← Chapters

အခန်း (၅၆၇)

Vol. 57 Ch. 567

အခန်း (၅၆၇)

Vol. 57 Ch. 567

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဖူကျိုးမြို့။ ပြိုင်ဘက်ကင်း မြေအောက်အကျဉ်းထောင်မှ ဧရာမ ဝံပုလွေစီးသူရဲတစ်စုသည် မြို့ထဲသို့ ဒုန်းစိုင်း ဝင်ရောက်လာကြလေ၏။

ကင်းထောက်မြင်းသည်တော်သည် တုပိုင်၏ ရှေ့တွင် လျင်မြန်စွာ ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။

“သခင်ကြီး... အရေးပေါ် စစ်ရေးသတင်းပါ... သခင်ကြီး ဖူဟုန်ပင်းက အနောက်ဘက်ဒေသ ကြေးစားစစ်သည်တွေကို လိုက်လံချေမှုန်းနေစဉ်မှာ ပစ္စည်းတွေ အမြောက်အမြား သယ်ဆောင်လာတဲ့ ထောက်ပို့ယာဉ်တန်းကြီးတစ်ခုနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်... အခုအခါမှာတော့ သခင်ကြီး ဖူဟုန်ပင်းက အဲဒီယာဉ်တန်းကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပြီး ရလိုက်တဲ့ ပစ္စည်းတွေကတော့ အလွန် ၊ အလွန်ကို များပြားလှပါတယ်...”

တုပိုင်သည် မှင်သက်သွားပြီး မေးလိုက်၏။

“ထောက်ပို့ယာဉ်တန်း ဟုတ်လား... လီမိသားစုရဲ့ ယာဉ်တန်းလား... ဒါမှမဟုတ် အက်စ်ရဲ့ မီးနတ်ဘုရားတပ်က ယာဉ်တန်းလား...”

ကင်းထောက်မြင်းသည်က ပြန်ဖြေလိုက်သည်။

“အနောက်ဘက်ဒေသက အက်စ်ရဲ့ မီးနတ်ဘုရား စစ်တပ်ဆီကပါ...”

တုပိုင်သည် ချက်ချင်းပင် သူ၏ ဧရာမဝံပုလွေကြီးပေါ်သို့ ခုန်တက်လိုက်ပြီး အနောက်တောင်ဘက်ဆီသို့ ဒုန်းစိုင်း နှင်လိုက်တော့သည်။

နာရီဝက်ကျော်ခန့် ကြာပြီးနောက်... ဖူကျိုးမြို့နှင့် မိုင် ၁၆၀ ခန့်အကွာတွင်... တုပိုင်သည် ထိုဧရာမ ယာဉ်တန်းကြီးကို မျက်ဝါးထင်ထင် တွေ့လိုက်ရလေ၏။

မီးနတ်ဘုရားတပ်ဖွဲ့မှ ဧရာမလူသား တစ်ထောင်နှင့် ကုလားအုတ်ယာဉ်ပေါင်း ထောင်နှင့်ချီ ရှိနေသည်။

အမည်းရောင် ပိတ်စကို လှန်လိုက်သည့်အခါ ထူထဲပြီး မည်းနက်နေသော အရာဝတ္ထုကြီးများ ရုတ်တရက် ပေါ်ထွက်လာ၏။

အမြောက်များ... ၁၂ ပေါင်ပြင်းအားရှိ အမြောက်ကြီးများ ဖြစ်ပေသည်။

တုပိုင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူရပ်လုမတတ်ပင် ဖြစ်သွားရ၏။

‘ချမ်းသာပြီဟေ့... ငါတော့ ချမ်းသာပြီ...’

ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ဖြစ်ပေါ်နေသော စိတ်လှုပ်ရှားမှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြနိုင်ခြင်း မရှိပေ။ ယခင်က မိုမိသားစု၏ မိစ္ဆာနဂါးဂူကို သိမ်းပိုက်စဉ်က ငွေတုံး သန်းပေါင်းများစွာ ရရှိခဲ့တုန်းကပင် ယခုလောက် စိတ်မလှုပ်ရှားခဲ့ပေ။

ဖူဟုန်ပင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“အားလုံးပေါင်း အလက် ၇၀ ရှိတယ်... အားလုံးက အကောင်ကြီးကြီးတွေချည်းပဲ...”

တုပိုင်က မေးလိုက်၏။

“ယမ်းမှုန့်ရော...”

ဖူဟုန်ပင်းသည် ယမ်းမှုန့်အကြောင်း နားမလည်သော်လည်း တုပိုင်က ကောင်းကောင်း နားလည်လေသည်။

သူ ရေတွက်ကြည့်လိုက်ရာ ယမ်းမှုန့် ပေါင်ချိန် နှစ်သိန်းတိတိ ရှိနေသည်။

ထို့အပြင် အမြောက်ဆံများ... မရေမတွက်နိုင်သော အမြောက်ဆံများလည်း ပါရှိလေသည်။ ၁၂ ပေါင်လေးသော အမြောက်ဆံ အလုံးရေ ၅၀,၀၀၀ ကျော် ရှိသည်။

သာမန် အမြောက်ဆံများသာမက ကျည်စေ့ဗုံးများလည်း ပါဝင်သေး၏။ တကယ်ကို... တကယ်ကို မိုက်လွန်းလှပေသည်။

ဤသည်က စစ်မြေပြင်တွင် သေမင်းတမန်ကဲ့သို့ကို အစွမ်းထက်လွန်းလှ၏။ မီတာရာဂဏန်း အကွာအဝေးအတွင်း၌ ကျည်စေ့ဗုံးတစ်လုံး ပစ်လွှတ်လိုက်သည်နှင့် တစ်ပြင်လုံးကို တံမြက်စည်းလှည်းသလို ရှင်းလင်းပစ်လိုက်နိုင်သည်။ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည်ဖြစ်စေ အလကားပင်ဖြစ်ပြီး ကျိန်းသေပေါက် သေဆုံးရမည်သာ ဖြစ်သည်။

အမြောက်များနှင့် ကျည်စေ့ဗုံးများအပြင် ရေနံဆီ ပေါင်ချိန် သိန်းပေါင်းများစွာ ၊ စားနပ်ရိက္ခာ ပေါင်ချိန် သန်းပေါင်းများစွာနှင့် အရက် ပေါင်ချိန် တစ်သိန်းလည်း ပါဝင်လေ၏။

ဤအက်စ်က တကယ်ကို ဇိမ်ခံလွန်းသူပင် ဖြစ်၏။

ချီတက်လမ်းကြောင်း ခရီးမိုင်ထောင်ချီ တစ်လျှောက်လုံး ဤမျှများပြားသော အရက်များကို သယ်ဆောင်လာရန်မှာ မဖြစ်နိုင်ပေ။ ဤသည်က လမ်းတစ်လျှောက်ရှိ နယ်စားပယ်ရာများ ၊ ဘုရင်များက ဆက်သလိုက်ခြင်း ဖြစ်ရပေမည်။

ဤထောက်ပို့ယာဉ်တန်းကြီးသည် အလွန် ၊ အလွန်ကို အဖိုးတန်လွန်းလှသည်။ ယခု အားလုံးက တုပိုင်၏ လက်ထဲသို့ ကျရောက်လာခဲ့ပြီ ဖြစ်၏။

တုပိုင်သည် အစပိုင်းတွင် စိတ်မသန့်ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ပျက်စီးခြင်းမြှား အရေအတွက်မှာ အကန့်အသတ်ရှိပြီး ကုန်သွားလျှင် ထပ်မရနိုင်တော့သောကြောင့် ဖြစ်သည်။ ထို့အပြင် လီမိသားစုတွင် စစ်သည်အင်အား သိန်းချီရှိနေပြီး ယွမ်ထျန်ကျောက် နှင့် ရွှမ်ချန်နယ်စားမင်း လုကျန့် တို့ ပေါင်းလိုက်လျှင် စစ်သည်အင်အား ၁၂၀,၀၀၀ ခန့် ရှိလေသည်။

ပျက်စီးခြင်းမြှား အစင်း ၁၀၀ ဖြင့် လူ ၅၀,၀၀၀ ကျော်ကို သုတ်သင်ချင်သည်ဆိုလျှင် တကယ်ကို မဖြစ်နိုင်သော ကိစ္စပင် ဖြစ်၏။

သို့သော် ယခုအခါ ၁၂ ပေါင် အမြောက်ကြီး ၇၀ ရရှိထားပြီဖြစ်ရာ နှစ်ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး ထိရောက်သော ပစ်ခတ်မှု အကွာအဝေးမှာ တစ်ကီလိုမီတာနီးပါး ရှိလေသည်။

ဤအမြောက်များသည် မြေပြင်တိုက်ပွဲ၌ဖြစ်စေ ၊ မြို့စောင့်တိုက်ပွဲ၌ဖြစ်စေ ကောင်းကင်ဘုံကို အာခံနိုင်လောက်သည့် အရာများပင် ဖြစ်သည်။

အမြောက် ၇၀ ကို တစ်ပြိုင်နက် ပစ်ခတ်လိုက်လျှင် ယင်း၏ စွမ်းအားကို ပြောနေစရာပင် မလိုတော့ချေ။ တကယ်ကို ကမ္ဘာမြေကြီး တုန်ဟီးသွားစေလိမ့်မည်။

ယာဉ်တန်းတစ်ခုလုံးတွင် လူထောင်ပေါင်းများစွာ ပါဝင်ပြီး သန်မာသော သူရဲကောင်း တစ်ထောင်မှလွဲ၍ ကျန်လူအများစုမှာ ကျွန်များသာ ဖြစ်ကြသည်။

တန်ဖိုးအရှိဆုံးကတော့ အမြောက်တပ်သား ရာဂဏန်းပင် ဖြစ်၏။ ထိုအချိန်၌ အမြောက်တပ်သားများသည် တုပိုင်၏ ရှေ့တွင် ဒူးထောက်နေကြလေသည်။

တုပိုင်က ပြောလိုက်၏။

“အက်စ်ရဲ့ စစ်တပ်ကို ငါ သတ်ပစ်လိုက်ပြီ... ကြေးစားစစ်သည်ခေါင်းဆောင်က ငါ့ကို ငှားခိုင်းစေချင်ပေမယ့် စကားပြောရာမှာ မလေးမစားပြောပြီး ဈေးကိုလည်း မတန်တဆတောင်းတဲ့အတွက် သူ့ကိုလည်း ငါသတ်ပစ်လိုက်ပြီ...”

တုပိုင်သည် သူတို့ရှေ့သို့ ခေါင်းတစ်လုံး ပစ်ချပေးလိုက်သည်။ ကြေးစားစစ်သည်ခေါင်းဆောင်၏ ခေါင်းပင် ဖြစ်လေ၏။

ရုတ်တရက် အမြောက်တပ်သား ရာပေါင်းများစွာသည် ကြောက်လန့်တကြား တုန်လှုပ်သွားကြသည်။ သူတို့သည် နည်းပညာပိုင်းဆိုင်ရာ တပ်သားများသာဖြစ်ပြီး တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်မှာ မကောင်းမွန်လှသလို ကြံ့ခိုင်သန်မာခြင်းလည်း မရှိကြပေ။

“မင်းတို့ရှေ့မှာ ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိတယ်...” တုပိုင်က ပြောလိုက်သည်။ “ငါ့ကို သစ္စာရှိမလား... ဒါမှမဟုတ်... သေမလား...”

ချက်ချင်းပင် အမြောက်တပ်သား ရာပေါင်းများစွာသည် အဆက်မပြတ် ဦးညွှတ်လိုက်ကြတော့သည်။

“သခင်ကြီးအပေါ် သစ္စာစောင့်သိပါ့မယ်... သခင်ကြီးအပေါ် သစ္စာစောင့်သိပါ့မယ်...”

တုပိုင်နှင့် သူတို့အားလုံးသည် ပါရှန်းဘာသာစကားဖြင့် ပြောဆိုကြခြင်းဖြစ်ပြီး အိပ်မက်စနစ်၏ အကူအညီဖြင့် တုပိုင်၏ အသံထွက်မှာ သူတို့နှင့် တစ်သားတည်း ဖြစ်နေလေသည်။

“အရင်တုန်းက မင်းတို့ တစ်လ လစာ ဘယ်လောက်ရလဲ...” တုပိုင်က မေးလိုက်သည်။

“ငွေပြား ငါးပြားပါ...” အမြောက်တပ်သားတစ်ယောက်က ဖြေသည်။

နည်းပညာတပ်သားများ ဖြစ်သည့်အလျောက် စစ်လစာ မြင့်မားကြပေသည်။ ငွေပြား ငါးပြားဆိုသည်မှာ ငွေတုံး လေးကျပ်သားနီးပါး ရှိလေ၏။

တုပိုင်က ပြောလိုက်သည်။

“ဒီနေ့ကစပြီး မင်းတို့တစ်ယောက်ချင်းစီကို တစ်လ ငွေပြား ၁၀ ပြား ပေးမယ်...”

ထိုစကားကို ကြားလိုက်သည်နှင့် အမြောက်တပ်သား ရာပေါင်းများစွာသည် ချက်ချင်းပင် အသည်းအသန် ဦးခိုက်လိုက်ကြတော့သည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး... သခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ... သခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ...”

“ကျွန်တော်တို့က ထိပ်တန်း အမြောက်တပ်သားတွေပါ... သခင်ကြီးကို လုံးဝ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး...”

“မီးနတ်ဘုရားက သခင်ကြီးကို ကောင်းချီးပေးပါလိမ့်မယ်... သခင်ကြီးက ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဧကရာဇ်ပါပဲ...”

**--**--**--**--**--**--**--**

တုပိုင်သည် ၈ ပေခွဲခန့် မြင့်ပြီး ပေါင်ချိန် ၅၀၀ ကျော် လေးလံကာ အားအင်အတိုင်းအဆမဲ့ သန်မာသော ဧရာမလူသား တစ်ထောင်ကို ကြည့်လိုက်သည်။

ဤလူသားများသည် တောရိုင်းတိရစ္ဆာန်များကဲ့သို့ ရက်စက်ကြမ်းကြုတ်မည်ဟု သူထင်ခဲ့မိသည်။

သို့သော် သူမှားသွားခဲ့သည်။ ဤဧရာမလူသားများသည် အလွန် ယဉ်ပါးပြီး သူတို့၏ ဉာဏ်ရည်မှာ ကလေးငယ်အဆင့်လောက်သာ ရှိကြလေသည်။

“ငါ့နောက်လိုက်ခဲ့... အစားအသောက်တွေရော အသားတွေရော ကျွေးမယ်... လိုက်မလား...” တုပိုင်က မေးလိုက်သည်။

ဧရာမလူသားများသည် ခေါင်းကို တွင်တွင်ငြိမ့်ကာ ပြောလိုက်ကြသည်။

“ဟုတ်... ဟုတ်... အစားအသောက် စားရမယ်... အသားစားရမယ်... ဟုတ်...”

ကုလားအုတ်ယာဉ်တန်းမှ ကျွန်ထောင်ပေါင်းများစွာကိုမူ မေးစရာပင် မလိုတော့ချေ။ သူတို့သည် မူလကတည်းက အက်စ်၏ ကျွန်များ ဖြစ်ကြသည်။ ယခု အက်စ်ကို တုပိုင်က အနိုင်ယူသတ်ဖြတ်လိုက်ပြီဖြစ်ရာ ဤကျွန်ထောင်ပေါင်းများစွာသည် အလိုအလျောက်ပင် တုပိုင်၏ ပိုင်ဆိုင်မှုများ ဖြစ်လာကြ၏။

ဤကျွန်ထောင်ပေါင်းများစွာသည် ဧရာမလူသားများထက်ပင် ပိုမို ယဉ်ပါးကြပြီး အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုပိုင်အား မိဘကို ကြည့်သော ကလေးငယ်များကဲ့သို့ ကြောက်ရွံ့ရိုသေစွာ ကြည့်နေကြသည်။

အိပ်မက်စနစ်က ပြောလာ၏။

‘စနစ်ရှင်... သူတို့ကို လွတ်လပ်ခွင့်ပေးမယ်လို့ လုံးဝ မပြောလိုက်ပါနဲ့... ဒါဆိုရင် သူတို့ သေသွားကြလိမ့်မယ်... ဒီကျွန်တွေက မွေးကတည်းက ကျွန်ဖြစ်လာကြတဲ့သူတွေပါ... သခင်ရဲ့ အမိန့်ပေးမှုနဲ့ လမ်းညွှန်မှု မရှိရင် ဘယ်လိုအသက်ရှင်ရမလဲဆိုတာ သူတို့မသိကြဘူး... သူတို့ကို လွတ်လပ်ခွင့်ပေးလိုက်ရင် လမ်းပျောက်ပြီး သေဆုံးသွားကြလိမ့်မယ်...’

တုပိုင် လန့်သွားပြီး တွေးလိုက်မိသည်။ ‘တကယ့်ကို ယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်းပါလား...’

မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျွန်ထောင်ပေါင်းများစွာကို ကြည့်ရင်း တုပိုင် ပြောလိုက်သည်။

“ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ သခင်အသစ်ပဲ...”

ကျွန်ထောင်ပေါင်းများစွာ၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ပေါ်လာပြီး အားလုံးက ဦးခိုက်လိုက်ကြသည်။

“သခင်ကြီးရဲ့ ဆန္ဒက ကျွန်မျိုးတို့ရဲ့ အမြင့်ဆုံးတာဝန်ပါ... မီးနတ်ဘုရားက အကြီးမြတ်ဆုံး သခင်ကြီးကို ကောင်းချီးပေးပါစေ...”

ထို့နောက် တုပိုင်သည် ဤဧရာမ ယာဉ်တန်းကြီးအား ဖူကျိုးမြို့သို့ သွားရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်၌ပင် ကင်းထောက်တပ်ဖွဲ့တစ်ဖွဲ့သည် အနောက်ဘက်မှ လျင်မြန်စွာ ရောက်ရှိလာပြီး တုပိုင်၏ ရှေ့တွင် ဒူးထောက်ကာ လျှောက်တင်လိုက်သည်။

“သခင်ကြီး... လီမိသားစုတပ်တွေနဲ့ ကျနော်တို့ မိုင် ၁၁၀ လောက်ပဲ ဝေးတော့ကြောင်း တွေ့ရှိရပါတယ်...”

‘လီမိသားစုက စစ်တပ်လွှတ်လိုက်တာလား...’

တုပိုင်၏ ဦးရေပြားများ ကျိန်းစပ်သွားပြီး မေးလိုက်၏။

“လူအင်အား ဘယ်လောက်ရှိလဲ...”

ကင်းထောက်က ပြန်ဖြေသည်။

“အတိုင်းအဆမရှိ များပြားလှပါတယ်... မိုင်ပေါင်းများစွာ ရှည်လျားပါတယ်...”

‘မိုင်ပေါင်းများစွာ ရှည်လျားတယ် ဟုတ်လား... လီမိသားစုရဲ့ အဓိကတပ်မကြီးပဲ...’

သိသာထင်ရှားသည်မှာ လီရူဟိုင်သည် အက်စ်၏ တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားသောကြောင့် စစ်တပ်လွှတ်လိုက်ခြင်း မဟုတ်ပေ။ အမှန်တကယ်တွင် သူသည် အက်စ်၏ တပ်ဖွဲ့ ပျက်စီးသွားသည်ကိုသော်လည်းကောင်း ၊ ဖူကျိုးမြို့ ကျဆုံးသွားသည်ကိုသော်လည်းကောင်း သိရှိခြင်း မရှိသေးပေ။

သူက အက်စ်၏ တပ်ဖွဲ့နှင့် တုပိုင်၏ တပ်ဖွဲ့တို့ တိုက်ပွဲစတင်နေပြီဟု ယူဆကာ အောင်ပွဲရလဒ်ကို အလွယ်တကူ လာရောက်ဆွတ်ခူးခြင်းသာ ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် တုပိုင်ကို ချေမှုန်းနိုင်ခဲ့သည့် ဂုဏ်ပုဒ်ကို ပြင်ပလူဖြစ်သော အက်စ်အား ပေးအပ်လိမ့်မည် မဟုတ်ပေ။ သူက အက်စ်ကို အမြောက်စာအဖြစ်သာ အသုံးပြုလိုခြင်း ဖြစ်သည်။

ဤနေရာမှ မိုင် ၁၁၀ အကွာဆိုသည်မှာ လီမိသားစုသည် လွန်ခဲ့သော နှစ်ရက်ခန့်ကတည်းက စစ်တပ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒုတိယလှိုင်း ၊ တတိယလှိုင်းနှင့် စတုတ္ထလှိုင်း ကင်းထောက်များအားလုံး ရောက်ရှိလာကြသည်။

သတင်းပို့ချက်များက ပိုမို အသေးစိတ်ကျလာသည်။

လီမိသားစု၏ အဓိကတပ်မကြီး ရောက်ရှိလာပြီ ဖြစ်၏။

ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်ထားနိုင်လောက်အောင် များပြားလှသော စစ်သည်အင်အား ၃ သိန်းခန့် ရှိပေသည်။

စစ်သည်အင်အား ၃ သိန်း။ တုပိုင်နှင့် လီမိသားစု၏ တာ့ယန်တိုင်းပြည်တို့ကြား အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးကား နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။

မကြုံစဖူး ထူးကဲသော စစ်ပွဲကြီးသည် တရားဝင် စတင်လာပြီဖြစ်လေ၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၆၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters