← Chapters

ပြတင်းတံခါးဆီမှဝါးရွက်များ

Vol. 1 Ch. 69

ပြတင်းတံခါးဆီမှဝါးရွက်များ

Vol. 1 Ch. 69

ဝါးလုံးအိမ်လေးမှာ နေချင်စဖွယ်ပုံလေးဖြစ်လေသည်။ ဆန်းလျန်နှင့် လူစောယိတို့ တံခါးဝသို့ ရောက်သည်နှင့် တံခါးက အလိုလို ပွင့်သွားလေသည်။ မီးခိုးရောင် ဆံပင်များနှင့် လူတစ်ယောက်က တံခါးဝတွင် ရပ်နေလေသည်။ သူ၏ တာအိုဝတ်စုံမှာ ဟောင်းနွမ်းနေပြီ ဖြစ်ပြီး ညာဘက်လက်မှာ လက်မောင်းမှစပြီး ပြတ်နေလေသည်။

ထိုသူမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ သူ၏ပုံစံမှာ တာအို ဆရာသခင်ရော သူတို့ကို ဤနေရာသို့ ခေါ်လာသည့် အဘိုးအို နှစ်ယောက်နှင့်ရော တူညီခြင်း မရှိပါ။ သူ၏ ခန္ဓာကိုယ်မှာ အသက်မဲ့နေ သလိုမျိုး ဖြစ်နေလေသည်။

အဘိုးအိုကို ကြည့်ရသည်မှာ နေဝင်ချိန်ကို ခံစားရ သကဲ့သို့ ဖြစ်နေသည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။

"ဂိုဏ်းတူညီလေး နှစ်ယောက် ကျုပ်နောက် လိုက်ခဲ့ကြပါ"

အဘိုးအိုက ဆန်းလျန်နှင့် လူစောယိတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။  သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို ကြိုတင်သိနေပုံ ရလေသည်။

ကျင်းချင်းက အဘိုးအိုကို သတင်း ပေးထားခြင်း ဖြစ်မည်ဟု ဆန်းလျန်က တွေးလိုက်မိသည်။

ချင်းရွှမ် နတ်တံခါးမှ လူများမှာ ဆန်းကြယ်သည်ကတော့ အမှန်ပင် ဖြစ်လေသည်။ ကျင်းချင်းက ဤနေရာထိ ရောက်လာပြီးမှာ အဘိုးအိုအား နှုတ်ပင်မဆက်ဘဲ အဘယ်ကြောင့် ပြန်သွား ရပါသနည်း။

နတ်ဘုရားများမှာ လူသားများကဲ့သို့ လောကဝတ် မပြုတတ်သူတွေ များလားဟု ဆန်းလျန် တွေးတောနေမိသည်။

ဝါးအိမ်လေးမှာ အိမ်တစ်ခုလုံးကို ဝါးလုံးများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သော်လည်း သေးငယ်သည့် အိမ်လေး တစ်လုံးတော့ မဟုတ်ပေ။ မည်သည့် ဝါးအမျိုးအစားကို သုံးထားမှန်း မသိသော်လည်း ဝါးများမှာ မာကျောတောင့်တင်း လေသည်။

စင်္ကြံလမ်း အရှည်ကြီးအတိုင်း သူတို့ လျှောက်ခဲ့ကြလေသည်။ စင်္ကြံလမ်းအောက်တွင် စမ်းချောင်းလေး တစ်ခုက တသွင်သွင် စီးဆင်း နေလေသည်။

လူစောယိမှာ ဆန်းလျန် ထက်ပင် တက်တက်ကြွကြွ ရှိနေလေသည်။

"ဂိုဏ်းတူ အစ်ကိုကြီး အစ်ကိုကြီး နာမည်လေးများ မသိရဘူးလား"

စင်္ကြံလမ်းတွင် လမ်းလျှောက်နေရင်း လူစောယိက မေးလိုက်ခြင်း ဖြစ်လေသည်။

"မင်းကျုပ်ကို စန်းဝမ့်လို့ ခေါ်လို့ ရပါတယ်"

(စန်းဝမ့် = မေးခွန်း သုံးခုဟု အဓိပ္ပါယ်ရ - ဘာသာပြန်ဆိုသူ)

အဘိုးအိုက ပြန်ဖြေ လိုက်လေသည်။

"ဂိုဏ်းတူ အစ်ကိုကြီးစန်းဝမ့် ဒီရှယွမ့်အဆောင်မှာ တပည့် ဘယ်နှစ်ယောက် ရှိတာလဲ"

လူစောယိက မေးလိုက်လေသည်။

"မင်းတို့ နှစ်ယောက်နဲ့ဆိုရင် လေးယောက်ရှိတယ်"

အဘိုးအိုက တည်ငြိမ်စွာပင် ပြန်ဖြေ လိုက်လေသည်။

"ချင်းရွှမ်နတ်တံခါးက နှစ်ပေါင်းငါးဆယ်မှ တစ်ခါ တပည့်ရွေးပွဲ ကျင်းပတာ ဂိုဏ်းတူအစ်ကို စန်းဝမ့်က လွန်ခဲ့တဲ့ နှစ်ငါးဆယ်က တပည့်အဖြစ် အရွေး ခံရတဲ့သူလား"

လူစောယိက သူ့ထုံးစံအတိုင်း စပ်စုစိန် လုပ်နေလေသည်။

နှစ်ပေါင်းငါးဆယ်မျှ ကျင့်ကြံ နေသည်ဆိုလျှင် စန်းဝမ့်မှာ အဘယ်ကြောင့် အသက်များစွာ ကြီးရင့် နေရသနည်းဟု လူစောယိ တွေးနေမိလေသည်။ တာအို ကျင့်စဉ်များမှာ လွန်စွာမှ ခက်ခဲ သောကြောင့်များ ဤမျှ အိုစာသွားလေသလား။

"ကျုပ်က ချင်းရွှမ် နတ်တံခါးကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက ရောက်လာတာပါ"

အဘိုးအိုက ခေါင်းကိုခါယမ်းရင်း ပြောလိုက်လေသည်။

"ကျွန်တော်တို့ ဘယ်တော့လောက် ပညာစသင်ရမှာလဲ"

လူစောယိက ထပ်မေးလိုက်ပြန်သည်။

"ကျုပ်ကိုဘာလို့ စန်းဝမ့်လို့ ခေါ်လဲ မင်းသိလား ဘာလို့လဲဆိုတော့ ကျုပ်က တစ်နေ့ကို မေးခွန်းသုံးခုပဲ ဖြေလို့ပဲ"

စန်းဝမ့်က လူစောယိကို တစ်ချက် လှမ်းကြည့်ရင်း ပြောလိုက်လေသည်။

ရေခဲတမျှ အေးစက်သည့် မျက်ဝန်းများကို ရင်ဆိုင် လိုက်ရသည့်အတွက် လူစောယိမှာ ဆက်မမေး ရဲတော့ဘဲ ရပ်တန့်သွားလေသည်။

ဆန်းလျန်ကတော့ အစကတည်းကပင် စကားတစ်ခွန်းမျှ မပြောဘဲ လိုက်ပါလာခြင်း ဖြစ်လေသည်။ သူက ပတ်ဝန်းကျင်ကို လေ့လာ နေလေသည်။

အတိအကျပြောရလျှင် မိုးမြေစွမ်းအားများမှာ ဤနေရာတွင် လွန်စွာမှ အားကောင်း နေလေသည်။

ဝါးအိမ်လေးမှာ ရေလှောင်တမံနှင့် ခပ်ဆင်ဆင် တူလေသည်။ ပြင်ပကမ္ဘာမှ စွမ်းအားများကို အတွင်းသို့ စိမ့်ဝင်စေပြီး အိမ်ထဲမှ လူများကို စွမ်းအားများ ဖြန့်ဝေပေး နေလေသည်။ ဝါးအိမ်လေး အောက်တွင် စီးဆင်းနေသည့် စမ်းချောင်းလေး ဆီမှာလည်း စွမ်းအင်များ ထွက်ပေါ် နေသည်ကို ဆန်းလျန် ခံစားရလေသည်။ စမ်းချောင်းလေးမှာ ကြည်လင်ပြီး တသွင်သွင် စီးဆင်းနေလေသည်။

ဆန်းလျန်က စွမ်းအားများကို ခံစားမိသည်နှင့် အနည်းငယ် စုပ်ယူကြည့်ရန် ကြိုးစားလိုက်သည်။

ဆန်းလျန်မှာ အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက်နှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက် ပွင့်နေသည့်သူ ဖြစ်သည့်အတွက် မိုးမြေစွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့်ပင် သူက အစားအသောက် မစားဘဲ ကြာရှည်စွာ နေထိုင်နိုင်လေသည်။

ထို့ပြင် စမ်းချောင်းလေးမှ ပျံ့လွင့်လာသည့် ရေငွေ့မှာ သူ၏ ရုပ်ခန္ဓာကို အားပြည့် စေလေသည်။ အချိန်အနည်းငယ် ကြာလာသည်နှင့်အမျှ မသိမသာ ပြောင်းလဲလာမှု ကိုလည်း ခံစား လာရလေသည်။

ဤကဲ့သို့သော နေရာမျိုးတွင်သာ နေရလျှင် စန်းဝမ့်ကဲ့သို့ နှစ်ပေါင်းတစ်ရာ အသက်ရှည်ရ လျှင်ပင် အိုမင်းသွားမည် မဟုတ်ပေ။

ချင်းရွှမ် နတ်တံခါးမှာ ကောင်းကင်ဘုံ မဟုတ်ကြောင့် ဆန်းလျန်သိပါသည်။ လူ့လောကနှင့် လုံးဝ ကွဲထွက်နေသည့် နေရာတစ်ခု မဟုတ်ပေ။

ဆန်းလျန်မှာ လွတ်လွတ်လပ်လပ် နေတတ်ပြီး ယှဉ်ပြိုင်ရခြင်းကို မနှစ်သက်သည့် စရိုက် ရှိသောကြောင့် အခြားသော ကျင့်ကြံသူများမှာလည်း ဆန်းလျန်ကဲ့သို့ စရိုက်ရှိမည်ဟု တစ်ထစ်ချ ပြော၍ မရသကဲ့သို့ ဖြစ်လေသည်။ ခံစားချက်ဆိုသည်မှာ သဘဝအတိုင်း နှလုံးသားမှ ဖြစ်တည် လာသည့် အရာ မဟုတ်ပါလား။

ကျင့်ကြံသူ လမ်းစဉ်တွင် လူမျိုးပေါင်းစုံ ပါဝင်နိုင်လေသည်။ မည်သူက မှားပြီး မည်သူက မှန်သည်ကို ပြောရန် ခက်ခဲလွန်းသည်။

ထို့ပြင် ဆန်းလျန်က သိမြင် နားလည်နိုင်စွမ်း မြင့်မားသူတစ်ယောက် ဖြစ်လေသည်။ အစကတည်းက စိတ်မဝင်စားသည့် လူတစ်ယောက်ကို တာအို ကျင့်စဉ်လမ်းသို့ လိုက်ပြီး နတ်ဘုရား တစ်ပါး ဖြစ်လာအောင် ကျင့်ကြံဖို့ ပြောလျှင်လည်း လက်ခံမည် မဟုတ်ပေ။

ထို့ပြင် နတ်ဘုရား ကျင့်စဉ်လမ်းကို လိုက်လျှောက်ချင်စိတ် ပြင်းပြလွန်းပြီး ကျင့်စဉ်လမ်းကို လျှောက်လှမ်းရန်အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မည်ဟု ဆုံးဖြတ်ကာ အခြားသူများ အပေါ် အေးစက်မာကျောပြီး နှလုံးသား ကင်းမဲ့ပါကလည်း သူ၏ နှလုံးသား ကင်းမဲ့မှုကြောင့်ပင် နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်မည် မဟုတ်ပေ။

မသေမျိုးဖြစ်သည့် နတ်ဘုရား ဖြစ်ခြင်း ဆိုသည်မှာ  အရာအားလုံးကို ငြိမ်းချမ်းစွာဖြင့် လက်ခံပြီး မဆုံးနိုင်သည့် ပြုပြင်ပြောင်းလဲမှုများ ရှိနေရမည် ဖြစ်လေသည်။ နှစ်ပေါင်းရာနှင့် ထောင်နှင့်ချီ ကြာသည့် တိုင်အောင် မပြောင်းလဲဘဲ နေ့တိုင်းတည်မြဲနေမည် ဆိုပါက ဘဝဆိုသည်မှာ ကျောက်တောင်များနှင့် မခြား ဖြစ်နေမည်သာ ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန် ယခုအချိန်ထိ တွေ့ကြုံခဲ့ရသည့် လူများထဲတွင် အနီရောင်ဝတ် အဘိုးအို၊ မီးခိုးရောင်ဝတ် အဘိုးအို၊ ချင်းရွှမ် ဆရာသခင်နှင့် ကျင်းချင်းတို့မှာ ထူးခြားသည့် စရိုက်လက္ခဏာ ရှိသူများ ဖြစ်ကြလေသည်။

ကျင့်ကြံသူ ဆိုသည်မှာ အသက်ရှည်ရှည် နေရဖို့ ကျင့်ကြံခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင် လေသည်။

သို့သော် နတ်ဘုရား ကျင့်စဉ်မှာ ဆိုလိုရင်းကို ဆန်းလျန် ယခုအချိန်ထိ ပုံဖော်ကြည့်၍ မရသေးပါ။

ဝါးအိမ်လေး၏ စင်္ကြံလမ်းမှာ ရှည်လျားပြီး တစ်သမတ်တည်း ဖြောင့်တန်းခြင်း မရှိပါ။ အချိုး အကွေ့များလည်း ရှိလေသည်။ လမ်းတစ်လျှောက်တွင် တာအို ကျင့်ကြံသူများ နေထိုင်သည့် အခန်းလေးများကို တွေ့နိုင်လေသည်။

အခန်းလေးများမှာ ခပ်ဆင်ဆင် ဖြစ်ကြပြီး လူမနေသည်မှာ လွန်စွာမှ ကြာမြင့်နေသည့်ပုံ ရလေသည်။

တစ်နေရာ အရောက်တွင်တော့ ကပ်လျက် တည်ရှိနေသည့် အခန်းလေးနှစ်ခန်းကို တွေ့ရ လေသည်။

"မင်းတို့နှစ်ယောက် ကြိုက်တဲ့ အခန်းမှာ နေကြ၊ ဆရာသခင်က သူ့ကိစ္စတွေ ပြီးသွားရင် မင်းတို့ နှစ်ယောက်အတွက် စီစဉ်စရာ ရှိတာ စီစဉ် ပေးလိမ့်မယ်"

စန်းဝမ့်က ပြောလိုက်လေသည်။

စကားဆုံးသည်နှင့် စန်းဝမ့်က အဝေးသို့ လွင့်မျောပျောက်ကွယ် သွားလေသည်။

"ဒီတောင်ပေါ်မှာ တွေ့ရတဲ့ သူတွေက တစ်ယောက်ပြီး တစ်ယောက် ထူးဆန်းသည်ထက် ထူးဆန်းနေတော့တာပဲ"

လူစောယိက ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။

"မင်းဘယ်အခန်းကို ကြိုက်လဲ"

လူစောယိပြောနေသည့် စကားကို လျစ်လျူရှုပြီး ဆန်းလျန်က အခန်းနှစ်ခန်းကို ညွှန်ပြပြီး မေးလိုက်လေသည်။

"ကောင်းပြီ။ ငါညာဘက်က အခန်းကို ယူမယ်"

လူစောယိက ပြန်ဖြေလိုက်လေသည်။

အခန်းလေးထဲတွင် ဝါးကွပ်ပျစ်လေး တစ်ခုမှလွဲပြီး မည်သည့်အရာမျှ ရှိမနေပေ။

ဆန်းလျန်မှာ ချက်ချင်း အိပ်မပျော်ပါ။ သူကတံခါးကို ပိတ်လိုက်ပြီး ဝါးကွပ်ပျစ်လေး ပေါ်တွင် တရားထိုင် နေလေသည်။

တစ်ဖက်ခန်းမှ လူစောယိ တစ်ယောက် အိပ်ပျော်သွားသံကို သူ ကြားနေရလေသည်။ ဆန်းလျန်က စိတ်အာရုံ စူးစိုက်မှု ကျင့်စဉ်ကို ကျင့်နေရင်း စိတ်အာရုံ ငြိမ်းအေးခြင်း အဆင့်သို့ ရောက်ရှိ သွားလေသည်။

သူ့စိတ်ထဲတွင် ဘာမှမရှိ၊ ဗလာ ကျင်းသွားလေသည်။ ဤတစ်ခေါက်တွင်တော့ ဆန်းလျန်က စိတ်ကူးဖြင့် ဆွဲနေကျ နတ်သမီး ရုပ်တုပုံကို စိတ်ကူး မကြည့်တော့ပါ။ သူ့ ဦးနှောက်ထဲတွင် ကြီးမားသည့် စစ်တုရင်ခုံကို စိတ်ကူး ကြည့်လိုက်လေသည်။ စစ်တုရင် အဖြူရုပ်လေး များ၏ ရွှေ့ကွက်များမှာ စစ်တုရင် အနက်ရုပ်လေးများ နောက်သို့ လိုက်နေကြလေသည်။ သိပ်မကြာခင်မှာပင် စစ်တုရင်ခုံတွင် စစ်တုရင် အရုပ်လေးများဖြင့် ပြည့်သွားလေသည်။

ဆန်းလျန်က မှတ်ဉာဏ်အလွန် ကောင်းသူတစ်ယောက် ဖြစ်လေသည်။ ထိုသို့ ဉာဏ်ကောင်း သည်မှာ သူ၏ ဝိညာဉ်စွမ်းအား ကောင်းသောကြောင့်လား၊ တစ်ခါဖတ်ရုံနှင့် မှတ်မိသည့် မှတ်ဉာဏ် ကြောင့်လား ဆိုသည်ကိုတော့ သူမသိပါ။ သူက အာရုံပျံ့လွင့်ခြင်း မရှိအောင် စိတ်အာရုံ အကြာကြီး အာရုံစူးစိုက်ပြီး သူ၏ မှတ်ဉာဏ်များ အားလုံးကို ပြန်ပြီး မှတ်မိနိုင်လေသည်။

စစ်တုရင်ခုံမှာ လွန်စွာမှ ရှုပ်ထွေးလေသည်။ သို့သော် ဆန်းလျန်က အသေးစိတ် အတိအကျကို ပြန်ပြီး မှတ်မိနေလေသည်။ တောင်ပေါ် စရောက်သည့် အချိန်ကို ပြန်ကြည့်မည် ဆိုလျှင် သူက စစ်တုရင်ခုံကို ဘာမှန်းမသိဘဲ ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။ ယခုတော့ ထို စစ်တုရင်ခုံမှ ပညာကို လေးလေးစားစားဖြင့် တန်ဖိုးထားရမှန်း သိခဲ့ပြီ။

ဆန်းလျန်က အမြဲတမ်းပင် မိုးမြေစွမ်းအားများကို စုပ်ယူ တတ်လေသည်။ ဖြည်းဖြည်းချင်း မိုးမြေ စွမ်းအားများကို စုပ်ယူခြင်းက သဘာဝ အထောက်အပံ့နှင့် လွတ်လပ်မှုကို တိုးတက် လာစေလေသည်။ သို့သော် မိုးမြေစွမ်းအားများ အကြောင်းနှင့် ပတ်သက်ပြီး သူ၏ နားလည်နိုင်စွမ်း ကတော့ အလွန်မှ နည်းပါး နေသေးသည်။

စစ်တုရင်ခုံပေါ်မှ သိုင်းပညာကျင့်စဉ်မှာ ရွှမ်ကျိ သိုင်းပညာ ဖြစ်လေသည်။ လူသားခန္ဓာကိုယ် အတွင်းရှိ မတူညီသည့် သွေးကြော ဆုံမှတ်များကို ဆက်သွယ်ပေးခြင်း ဖြစ်လေသည်။ ထိုသို့ ဆက်သွယ်ပေးခြင်း အားဖြင့် ခန္ဓာကိုယ်ရှိ သွေးကြောများမှာ လျှပ်စီးကြောင်းများ ကဲ့သို့ ဖြစ်သွား လေသည်။ မတူညီသည့် ဆုံချက်များ ဆက်စပ်သွားမှုကြောင့် မိုးမြေ စွမ်းအားများ ကိုယ်တွင်းသို့ စိမ့်ဝင် သွားသည့်အခါ မမျှော်လင့်နိုင်သည့် ရလဒ်ကောင်းများ ရရှိလာရလေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်မှာ စွမ်းအားစီးဆင်းရာ နေရာတစ်ခု ဖြစ်လာလေသည်။ မိုးမြေ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်သို့ ဝင်ရောက် လာနိုင်သလို ထွက်ခွာ၍လည်း သွားနိုင်လေသည်။ စွမ်းအားများကို သူထိန်းချုပ်၍ မရနိုင်ပေ။ ထိုသို့ ဖြစ်နေခြင်းကြောင့် သူ၏ ခန္ဓာကိုယ်အတွက် သိပ်ပြီး အကျိုးမပြုနိုင် ဖြစ်နေရလေသည်။

ဆန်းလျန်က ရွှမ်ကျိကျင့်စဉ်ဖြင့် အတွင်းအား စီးဆင်းမှုများကို လေ့ကျင့်လိုက်ပြီး မိုးမြေ စွမ်းအားများ၏ အကျိုး သက်ရောက်မှုကို ရှာဖွေလိုက်သည်။ တစ်ချိန်တည်းမှာပင် မိုးမြေ စွမ်းအားများ သူ၏ကိုယ်ထဲသို့ စီးဝင်လာလေသည်။

ယခင်တုန်းက မိုးမြေစွမ်းအားကို ဆန်းလျန်မှာ အနည်းငယ်သာ ထိန်းချုပ်နိုင်လေသည်။ ယခုတော့ ပိုပြီး ထိန်းချုပ်နိုင်လာလေသည်။

သူ၏ ဝိညာဉ်စွမ်းအား မှာလည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် ခြေလက်များပါ မကျန် ပျံ့နှံ့ သွားလေသည်။ သူ၏ရုပ်ခန္ဓာကို ယခင်ကထက် ပိုပြီး အသေးစိတ် သိမြင်လာရ လေသည်။

ယခု ဆန်းလျန် ကျင့်စဉ် ကျင့်နေသည့်အချိန် တစ်စုံတစ်ယောက်ကသာ တွေ့မြင်သွားမည် ဆိုလျှင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မြူလွှာ အပါးလေးဖြင့် ဖုံးလွှမ်း ထားသလို ဖြစ်နေမည် ကို မြင်တွေ့ကြရမည် ဖြစ်လေသည်။

ကျင့်ကြံသူ အဆောင်တစ်ခုတွင် ကျင့်ကြံသူ တစ်ဦးနှင့် တာအိုဆရာတစ်ပါး ထိုင်နေ ကြလေသည်။

ကျင့်ကြံသူ လူငယ်မှာ တာအိုဆရာထက် အသက် ငယ်ရွယ်ပုံ ရလေသည်။ ထိုကျင့်ကြံသူမှာ အသက်သုံးဆယ် ဝန်းကျင်ခန့်မျှ ရှိဦးမည် ဖြစ်ပြီး မျက်ခုံးကောင်းကောင်း၊ မျက်ဝန်းများကလည်း ဝိုင်းစက် လှပနေလေသည်။ ထိုလူငယ်က အစိမ်းရောင် အဝတ်ကို ဝတ်ဆင် ထားလေသည်။

"ဒီလောက်နှစ်တွေ ကြာပြီးမှ နောက်ဆုံးတော့ ကျိဝေ့တုန်း ကျင့်စဉ်အဖြေကို လေ့ကျင့်နိုင်မယ့် တပည့် တစ်ယောက်ကို ဆရာဦးလေးဟုန် ရှာဖွေတွေ့ရှိ သွားပြီပေါ့။ ဒါကြောင့်လည်း အဲဒီဆန်းလျန်က ရွှမ်ကျိ ကျင့်စဉ်ကို ခဏလေးနဲ့ နားလည်သဘောပေါက် ခဲ့တာပဲကိုး"

ကျင့်ကြံသူ လူငယ်က ပြောလိုက်လေသည်။

"ပြီးတော့ နှစ်ပေါင်း သုံးထောင်အတွင်း ဝမ့်ရှင်းလမ်းကို ဒီလောက် အချိန်တိုတိုနဲ့ ဖြတ်ကျော် နိုင်တာ ဆန်းလျန် တစ်ယောက်ပဲ ရှိသေးတယ်။ ဒါက သူ့ရဲ့ စိတ်စွမ်းအားနဲ့ ဝိညာဉ်စွမ်းအား ဘယ်လောက် ထက်မြက်နေသလဲ ဆိုတာ ပြနေတာပဲ။ သူဟာ ကျိဝေ့တုန်း ကျင့်စဉ်အဖြေကို အကောင်းဆုံး လေ့ကျင့် နိုင်မယ့် သူပဲ။ ဆရာဦးလေးဟုန်တော့ တကယ့်ကို စိတ်လှုပ်ရှား နေတော့မှာ အသေအချာပဲ"

တာအိုဆရာ စန်းဝမ့်က ပြောလိုက်လေသည်။

"ဆရာဦးလေးက ဘယ်လို လူမျိုးလဲ သိချင်မိတယ်။ ဆရာဦးလေးက အစ်ကိုစန်းဝမ့်ရဲ့ လက်ကို ဖြတ်ခဲ့တာတောင်မှ သူ့ကို နည်းနည်းလေးမှ ဒေါသ မဖြစ်ဘူးလား"

ကျင့်ကြံသူ လူငယ်က မေးလိုက်လေသည်။

***

All Chapters