြန်မြန်လုပ်ကြစမ်း..." အက်စ် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ ဧရာမ လူကြီး သုံးထောင်သည် အသက်လုပြေးလွှားရင်း မရေမတွက်နိုင်သော ကျည်ဆန်များ ၊ အထူး ရေနံဆီများနှင့် ယမ်းများကို သယ်ဆောင်လာကြသည်။

အထူး ရေနံဆီ ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ မီးနတ်ဘုရားဂိုဏ်း၏ ကောင်းကင်ကိုဆန့်ကျင်နိုင်သည့် လက်နက် နောက်တစ်မျိုးပင်ဖြစ်၏။

အထူး တွင်းထွက်ကျောက်မှုန့်များနှင့် ရောစပ်ထားသော ရေနံဆီ ဖြစ်၏။ ဤအရည်စိမ်ထားသော အဝတ်စကို မြှားတွင် ပတ်ပြီး မီးရှို့ပစ်လိုက်ပါက ကြောက်မက်ဖွယ် အကောင်းဆုံး မီးမြှား ဖြစ်လာသည်။

ဤမီးမြှားကို မီးရှို့ပစ်လိုက်သည်နှင့် ရေဖြင့် ပက်လျှင်ပင် မီးငြိမ်းသွားမည် မဟုတ်ပေ။

ဤအမြောက်များနှင့် ဤအထူးရေနံဆီ ရှိနေခြင်းကြောင့် မီးနတ်ဘုရားဂိုဏ်းသည် စစ်မြေပြင်တွင် ပြိုင်ဘက်ကင်း ဖြစ်နေခြင်း ဖြစ်သည်။ ရှန်ဟိုင်းရှိ ပြိုင်ဘက်ကင်း ရေတပ်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ ၊ မီးနတ်ဘုရားဂိုဏ်း အုပ်ချုပ်သော စတုရန်းကီလိုမီတာ သန်း ၂၀ နီးပါးရှိသော နယ်မြေနှင့်အတူ ကမ္ဘာ့အင်အားကြီး အဖွဲ့ကြီး သုံးဖွဲ့အနက် တစ်ဖွဲ့ ဖြစ်လာခဲ့သည်။

စစ်ပွဲ စတင်သည်နှင့် ပထမဆုံး အမြောက်များဖြင့် ရူးသွပ်စွာ ပစ်ခတ်မည်။ ရန်သူကို ကြောက်လန့်သွားစေရန် ချေမှုန်းမည်။ ရန်သူအများအပြားကို သတ်ဖြတ်ကာ မြို့တံခါးကို တိုက်ရိုက် ဖျက်ဆီးပစ်မည်။

အမြောက်တပ်စခန်း၏ လုံခြုံရေးအတွက်မူ အကယ်၍ ရန်သူများ တံခါးမှ ထွက်လာပြီး အမြောက်တပ်စခန်းဆီသို့ ပြေးဝင်လာပါက ၊ နောက်ဘက်ရှိ ခြေလျင်တပ်သား ငါးသောင်းက လေးနှင့်မြှားများဖြင့် ပစ်ခတ်ကြလိမ့်မည်။ ထိုအခါ ကောင်းကင်မှ မီးမြှားမိုး ရွာကျလာပြီး ၊ ငြိမ်းသတ်၍ မရသော မီးတောက်များ လောင်ကျွမ်းသွားပေလိမ့်မည်။

ထို့ကြောင့် အက်စ်၏ မောက်မာဝင့်ကြွားမှုသည် အကြောင်းမဲ့ မဟုတ်ပေ။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာသောအခါ နောက်ဆုံးတွင် အမြောက်အားလုံးကို သန့်ရှင်းရေး လုပ်သွားကာ ၊ ပြောင်းဝများကို ချိန်ညှိပြီးပြီ ဖြစ်သည်။ မရေမတွက်နိုင်သော ယမ်းများ ၊ ကျည်ဆန်များနှင့် အထူးရေနံဆီများကိုလည်း ဆက်လက် သယ်ဆောင်နေကြဆဲ ဖြစ်သည်။

အက်စ်သည် စိတ်အားထက်သန်နေပြီး စိတ်လှုပ်ရှားဖွယ် အခိုက်အတန့် ရောက်လာတော့မည် ဖြစ်သည်။ သူသည် ဤအခြေအနေမျိုးကို မြောက်ဘက် ၊ အနောက်ဘက်နှင့် တောင်ဘက် စစ်မျက်နှာပြင်များတွင် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးသည်။

ခေတ်နောက်ကျသော တိုင်းပြည်များကို တပ်ဦးဆောင်ပြီး တိုက်ခိုက်တိုင်း ၊ ယဉ်ကျေးမှု အဆင့်အတန်း ကွာခြားချက်ဖြင့် ချေမှုန်းရသော အရသာကို သူ ခံစားခဲ့ရသည်။

အမြောက် တစ်ရာကျော် တပြိုင်နက် ပစ်ခတ်လိုက်သောအခါ ၊ ကမ္ဘာမြေကြီးကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

မသိနားမလည်ဘဲ မောက်မာနေသော တိုင်းပြည်ဘုရင်များသည် ရုတ်တရက် ကြောက်လန့်တကြား ဖြစ်ကုန်ကြပြီး ၊ မြေကြီးပေါ်တွင် ဝပ်လျက် ငိုကြွေးကာ ၊ ကြောက်လန့်ပြီး မစင်များပင် ထွက်ကျကုန်ကြသည်။

ယခု သူ၏ ရှေ့တွင် မောက်မာဟန်ဆောင်ပြီး တည်ငြိမ်ချင်ယောင် ဆောင်နေသော အောက်တန်းကျသည့် မိန်းမစိုး တုပိုင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်လာရမည်။

'ဟန်ဆောင်နေလိုက်စမ်းပါ အောက်တန်းကျတဲ့ မိန်းမစိုးရာ...'

'မင်းက အာဏာပြနေတာ ကြာလွန်းနေပြီ။ ငါ့အမြောက်တွေကို မြင်တော့ ဘာတွေမှန်း မသိဘူး မဟုတ်လား။ မသိနားမလည်တဲ့သူက မကြောက်တတ်ဘူး ဆိုသလိုပေါ့။ ဒါကြောင့် မင်းလို အသားဝါမျောက်က မကြောက်ဘဲ ဟန်ဆောင်ပြီး ဘုရင်လုပ်နေတာပေါ့...'

'ဒါပေမဲ့ ငါ့အမြောက်တွေ အားလုံး ပစ်လိုက်တဲ့အခါကျမှ ၊ မင်း ဘယ်လောက် မသိနားမလည် ဖြစ်နေလဲ ၊ ဘယ်လောက် ခေတ်နောက်ကျနေလဲ ဆိုတာ သိလာရလိမ့်မယ်...'

"ယမ်းဖြည့်..." အက်စ်တစ်ယောက် ယုတ်မာသည့် အပြုံးဖြင့် အမိန့်ပေးလိုက်သည်။

အမြောက်သမားများသည် ယမ်းများကို ပြောင်းအတွင်းပိုင်းသို့ ချက်ချင်း ဖြည့်လိုက်ကြသည်။

"ကျည်ထိုး..."

ပေါင်ချိန် ခြောက်ပေါင်ရှိသော အမြောက်ကျည်ဆန် တစ်လုံးကို ပြောင်းထဲသို့ ထည့်လိုက်ကြ၏။ မိးနတ်ဘုရားဂိုဏ်း၏ စစ်သေနာပတိချုပ်သည် မီတာ ၅၀၀ အကွာရှိ တုပိုင်ကို ကြည့်ပြီး ၊ အတွင်းအားကို အသုံးပြုကာ လှောင်ပြောင်လိုက်သည်။

"အောက်တန်းကျတဲ့ မိန်းမစိုး တုပိုင်... မကြာခင်မှာ ကမ္ဘာဖျက်ဆီးနိုင်တဲ့ စွမ်းအားဆိုတာ ဘာလဲ မင်း သိရတော့မယ်။ မကြာခင် သိရတော့မှာပါ။ မင်းတို့က တကယ်တမ်းကျတော့ မျောက်တွေနဲ့ ဘာမှ မကွာဘူး ၊ အမွှေးကျွတ်သွားရုံပဲ ရှိတာ..."

တုပိုင် ဘာမျှ ပြန်မပြောပေ။

တကယ်တမ်းတွင် လက်ရှိအချိန်၌ တုပိုင်သည် ဖျက်ဆီးခြင်းမြှားကို အသုံးပြုပြီး ပစ်ခတ်နိုင်ပြီ ဖြစ်သည်။

သို့သော် သူ မပစ်ခတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် ရန်သူ၏ ယမ်းများနှင့် အထူးရေနံဆီများ အားလုံး အမြောက်တပ်စခန်းသို့ ရောက်မလာသေးသောကြောင့် ၊ သူ၏ ဖျက်ဆီးခြင်းမြှားသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် တစ်ချက်တည်းဖြင့် အပြတ်ရှင်းသော မြင်ကွင်းမျိုးကို ဖန်တီးနိုင်မည် မဟုတ်သေးပေ။

ထို့အပြင် တစ်ဖက်တွင်လည်း အမြောက်သည် အမှန်တကယ်ပင် စစ်နတ်ဘုရား ဖြစ်သည်။ သူ၏ စစ်သည်များကို အမြောက်၏ ပစ်ခတ်မှု အရသာကို ခံစားစေချင်ပြီး ၊ ထိုခံစားချက်ကို အမြဲတမ်း မှတ်မိနေစေရန် လိုအပ်သည်ဟု သူ ခံစားမိသည်။

"ရဲဘော်တို့... နောက်တစ်ခဏကျရင် မင်းတို့ သမိုင်းကို မျက်မြင်ကိုယ်တွေ့ မြင်ရလိမ့်မယ်။"

တုပိုင်က ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ တာ့နင်အင်ပါယာ စစ်မြေပြင်မှာ ပထမဆုံးအကြိမ် အမြောက်အများအပြားကို အသုံးပြုတော့မယ်။ စစ်ပွဲပုံစံတွေ လုံးဝ ပြောင်းလဲသွားတော့မယ်။ နောက်ဖြစ်လာမယ့် မြင်ကွင်းက အရမ်း အံ့သြစရာ ကောင်းလိမ့်မယ် ၊ မင်းတို့ အမြဲတမ်း မှတ်ထားကြဖို့ ငါ မျှော်လင့်တယ်။"

"မှတ်ထားကြ... ငါ အမိန့်ပေးလိုက်တာနဲ့ အားလုံး ဝပ်နေကြ..."

တုပိုင်က ဆက်ပြောသည်။ "ကြားကြလား..."

"ကြားပါတယ်..."

တုပိုင်၏ တပ်မတော်ကြီးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

တုပိုင်၏ အမိန့်ပေးသံသည် လျင်မြန်စွာ ပြီးဆုံးသွားသည်။

အကွာအဝေး ဝေးကွာလွန်းသဖြင့် အက်စ်သည် တုပိုင်၏ စကားများကို မကြားရပေ။ တုပိုင်သည် စစ်မတိုက်မီ စိတ်ဓာတ်ခွန်အား ပေးနေသည်ဟု ထင်မှတ်ပြီး ၊ စိတ်ထဲတွင် ပိုမို လှောင်ပြောင်လိုက်မိသည်။

'အောက်တန်းကျတဲ့ အသားဝါ မိန်းမစိုး... မင်းရဲ့ ကြိုးစားမှုတွေ အားလုံး အချည်းနှီး ဖြစ်သွားတာကို မကြာခင် သိရတော့မှာပါ...'

ထို့နောက် အက်စ်သည် တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဖျက်ဆီးခြင်းကို လက်ခံလိုက်တော့... မိန်းမစိုးက ပြောင်းလဲမှု ကို တားဆီးနိုင်မှာ မဟုတ်ဘူး..."

"မီးညှိ... ပစ်..."

အက်စ်၏ အမိန့်ပေးသံနှင့်အတူ အမြောက်သမား တစ်ရာကျော်သည် ညီညာစွာ ပစ်ခတ်လိုက်ကြသည်။

"ရွှီးးး..."

"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"

တစ်ချိန်ည်တွင် ကမ္ဘာမြေကြီး တုန်ခါသွားစေသော ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာ၏။ အမှန်တကယ်ပင် နားကွဲမတတ် ကျယ်လောင်ပြီး ၊ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားသယောင် ထင်ရသည်။

ထို့နောက် အမြောက်ကျည်ဆန် တစ်ရာကျော်သည် လေကိုခွင်းလျက် ဖူကျိုးမြို့ဆီသို့ ပြင်းထန်စွာ ပျံသန်းလာကြ၏။

"ရွှီးးး ရွှီးးး..."

တုပိုင် အော်ဟစ်လိုက်သည်။ "ရဲဘော်တို့... ဒီအခိုက်အတန့်ကို အမြဲ မှတ်ထားကြ... စစ်ပွဲပုံစံက ထာဝရ ပြောင်းလဲသွားပြီ..."

"ဝပ်နေကြ..."

တုပိုင်သည် အတွင်းအားအကုန်သုံးပြီး အော်ဟစ်လိုက်ကာ ၊ တပ်မတော်ကို ဦးဆောင်ပြီး မြို့ရိုးပေါ်တွင် ညီညာစွာ ဝပ်လိုက်ကြသည်။ မြို့ရိုးအောက်ရှိ စစ်တပ်သည်လည်း မြေကြီးပေါ်တွင် ညီညာစွာ ဝပ်လိုက်ကြသည်။

ခဏအကြာတွင် ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာသည်။

"ဘုန်းးး... ဘုန်းးး... ဘုန်းးး..."

ဖူကျိုးမြို့တစ်ခုလုံး တုန်ခါသွားရလေ၏။ ပထမအကျော့ စမ်းသပ်ပစ်ခတ်မှု ဖြစ်သဖြင့် ကျည်ဆန်အများစုသည် မြို့ရိုးကို ထိမှန်သွားကြသည်။ ကျည်ဆန် အနည်းငယ်ခန့်ကသာ မြို့ရိုးကို ကျော်လွန်ပြီး မြို့ထဲသို့ တိုက်ရိုက် ကျရောက်သွားသည်။

မြို့ရိုးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။ ခိုင်ခံ့သော မြို့ရိုးပေါ်တွင် တွင်းပေါင်း ဒါဇင်များစွာ ဖြစ်ပေါ်လာ၏။

မြို့ထဲသို့ ကျရောက်သွားသော ကျည်ဆန်များသည်လည်း အိမ်နံရံများကို ဖောက်ထွင်းပြီး တိုင်များကို ကျိုးပဲ့စေကာ ပျက်စီးစေခဲ့သည်။ ထိမှန်သွားသည့် အိမ်တိုင်းဝည် အလွယ်တကူ စုတ်ပြတ်သတ်သွားရသည်။

"ထကြ..."

တုပိုင် အမိန့်ပေးလိုက်၏။

သူတို့ဘေးပတ်လည်ရှိ စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် ထလိုက်ကြသည်။ အဝေးမှ စစ်သည်များသည်လည်း မတ်တပ်ရပ်လိုက်ကြ၏။

ရန်သူ၏ အမြောက်တပ်စခန်းကို လှမ်းကြည့်လိုက်ရာ မီးခိုးများ ထွက်နေသော်လည်း သိပ်မထူထပ်ပေ။

မီးနတ်ဘုရားဂိုဏ်း၏ ယမ်းပညာသည် အတော်အတန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

"ဟားဟားဟား..."

"အောက်တန်းကျတဲ့ မိန်းမစိုး တုပိုင်... မြင်ရဲ့လား... ဒါ စစ်နတ်ဘုရားပဲ... ဒါ ဖျက်ဆီးခြင်းရဲ့ စွမ်းအားပဲ..."

"မင်း ကြောက်သွားပြီမလား... ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးထွက်ကျသွားပြီမလား..."

"လက်နက်မချနဲ့ဦး... မင်းမှာ လက်နက်ချဖို့ အခွင့်အရေး မရှိဘူး... ငါ အက်စ် ဆိုတဲ့ သတ်ဖြတ်သူက မင်းကို သန့်ရှင်းစင်ကြယ်သွားအောင် သတ်ပစ်မှာ..."

သူ၏ ဘေးနားရှိ လီရူဟုသည်လည်း လုံးဝ တုန်လှုပ်သွားလေသည်။ အမြောက် တစ်ရာ ပစ်ခတ်လိုက်သော မြင်ကွင်းသည် သူ့အတွက် အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ဖြစ်နေသည်။

အက်စ်သည် အတွင်းအားကို ထည့်သွင်းပြီး အော်ဟစ်လိုက်သည်။ "အောက်တန်းကျတဲ့ မိန်းမစိုး တုပိုင်... ဒါက အစပဲ ရှိသေးတယ်... ဖျက်ဆီးခြင်းရဲ့ စွမ်းအားက နောက်ပိုင်းကျရင် ပိုပြီး ကြောက်စရာ ကောင်းလာလိမ့်မယ်... သေခြင်းတရားကို ကြိုဆိုလိုက်ပါ..."

ထို့နောက် အမြောက်သမား ရာပေါင်းများစွာသည် ပထမအကျော့ ပစ်ခတ်မှု ရလဒ်အပေါ် မူတည်ပြီး နေရာနှင့် ပြောင်းဝများကို စတင် ချိန်ညှိကြသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အမြောက် ၁၃၀ ၏ ဒုတိယအကျော့ ပစ်ခတ်မှု စတင်လေသည်။

"မီးညှိ..."

"ပစ်..."

"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"

နားကွဲမတတ် ဟိန်းသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။

အမြောက်ကျည်ဆန် တစ်ရာကျော် ထပ်မံ ပျံသန်းလာပြန်၏။

"ဘုန်းးး ဘုန်းးး ဘုန်းးး..."

ထိုသည်ကား အမြောက်ပင်ဖြစ်၏။ ယခုတစ်ကြိမ်တွင်မူ ပို၍ တိကျလာပြီ ဖြစ်သည်။

မြေကြီးပေါ်တွင် ဝပ်နေသော တုပိုင်၏ စစ်သည်များသည် အမြောက်ကျည်ဆန်များ သူတို့ခေါင်းပေါ်မှ ကပ်ပြီး ပြင်းထန်စွာ ပျံသန်းသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

ထိုခံစားချက်သည် သေမင်းနှင့် ပခုံးချင်းယှဉ်သွားသကဲ့သို့ ဖြစ်သည်။ ထို အမြောက်ကျည်ဆန်ကြီးများသည် သံချပ်ကာဖြင့် ခုခံနိုင်စွမ်း ရှိသော အရာ မဟုတ်ပေ။ ထိမှန်ခံရပြီးနောက် ခိုင်ခံ့သော တံတိုင်းများသည် ပြိုကျပြီး တစ်စစီ ကွဲကြေကုန်ကြသည်။

"ဘုန်းးး ဘုန်းးး..."

ကျည်ဆန် ဒါဇင်ပေါင်းများစွာ မြို့ထဲသို့ ကျရောက်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။

**--**--**--**--**--**--**--**

သို့သော် မြို့ထဲရှိ လူများကမူ ကြောက်ရွံ့ရမည့်အစား အလွန် စိတ်လှုပ်ရှားနေကြသည်။

"သခင်ကြီး လီရဲ့ စစ်တပ် ရောက်လာပြီ... ကောင်းကင်က မိုးကြိုးတွေ ပစ်ချနေပြီ..."

"တုပိုင် ဆိုတဲ့ မိန်းမစိုးကောင် သေတော့မယ်..."

"သူ ဒီရက်ပိုင်း ဖူကျိုးမြို့မှာ အာဏာပြနေတာ ကြာလှပြီ... နောက်ဆုံးတော့ သူ့ဇာတ်သိမ်း ခန်းနားတော့မယ်..."

"ငါ ပြောသားပဲ... သူ သိပ်ကြာကြာ အာဏာပြနိုင်မှာ မဟုတ်ပါဘူးလို့... ငါတို့ ဖူကျိုးမြို့သားတွေကို လက်နက်ချခိုင်းတာ အိပ်မက်မက်နေသလိုပဲ... ငါတို့ ဖူကျိုးမြို့သားတွေက သူလို ဥ မရှိတဲ့ကောင်တွေ မဟုတ်ဘူးကွ..."

"တောက်... ဒီရက်ပိုင်း အပြင်ပေးမထွက်တော့ ငါ့မှာ ခွေးဖြစ်နေပြီ... အိမ်ထဲမှာပဲ အီးပါနေရတာ... ကြာတော့ ထွက်တောင် မထွက်ချင်တော့ဘူး..."

"သူတို့ပေးတဲ့ ရေကလည်း နံစော်နေတာပဲ... သောက်ပြီး ဝမ်းတွေ လျှောကုန်ပြီ..."

"သူတို့ပေးတဲ့ အစာကလည်း နံစော်နေတာပဲ... စားပြီးရင် တစ်ညလုံး အိပ်မပျော်ဘူး..."

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters