← Chapters

အခန်း (၅၆၆)

Vol. 57 Ch. 566

အခန်း (၅၆၆)

Vol. 57 Ch. 566

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

သန်မာထွားကြိုင်းသော အမျိုးသား သုံးထောင် သတ်ဖြတ်ခံလိုက်ရလေ၏။ ထိုအခါ တုပိုင်သည် လက်ကာပြပြီး ရပ်တန့်ရန် အမိန့်ပေးလိုက်၏။

ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သော သန်မာထွားကြိုင်းသည့် အမျိုးသားများသည် ကပ်ဘေးကြီးမှ လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရပြီး မြေကြီးပေါ်သို့ လဲကျသွားကြကာ ခြေလက်များ ပျော့ခွေသွားပြီး လှုပ်ရှားရန် အင်အားပင် မရှိတော့ချေ။

လူသောင်းချီသည် ကျယ်လောင်စွာ ငိုကြွေးနေကြပြီး မရေမတွက်နိုင်သော လူများ ကြောက်လန့်တကြား ဆီးသွားချင်သွားကြကာ မရေမတွက်နိုင်သော လူများ အသည်းအသန် အော့အန်နေကြသည်။

တုပိုင်သည် လူသောင်းချီကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းတို့ အခုမှ ကြောက်တတ်လာတယ် ဆိုတာ ငါသိတယ်... သေရမှာ ကြောက်လွန်းလို့ တုန်နေပြီ မဟုတ်လား... ဒါပေမဲ့ ကြောက်ရွံ့မှု ပြီးရင် မုန်းတီးမှု ဖြစ်လာလိမ့်မယ်... နာကျည်းမုန်းတီးမှုတွေ ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါတို့ အတူတူ သင်ယူကြတာပေါ့... ငါက စစ်ပွဲကာလမှာ အရည်အချင်းပြည့်မီတဲ့ တပ်မှူးကောင်းတစ်ယောက် ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သင်ယူနေတယ်... မင်းတို့ကတော့ စစ်ပွဲကာလမှာ အရည်အချင်းပြည့်မီတဲ့ ပြည်သူကောင်းတွေ ဖြစ်အောင် ဘယ်လို နေရမလဲ ဆိုတာ သင်ယူနေကြတာပေါ့...”

“နောက်တစ်ခါ...”

တုပိုင်က လေးလေးနက်နက် ပြောလိုက်သည်။

“နောက်တစ်ခါ စစ်ပွဲကြီး ဖြစ်တဲ့အချိန်မှာ... တစ်ယောက်ယောက်က ခုခံတာပဲ ဖြစ်ဖြစ်... အခွင့်ကောင်းယူပြီး လုယက်ဖို့ အပြင်ထွက်တာပဲ ဖြစ်ဖြစ် လုပ်ခဲ့မယ်ဆိုရင်... ငါ ကျန်တဲ့ ယောက်ျားတွေ အကုန်လုံးကို သတ်ပစ်မယ်...”

“မင်းတို့ မီးလောင်ရာ လေပင့် လုပ်ချင်ရင်တောင်...”

တုပိုင် ပေါ့ပါးစွာ ပြောလိုက်သည်။

“ငါ တကယ်ပဲ မီးလောင်နေပြီလား ဆိုတာကို သေချာအောင် လုပ်ကြဦး...”

ထို့နောက် တုပိုင် အမိန့်ပေးလိုက်သည်။ “တစ်မြို့လုံးကို ရှာဖွေပြီး ရိက္ခာတွေ အကုန်သိမ်းခဲ့ပြီး ငါတို့ စစ်တပ် ရိက္ခာဂိုဒေါင်ထဲ ရွှေ့ထားလိုက်...”

ထိုစကားကို ကြားလိုက်သည်နှင့် လူသောင်းချီ တုန်လှုပ်သွားကြပြီး ထို့နောက် ကျယ်လောင်စွာ ငိုကြွေးကြတော့သည်။

“သခင်ကြီး... ကျွန်တော်တို့ ရိက္ခာတွေကို မယူပါနဲ့...”

“သခင်ကြီး... ခွင့်လွှတ်ပါ... ရိက္ခာမရှိရင် ကျွန်တော်တို့ သေကုန်ကြမှာပါ...”

“သခင်ကြီး... ကျွန်တော်တို့ မလုပ်ရဲတော့ပါဘူး... ကျေးဇူးပြုပြီး ရိက္ခာတွေ မယူပါနဲ့...”

ထို့နောက် မရေမတွက်နိုင်သော လူများ မြေကြီးပေါ်တွင် ဒူးထောက်ပြီး အသည်းအသန် တောင်းပန်ကြသည်။

တုပိုင် ကြောင်သွားလေ၏။ သူ အစတုန်းက သူတို့ဆီက ရိက္ခာ တစ်စေ့မှ မယူခဲ့ ၊ သူတို့ပစ္စည်း တစ်ခုမှ မယူခဲ့ ၊ ရေနှင့် ရိက္ခာများပင် ပို့ပေးခဲ့သည်။ အိမ်ထဲမှ အပြင်မထွက်ရန်သာ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသည်ကို သူတို့က အေးစက်စွာ တုံ့ပြန်ခဲ့ကြသည်။ တုပိုင် စစ်ရှုံးတော့မည် ထင်ပြီး အိမ်ထဲမှ ပြေးထွက်လာကာ မီးရှို့လုယက်ပြီး စစ်တပ်ကို တိုက်ခိုက်ခဲ့ကြသည်။

ယခု တုပိုင်က သူတို့ ရိက္ခာများကို သိမ်းလိုက်သောအခါ မြေကြီးပေါ် ဒူးထောက် တောင်းပန်ပြီး ယဉ်ကျေးသိမ်မွေ့သွားကြလေပြန်၏။

ဤသည်ကား မည်သည့်သဘောနည်း။ ရိက္ခာက အသက်ထက် ပိုအရေးကြီးသည် ဟူသော သဘောလား။

“အရည်အချင်းပြည့်မီတဲ့ အုပ်ချုပ်သူ ဖြစ်ဖို့ဆိုရင်... မင်း အများကြီး သင်ယူရဦးမယ်...”

အိပ်မက်စနစ်က ပြောလိုက်သည်။

“ဒါပေမဲ့ မင်းဆီမှာ လုံလောက်တဲ့ ပါရမီ ရှိပြီးသားပါ... ဧကရာဇ်ထျန်ယွင်ဆီကတော့ မသင်ယူနဲ့... မင်းအတွက်တော့ သူက မင်းကောင်းမင်းမြတ် တစ်ပါးပါ... ဒါပေမဲ့ သူက တကယ်ကို ဧကရာဇ်ကောင်း တစ်ပါးတော့ မဟုတ်ဘူး...”

ထို့နောက် တုပိုင်၏ စစ်တပ်သည် မြို့ထဲသို့ ဝင်ရောက်ပြီး ရိက္ခာများကို သိမ်းဆည်းလိုက်သည်။ ချမ်းသာသော အိမ်ထောင်စု ဖြစ်စေ ၊ ဆင်းရဲသော အိမ်ထောင်စု ဖြစ်စေ ၊ ရိက္ခာအားလုံးကို ပြောင်စင်အောင် သိမ်းဆည်းပြီး တစ်စေ့မှ မကျန်အောင် ရိက္ခာဂိုဒေါင်ထဲသို့ ထည့်သွင်းလိုက်သည်။

ဤအချိန်တွင် ရိက္ခာဂိုဒေါင်ထဲသို့ ရိက္ခာ တင်းပေါင်း သန်းချီ ရောက်ရှိလာလေသည်။ တုပိုင်တွင် ရိက္ခာမလိုသလို ဤရိက္ခာများကိုလည်း မက်မောခြင်း မရှိပေ။ ရိက္ခာများကို သိမ်းယူရခြင်းမှာ ထိုလူများကို ထိန်းချုပ်ရန် ၊ ပြဿနာမရှာနိုင်အောင် လုပ်ရန် ၊ တိတိကျကျ ပြောရလျှင် မသေအောင် ထိန်းထားရန်သာ ဖြစ်သည်။

“ဒီနေ့ကစပြီး... ဖူကျိုးမြို့သူမြို့သားတွေ... ကျားမမရွေး ၊ အသက်အရွယ်မရွေး... တစ်ယောက်ကို တစ်ရက် ရိက္ခာ သုံးကျပ်သား ရမယ်...”

တုပိုင်က ပြောလိုက်သည်။

“မင်းတို့ ဗိုက်ဝပြီး ပြဿနာရှာမှာ စိုးလို့... မနက်တိုင်း အချိန်တစ်ခဏတာပဲ ဖွင့်ပေးမယ်... စီရင်စုရုံးမှာ လာထုတ်ကြ... ကျန်တဲ့အချိန်တွေမှာ လမ်းပေါ် ဘယ်သူမှ မထွက်ရဘူး... အားလုံး အိမ်မှာပဲ နေကြ... စည်းကမ်းဖောက်ဖျက်တဲ့သူကို သတ်မယ်...”

“ကြားကြလား...” တုပိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကြားပါတယ်...” လူသောင်းချီသည် သည်းထန်စွာ ငိုကြွေးရင်း ပြန်လည် ဖြေကြားလိုက်ကြသည်။

**--**--**--**--**--**--**--**

ကွမ်ရှီးပြည်နယ် ၊ ချင်းယွမ်အိမ်တော်၌ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် တစ်ဖန် ငိုကြွေးနေပြန်သည်။ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းဖြင့် မြေကြီးကို အသည်းအသန် ဆောင့်ကာ နဖူးကွဲပြီး သွေးများ ထွက်လာသည်အထိ ငိုကြွေးနေသည်။

သောင်းနှင့်ချီသော စစ်သည်များသည် ညီညာစွာ တန်းစီလျက် သူတို့၏ တပ်မှူးကြီး ငိုကြွေးနေသည်ကို ကြည့်နေကြသည်။

“အဖေ... အမေ...”

“အဖေတို့ အမေတို့ သေရတာ အရမ်း သနားစရာ ကောင်းလိုက်တာ...”

“ခွေးဧကရာဇ်... မင်းဆိုးမင်းညစ်... ငါက မင်းအတွက် တောင်ဘက်ကို ဆင်းပြီး ပုန်ကန်မှုကို နှိမ်နင်းပေးဖို့ လာတာ... မင်းက ငါ့မိသားစု ၊ ငါ့ကလေးတွေ ၊ ငါ့မိဘတွေကို သတ်တယ်ပေါ့...”

“ခွေးဧကရာဇ်... မင်းဆိုးမင်းညစ်... အာဏာရှင်... ငါ မင်းနဲ့ ကမ္ဘာရန်ဘက်ပဲ...”

“လောကကြီးမှာ တရားမျှတမှု မရှိတော့ဘူး... ငါတို့ သစ္စာရှိတဲ့ အမတ်တွေက မင်းဆိုးမင်းညစ် ဘေးက သစ္စာဖောက်တွေကို ရှင်းထုတ်ပြီး တရားစီရင်ရမယ်...”

“ပိုင်ဆယ်မြို့မှာ သစ္စာဖောက်တစ်ယောက် ရှိတယ်... ရာထူးကြီးတဲ့ သစ္စာဖောက်... သူ့နာမည်က တုပိုင်...”

“တုပိုင်က ဒီနှစ်မှ ၁၉ နှစ်ပဲ ရှိသေးတယ်... ပြီးတော့ ခွေးကုန်းကုန်း တစ်ကောင်... သူက တိုင်းပြည်အတွက် ဘာကောင်းမှုမှ မလုပ်ခဲ့ဖူးဘူး... သူ အခု ဘာရာထူး ရနေလဲ မင်းတို့ သိလား...”

“ပိုင်ဆယ်မြို့စားမင်း... လီကျင်းဌာန ရေတပ်စစ်သူကြီး... အနောက်ဘက်ဒေသကာကွယ်ရေး မြို့စားမင်း...”

“ဘာလို့လဲ... ဘာလို့လဲ... ဒီမှာ ရှိနေတဲ့ ညီအစ်ကိုတွေ အများကြီး အင်ပါယာအတွက် သွေးမြေကျခံပြီး ပေးဆပ်ခဲ့ကြတာ... မင်းတို့ ဘာရာထူး ရလဲ... တပ်မှူးငယ်... တပ်မှူးတောင် မဖြစ်ဘူး... မင်းတို့ ဒီလောက် ပေးဆပ်ခဲ့တာကို ဧကရာဇ်က မြင်ရဲ့လား... တုပိုင် ဆိုတဲ့ ခွေးကုန်းကုန်းလေးကျတော့... ဧကရာဇ် စိတ်ကျေနပ်အောင် ပြုစုပေးရုံနဲ့... မြို့စားမင်း ဖြစ်ရော... စစ်သူကြီး ဖြစ်ရော...”

“တရားမျှတရဲ့လား...” ရွှမ်ချန်နယ်စားမင်း လုကျန့် အော်ဟစ်လိုက်သည်။

“မမျှတပါဘူး...” ရွှမ်ချန်နယ်စားမင်း၏ စစ်သည် သောင်းချီက ဟိန်းဟောက်လိုက်ကြသည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်က ဆက်ပြောလိုက်သည်။

“အင်ပါယာရဲ့ အနောက်တောင်ဘက်မှာ ပုန်ကန်မှု ဖြစ်တယ်... ဧကရာဇ်က ငါ့ကို တပ်ဦးဆောင်ပြီး တောင်ဘက်ကို ဆင်းခိုင်းတယ်... ငါက အင်ပါယာအပေါ် သစ္စာရှိတယ်... ငါ ချက်ချင်းပဲ တပ်ကို ဦးဆောင်ပြီး ထွက်လာခဲ့တယ်... စစ်စရိတ်တောင် တစ်ပြားမှ မရဘူး... ငါ့မိသားစု ပိုင်ဆိုင်သမျှ အကုန် ရောင်းချပြီး ရိက္ခာတွေ စုဆောင်းခဲ့ရတာ... တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ဆင်းလာခဲ့တာ... အင်ပါယာအတွက် ၊ ဧကရာဇ်အတွက် ငါ့မိသားစု မွဲပြာကျသွားပြီ... ဧကရာဇ်က ကျေးဇူးတင်ဖို့ နေနေသာသာ... ငါ့မိသားစုဝင်တွေကိုတောင် သတ်ပစ်လိုက်တယ်...”

‘မင်းနှမ မွဲပြာကျတာပါလား... ဧကရာဇ်က ဘဏ္ဍာတိုက်ထဲက ရှိသမျှ ငွေတွေ အကုန်ထုတ်ပြီး မင်းကို ငွေတုံး သုံးသိန်း ပေးလိုက်တာလေ... မင်းက အကုန် ကိုယ်ကျိုးရှာလိုက်ပြီး ဖန်းမိသားစုဆီကလည်း ငွေတုံး သိန်းချီ ထပ်ယူထားသေးတယ်...’

“လမ်းခရီးမှာ... ညီအစ်ကိုတွေ ဘာထမင်း စားရလဲ... ဖွဲထမင်းကြမ်းတောင် ဝအောင် မစားရဘူး... ထမင်းထဲမှာ ဖွဲတွေ ပါနေသေးတယ်... ဟင်းထဲမှာ ဆီမပါဘူး...”

ရွှမ်ချန်နယ်စားမင်း လုကျန့် ငိုကြွေးလိုက်သည်။

“ကြည့်ကြပါဦး... ငါ့ညီအစ်ကိုတွေအတွက် ငါ စိတ်မကောင်းဘူး... မင်းတို့အားလုံးက ငါ ခေါ်ထုတ်လာတဲ့ စစ်သားတွေပါ... ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ... ဧကရာဇ်က ငါ့ကို ငွေတစ်ပြားမှ မပေးဘဲ စစ်တိုက်ခိုင်းတာကိုး... ငါ မွဲပြာကျခံပြီး ညီအစ်ကိုတွေကို ဒီလောက်ပဲ ပေးနိုင်တော့တယ်...”

“သစ္စာဖောက် တုပိုင်ကရော... ပိုင်ဆယ်မြို့မှာ ပြည်သူတွေဆီက ဘယ်လောက်တောင် ခေါင်းပုံဖြတ်ထားလဲ မသိဘူး... အင်ပါယာရဲ့ အနောက်တောင်ဘက် ဘာလို့ ဒီလောက် မြန်မြန် ကျဆုံးသွားတာလဲ... တုပိုင်လို သစ္စာဖောက် အရာရှိတွေက ဆင်းရဲသား ပြည်သူတွေကို ရူးသွပ်စွာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေလို့ပဲ... ဘာလို့လဲ... ဘာလို့လဲ...”

“အင်ပါယာရဲ့ အနောက်တောင်ဘက် ကျဆုံးရခြင်းရဲ့ တရားခံက တုပိုင်ပဲ...”

ရွှမ်ချန်နယ်စားမင်း လုကျန့် ဟိန်းဟောက်လိုက်သည်။

“သူ့ရဲ့ ပိုင်ဆယ်မြို့မှာ သူ ရှာဖွေသိမ်းဆည်းထားတဲ့ ငွေတုံး သန်းချီ ပုံနေတယ်... ငါတို့ကတော့ ဖွဲစားနေရတယ်... ဒါ တရားမျှတရဲ့လား...”

စစ်သည် သောင်းချီက ဟိန်းဟောက်လိုက်ကြသည်။

“မမျှတပါဘူး...”

“ဟုတ်တယ်... မမျှတဘူး...”

လုကျန့်က ပြောလိုက်သည်။

“မင်းဆိုးမင်းညစ် ဘေးက သစ္စာဖောက်ကို ရှင်းထုတ်ကြ... တုပိုင်ကို သတ်ကြ...”

“အခု ပိုင်ဆယ်မြို့မှာ တုပိုင် ခွေးကုန်းကုန်းလေးဆီမှာ လူ သုံးသောင်းလောက်ပဲ ရှိတယ်... အားလုံးက သူ ဖမ်းထားတဲ့ လူတွေချည်းပဲ...”

လုကျန့်က ဆက်ပြောလိုက်သည်။ “ပိုင်ဆယ်မြို့ကို သိမ်းပြီးရင်... တုပိုင် ခွေးကုန်းကုန်းလေးရဲ့ ဘဏ္ဍာတိုက်ထဲက ငွေတွေ ၊ ပစ္စည်းတွေ အကုန်လုံးကို... ညီအစ်ကိုတွေကို ပေးမယ်...”

ရုတ်တရက် စစ်သည် သောင်းချီ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

“မင်းဆိုးမင်းညစ် ဘေးက သစ္စာဖောက်ကို ရှင်းထုတ်ကြ... တုပိုင်ကို သတ်ကြ...”

ထိုအချိန်၌ သန်မာထွားကြိုင်းသော အမျိုးသား အမြောက်အမြားသည် သေတ္တာ ဆယ်ချီကို သယ်ဆောင်လာကြသည်။

လုကျန့် ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။

အားလုံး ငွေတုံးများ ဖြစ်ကြသည်။

“ဒီမှာ ငွေတုံး စုစုပေါင်း နှစ်သိန်း တစ်ထောင် ရှိတယ်... ငါ့ဘိုးဘွားပိုင် မြေတွေ အကုန်ရောင်းပြီး ရလာတာ...”

လုကျန့် မြေကြီးပေါ် ဒူးထောက်ပြီး ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။

“ဘိုးဘွားတို့... သားမြေး မိုက်မဲပါတယ်... ဒါပေမဲ့ ကျွန်တော် ကိုယ့်အတွက် လုပ်တာ မဟုတ်ပါဘူး... အင်ပါယာအတွက် မဖြစ်မနေ လုပ်ရတာပါ...”

“ညီအစ်ကိုတို့... တစ်ယောက်ကို ငွေသုံးပြားစီ ယူကြ...”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ပြောလိုက်သည်။

“ကျန်တာတွေက ပိုင်ဆယ်မြို့မှာ... တုပိုင် ခွေးကုန်းကုန်းလေးရဲ့ ဂိုဒေါင်ထဲမှာ... ငါတို့ သွားလုကြမယ်...”

ချမ်းသာကြွယ်ဝမှုက မျက်စိရှေ့ ရောက်နေပြီ ဖြစ်သဖြင့် စစ်သည် သောင်းချီသည် စိတ်အားထက်သန်စွာဖြင့် ပိုမို ရူးသွပ်စွာ အော်ဟစ်လိုက်ကြသည်။

“မင်းဆိုးမင်းညစ် ဘေးက သစ္စာဖောက်ကို ရှင်းထုတ်ကြ... တုပိုင်ကို သတ်ကြ...”

တကယ်တမ်းတွင် ထိုငွေတုံး နှစ်သိန်း တစ်ထောင်သည် ဖန်းမိသားစုက ပေးလိုက်ခြင်း ဖြစ်ပြီး ယမန်နေ့ကမှ အသစ်ရောက်လာခြင်း ဖြစ်သည်။ စုစုပေါင်း သုံးသိန်း ဖြစ်သော်လည်း လုကျန့်က ကိုးသောင်း ကိုးထောင်ကို ဖြတ်ယူလိုက်သည်။

သူ စစ်ထွက်လာကတည်းက စစ်တစ်ပွဲမှ မတိုက်ရသေးသော်လည်း ငွေတုံး တစ်သန်းနီးပါး ရရှိထားပြီ ဖြစ်သည်။

စစ်ရေးရည်မှန်းချက်နှင့် ကြွေးကြော်သံများ လုံးဝ တစ်သားတည်း ဖြစ်သွားပြီ ဖြစ်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်သည် ခုနစ်သောင်းသည် ကြွေးကြော်သံများ အော်ဟစ်လျက် ပိုင်ဆယ်မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြသည်။

“မင်းဆိုးမင်းညစ် ဘေးက သစ္စာဖောက်ကို ရှင်းထုတ်ကြ... တုပိုင်ကို သတ်ကြ...”

**--**--**--**--**--**--**--**

ထျန်ကျိုးမြို့၌ တုကျန်းက ပြောလိုက်သည်။

“ရေတပ်စစ်သူကြီး ယွမ်... ရွှမ်ချန်နယ်စားမင်း လုကျန့်က ကြွေးကြော်သံ ရွေးပြီးပြီ... မင်းဆိုးမင်းညစ် ဘေးက သစ္စာဖောက်ကို ရှင်းထုတ် ၊ တုပိုင်ကို သတ်တဲ့...”

ယွမ်ထျန်ကျောက် ခေါင်းညိတ်လိုက်သည်။

တုကျန်းက ဆက်ပြောသည်။ “ငွေတုံးတွေရဲ့ မြှောက်ပင့်မှုအောက်မှာ သူ့စစ်တပ်က အရှိန်မြှင့်လိုက်ပြီ... မကြာခင် ပိုင်ဆယ်မြို့အောက် ရောက်တော့မယ်...”

ယွမ်ထျန်ကျောက်က မေးလိုက်သည်။ “တုပိုင်ဘက်က ဘာသတင်းမှ မရဘူးလား...”

တုကျန်း ခေါင်းခါပြီး ပြောလိုက်သည်။ “တုပိုင်က ဘယ်ကနေ ရလာမှန်းမသိတဲ့ သိန်းငှက်တွေ ၊ လင်းယုန်တွေ ဆယ်ချီ သုံးပြီး... ငါတို့ရဲ့ စာပို့ကျီးကန်းတွေကို အကုန် လိုက်သတ်နေတယ်... လွှတ်လိုက်တဲ့ ကင်းထောက်တွေလည်း တစ်ယောက်မှ ပြန်မလာကြဘူး... အခု သိရသလောက်တော့ တုပိုင်က ဖူကျိုးမြို့ကို တိုက်ခိုက်နေလောက်ပြီ...”

ယွမ်ထျန်ကျောက်က ပြောလိုက်သည်။ “စစ်တပ်ကို အရှိန်မြှင့်လိုက်... တုပိုင် ဖူကျိုးမြို့ကို မသိမ်းနိုင်ခင် ပိုင်ဆယ်မြို့ကို သိမ်းပိုက်နိုင်အောင် လုပ်ရမယ်... ဒါမှ သူ အိမ်ပြန်စရာ မရှိတော့တဲ့ ခွေးလေခွေးလွင့် ဖြစ်သွားမှာ...”

ရုတ်တရက် ယွမ်ထျန်ကျောက်၏ လက်ရွေးစင် စစ်သည် ငါးသောင်းသည် ချီတက်နှုန်းကို မြှင့်တင်ပြီး ပိုင်ဆယ်မြို့ဆီသို့ ပြေးဝင်သွားကြသည်။ စစ်တပ်နှစ်ခုပေါင်း လူအင်အား တစ်သိန်းနှစ်သောင်းသည် မိုးကြိုးပစ်ချသကဲ့သို့ အရှိန်အဟုန်ဖြင့် ပိုင်ဆယ်မြို့ဆီသို့ ဦးတည် ချီတက်လာကြလေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters