← Chapters

အခန်း (၅၆၂)

Vol. 57 Ch. 562

အခန်း (၅၆၂)

Vol. 57 Ch. 562

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင်သည် ဖူကျိုးမြို့ထဲသို့ ဝင်ရောက်ပြီးနောက် ၊ မည်သူ့ကိုမျှ မထိပါးဘဲ အိမ်တိုင်းစေ့ ရေပို့ပေးပြီး ၊ ရိက္ခာပြတ်လပ်နေသော အိမ်ထောင်စုများကို ရိက္ခာထောက်ပံ့ပေးခဲ့သည်။

သို့သော် သူသည် သူ၏ မွေးစားဖခင် လီဝမ်ဟွေ့နှင့် မတူပေ။ လီဝမ်ဟွေ့သည် အပြင်ပန်းတွင် အေးစက်သော်လည်း ၊ လူထု၏ စိတ်နှလုံးကို သိမ်းပိုက်ရာ၌ အလွန် ကျွမ်းကျင်သည်။

တုပိုင်ကမူ အမြဲတမ်း အေးစက်နေတတ်သည်။ မြို့ထဲဝင်လာပြီးနောက် မြို့မိမြို့ဖများကို လက်ခံတွေ့ဆုံခြင်း မရှိ ၊ ချစ်ကြည်ရင်းနှီးမှု မယူ ၊ နွေးထွေးမှု မပြသဘဲ ၊ အလွန် မောက်မာဝင့်ကြွားနေပြီး ၊ ပြည်သူများကို အပြင်မထွက်ရန် တိုက်ရိုက် အမိန့်ပေးခဲ့သည်။

သူ၏ မောက်မာပြီး အေးစက်သော သဘောထားကြောင့် ဖူကျိုးမြို့သူမြို့သားများ၏ စိတ်ထဲတွင် သူ့အပေါ် အမြင်မကြည်လင်မှုများ ဖြစ်ပေါ်စေခဲ့သည်။

အဓိကအချက်မှာ ဖူကျိုးမြို့သည် လီရူဟိုင်၏ အုပ်ချုပ်မှုအောက်တွင် ဆယ်နှစ်နီးပါး ရှိနေခဲ့ပြီ ဖြစ်သည်။ အခြေအနေ သိပ်မကောင်းလှသော်လည်း ၊ လီမိသားစု၏ ဝါဒဖြန့်ချိမှုအောက်တွင် နေသားကျနေပြီ ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် တုပိုင် ယခုရက်ပိုင်း ဝေငှပေးသော ထမင်းတစ်နပ်သည် သူတို့အတွက် ဆယ်နှစ်တာကာလအတွင်း အကောင်းဆုံး အစားအစာ ဖြစ်ကောင်းဖြစ်နိုင်သည်။

မဟုတ်လျှင် စားပြီးသည်နှင့် အိပ်မပျော်နိုင်အောင် ဖြစ်ရသည်မှာ မည်သို့သော အကြောင်းပြချက် ရှိနိုင်မည်နည်း။

သို့သော် ဖူကျိုးမြို့သူမြို့သားများသည် လီမိသားစု၏ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိမှုအောက်တွင် တစ်ခုတည်းကိုသာ မှတ်မိနေကြသည်။ သူတို့သည် လီမိသားစုဝင်များ ဖြစ်ပြီး ၊ တာ့နင်အင်ပါယာနှင့် တစ်မြေတည်းနေ တစ်ရေတည်းသောက်သူများ မဟုတ်ကြပေ။

ထို့အပြင် ဘုရင်မင်းမြတ်လီထံ၌ စစ်သည် သိန်းချီရှိပြီး ၊ တုပိုင်ထံ၌မူ သောင်းဂဏန်းသာ ရှိသည်။ တုပိုင် တစ်ပွဲတစ်လမ်း အနိုင်ရလျှင်ပင် အသုံးမဝင် ၊ ဘုရင်မင်းမြတ်လီ၏ စစ်တပ် ရောက်လာသည်နှင့် တုပိုင် လုံးဝ ပျက်စီးသွားပေလိမ့်မည်။

နောက်တစ်ချက်မှာ တုပိုင်သည် သုံ့ပန်း တစ်သောင်းခွဲကို သတ်ဖြတ်ပြီးနောက် ၊ အရပ်သား တစ်ဦးတစ်ယောက်ကိုမျှ မသတ်ဖြတ်ခဲ့ပေ။

ထို့ကြောင့် မြို့ထဲရှိ လူများသည် တိတ်ဆိတ်သော ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွင် ရှိနေကြဆဲ ဖြစ်သည်။ သေချာသည်မှာ တုပိုင်၏ တပ်မတော်သည်လည်း အလွန် အေးစက်လှသည်။

ယခု ဘုရင်မင်းမြတ် လီရူဟိုင်၏ စစ်တပ် အမှန်တကယ် ရောက်ရှိလာပြီး ၊ ကောင်းကင်မှ မိုးကြိုးများကိုပါ ခေါ်ဆောင်လာပြီဖြစ်၏။

တုပိုင်၏ စစ်သည်များကို ကြည့်လိုက်ပါက ၊ အားလုံး မြေကြီးပေါ်တွင် ဝပ်လျက် မလှုပ်ရဲကြပေ။ သူတို့ ကျိန်းသေ ရှုံးနိမ့်တော့မည် ၊ တုပိုင် ကျိန်းသေ ပျက်စီးတော့မည်။

ရုတ်တရက် လူတစ်ယောက်က မြှောက်ပေးလိုက်သည်။ “တုပိုင် သွားပြီဟေ့... ဘယ်သူ လမ်းမပေါ် ထွက်ရဲလဲ...”

အဘယ်ကြောင့်ဆိုသော် တုပိုင်က လူတိုင်း အိမ်ထဲတွင် နေရန်နှင့် လမ်းပေါ်ထွက်သူ မည်သူ့ကိုမဆို သတ်ပစ်မည်ဟု ပြောထားသောကြောင့် ဖြစ်သည်။ လူမိုက်တစ်ယောက်က အံကြိတ်ပြီး ပြောလိုက်သည်။ “ငါ လမ်းပေါ် ထွက်ရဲတယ်။”

ပြောပြီးသည်နှင့် သူ နောက်ဆုတ်သွားသော်လည်း ၊ နောက်ဘက်ရှိ လူအချို့က သူ့ကို တွန်းထုတ်လိုက်ကြသည်။

လူမိုက်သည် လူသူကင်းမဲ့နေသော လမ်းမပေါ်တွင် ရပ်လျက် ၊ ရှေ့ဆုံး မြို့ရိုးပေါ်ရှိ စစ်သည်များကို ကြည့်လိုက်ရာ ၊ အားလုံး မြေကြီးပေါ်တွင် ဝပ်နေကြပြီး ၊ မည်သူမျှ သူ့ကို ဂရုမစိုက်သလို ၊ လာရောက် သတ်ဖြတ်ခြင်းလည်း မရှိပေ။

ရုတ်တရက် သူသည် ကြောက်စိတ်ကို ဖြေဖျောက်ပြီး အိမ်ဘေးရှိ လမ်းမအတိုင်း လျှောက်သွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ၊ တုပိုင်၏ မိန်းမစိုးခွေးတပ်ဖွဲ့ သွားပြီ ၊ မြို့ထဲက လူတွေကို လုံးဝ မထိန်းချုပ်နိုင်တော့ဘူး။

သူ အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါ ၊ လူမိုက်သည် ပိုမို ရဲတင်းလာပြီး လမ်းမပေါ်တွင် ဟိတ်ဟန်ထုတ်ကာ လျှောက်လှမ်းလာသည်။

ဒုတိယတစ်ယောက် ၊ တတိယတစ်ယောက် ၊ စတုတ္ထတစ်ယောက်... နောက်ဆုံးတွင် လမ်းမများပေါ်၌ လူများ ပိုမို ပြည့်နှက်လာသည်။

ရာချီသော လူများ ၊ ထောင်ချီသော လူများ ထွက်လာကြသည်။ အစပိုင်းတွင် ဒေသခံ လူမိုက်အချို့သာ ဖြစ်သော်လည်း ၊ နောက်ပိုင်းတွင် သာမန်ပြည်သူအချို့လည်း လမ်းမပေါ် ထွက်လာကြသည်။

သူတို့သည် တုပိုင်၏ စစ်တပ်ကို တိုက်ခိုက်ရန် မရဲကြဘဲ အနားသို့ သိပ်မကပ်ရဲကြပေ။

သို့သော် သူတို့သည် ဟိတ်ဟန်ထုတ်ကာ မြို့ထဲ၌ တမင်တကာ လျှောက်သွားနေကြသည်။

“ထွီ...”

“ထွီ...”

အချို့လူများသည် တုပိုင်၏ စစ်တပ်ကို ကြည့်ပြီး မြေကြီးပေါ်သို့ တံတွေးထွေးကာ ၊ ရန်စမှုနှင့် ဆန့်ကျင်မှုကို ပြသကြပြီးနောက် လူအုပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက် ပုန်းရှောင်သွားကြသည်။

“တုပိုင် ခွေးကုန်းကုန်းလေး... မင်း မကြာခင် သေတော့မယ်...”

“ခွေးကုန်းကုန်းတုပိုင်... မင်း သွားပြီ... ငါ မင်းအမိန့်ကို ဖောက်ဖျက်ပြီး လမ်းပေါ် ထွက်လာတာလေ... မင်း ဘာတတ်နိုင်သေးလဲ...”

အချို့လူများသည် လူအုပ်ထဲတွင် ပုန်းလျက် အော်ဟစ်ဆဲဆိုကြပြီး ၊ စကားလုံးများ ပိုမို ရိုင်းစိုင်းလာသော်လည်း ၊ လူလုံးထွက်မပြကြပေ။

…

တုပိုင်သည် မြို့ထဲရှိ အဖြစ်အပျက် အားလုံးကို မြင်တွေ့နေရပြီး ၊ မျက်လုံးထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည်။

သူသည် ဧကရာဇ်ထျန်ယွင်နှင့် မတူပေ ၊ ထိုမျှလောက် သဘောထားကြီးသူ မဟုတ်ပေ။ ဟွာရှာလူမျိုးစု တစ်ခုလုံးအပေါ်တွင်မူ တုပိုင် ချစ်မြတ်နိုးမှု အပြည့်ရှိသည်။

ယခု သူလုပ်ဆောင်နေသည်မှာ ပြည်ပရန်သူများ ဟွာရှာကို ကျူးကျော်ခြင်းမှ ကာကွယ်ရန် ၊ ဟွာရှာ ပြိုကွဲမသွားစေရန် ၊ သန်းပေါင်းများစွာသော ပြည်သူများ အိုးမဲ့အိမ်မဲ့ မဖြစ်စေရန်နှင့် ကမ္ဘာမြေပေါ်ရှိ အခြား ဟွာရှာလူမျိုး သန်း ၁၀၀ နီးပါး အသတ်ခံရသည့် ဖြစ်ရပ်ဆိုးမျိုး ရှောင်ရှားနိုင်ရန် ဖြစ်သည်။

ဟွာရှာသည် လူမျိုးတစ်မျိုးအနေဖြင့် အလွန် ကြီးမြတ်သည်။ တစ်သီးပုဂ္ဂလအနေဖြင့်လည်း ဟွာရှာလူမျိုး တစ်ဦးချင်းစီသည် ကြံ့ခိုင်ပြီး ကြီးမြတ်ကြသည်။

သို့သော် လူရာဂဏန်း ၊ ထောင်ဂဏန်း ၊ သောင်းဂဏန်း စုဝေးလိုက်ပါက ၊ ဤလူအုပ်စု၏ မိုက်မဲမှုသည် တစ်ခါတစ်ရံ စဉ်းစား၍ပင် မရနိုင်လောက်အောင် ဖြစ်တတ်သည်။

တုပိုင်သည် မြို့ထဲရှိ ပိုမို ဆိုးရွားလာသော ပြဇာတ်ကို ကြည့်နေလိုက်၏။

အကယ်၍ ဆက်လက် ကြီးထွားခွင့် ပေးထားလိုက်ပါက ၊ မရေမတွက်နိုင်သော လူများနှင့် ပြင်ပရန်သူများ ပူးပေါင်းပြီး တုပိုင်ကို တိုက်ခိုက်လာသည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။

သူတို့သည် တကယ်တမ်း တက်ရောက်တိုက်ခိုက်ရဲမည် မဟုတ်သော်လည်း ၊ ကျောက်ခဲများ ပစ်ပေါက်ခြင်း ၊ မီးရှို့ခြင်းများ ပြုလုပ်နိုင်ကြသည်။

**--**--**--**--**--**--**--**

အပြင်ဘက်တွင် အက်စ်၏ အမြောက် တစ်ရာကျော်သည် နေရာနှင့် ပြောင်းဝများကို ထပ်မံ ချိန်ညှိပြီးပြီ ဖြစ်သည်။

တတိယအကျော့ ပစ်ခတ်မှု စတင်တော့မည်။ နှစ်ကြိမ်တိုင် ချိန်ညှိပြီးနောက် ၊ တတိယအကျော့ အမြောက် ပစ်ခတ်မှု၏ တိကျမှုသည် များစွာ မြင့်တက်လာမည် ဖြစ်ပြီး ၊ မြို့ရိုးကတုတ်များကို ချိန်ရွယ်ကာ ဖြိုခွင်းပစ်တော့မည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် အမှန်တကယ်ပင် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

နှစ်ကျော့ ပစ်ခတ်ပြီးနောက် ၊ တုပိုင်သည်လည်း ဤခေတ်၏ အမြောက်သဘောသဘာဝကို ယေဘုယျ နားလည်သွားပြီ ဖြစ်သည်။

သူ၏ လက်အောက်ရှိ သောင်းနှင့်ချီသော စစ်သည်များသည်လည်း အမြောက်၏ စွမ်းအားကို ကောင်းစွာ ခံစားလိုက်ရပြီး ၊ စစ်ပွဲပုံစံ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း နက်ရှိုင်းစွာ ခံစားလိုက်ရပြီ ဖြစ်သည်။

အက်စ်သည် စူးရှစွာ အော်ဟစ်လိုက်သည်။ “ယမ်းဖြည့်...”

အမြောက်ပြောင်း ရာပေါင်းများစွာ၏ အတွင်းပိုင်းသို့ ယမ်းများ ဖြည့်သွင်းလိုက်ကြသည်။

တစ်ချိန်တည်းတွင် မြို့ထဲရှိ လူမိုက် ရာပေါင်းများစွာသည် အမှန်တကယ် လက်တွေ့ လှုပ်ရှားလာကြပြီး ၊ အားလုံး မျက်နှာဖုံးများ စွပ်ထားကြသည်။ လက်ထဲတွင် မီးတုတ်များ ကိုင်ဆောင်လျက် မြို့ထဲရှိ တုပိုင်၏ ရိက္ခာဂိုဒေါင်ဆီသို့ ပြေးဝင်သွားကြသည်။

လူမိုက် ရာပေါင်းများစွာနှင့် လူထောင်ပေါင်းများစွာသည် ပေါက်ပြားများ ၊ ဓားမကြီးများကို ကိုင်ဆောင်လျက် ဒီရေအလား တိုးဝင်လာကြသည်။

တုပိုင် ဤဒေသ၏ လူထုစရိုက်ကို တကယ် လျှော့တွက်မိလေသည်။ သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းနေကြသည်။

“တုပိုင် မကြာခင် သေတော့မယ်... လီဘုရင်မင်းမြတ်ရဲ့ စစ်တပ် မကြာခင် ဝင်လာတော့မယ်...”

“ရိက္ခာတွေ လုကြ... တုပိုင် ကုန်းကုန်းခွေးဆီက ရိက္ခာတွေ လုကြ...”

“ပိုက်ဆံတွေ လုမယ်... တုပိုင် ဖူကျိုးမြို့ကို သိမ်းတုန်းက ပိုက်ဆံတွေ အများကြီး လုထားမှာ သေချာတယ်...”

ရိက္ခာဆိုင်ကို စောင့်ကြပ်နေသော စစ်သည် နှစ်ရာသည် ရိက္ခာလာလုသော လူမိုက်များကို အေးစက်စွာ ကြည့်နေကြသည်။

“အားလုံး ရပ်လိုက်... ချက်ချင်း ရပ်လိုက်... စည်းကျော်လာတဲ့သူ ဘယ်သူမဆို သတ်ပစ်မယ်...” တပ်စုမှူးက တင်းမာစွာ ပြောလိုက်သည်။

“ဘာကွ... ငါတို့ ဆယ်ယောက်က သူတို့ တစ်ယောက်ကို ဝိုင်းချရင် သေအောင် နင်းသတ်လို့ ရတယ်... တက်သတ်ကြ... ရိက္ခာတွေ လု... ပိုက်ဆံတွေ လု...”

လူမိုက် ရာပေါင်းများစွာ၏ ဦးဆောင်မှုအောက်တွင် လူထောင်ပေါင်းများစွာသည် အသက်လုပြီး ရှေ့သို့ တိုးဝင်ကာ ၊ ရိက္ခာဂိုဒေါင်ကို စောင့်ကြပ်နေသော စစ်သည် နှစ်ရာကို တိုက်ခိုက်ကြသည်။

“သတ်...” တပ်စုမှူးက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“ရွှီးးး ရွှီးးး ရွှီးးး...” စစ်သည် နှစ်ရာသည် လေးကို ငင်ပြီး မြှားဖြင့် ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။

**--**--**--**--**--**--**--**

“ကျည်ထိုး...” အက်စ် အမိန့်ပေးလိုက်သည်။

တတိယအကျော့ အမြောက် ပစ်ခတ်မှု စတင်တော့မည်ဖြစ်၏။

တစ်ချိန်တည်းတွင် တုပိုင် အသက်ပြင်းပြင်း ရှူလိုက်သည်။ သေစေနိုင်သော တိုက်ခိုက်မှု ပြုလုပ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရန်သူသည် ယမ်းများ အားလုံး ၊ အမြောက်ကျည်ဆန်များ အားလုံးနှင့် အထူးရေနံဆီများ အားလုံးကို အမြောက်တပ်စခန်းပေါ်တွင် စုပုံထားပြီးပြီ ဖြစ်သောကြောင့် ဖြစ်သည်။

မီတာ တစ်ထောင်ကျော် ကျယ်ဝန်းသော အမြောက်တပ်စခန်းပေါ်တွင် ယမ်းပိဿာ သောင်းချီ ၊ အမြောက်ကျည်ဆန် သောင်းချီနှင့် အထူးရေနံဆီ ပိဿာ သောင်းချီတို့ ပြည့်နှက်နေသည်။

တုပိုင် အစောကတည်းက မလှုပ်ရှားခဲ့ခြင်းမှာ ၊ တစ်ချက်က ဤကမ္ဘာ၏ အမြောက်စွမ်းရည်ကို လေ့လာရန် ဖြစ်ပြီး ၊ ပိုမို အရေးကြီးသည်မှာ သူ၏ စစ်သည်များကို အမြောက်စွမ်းအား ခံစားစေချင်၍ ဖြစ်သည်။

ထို့ထက် ပိုမို အရေးကြီးသည်မှာ ရန်သူက ယမ်းများနှင့် အထူးရေနံဆီများ အားလုံး သယ်ဆောင်လာသည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။

ယခု ၊ သူ၏ ဖျက်ဆီးခြင်း အချိန်ကျရောက်လာပြီ ဖြစ်သည်။

အက်စ်က အေးစက်စွာ ပြောလိုက်သည်။ “အောက်တန်းကျတဲ့ မိန်းမစိုး တုပိုင်... သေမင်း ရောက်လာပြီ... သေမင်း ရောက်လာပြီ...”

“ဖျက်ဆီးပစ်...”

“သေစမ်း...”

ထိုအချိန်၌ပင် တုပိုင် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ၊ ကောင်းကင်သို့ ထောင့်ဖြတ် ချိန်ရွယ်ကာ ၊ လေးကို ငင်ပြီး မြှားကို ရွယ်လိုက်သည်။

အမှောင်ဒြပ်ထု တစ်စက် ပါဝင်သော ဖျက်ဆီးခြင်းမြှားတစ်စင်းကို ငရဲမီးတောက်ဖြင့် မီးညှိလိုက်၏။ ချက်ချင်းဆိုလိုပင် အမှောင်ဒြပ်ထုသည် အနီရောင် ၊ ထို့နောက် အဖြူရောင်သို့ ပြောင်းလဲသွား၏။

“ရွှီးးး...”

တုပိုင် ပစ်လွှတ်လိုက်သည်။ ဤသည်မှာ ယခင်က မရှိခဲ့ဖူးသော လျှို့ဝှက်ရွှေလေးနှင့် မြှား ဖြစ်ပြီး ၊ ယခင်က မရှိခဲ့ဖူးသော သားရဲဆန်း၏ အရွတ်ကြိုး ဖြစ်သည်။

ထို့ကြောင့် တုပိုင်၏ မြှားသည် မီတာ ၅၀၀ ကျော် အကွာအဝေးကို အံ့သြဖွယ် ရောက်ရှိသွားသည်။

အက်စ် အံ့အားသင့်သွားသည်။ တုပိုင် ရူးသွားပြီလား။ သူ၏ အမြောက် တစ်ရာကျော်ကို မြှားတစ်စင်းတည်းနှင့် ပြန်တိုက်ရန် ကြိားစားနေ၏။

ထို့အပြင် မီးမြှားပင် မဟုတ်ချေ။

“ဟားဟားဟား...” အက်စ် ရယ်မောလိုက်ပြီး ပြောလေ၏။ “အသားဝါမျောက် မိန်းမစိုး တုပိုင်... မင်း ရူးသွားပြီလား... ဟားဟားဟား...”

“ဒေါက်...” တုပိုင်၏ ဖျက်ဆီးခြင်းမြှားသည် ပြစ်မှတ်သို့ တည့်တည့်မှတ်မှတ်ကြီး စိုက်ဝင်သွား၏။ မြေကြီးထဲသို့ နှစ်လက်မခန့် စိုက်ဝင်သွားသည်။

အက်စ် ရှေ့သို့ တိုးသွားပြီး မြှားကို ခြေထောက်ဖြင့် ပြင်းထန်စွာ နင်းချလိုက်သည်။

“ဝုန်းးး...” တစ်ချိန်တည်းတွင် ကမ္ဘာမြေကြီး တုန်ခါသွားစေသော အစိမ်းရောင် ငရဲမီးတောက်ကြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

အံ့သြဖွယ်ရာပင် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ၊ မီတာ တစ်ရာ အချင်းဝက်အတွင်းရှိ အရာအားလုံး ချက်ချင်း ပျောက်ကွယ်သွားရသည်။

စစ်သေနာပတိချုပ် အက်စ်... ပြာကျသွားသည်။

အမြောက်များ ၊ စစ်သည်များ နှင့် ကျည်ဆန်များ အားလုံး ပျောက်ကွယ်သွားရသည်။

သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

နောက်ဆက်တွဲ လာမည့်အရာကား အမှန်တကယ် ကမ္ဘာပျက်မတတ် တိုက်ခိုက်မှုကြီး ဖြစ်သည်။ အမှန်တကယ် ဖျက်ဆီးခြင်း ဖြစ်သည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

အမြောက်တပ်စခန်း တစ်ခုလုံးရှိ ယမ်းများ အားလုံး ပေါက်ကွဲသွားသည်။ အထူးရေနံဆီများ အားလုံး မီးလောင်ကျွမ်းသွားသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ကမ္ဘာမြေကြီး တုန်ခါသွားစေသော ပေါက်ကွဲမှုကြီးနှင့်အတူ ကောင်းကင်သို့ ထိုးတက်သွားသော မီးတောက်ကြီးများသည် ကြောက်မက်ဖွယ်ကောင်းသလို အနုပညာတစ်ခုကဲ့သို့ပင် လှပ၏။

ဤသည်မှာ တုပိုင် ဤကမ္ဘာသို့ ရောက်လာပြီးနောက် မြင်တွေ့ရသော အကြီးမားဆုံး ပေါက်ကွဲမှုကြီး ဖြစ်သည်။ သောင်းနှင့်ချီသော အမြောက်ကျည်ဆန်များသည် ရူးသွပ်စွာ လွင့်စင်ပြီး ရူးသွပ်စွာ ပေါက်ကွဲကုန်ကြသည်။

ပေါက်ကွဲသွားသည့် ကျည်များသည် ရန်သူ့တပ်စခန်းအပေါ်သို့ မိုးရွာသလို ကျရောက်လာသည်။ မရေမတွက်နိုင်သော စစ်သည်များ ကြေမွသွားပြီး ၊ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်ကြီးက မရေမတွက်နိုင်သော ရန်သူ့စစ်သည်များကို ဝါးမြိုကာ မီးသွေးတုံးများအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။ စစ်မြေပြင်တစ်ခုလုံး ငရဲဘုံအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters