အခန်း (၅၆၄-၅၆၅)
Vol. 57 Ch. 564-565
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၄ + ၅၆၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယခုအချိန်၌ အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်တပ်ကြီးသည် အစိတ်အပိုင်း နှစ်ခုအဖြစ် ကွဲထွက်သွားလေ၏။
တစ်စိတ်တစ်ဒေသသည် စစ်မှန်သော မီးနတ်ဘုရား စစ်တပ်ဖြစ်ပြီး ၊ ကျန်တစ်စိတ်တစ်ဒေသမှာမူ တိုင်းပြည်အသီးသီးမှ စုဆောင်းထားသော ကြေးစားစစ်သည်များ ဖြစ်ကြပေသည်။ စစ်မှန်သော အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်တပ်အင်အားမှာ တစ်သောင်းခန့်သာ ရှိသည်။
သူတို့သည်လည်း ယခုလေးတင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြီး၏ ဒဏ်ကို ခံစားခဲ့ရသဖြင့် ယခုအချိန်ထိ ခေါင်းမူးနားအူ ဖြစ်ကျန်ကြရ၏။ သို့သော် တပ်မှူး၏ အလံဝှေ့ယမ်းလိုက်သည်ကို မြင်လျှင်မြင်ချင်း လျင်မြန်စွာ တန်းစီလိုက်ကြပြီး တုပိုင်၏ မြင်းစီးတပ်ကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြလေသည်။
“မီးနတ်ဘုရားရဲ့ စစ်တပ်တော်... မင်းတို့ ရင်ဆိုင်နေရတာက ခေတ်နောက်ကျပြီး မသိနားမလည်တဲ့ အသားဝါမျောက်အုပ်စုပဲ... မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ပုံမှန်ထက် ငါးပုံတစ်ပုံပဲ ကျန်တော့တယ်ဆိုတာ ငါသိတယ်... ဒါပေမဲ့ ဒီမျောက်တွေကို သတ်ဖို့ လုံလောက်ပါတယ်...”
“မီးနတ်ဘုရားရဲ့ ဂုဏ်သိက္ခာအတွက်... သတ်...”
မီးနတ်ဘုရား တပ်မှူးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
မျက်တောင်တစ်ခတ်အတွင်း တုပိုင်၏ မြင်းစီးတပ်သား လေးထောင်သည် ရူးသွပ်စွာ ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။ ထိုအခိုက်အတန့်၌ ရူးသွပ်ဖွယ်ရာ တုန်ခါမှု ၊ ရူးသွပ်ဖွယ်ရာ တိုက်ခိုက်မှုတို့ ဖြစ်ပေါ်လာလေ၏။
ချက်ချင်းပင် မရေမတွက်နိုင်သော မီးနတ်ဘုရား စစ်သည်များ တိုက်ရိုက် လွင့်စင်သွားကြရ၏။ ထို့နောက် သွေးဆာစွာ နင်းချေခြင်း ၊ ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာ၏။
“ရွှီးးး... ရွှီးးး... ရွှီးးး...”
တုပိုင်၏ စစ်သည်တော်များသည် လက်ထဲမှ ဓားများ အငမ်းမရ ဝှေ့ယမ်း ခုတ်ပိုင်းနေကြသည်။ အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး မည်သူမျှ တားဆီးနိုင်စွမ်း မရှိပေ။ အမှန်အတိုင်း ဆိုရလျှင် အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်တပ်သည် အလွန် အစွမ်းထက်လှပေသည်။
သူတို့သည် ကျွမ်းကျင်စစ်တပ်တစ်ခု ဖြစ်ပြီး သူတို့ကို ထောက်ပံ့ပေးထားသည်မှာ ယုံကြည်ချက် မဟုတ်ဘဲ ဂုဏ်သိက္ခာသာ ဖြစ်သည်။ သူတို့၏ ကာယကြံ့ခိုင်မှုနှင့် တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်သည် ယခင် လီရူဟု၏ မီးနတ်ဘုရား စစ်တပ်ထက်ပင် ပိုမို သာလွန်ကောင်းမွန်လှသည်။
သို့သော် ကမ္ဘာမြေကြီး တုန်ခါသွားစေသော ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးပြီးချင်း နားများ အူနေဆဲ ၊ မျက်လုံးများ ကောင်းကောင်း မမြင်ရသေးချိန် ၊ တိုက်ခိုက်ရေးစွမ်းရည် သုံးပုံတစ်ပုံအောက်သာ ကျန်ရှိတော့သည့် အခြေအနေမျိုးတွင် တုပိုင်၏ အကောင်းဆုံး လက်ရွေးစင် မြင်းစီးတပ်ကို ရင်ဆိုင်ရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် လုံးဝ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်သွားလေတော့သည်။ တုပိုင်၏ မြင်းစီးတပ်သည် ရန်သူများကို ရူးသွပ်စွာ ဝင်တိုက် ၊ ရက်စက်စွာ နင်းချေ ၊ သွေးဆာစွာဖြင့် ခေါင်းဖြတ်ကာသတ်ဖြတ်နေကြသည်။
တစ်ချိန်တည်းတွင် ဖူဟုန်ပင်းသည် စစ်သည် နှစ်သောင်းကို ဦးဆောင်၍ ရောက်ရှိလာလေ၏။ နာရီဝက် မပြည့်မီ အချိန်အတွင်း လက်ရွေးစင် အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်သည် တစ်သောင်းလုံး ခေါင်းဖြတ် သတ်ဖြတ်ခံလိုက်ရလေသည်။
ကျန်ရှိသော လူ နှစ်သောင်းသည် တိုင်းပြည်အသီးသီးမှ စုဆောင်းထားသော ကြေးစားစစ်သည်များ ဖြစ်ပြီး မီးနတ်ဘုရား စစ်ဝတ်စုံကို ဝတ်ဆင်ထားရုံသာ ရှိသည်။ ယခုအချိန်တွင် သူတို့သည် တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားပြီး အားလုံး မြေကြီးပေါ်တွင် ဒူးထောက်ကာ လက်နက်ချလိုက်ကြသည်။
လက်နက်ချနေစဉ်တွင်ပင် နာကျင်စွာဖြင့် ခေါင်းခါနေကြရသည်။ ကြေးစားစစ်သည်များအတွက် လက်နက်ချခြင်းသည် သာမန်သာဖြစ်၏။ စစ်သေနာပတိချုပ် အက်စ်ပင် သေဆုံးသွားပြီ ဖြစ်ရာ သူတို့အနေဖြင့် အသက်ပေး တိုက်ခိုက်စရာ အကြောင်းရင်း မရှိတော့ပေ။
တုပိုင်သည် ဧရာမ ဝံပုလွေကြီးကို စီးလျက် တပ်မှူးတစ်ဦး၏ ရှေ့သို့ ရောက်ရှိလာ၏။
“မင်းက သူတို့ခေါင်းဆောင်လား...”
တုပိုင်က ပါရှန်းဘာသာစကားဖြင့် မေးလိုက်သည်။
သေချာသည်မှာ သူ ပါရှန်းစကား မတတ်ချေ။ အိပ်မက်စနစ်က ပြောသမျှကို ကြက်တူရွေးနှုတ်တိုက် ပြန်ပြောနေခြင်းသာ ဖြစ်သည်။
တပ်မှူးက ဖြေကြားလိုက်သည်။
“မီးနတ်ဘုရား သက်ရှိထင်ရှား ရှိပါစေ... သခင်ကြီးက ပါရှန်းစကား တတ်တာပဲ... ဝမ်းသာစရာပါ... ကျွန်တော့်နာမည်က တာရုချီပါ... ကျွန်တော်က ကြေးစားစစ်တပ်တစ်ခုရဲ့ ခေါင်းဆောင်ပါ... ကျွန်တော့်လက်အောက်မှာ လူ နှစ်ထောင် ရှိပါတယ်... ဒီတပ်မှူးရာထူးကိုတော့ စစ်သေနာပတိချုပ် အက်စ်က ခန့်အပ်ထားတာပါ...”
တုပိုင်က ဆက်မေးလိုက်သည်။
“မင်းတို့ စစ်သည် ငါးသောင်းထဲမှာ မီးနတ်ဘုရား စစ်သည် ဘယ်နှယောက် ၊ ကြေးစားစစ်သည် ဘယ်နှယောက် ပါလဲ...”
ဝမ်ဟု တာရုချီက ဖြေသည်။
“မီးနတ်ဘုရား စစ်သည် နှစ်သောင်းခွဲနဲ့ ကြေးစားစစ်သည် နှစ်သောင်းခွဲပါ... မီးနတ်ဘုရား စစ်သည်တွေက အသေခံတိုက်ကြတော့ အကုန် သေကုန်ကြပြီ... ကျွန်တော်တို့ ကြေးစားစစ်သည် နှစ်သောင်းလောက်ပဲ ကျန်တော့တယ်...”
“အက်စ်က မင်းတို့ကို ငှားဖို့ ဘယ်လောက် ပေးရလဲ...”
“သာမန်လူတစ်ယောက်ကို တစ်လ ငွေစ သုံးပြားပါ... တစ်နှစ်စာချုပ်ပါ... စစ်မထွက်ခင် တစ်ဝက် ကြိုရှင်းရပါတယ်... စုစုပေါင်း ငွေပြား လေးသိန်းခွဲပါ...”
တုပိုင်က ပြောလိုက်သည်။
“အခု သူ သေသွားပြီဆိုတော့... မင်းတို့ ကျန်တဲ့ တစ်ဝက် ရတော့မယ့်ပုံ မပေါ်ဘူး...”
“ဘယ်သူ ပြောလဲ... မရနိုင်...”
ဝမ်ဟု တာရုချီက ချက်ချင်း တုံ့ပြန်လိုက်သော်လည်း သူ့မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။
“ဒါပေမဲ့ စစ်သူကြီး... ကျွန်တော် ထင်တာကတော့ စစ်သူကြီး ကျွန်တော်တို့ကို ငှားလို့ ရပါတယ်...”
တုပိုင်သည် မီးနတ်ဘုရား စစ်ဝတ်စုံ ဝတ်ဆင်ထားသော ကြေးစားစစ်သည် နှစ်သောင်းကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့ကို ငှားမယ်ဆိုရင် ဘယ်လောက် ပေးရမလဲ...”
ဝမ်ဟု တာရုချီက ပြောလိုက်သည်။
“စစ်သူကြီးက အသားဝါလူမျိုး ဆိုတော့... ကျွန်တော်တို့ ကမ္ဘာမှာ အရှေ့တိုင်း အသားဝါလူမျိုး ဆိုတာ ခေတ်နောက်ကျပြီး အရိုင်းဆန်တဲ့ အဓိပ္ပာယ်ဆောင်တယ် ဆိုတာ သိမှာပါ... တကယ်လို့ ကျွန်တော်တို့ နိုင်ငံက ကြေးစားစစ်သည်တွေက ကျွန်တော် အသားဝါလူမျိုးဆီမှာ အမှုထမ်းခဲ့ဖူးတယ် ဆိုတာ သိရင်... သူတို့ ကျွန်တော့်ကို လှောင်ရယ်ကြလိမ့်မယ်... ပြီးတော့ ကြားတာက စစ်သူကြီးက သင်းကွပ်ခံထားရသူ ဆို... ဒါက ကျွန်တော်တို့ဆီမှာ မကြားဖူးတဲ့ ကိစ္စပဲ... ဒါကြောင့် ကျွန်တော် စစ်သူကြီးဆီမှာ အမှုထမ်းမယ်ဆိုရင်... ကျွန်တော့်နာမည်ဆိုးက ဇာတိမြေအထိ ပျံ့နှံ့သွားလိမ့်မယ်...”
ယခုအချိန်တွင် ဤဝမ်ဟု တာရုချီသည် စစ်ဗိုလ်တစ်ဦးနှင့် မတူတော့ဘဲ ကုန်သည်တစ်ဦးနှင့် ပိုတူနေပေသည်။
တုပိုင်က ပြောလိုက်သည်။
“လိုရင်းပဲ ပြောပါ... မင်းတို့ကို ငှားမယ်ဆိုရင် ဘယ်လောက် ကျမလဲ...”
ဝမ်ဟု တာရုချီက မျက်လုံး ကလည်ကလည် လုပ်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ ကြေးစားစစ်သည် နှစ်သောင်းထဲမှာ တချို့က ပါရှန်းလူမျိုးတွေ ၊ တချို့က ရှေးဟောင်း ရောမလူမျိုးတွေတောင် ပါသေးတယ်... အားလုံးက မြင့်မြတ်တဲ့ လူမျိုးတွေချည်းပဲ... ကျွန်တော်တို့ကို ငှားတာက စစ်သူကြီးအတွက် ဂုဏ်ယူစရာ ဖြစ်လာစေမှာပါ... ဒါကြောင့် ပျမ်းမျှ တစ်ယောက်ကို တစ်လ ငွေစ ကိုးပြား... တစ်နှစ်စာချုပ်အတွက် ဆယ်ပုံ ခုနစ်ပုံ ကြိုရှင်းပေးရမယ်...”
“ဆိုလိုတာက... ငါ မင်းတို့ကို ငှားချင်ရင်... တစ်ခါတည်း ရွှေပြား ခုနစ်သောင်းခွဲ ပေးရမယ်ပေါ့... အက်စ် ငှားတဲ့ ဈေးထက် နှစ်ဆကျော် ပိုများနေတာပေါ့...”
ဝမ်ဟု တာရုချီက ပခုံးတွန့်ပြီး ပြောလိုက်သည်။
“ဘယ်သူက သူ့ကို မီးနတ်ဘုရားမျိုးနွယ် မြင့်မြတ်တဲ့ အဖွဲ့ဝင် ဖြစ်စေချင်လို့လဲ... စစ်သူကြီးကကျတော့... အောက်တန်းကျတဲ့ အသားဝါလူမျိုး... ပြီးတော့ သင်းကွပ်ခံထားရသူ ဖြစ်နေတာကိုး... ဒါကြောင့် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ ဆုံးရှုံးမှုကို ကာမိစေဖို့ ငွေပမာဏ တစ်ခု လိုအပ်တာပေါ့...”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီလေ...”
“ဒါဆို စစ်သူကြီး သဘောတူလိုက်ပြီပေါ့... တကယ်ကို ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပါပဲ... မြင့်မြတ်တဲ့ လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ ကြေးစားစစ်တပ်က စစ်သူကြီးရဲ့ ရန်သူတွေကို မတိုက်ခိုက်ခင်မာကို တုန့်ဆိုင်းသွားစေပါလိမ့်မယ်...”
ဝမ်ဟု တာရုချီက ဝမ်းသာအားရ ပြောလိုက်သည်။
သို့သော် တုပိုင် ခေါင်းခါပြီး ပြောလိုက်သည်။
“ဟင့်အင်း... မဟုတ်ဘူး... ငါက မင်းတို့ဆီမှာ ပိုက်ဆံ ဘယ်လောက် ရှိလဲ သိချင်ရုံ သက်သက်ပါပဲ...”
ဝမ်ဟု တာရုချီ၏ မျက်နှာ အရောင်ပြောင်းသွားပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။
“စစ်... စစ်သူကြီး... ဘာဆိုလိုတာလဲ... ကျွန်တော်တို့ ဈေးညှိလို့ ရပါတယ်...”
“ငါ မင်းတို့ကို ငှားဖို့ စိတ်ကူး လုံးဝ မရှိဘူး... ငါ့မှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်... အဲဒါက မင်းတို့ဆီမှာ ပိုက်ဆံ ဘယ်လောက် ရှိလဲ သိချင်တာ... ပြီးရင် မင်းတို့ အားလုံးကို သတ်ပြီး... ပိုက်ဆံတွေ ယူသွားဖို့ပဲ...”
ဝမ်ဟု တာရုချီ ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့ ကြေးစားစစ်သည် နှစ်သောင်းကို တုပိုင်၏ စစ်တပ်က ဝိုင်းထားပြီး ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“ကျွန်တော်တို့ လက်နက်ချပြီးပြီလေ... ကျွန်တော်တို့ လက်နက်ချပြီးပြီ...”
ဝမ်ဟု တာရုချီက အော်ဟစ်လိုက်သည်။
“သုံ့ပန်းတွေကို သတ်ရဲတယ်လား... မင်း တစ်လောကလုံးရဲ့ ဒေါသကို ဆွပေးသလို ဖြစ်သွားလိမ့်မယ်... နိုင်ငံပေါင်း ဒါဇင်ချီ ၊ လူသန်းပေါင်း ရာချီ ၊ စစ်သည် သန်းချီရဲ့ ဒေါသကို ခံရလိမ့်မယ်...”
တုပိုင်သည်တော့ အေးစက်နေသည့် မျက်လုံးတို့ဖြင့် နဂါးသတ်ဓားကို မြှောက်လိုက်ပြီး ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။ ချက်ချင်းပင် ဝမ်ဟု တာရုချီ နှစ်ပိုင်းကွဲသွားလေသည်။
“အားလုံးကို... သတ်ပစ်...” တုပိုင် အမိန့်ပေးလိုက်၏။
ချက်ချင်းပင် မြင်းစီးတပ်သား လေးထောင်သည် စိတ်ရိုင်းဝင်သကဲ့သို့ ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။ သောင်းနှင့်ချီသော စစ်သည်များသည် လက်နက်များကို ဝှေ့ယမ်းပြီး တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးနေသော ကြေးစားစစ်သည် နှစ်သောင်းကို သတ်ဖြတ်လိုက်ကြလေသည်။
ရုတ်တရက် သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး သွေးများပင် ကောင်းကင်သို့ ပန်းထွက်လာသည်။
**--**--**--**--**--**--**--**
တစ်နာရီ ကြာပြီးနောက် စစ်ပွဲ ပြီးဆုံးသွားလေ၏။
မီးနတ်ဘုရား စစ်ဝတ်စုံ ဝတ်ဆင်ထားသော ကြေးစားစစ်သည် နှစ်သောင်းနီးပါး သုတ်သင်ရှင်းလင်း ခံလိုက်ရပြီး ထောင်ဂဏန်းခန့်သာ ထွက်ပြေးလွတ်မြောက်သွားကြသည်။
လူတိုင်း၏ သံကွင်းချပ်ဝတ်စုံများနှင့် မီးဒဏ်ခံ စစ်ဝတ်စုံများကို ချွတ်ယူလိုက်ပြီး သူတို့ ကိုယ်ပေါ်ရှိ ရွှေတုံး ၊ ငွေတုံးများကို တစ်ပြားမကျန် သိမ်းဆည်းလိုက်သည်။
တုပိုင်သည် အမှန်တကယ်မူ ကြေးစားစစ်သည် နှစ်သောင်းကို သိမ်းသွင်းလိုခဲ့ပေသည်။
သူတို့ အဖမ်းခံရပြီ ဖြစ်သဖြင့် လွတ်လပ်ခွင့် ရရှိရန်အတွက် တုပိုင်ကို နှစ်ဝက်ခန့် အလုပ်အကျွေး ပြုရမည်။ ပြီးနောက်မှ တစ်လ ငွေစ တစ်ပြား နှစ်ပြား ပေးမည်ဟု စဉ်းစားခဲ့သည်။
သို့သော် ဝမ်ဟု တာရုချီ၏ မောက်မာမှုနှင့် ခြင်္သေ့ပါးစပ် ဟထားသကဲ့သို့ ဈေးကိုင်မှုတို့ကြောင့် တုပိုင် အခြားနည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
လူ နှစ်သောင်းကို သတ်ဖြတ်လိုက်ပြီး ငွေစများနှင့် ပစ္စည်းကိရိယာ အားလုံးကို သိမ်းယူလိုက်သည်။ ဤအချိန်တွင် အက်စ် ဦးဆောင်သော စစ်သည် ငါးသောင်း ပါဝင်သည့် စစ်ကြောင်းကြီးသည် လုံးဝနီးပါး သုတ်သင်ရှင်းလင်း ခံလိုက်ရပြီ ဖြစ်သည်။
ထောင်ဂဏန်းသော ကြေးစားစစ်သည်များ ထွက်ပြေးသွားကြရာ ဖူဟုန်ပင်းသည် မြင်းစီးတပ်သား ထောင်ချီကို ဦးဆောင်ပြီး နောက်ဆုံးအဆင့် လိုက်လံ ရှင်းလင်းနေလေသည်။
“အကြောင်းကြားစာ... အကြောင်းကြားစာ... ပိုင်ဆယ်မြို့ အရေးပေါ် စစ်ရေးအခြေအနေ...”
ရုတ်တရက် မြင်းစီးသမားတစ်ဦး အလျင်အမြန် ရောက်ရှိလာပြီး တုပိုင်ရှေ့သို့ ပြေးဝင်လာကာ သံခမောက်ကို ချွတ်လိုက်ရာ မျက်နှာ ပေါ်လာသည်။
သူသည် မွေးစားဖခင် လီဝမ်ဟွေ့၏ လူယုံတစ်ဦး ဖြစ်လေသည်။ သူသည် တုပိုင်ရှေ့တွင် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
“သခင်လေး... ပိုင်ဆယ်မြို့မှာ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်နေပါပြီ...”
ထို့နောက် သူသည် မွေးစားဖခင် လီဝမ်ဟွေ့၏ လျှို့ဝှက်စာတစ်စောင်ကို လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။
တုပိုင် စာကို ဖွင့်ဖတ်လိုက်ရာ ချက်ချင်းပင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်သည် ခုနစ်သောင်း တောင်ဘက်သို့ ချီတက်လာပြီး ပိုင်ဆယ်မြို့နှင့် လီတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယွမ်ထျန်ကျောက်၏ စစ်သည် ငါးသောင်း အနောက်ဘက်သို့ ချီတက်လာပြီး ပိုင်ဆယ်မြို့နှင့် လီတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
စုစုပေါင်း စစ်သည် တစ်သိန်းနှစ်သောင်း... အလွန် အရေးကြီးသော စစ်ရေးအခြေအနေသို့ရောက်လာ၏။
အဆိုးရွားဆုံး အခြေအနေသို့် ရောက်လာပြီဖြစ်၏။ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် သူ့မိသားစု၏ အသက်အန္တရာယ်ကို လုံးဝ ဂရုမစိုက်တော့ဘဲ ဖန်းမိသားစု ပစ်ပေးသော မုန့်ကိုသာ မက်မောပြီး ကမ္ဘာကြီး ကမောက်ကမ ဖြစ်သွားမည်ကို ဂရုမစိုက်ဘဲ ပိုင်ဆယ်မြို့ကို တိုက်ရိုက် တိုက်ခိုက်လာခြင်း ဖြစ်ပေသည်။
ဤနည်းအားဖြင့် ပိုင်ဆယ်မြို့ရှိ စစ်သည် လေးသောင်းကျော်သည် ယွမ်ထျန်ကျောက်၏ လက်ရွေးစင် ငါးသောင်းကိုသာမက ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်သည် ခုနစ်သောင်းကိုပါ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
လေးသောင်း နှင့် တစ်သိန်းနှစ်သောင်းကို ရင်ဆိုင်ရမည်ဖြစ်၏။ အကယ်၍ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လက်ရွေးစင်များ သို့မဟုတ် မီးနတ်ဘုရား စစ်သည်များသာ ဖြစ်ခဲ့လျှင် မြို့စောင့်တပ်အနေဖြင့် အားသာချက် ရှိသဖြင့် ရှုံးနိမ့်မည် မဟုတ်ပေ။
သို့သော် ယခု ပိုင်ဆယ်မြို့တွင် ရှိနေသည်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်လောင်း နှစ်သောင်း ဖြစ်ပြီး သူတို့သည် အလွန် ငယ်ရွယ်ကာ ရင့်ကျက်မှု မရှိကြသေးပေ။
ကျန်ရှိသော လူ နှစ်သောင်းကျော်အနက် တစ်သောင်းခွဲမှာ မိုမိသားစု၏ အဖွဲ့ဝင်ဟောင်း လက်နက်ချသူများ ဖြစ်ကြသည်။ သူတို့သည် ယခင်က တောပုန်းဓားပြများ ဖြစ်ခဲ့ကြပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ လက်ရွေးစင်အဆင့် မဟုတ်သေးချေ။
အကယ်၍ ယွမ်ထျန်ကျောက်၏ စစ်သည် ငါးသောင်းကိုသာ ရင်ဆိုင်ရလျှင် လဝက်ကျော် တောင့်ခံထားနိုင်ပေလိမ့်မည်။ သို့သော် စစ်သည် တစ်သိန်းနှစ်သောင်းကို ရင်ဆိုင်ရမည် ဆိုပါက အခြေအနေသည် အလွန် အရေးကြီးနေပြီ ဖြစ်သည်။
တုပိုင် ယခု မည်သည်ကို ဆက်လုပ်သင့်သ ်နည်း။ တပ်ကို ဦးဆောင်ပြီး ပိုင်ဆယ်မြို့သို့ ပြန်လှည့်သင့်သည်လော။
ထို့နောက် လီရူဟိုင်၏ စစ်သည် လေးသိန်း ၊ ယွမ်ထျန်ကျောက် နှင့် ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်သည် တစ်သိန်းနှစ်သောင်း ဝိုင်းရံတိုက်ခိုက်ခြင်းကို စောင့်ဆိုင်းနေရမည်လော။ ထိုသို့ဖြစ်ပါက စစ်ပွဲပြီးဆုံးရန် တစ်လ နှစ်လ ကြာမြင့်သွားမည်။
ရလဒ် တစ်ခုတည်းသာ ရှိသည်။ မြို့တော်တွင် ရိက္ခာပြတ်လပ်ပြီး တစ်လအတွင်း လူပေါင်း သိန်းချီ အစာငတ်သေဆုံးကုန်ကြလိမ့်မည်။
ဧကရာဇ်သည် ပြည်သူသိန်းချီ အစာငတ်သေဆုံးနေသည်ကို ထိုင်ကြည့်နေမည် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလိမ့်မည်။ ထို့နောက် အိမ်ရှေ့စံ နန်းတက်လာပြီး ဖန်းအုပ်စုနှင့် အပေးအယူ လုပ်လိုက်လိမ့်မည်ဖြစ်၏။
တုပိုင် အဘယ်ကြောင့် စတင် တိုက်စစ်ဆင်ခဲ့သနည်း။
စစ်ပွဲကာလကို တိုတောင်းစေရန်နှင့် မြို့တော်၏ အခြေအနေကို ကယ်တင်ရန် ဖြစ်သည်။ အချိန်လုနေရခြင်း ဖြစ်သည်။
တုပိုင် တပ်ကို ဦးဆောင်ပြီး ပိုင်ဆယ်မြို့သို့ ပြန်လှည့်လိုက်သည်နှင့် ၊ လီမိသားစုကို တိုက်ခိုက်ခြင်း ရပ်တန့်လိုက်သည်နှင့် ယခင် ကြိုးပမ်းမှုများ အားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် တုပိုင်သည် စစ်ပွဲအရှိန်ကို မြှင့်တင်ရမည်။
လီမိသားစုကို အချိန်တိုအတွင်း အမြစ်ပြတ် ချေမှုန်းရမည်။ ထို့နောက် တပ်ကို ပြန်လှည့်ပြီး ရွှမ်ချန်နယ်စားမင်း လုကျန့် နှင့် ယွမ်ထျန်ကျောက်၏ စစ်တပ်ကို အပြတ်ရှင်းပစ်ရပေမည်။
**--**--**--**--**--**--**--**
ဖူကျိုးမြို့ပြင် ကွင်းပြင်ကျယ်ကြီးတွင် လူသောင်းချီ ပြည့်ကျပ်နေအောင် ရပ်နေကြသည်။ တုပိုင် ကျယ်လောင်စွာ မေးလိုက်သည်။
“ခုနက စစ်တိုက်နေတုန်း ဘယ်သူတွေ လမ်းပေါ် ပြေးထွက်လာကြတာလဲ... ဘယ်သူတွေ မီးရှို့တာလဲ... ဘယ်သူတွေ ငါ့ရိက္ခာဂိုဒေါင်ကို တိုက်ခိုက်တာလဲ...”
လူသောင်းချီသည် မလှုပ်မယှက် ရပ်လျက် အေးစက်စွာ ထိပ်တိုက်ရင်ဆိုင်နေကြသည်။ စစ်မိန့်ကို ဖောက်ဖျက်သော ဤလူမိုက်များကို အရေးယူရမည်။ ဤလူအုပ်စုသည် စစ်တိုက်နေစဉ် အိမ်ထဲမှ ပြေးထွက်လာရုံသာမက တုပိုင်ကို စော်ကားခဲ့ပြီး မီးရှို့လုယက်ကာ စစ်တပ်ကို တိုက်ခိုက်ရဲကြသည်။
ဤကိစ္စကို လုံးဝ ခွင့်မလွှတ်နိုင်ပေ။ တုပိုင်က မေးလိုက်သည်။
“ဘယ်သူ သတင်းပေးချင်လဲ...”
ဖူကျိုးမြို့ရှိ လူသောင်းချီသည် ဆက်လက်၍ အေးစက်စွာ ရပ်နေကြသည်။
ရိက္ခာဂိုဒေါင်ကို မီးရှို့တိုက်ခိုက်ခဲ့သော လူမိုက်များသည် လူအုပ်ထဲတွင် တိတ်ဆိတ်စွာ နေနေကြသည်။ ဘေးပတ်လည်ရှိ လူများကလည်း သတင်းပေးရန် သို့မဟုတ် ဖော်ထုတ်ရန် ဆန္ဒမရှိကြပေ။
“မီးရှို့ပြီး ငါတို့စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ လူမိုက်တွေ... ထွက်ခဲ့ကြ...”
တုပိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဖူကျိုးမြို့ရှိ လူသောင်းချီသည် မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။
“သတင်းပေးတဲ့သူကို ဆုချမယ်...”
တုပိုင်ကို မည်သူမျှ ဂရုမစိုက်ကြပေ။
ဤလူများ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်မှုနှင့် ရွဲ့စောင်းမှုများကိုပင် သူ မြင်တွေ့နေရသည်။
‘ငါတို့က လီမိသားစုရဲ့ ပြည်သူတွေကွ... ငါတို့ရဲ့ စိတ်ဓာတ်က ပြင်းထန်တယ်... မင်း နောက်တစ်ပွဲ နိုင်ရင်တောင် ငါတို့ မင်းရှေ့မှာ ဒူးထောက်မှာ မဟုတ်ဘူး...’
တုပိုင် ကောင်းကောင်း သိသည်။ ပြည်သူ့နှလုံးသားကို သိမ်းပိုက်နိုင်သူသာ ကမ္ဘာကို သိမ်းပိုက်နိုင်သည် ဆိုသော စကားကို သူ နားလည်သည်။
သူ၏ စစ်တပ်ကိုလည်း မင်းကောင်းမင်းမြတ်၏ စစ်တပ်ကဲ့သို့ ဖြစ်စေချင်ပြီး ရောက်လေရာတွင် ပြည်သူ့မေတ္တာကို ရရှိကာ လူတိုင်း၏ ထောက်ခံမှုကို ရရှိစေချင်သည်။
သို့သော် လက်တွေ့ဘဝသည် ပိုမို ခက်ခဲကြမ်းတမ်းပုံ ရပေသည်။ ယခု ဖူကျိုးမြို့ရှိ လူသောင်းချီသည် သူ့ကို သေလမ်းသို့ တွန်းပို့နေကြသည်။
ရိက္ခာဂိုဒေါင်ကို တိုက်ခိုက်ပြီး စစ်တပ်ကို မီးရှို့ခဲ့သော လူမိုက်များကို သတ်ပစ်ရမည်။ မဟုတ်လျှင် တုပိုင်၏ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မည်နည်း။
သို့သော် ပြည်သူများကို သတ်ဖြတ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ဤသည်မှာ စည်းဖြစ်သည်။
တုပိုင်က မေးလိုက်သည်။ “စနစ်... မင်း ဒီမီးရှို့လုယက်ပြီး ငါ့စစ်တပ်ကို တိုက်ခိုက်တဲ့ လူမိုက်တွေကို ရှာဖွေနိုင်တယ် မဟုတ်လား...”
အိပ်မက်စနစ်က တိတ်ဆိတ်စွာ ပြောလိုက်သည်။
“စနစ်ရှင်... နောက်ပိုင်းကျရင် ဒီလိုကိစ္စမျိုးတွေ ကြုံရဦးမှာပါ... ကိုယ်ပိုင် ရွေးချယ်မှု လုပ်ရလိမ့်မယ်... ပြီးပြည့်စုံတဲ့ တပ်မှူး ၊ ပြီးပြည့်စုံတဲ့ ဘုရင်ဆိုတာ စာအုပ်ထဲမှာပဲ ရှိတာပါ... ဒေသတစ်ခုရဲ့ အရှင်သခင် ဖြစ်ချင်ရင် ၊ ကမ္ဘာကို အုပ်စိုးချင်ရင် ဒီအဆင့်ကို ကျော်ဖြတ်ရပါလိမ့်မယ်... ဒီလောကကြီးက အမြဲတမ်း ရှုပ်ထွေးတယ် ၊ ရက်စက်တယ် ၊ ရှုပ်ထွေးပွေလီတယ်... အဖြူနဲ့ အမည်းဆိုတာ မရှိပါဘူး...”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“နားလည်ပါပြီ...”
အိပ်မက်စနစ်က ပြောလိုက်သည်။
“ပြီးတော့ ရယ်စရာကောင်းတာက... မင်းက သူတို့ကို တာ့နင်အင်ပါယာရဲ့ ပြည်သူတွေလို့ သတ်မှတ်ထားပေမဲ့... သူတို့ကတော့ သူတို့ကိုယ်သူတို့ လီမိသားစုရဲ့ တာ့ယန်တိုင်းပြည် ပြည်သူတွေလို့ သတ်မှတ်ထားကြတယ်... ကိုယ့်ဘက်ကချည်း ညှာတာမနေနဲ့... သူတို့က သူတို့ကိုယ်သူတို့ အင်ပါယာရဲ့ လူတွေလို့ မသတ်မှတ်ကြပါဘူး... မင်းက သူတို့ကို မလုယက်လို့ ၊ ရေတောင် ပို့ပေးပြီး ၊ ရိက္ခာတွေ ပေးနေလို့ ၊ သူတို့စိတ်ထဲမှာ မင်းကို အထင်သေးနေကြတာ... သူတို့က ရန်သူကို ကြောက်ရင်ကြောက် ၊ မကြောက်ရင် ရန်လိုကြတယ်... မင်းက သူတို့ကို လုံးဝ ကြောက်ရွံ့သွားအောင် မလုပ်နိုင်ခဲ့တော့ ၊ သဘာဝကျကျပဲ ရန်လိုမှုတွေပဲ ရှိနေတာပေါ့...”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ငါ နားလည်ပါပြီ... အရေးအကြီးဆုံး မေးခွန်းက... မင်းရဲ့ ရန်သူက ဘယ်သူလဲ ဆိုတာပါပဲ...”
စနစ်ဆိုလိုသည်ကို နားလည်သွားပြီးနောက် တုပိုင် အေးစက်စွာ ပြောလိုက်သည်။
“ဖူကျိုးမြို့ထဲက အသက် ၁၉ နှစ်နဲ့ ၄၀ ကြား သန်မာထွားကြိုင်းတဲ့ ယောက်ျားတွေ အကုန်လုံးကို ဆွဲထုတ်ပြီး... ခေါင်းဖြတ်သတ်ပြီး လူမြင်ကွင်းမှာ ပြထားလိုက်...”
“အရင်တုန်းက လူမိုက် ဘယ်နှယောက် ရှိသလဲ...”
“သုံးထောင်လား...”
“ဒါဆို သုံးထောင်ပြည့်အောင် သတ်...”
ဤအမိန့် ထွက်ပေါ်လာသည်နှင့် တုပိုင်၏ စစ်တပ်သည် ဝံပုလွေများကဲ့သို့ လူအုပ်ထဲသို့ ပြေးဝင်ပြီး လူဖမ်းကြတော့သည်။ ရုတ်တရက် မရေမတွက်နိုင်သော လူများ ငိုကြွေးအော်ဟစ်ကြသည်။
“ကျွန်တော် အပြစ်မရှိပါဘူး... ကျွန်တော် အပြစ်မရှိပါဘူး... ဘာလို့ ကျွန်တော့်ကို သတ်မှာလဲ... ဘာလို့ ကျွန်တော့်ကို သတ်မှာလဲ...”
တုပိုင် သက်ပြင်းချလိုက်သည်။
“ငါလည်း မသတ်ချင်ပါဘူး... ဒါပေမဲ့ ဒီလောကကြီးမှာ ဘယ်သူမှ အပြစ်ကင်းစင်တယ် ဆိုတာ မရှိဘူး...”
“ရွှပ်... ရွှပ်... ရွှပ်... ရွှပ်...”
နေဝင်ချိန်တွင် တုပိုင်၏ စစ်တပ်သည် ထပ်မံ၍ သတ်ဖြတ်ရပြန်သည်။ နေဝင်ချိန်သည် သွေးကဲ့သို့ နီရဲနေလေ၏။ လက်တွေ့ စစ်ပွဲသည် တုပိုင်၏ စိတ်ကူးနှင့် အမှန်တကယ် ကွာခြားလှပေသည်။
အထူးသဖြင့် ယခု သူ ဆင်နွှဲနေသော စစ်ပွဲသည် ရက်စက်သော လက်တစ်စုံက သူ့ကို လျှို့ဝှက်ဆန်းကြယ်သော ထီးနန်းဆီသို့ တွန်းပို့နေသကဲ့သို့ပင် ဖြစ်နေလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၄ + ၅၆၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team