← Chapters

အခန်း (၅၆၈)

Vol. 57 Ch. 568

အခန်း (၅၆၈)

Vol. 57 Ch. 568

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လီမိသားစု၏ အဓိကတပ်မကြီးသည် မိုင် ၁၁၀ အကွာသို့ ရောက်ရှိနေပြီ ဖြစ်၏။ ယခုအခါ တုပိုင်သည် ခက်ခဲသော ပြဿနာတစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ဤဧရာမ ယာဉ်တန်းကြီးကို မည်သို့ စီမံရမည်နည်း။

ဖူကျိုးမြို့နှင့် မိုင် ၁၇၀ တိတိ ဝေးကွာနေပြီး ယာဉ်တန်းပေါ်ရှိ ပစ္စည်းအလေးချိန် စုစုပေါင်းသည် ပေါင်ချိန် ၁၀ သန်းနီးပါး ရှိသည်။ ဘီးတပ်ထားသော ၁၂ ပေါင်အမြောက် တစ်လက်လျှင် ပေါင်ချိန် ၄၀၀၀ မှ ၅၀၀၀ ကြား လေးလံသည်။

“မိုင် ၁၇၀ ခရီးကို ဒီယာဉ်တန်းကြီးက အမြန်ဆုံး ဘယ်နှစ်ရက်နဲ့ ရောက်မလဲ...” တုပိုင် မေးလိုက်၏။

“ခုနစ်ရက် ဒါမှမဟုတ် အဲဒီထက် ပိုကြာနိုင်ပါတယ်...” ကျွန်ခေါင်းဆောင်က ဖြေသည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ၁၂ ပေါင်အမြောက်တွေက အရမ်းကြီးပြီး လေးလံလွန်းလို့ပါ...”

အက်စ်သည် ဤထောက်ပို့ယာဉ်တန်းကို နောက်တွင်ထားခဲ့ပြီး ၆ ပေါင်အမြောက်များကိုသာ ယူဆောင်လျက် ဖူကျိုးမြို့ကို အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းမှာ အံ့သြစရာမရှိပေ။ ခုနစ်ရက်။

လီမိသားစု၏ စစ်သည် ၃ သိန်းသည် ဤနေရာနှင့် မိုင် ၁၀၀ ခန့်သာ ဝေးတော့သည်။

သေချာသည်မှာ လူသိန်းချီသော စစ်တပ်ကြီး၏ ချီတက်နှုန်းသည်လည်း နှေးကွေးသော်လည်း ဤဧရာမ ထောက်ပို့ယာဉ်တန်းကြီးထက်မူ ပိုမြန်နေပေလိမ့်မည်။

ထို့အပြင် သူတို့၏ ရှေ့ပြေးတပ်သားများက ပိုမြန်မည်ဖြစ်ပြီး မြင်းတပ်များကမူ ပို၍ပင် လျင်မြန်ပေလိမ့်မည်။

လီရူဟိုင်၏ မြင်းတပ်မှာ အရေအတွက် မများလှသော်လည်း ၁ သောင်း ၊ ၂ သောင်းခန့် ရှိနေသေးသည်။ ထို့အပြင် အရိုင်းအစိုင်း လူမျိုးစုအချို့ ၊ ဆင်တပ်များနှင့် သားရဲစီးနင်းသော တပ်ဖွဲ့များလည်း ပါဝင်နေသေး၏။

ထို့ကြောင့် ဤထောက်ပို့ယာဉ်တန်းကြီးကို လီမိသားစု၏ မြင်းတပ်က အမီလိုက်နိုင်မည်မှာ သေချာသလောက် ရှိနေသည်။ ဤအမြောက်များကို စွန့်လွှတ်ရမည်လော... ဤပစ္စည်းများကို စွန့်လွှတ်ရမည်လော...

လုံးဝ မဖြစ်နိုင်ပေ။ ဤ ၁၂ ပေါင်အမြောက်များသည် အလွန် တန်ဖိုးကြီးလှပြီး တုပိုင်အနေဖြင့် စစ်ပွဲကို အနိုင်ရရှိစေမည့် လက်နက်ကောင်းများ ဖြစ်ပေသည်။

ဤအမြောက်များနှင့် ထောက်ပို့ပစ္စည်းများကို ကာကွယ်ရန်အတွက် တုပိုင်သည် တပ်ဖွဲ့ မည်မျှ စေလွှတ်နိုင်မည်နည်း။ ၁ သောင်းလော... ၂ သောင်းလော... သူ့၌ စုစုပေါင်း လူအင်အား ၅ သောင်းသာ ရှိသည်မဟုတ်ပါလော။

လီမိသားစုတွင် စစ်သည်အင်အား သိန်းချီရှိပြီး အရှိန်အဟုန်ပြင်းသော ရှေ့ပြေးတပ်သားအရေအတွက်မှာပင် ၅ သောင်းကျော် ရှိနိုင်သည်။ ထို့ကြောင့် ဤအမြောက်များနှင့် ပစ္စည်းများကို ဖူကျိုးမြို့သို့ ချောချောမွေ့မွေ့ ပြန်သယ်သွားနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အရေးအကြီးဆုံးအချက်မှာ ယွမ်ထျန်ကျောက်နှင့် ရွှမ်ချန်နယ်စားမင်း လုကျန့်တို့၏ စစ်တပ်များသည် ပိုင်ဆယ်မြို့နှင့် ပိုမို နီးကပ်လာနေခြင်း ဖြစ်၏။

လီမိသားစု၏ တပ်မကြီး ဖူကျိုးမြို့သို့ ရောက်လာသည်အထိ စောင့်ဆိုင်းပြီးမှ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲမည်ဆိုပါစို့။ တုပိုင်သည် လုံးဝ အနိုင်ရပြီး ပိုင်ဆယ်မြို့သို့ တပ်ပြန်ဆုတ်မည်ဆိုလျှင်ပင် အနည်းဆုံး လဝက်ခန့် ကြာမြင့်ပေလိမ့်မည်။

ယွမ်ထျန်ကျောက်နှင့် ရွှမ်ချန်နယ်စားမင်း လုကျန့်တို့၏ စစ်သည် ၁ သိန်း ၂ သောင်းသည် သူ့အား လဝက်ခန့် အချိန်ပေးပါမည်လော။

တုပိုင်သည် အချိန်နှင့်အပြိုင် လုနေရပြီ ဖြစ်သည်။ တိုက်ပွဲကို တစ်ရက် ၊ နှစ်ရက်ခန့် စောပြီး အဆုံးသတ်နိုင်လျှင်ပင် ပိုင်ဆယ်မြို့၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လိမ့်မည်။

တုပိုင် မျက်လုံးများကို မှိတ်လိုက်ပြီး မေးလိုက်၏။ “စနစ်... ငါ ဒီယာဉ်တန်းကြီးနဲ့အတူ ဖူကျိုးမြို့ကို အမြန်ဆုံးပြန်ရင် ဒီအမြောက်တွေကို ထိန်းသိမ်းထားနိုင်မလား...”

အိပ်မက်စနစ်က ပြောလာ၏။ ‘ဒါဆိုရင် စနစ်ရှင်က လီမိသားစုရဲ့ ရှေ့ပြေးတပ်နဲ့ ကွင်းပြင်မှာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရလိမ့်မယ်... အဲဒီအခြေအနေက စနစ်ရှင်အတွက် အရမ်းကို အဆင်မပြေပါဘူး... ဒီအမြောက်တွေကို ထိန်းသိမ်းထားနိုင်မဲ့ ရာခိုင်နှုန်းက ၆၀ လောက်ပဲ ရှိပြီး တခြားပစ္စည်းတွေကတော့ အများကြီး ဆုံးရှုံးသွားပါလိမ့်မယ်...’

တုပိုင်က မေးလိုက်သည်။ “တကယ်လို့ ငါက လီမိသားစု စစ်သည် ၃ သိန်းနဲ့ ဖူကျိုးမြို့မှာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲမယ်ဆိုရင် ပိုင်ဆယ်မြို့ကို ပြန်ကယ်ဖို့ အချိန်မီပါ့မလား...”

အိပ်မက်စနစ်က ပြန်ဖြေသည်။ ‘သုညပါပဲ... ပိုင်ဆယ်မြို့ကို ကယ်တင်ခွင့်ရဖို့ဆိုရင် အဆုံးအဖြတ်တိုက်ပွဲကို ကြိုတင်ဆင်နွှဲမှ ရပါမယ်... ဒါမှသာ ဧကရာဇ်နဲ့ မြို့တော်က ပြည်သူသိန်းချီကို ကယ်တင်နိုင်မှာပါ... ဘာဖြစ်လို့လဲဆိုတော့ မြို့တော်မှာ ရိက္ခာပြတ်လုနီးပါး ဖြစ်နေပါပြီ...’

အိပ်မက်စနစ် ပြောသည်မှာ မှန်သည်။

လက်ရှိအချိန်တွင် မြို့တော်ရှိ ပြည်သူသန်းပေါင်းများစွာနှင့် ဧကရာဇ်သည် တစ်နေ့လျှင် ထမင်းတစ်နပ်သာ စားရပြီး ဆန်ပြုတ်ကိုသာ သောက်နေကြရသည်။

မြို့ထဲရှိ စစ်သည်များပင်လျှင် တစ်နေ့ နှစ်နပ်သာ စားရကြ၏။

ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားသည်မှာ သုံးလကျော်ပြီဖြစ်ပြီး ဖန်းအုပ်စုကလည်း မြို့တော်ကို ပိတ်ဆို့ထားသည်မှာ သုံးလကျော် ကြာမြင့်နေပြီ ဖြစ်သည်။

တုပိုင်သာ မင်းသမီးနင်းရွှဲ့ကို လွှတ်ပြီး မည်သို့ပင်ဖြစ်စေ သည်းခံစောင့်ဆိုင်းနေပါရန် ၊ မြို့တော်က ပြည်သူများကို ကယ်တင်ရန်အတွက် အားတင်းထားပါရန် မှာကြားမထားခဲ့လျှင် ဧကရာဇ်သည် ယခုအချိန်၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားလောက်ပြီ ဖြစ်သည်။

အိပ်မက်စနစ်က ပြောသည်။ ‘အရာအားလုံးကို ကယ်တင်ဖို့ဆိုရင် ဆုံးဖြတ်ချက်ပြတ်သားတဲ့ တိုက်ပွဲကို စောစီးစွာ ဆင်နွှဲမှ ရမယ်...’

အဆုံးအဖြတ်တိုက်ပွဲ မစခင် လီမိသားစု စစ်သည် ၃ သိန်းက ဖူကျိုးမြို့ကို လာတိုက်မည်ကို စောင့်ဆိုင်းနေ၍ မရတော့ပေ။ လက်ရှိအချိန်တွင် လီမိသားစု၏ အဓိကတပ်မကြီးသည် ဖူကျိုးမြို့နှင့် မိုင် ၃၀၀ နီးပါး ဝေးကွာနေသေးသည်။

ဖူကျိုးမြို့နှင့် လီမိသားစု အဓိကတပ်မကြီးကြား တစ်နေရာရာတွင် တိုက်ပွဲဆင်နွှဲရန် နေရာရှာရပေမည်။

တုပိုင် မျက်လုံးများကို မှိတ်ထားလျက် အိပ်မက်စနစ်အား အသေးစိတ် မြေပုံကို ဖော်ပြခိုင်းလိုက်ပြီး အဆုံးအဖြတ်တိုက်ပွဲအတွက် သင့်တော်မည့်နေရာကို အသေအချာ ရှာဖွေလိုက်သည်။

ထိုနေရာသည် သက်သက်ကြီး ကွင်းပြင်တိုက်ပွဲ မဟုတ်ဘဲ ခံစစ်ပြင်နိုင်မည့် မြို့ရိုးမြို့တာ ရှိသောနေရာမျိုး ဖြစ်ရပေမည်။

လီမိသားစုတွင် စစ်သည်အင်အား ၃ သိန်းရှိပြီး တုပိုင်တွင် ၅ သောင်းသာ ရှိသည်။ အမြောက်များနှင့် ပျက်စီးခြင်းမြှားများ ရှိသော်လည်း နှစ်ဖက်စစ်သည်အင်အား ကွာခြားချက်မှာ ကြီးမားလွန်းသဖြင့် တုပိုင်ဘက်မှ အထိအခိုက်အကျအဆုံး များပြားပေလိမ့်မည်။

မကြာခင်မှာပင် တုပိုင် နေရာတစ်ခုကို ရှာတွေ့သွားသည်။

တာ့လုံပေါင်။ ယူနန်ပြည်နယ်သည် ကုန်းမြင့်ဒေသဖြစ်ပြီး တောင်တန်းများ ပေါများကာ မြေပြန့်လွင်ပြင် နည်းပါးသည်။

ကုန်းမြင့်ဒေသရှိ မြေပြန့်လွင်ပြင်ကို ‘တမံ’ ဟု ခေါ်ဆိုကြသည်။ ယူနန်ပြည်နယ်တွင် ထင်ရှားသော တမံ ၁၀ ခုရှိပြီး အသေးဆုံး တမံသည် ၃၀၀ မှ ၄၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

ဧရိယာ စတုရန်းကီလိုမီတာ ၁၀၀ ကျော် ကျယ်ဝန်းသော တမံပေါင်း ၄၀ ၊ ၅၀ ခန့်လည်း ရှိလေသည်။

တာ့လုံပေါင်ကို ထိုတမံများထဲမှ တစ်ခုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဂွမ်နန်ဒေသရှိ ၁၀၀ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသော မြေပြန့်လွင်ပြင်တစ်ခု ဖြစ်သည်။

ဤတာ့လုံပေါင်သည် တာ့ယန်နန်းတော်နှင့် မိုင် ၂၀၀ ကျော် ၊ ဖူကျိုးမြို့နှင့် မိုင် ၁၅၀ ၊ တုပိုင်၏ ယာဉ်တန်းကြီးနှင့် မိုင် ၃၀ သာ ဝေးကွာပြီး လီမိသားစု စစ်သည် ၃ သိန်းနှင့် မိုင် ၁၄၀ အကွာတွင် တည်ရှိလေ၏။

အကယ်၍ ဤနေရာတွင် လီမိသားစုကို တိုက်ခိုက်ရန် ရွေးချယ်လိုက်ပါက အချိန် ၄ ရက်ထက်ပို၍ စောနိုင်မည် ဖြစ်သည်။

တုပိုင် မျက်လုံးများကို ဖွင့်လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်၏။ “ငါ ဖူကျိုးမြို့ကို ပြန်မလှည့်တော့ဘူး... လီမိသားစုနဲ့ ဒီနေရာမှာပဲ ကြိုတင်ပြီး စစ်ခင်းတော့မယ်...”

ဖူဟုန်ပင်း လန့်သွားပြီး မေးလိုက်သည်။ “လီမိသားစု စစ်သည် ၃ သိန်းနဲ့ ကြိုတင်ပြီး တိုက်ပွဲဆင်နွှဲမယ် ဟုတ်လား... ဘယ်နေရာမှာလဲ...”

တုပိုင် မြေပုံကို ထုတ်လိုက်ပြီး ပြောလိုက်သည်။ “တာ့လုံပေါင်... ဒီနေရာနဲ့ မိုင် ၃၀ ကျော်ပဲ ဝေးတယ်...”

ထို့နောက် တုပိုင်သည် မြင်းသည်တော် တစ်ထောင်ကို ဦးဆောင်ကာ မိုင် ၃၀ ကျော် ဝေးကွာသော တာ့လုံပေါင်သို့ ကွင်းဆင်းစစ်ဆေးရန် အမြန်ဆုံး ထွက်ခွာသွားတော့သည်။

**--**--**--**--**--**--**--**

တာ့လုံပေါင်။ ဤနေရာသည် မိုမိသားစု စော်ဘွား တည်ဆောက်ခဲ့သော ကြီးမားသည့် စစ်ဘက်ဆိုင်ရာ ခံတပ်ကြီးတစ်ခုဖြစ်ပြီး စစ်တန်းလျားတစ်ခုအဖြစ်လည်း အသုံးပြုခဲ့သည်။

မိုမိသားစု စော်ဘွား ပုန်ကန်စဉ်က တာ့လုံပေါင်တွင် စစ်သည်အင်အား အများဆုံး ၈ သောင်းကျော် တပ်စွဲခဲ့ဖူး၏။။

ထိုစဉ်က တာ့လုံပေါင်ကို တည်ဆောက်ခဲ့ခြင်းမှာ မြောက်ဘက်သို့ ချီတက်လျှင် ကွေ့ကျိုးကို တိုက်ခိုက်နိုင်ရန်နှင့် အနောက်ဘက်သို့ ချီတက်လျှင် ကွန်းမင်းကို တိုက်ခိုက်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ တိုက်ပွဲများထဲမှ တစ်ပွဲကို တာ့လုံပေါင်တွင် တိုက်ခိုက်ခဲ့ဖူးသည်။

ဆုန်ချွဲ၏ စစ်သည် ၅ သောင်းက တိုက်စစ်ဆင်သူဖြစ်ပြီး မိုမိသားစု၏ စစ်သည် ၃ သောင်းက ခံစစ်ဆင်သူ ဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် ဆုန်ချွဲသည် ၇ ရက်အတွင်း တာ့လုံပေါင်ကို ဖြိုခွင်းနိုင်ခဲ့လေသည်။

ယနေ့တွင်မူ ဤစစ်တန်းလျားခံတပ်ကြီးသည် စွန့်ပစ်ခံထားရသည်မှာ ၁၀ နှစ်နီးပါး ရှိနေပြီဖြစ်သည်။

နာရီဝက်ကျော် ကြာပြီးနောက် တုပိုင်သည် လူသူကင်းမဲ့နေသော တာ့လုံပေါင်သို့ ရောက်ရှိလာခဲ့၏။

တာ့လုံပေါင် အတွင်းသို့ ဝင်ရောက်ပြီးနောက် တုပိုင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ ဤစစ်တန်းလျားခံတပ်ကြီးသည် တကယ်ပင် ကြီးမားကျယ်ဝန်းလှပြီး ဧက ၄၀၀၀ ၊ ၅၀၀၀ ကျော် ကျယ်ဝန်းကာ သာမန် မြို့ငယ်လေးတစ်မြို့ထက်ပင် ပိုမိုကြီးမားလေသည်။ စစ်သည် ၈ သောင်းကျော် တပ်စွဲခဲ့ဖူးသည် မဟုတ်ပါလော။

သို့သော် အားနည်းချက် အနည်းငယ် ရှိနေလေသည်။

ပထမဦးစွာ ထိုစဉ်က မိုမိသားစုသည် တာ့လုံပေါင်ကို တည်ဆောက်ရာ၌ စစ်ဆေးရေးဂိတ်တစ်ခုကို ကာကွယ်ရန်မဟုတ်ဘဲ တိုက်ခိုက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းများ လွှဲပြောင်းသယ်ယူရာ အရေးပါသော နေရာတစ်ခုလည်း ဖြစ်ခဲ့သဖြင့် ဤတမံနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤနေရာရှိ မြေမျက်နှာသွင်ပြင်သည် အလွန် ပြန့်ပြူးပြီး ကွင်းပြင်ကျယ်ကြီး ဖြစ်နေသည်။ ဖူကျိုးမြို့ထက်ပင် ပိုမို ကျယ်ဝန်းလှသည်။ ၁၀ ကီလိုမီတာကျော် ရှည်လျားသော မြေပြန့်လွင်ပြင်ကြီးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်တွေ့နိုင်လေသည်။

ထို့ကြောင့် ဤနေရာသည် စစ်တပ်အကြီးစားများကို အသုံးပြုရန် အလွန် သင့်တော်သည်။ လီမိသားစု၏ စစ်သည် ၃ သိန်းသည် ဖူကျိုးမြို့ပြင်တွင် ဖြန့်ကြက်ရန် ခက်ခဲသော်လည်း ဤနေရာတွင်မူ အပြည့်အဝ ဖြန့်ကြက်နိုင်မည်ဖြစ်ရာ တုပိုင်အတွက် အနည်းငယ် အဆင်မပြေနိုင်ပေ။

ဒုတိယအချက်အနေဖြင့် တာ့လုံပေါင်သည် လုံလောက်အောင် ကြီးမားပြီး စစ်သည် ၅ သောင်း ဆံ့သော်လည်း ကြီးမားသော စစ်စခန်းတစ်ခုသာ ဖြစ်ပြီး မြို့တစ်မြို့ မဟုတ်ပေ။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၆၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters