← Chapters

အခန်း (၅၆၉)

Vol. 57 Ch. 569

အခန်း (၅၆၉)

Vol. 57 Ch. 569

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တံတိုင်းရှိသည် ဆိုသော်ငြား ခိုင်ခံ့မှုကတော့ မဟန်ချေ။

ဤတံတိုင်းကို ရွှံ့မြေများဖြင့် တည်ဆောက်ထားပြီး အတွင်းနှင့် အပြင်ဘက်တွင် သစ်လုံးကြီးများဖြင့် ညှပ်ထားလေ၏။ တံတိုင်းအထူသည် မြို့ရိုးလောက် မထူထဲသော်လည်း နှစ်မီတာ၊ သုံးမီတာခန့်တော့ ရှိပေသည်။

အဓိက အားနည်းချက်မှာ တံတိုင်းက အလွန်နိမ့်နေခြင်းပင် ဖြစ်၏။ ဖူကျိုးမြို့ရိုးသည် ၈ မီတာ ၊ ၉ မီတာခန့် မြင့်မားသော်လည်း တာ့လုံပေါင်၏ တံတိုင်းမှာ ၅ မီတာခန့်သာ မြင့်သည်။

ထို့အပြင် ၁၀ နှစ်နီးပါး စွန့်ပစ်ခံထားရသဖြင့် ဤနေရာရှိ ခံတပ်အများစုမှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ သစ်သားအိမ် အများအပြား ပြိုကျနေပြီး ကျန်ရှိနေသော အိမ်များမှာလည်း မိုးယိုကာ မှိုများ တက်နေလေ၏။

အတိုချုပ်ပြောရလျှင် ဤနေရာ၏ ခံစစ်စွမ်းအားသည် ဖူကျိုးမြို့လောက် မကောင်းမွန်ပေ။ ဤနေရာတွင် အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲခြင်းသည် ခိုင်ခံ့သော ဖူကျိုးမြို့နှင့် ယှဉ်လျှင် များစွာ ပင်ပန်းခက်ခဲပေလိမ့်မည်။

သို့သော် တာ့လုံပေါင်တွင် အားသာချက်တစ်ခု ရှိနေသည်။ ယင်းမှာ တောင်ကို ကျောမှီထားပြီး တံတိုင်းမှာလည်း စက်ဝိုင်းခြမ်းပုံစံ ရှိသည့်အတွက် တစ်ဖက်တည်းကိုသာ ကာကွယ်ရန် လိုအပ်ခြင်းပင် ဖြစ်၏။

သေချာသည်မှာ ထိုသို့ဖြစ်နေခြင်းကြောင့် တံတိုင်းတစ်ခုလုံး၏ အလျားမှာ ၈ မိုင်ခန့် ရှည်လျားနေလေသည်။

နောက်ထပ် အားသာချက်တစ်ခုမှာ တာ့လုံပေါင်တစ်ခုလုံးကို တောင်ပေါ်တွင် တည်ဆောက်ထားခြင်းကြောင့် အောက်ဘက်ရှိ မြေပြန့်လွင်ပြင်ထက် မြေမျက်နှာသွင်ပြင် ပိုမိုမြင့်မားနေပြီး ရန်သူကို စီးမိုးကြည့်ရှုနိုင်ခြင်းပင် ဖြစ်သည်။

အခြေအနေအရပ်ရပ်သည် ဆိုးရွားနေသော်လည်း အနည်းဆုံးတော့ အဆုံးအဖြတ်တိုက်ပွဲကို လေးငါးရက်ခန့် စော၍ ဆင်နွှဲနိုင်မည် ဖြစ်၏။

တုပိုင်အတွက် အချိန်သည် အရေးကြီးဆုံး ဖြစ်ပေသည်။ တစ်ရက်စောလျှင် ပိုင်ဆယ်မြို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး လေးငါးရက် စောလျှင် လူပေါင်း သိန်းချီ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပေလိမ့်မည်။

ထို့ကြောင့် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။ အဆုံးအဖြတ် တိုက်ပွဲနေရာမှာ တာ့လုံပေါင်ပင် ဖြစ်သည်။ တုပိုင်သည် နှင်တံကို ဝှေ့ယမ်းရင်း ပြတ်သားစွာ အမိန့်ပေးလိုက်၏။

“ဖူဟုန်ပင်းကို အမိန့်ပေးလိုက်... မြင်းသည်တော် လေးထောင်ကို ဦးဆောင်ပြီး ထောက်ပို့ယာဉ်တန်းကို ကာကွယ်လျက် တာ့လုံပေါင်ကို လာခဲ့စေ... ပြီးတော့ ဧရာမလူသားတွေနဲ့ ကျွန်တွေကို တာ့လုံပေါင်ကို ပြုပြင်ဖို့ ၊ စစ်ပွဲကြီးအတွက် ပြင်ဆင်ဖို့ အချိန်လုပြီး လုပ်ဆောင်ခိုင်းလိုက်...”

“ဟုတ်ကဲ့ပါ...”

ဧရာမဝံပုလွေ ကင်းထောက်သည် မြင်းသည်တော်များကို ဦးဆောင်ကာ ဖူဟုန်ပင်း ကာကွယ်စောင့်ရှောက်ထားသော ထောက်ပို့ယာဉ်တန်းရှိရာသို့ ဒုန်းစိုင်း ထွက်ခွာသွားလေ၏။

တစ်ချိန်တည်းတွင် တုပိုင်သည်လည်း ဖူကျိုးမြို့သို့ အမြန်ပြန်လာလိုက်သည်။

**--**--**--**--**--**--**--**

တုပိုင် ဦးဆောင်သော တပ်ဖွဲ့သည် ဧရာမဝံပုလွေများကို စီးနင်းထားသဖြင့် အလွန် လျင်မြန်လှရာ တစ်နာရီကျော်ခန့် အကြာတွင် ဖူကျိုးမြို့ထဲသို့ ဝင်ရောက်လာနိုင်ခဲ့သည်။

“ဖူကျိုးမြို့ကို စောင့်ရှောက်ဖို့ စစ်သည် နှစ်ထောင် ချန်ထားခဲ့မယ်...”

“အဓိကအချက်က စပါးကျီကို စောင့်ကြပ်ဖို့ပဲဆိုတာ မှတ်ထားပါ... ပြည်သူတွေ ဆန်ထုတ်ယူနိုင်ဖို့ မနက်ပိုင်း တစ်နာရီပဲ မြို့တံခါးဖွင့်မယ်... ကျန်တဲ့အချိန်တွေမှာ လမ်းပေါ်ထွက်တဲ့ ဘယ်သူ့ကိုမဆိုသတ်...”

“လီမိသားစု စစ်တပ်က ဖူကျိုးမြို့ကို တိုက်ခိုက်ဖို့ တပ်ခွဲလာတာနဲ့ မင်းတို့ စစ်သည် နှစ်ထောင် ချက်ချင်း တပ်ဆုတ်ပြီး ပိုင်ဆယ်မြို့ကို အမြန်ဆုံး ပြန်ရမယ်...”

“မြို့ထဲက လူတွေထဲက ပြဿနာရှာရဲတဲ့ကောင် ရှိရင် သတ်ပစ်ဖို့ ဝန်မလေးနဲ့...”

တုပိုင်သည် အမိန့်များကို ဆက်တိုက် ပေးလိုက်လေသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ မြို့စားမင်းလေးတစ်ပါးကို ဖူကျိုးမြို့အား စောင့်ကြပ်ရန် တုပိုင်က တာဝန်ပေးထားခဲ့ခြင်း ဖြစ်သည်။ တုပိုင်၏ အမိန့်ကို ကြားပြီးနောက် သူသည် ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

“သခင်ကြီးရဲ့ အမိန့်အတိုင်းပါ...”

ထို့နောက် တုပိုင်သည် စစ်သည်အင်အား ၄၃,၀၀၀ ကို ဦးဆောင်ကာ ဖူကျိုးမြို့မှ ခမ်းနားစွာ ထွက်ခွာလာပြီး မိုင် ၁၅၀ ကွာဝေးသော တာ့လုံပေါင်သို့ ဦးတည် ချီတက်လေတော့သည်။

**--**--**--**--**--**--**--**

၃၆ နာရီ ကြာပြီးနောက် တုပိုင် ဦးဆောင်သော စစ်သည် ၄၃,၀၀၀ သည် တာ့လုံပေါင်သို့ ဝင်ရောက်လာကြသည်။ ဖူဟုန်ပင်း ကာကွယ်စောင့်ရှောက်လာသော မြင်းသည်တော် လေးထောင်နှင့် ထောက်ပို့ယာဉ်တန်းမှာမူ လွန်ခဲ့သော နာရီအနည်းငယ်ကတည်းက ရောက်ရှိနေပြီ ဖြစ်သည်။

ယခုအချိန်တွင် တာ့လုံပေါင်တစ်ခုလုံးသည် ကြီးမားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးတစ်ခု ဖြစ်လာလေ၏။

ကျွန်ထောင်ပေါင်းများစွာသည် တံတိုင်းပေါ်တွင် အနားယူနေကြပြီး ဧရာမလူသား တစ်ထောင်မှာမူ သစ်များကို ခုတ်ထွင် ရှင်းလင်းနေကြသည်။

တုပိုင်သည် တံတိုင်းပေါ်သို့ တက်လိုက်ပြီး အရေးကြီးဆုံး လုပ်ငန်းတာဝန်များထဲမှ တစ်ခုဖြစ်သော အမြောက်များ နေရာချထားခြင်းကို စတင်လေသည်။

လိုအပ်လျှင် တံတိုင်းပေါ်တွင် ယာယီအမြောက်စင်များ တည်ဆောက်ရန် အမှန်တကယ် လိုအပ်ပေသည်။

တာ့လုံပေါင်သည် ဧက ၄,၀၀၀ ကျော် ကျယ်ဝန်းပြီး စက်ဝိုင်းခြမ်းပုံစံ တံတိုင်းမှာ မီတာ ၄,၀၀၀ ကျော် ရှည်လျားလေသည်။ ၁၂ ပေါင်အမြောက် ၇၀ ကို မီတာ ၅၀ ၊ ၆၀ ခန့်ခြား၍ နေရာချထားလိုက်ရာ လက်ခံနိုင်ဖွယ် ရှိပေသည်။

ထိုအချိန်တွင် တုပိုင်သည် ပျက်စီးသွားသော ၆ ပေါင်အမြောက် ၁၃၀ အတွက် နှမြောတသ ဖြစ်မိသွားသည်။ ကံဆိုးစွာဖြင့် အားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သို့မဟုတ်ပါက အမြောက် ၂၀၀ ၏ စွမ်းအားမှာ ပိုမို ပြင်းထန်ပေလိမ့်မည်။

မကြာမီ တုပိုင်သည် ယာယီအမြောက်စင် ၇၀ ၏ တည်နေရာများကို သတ်မှတ်လိုက်သည်။ ထို့နောက် တံတိုင်းကို အမှီပြု၍ ယာယီအမြောက်စင် ၇၀ တည်ဆောက်ရန် လူသောင်းချီကို စုစည်းရပေမည်။

တာ့လုံပေါင် စစ်တန်းလျားခံတပ်ကြီး တစ်ခုလုံးတွင် အလုပ်များ ရှုပ်ယှက်ခတ်နေပြီး တုပိုင်သည် စစ်သည်သောင်းချီကို ဦးဆောင်ကာ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေလေသည်။

တုပိုင် တံတိုင်းပေါ်တွင် ရပ်လျက် အောက်ဘက်ရှိ ကျယ်ဝန်းသော ကွင်းပြင်ကြီးကို ငုံ့ကြည့်လိုက်သည်။ ရက်အနည်းငယ် ကြာလျှင် ဤကွင်းပြင်ကြီး၌ လီမိသားစု၏ စစ်သည် သိန်းချီဖြင့် ပြည့်နှက်နေပေတော့မည်။

ဖူဟုန်ပင်းက ပြောလိုက်သည်။

“သခင်ကြီး... မြေပြင်အနေအထားက အရမ်း ပြန့်ပြူးလွန်းနေတယ်... ရန်သူစစ်သည် သိန်းချီ ဖြန့်ခင်းဖို့ လုံလောက်နေတာမို့ ကျမတို့ ခံစစ်အတွက် အရမ်း အားနည်းပါတယ်...”

ဟုတ်ပေသည်။ စတုရန်းကီလိုမီတာ ၁၀ ဂဏန်းကျော် ကျယ်ဝန်းသော မြေပြန့်လွင်ပြင်ကြီး ဖြစ်သည်။ ထိုစဉ်က မိုမိသားစု စစ်သည်များ စစ်ရေးလေ့ကျင့်ရန် အထူးရွေးချယ်ထားသော နေရာဖြစ်ပေသည်။

“ငါသိတယ်...” တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ ငါက အချိန်နဲ့အပြိုင် လုနေရတာ... ဖူကျိုးမြို့ထဲမှာ စစ်ပွဲအကြီးကြီး မဖန်တီးချင်ဘူး... ကွင်းပြင်တိုက်ပွဲ စစ်စစ်ထက်စာရင် ဒီလို ကြီးမားတဲ့ စစ်စခန်းမျိုး ရှိနေတာက ပိုကောင်းပါသေးတယ်...”

ဖူဟုန်ပင်းက မေးလိုက်၏။

“စစ်စခန်းတံတိုင်းရှေ့မှာ ကတုတ်ကျင်းတွေ တူးပြီး အတားအဆီးတွေ လုပ်ထားဖို့ လိုမလား...”

ယခင်က လီမိသားစု နယ်စားမင်းနှင့် တိုက်ပွဲတွင် ပိုင်ဆယ်မြို့ရှေ့ရှိ အတားအဆီးများသည် ကြီးမားသော အထောက်အကူ ပြုခဲ့ဖူးသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် တုပိုင် ခေါင်းခါလိုက်သည်။

“မလိုဘူး... ဒီတိုင်းပဲ ထားလိုက်...”

အဘယ်ကြောင့်ဆိုသော် ရန်သူကို အသေအပျောက် အများဆုံး ဖြစ်စေနိုင်သည်မှာ ကျည်စေ့ဗုံးများဖြစ်သောကြောင့်ပင်။ အကယ်၍ အတားအဆီး တံတိုင်းများနှင့် ကတုတ်ကျင်းများ ရှိနေပါက ရန်သူများ ကွယ်ဝှက်ရှောင်တိမ်းနိုင်သွားပြီး အကျိုးရှိသွားစေနိုင်သည်။

အချိန်များ ကုန်ဆုံးလာလေ၏။

တုပိုင်၏ စစ်တပ်သည် အချိန်ကို လုကာ ယာယီအမြောက်စင် ၇၀ ကို တည်ဆောက်ပြီး စစ်စခန်းတံတိုင်းကို ပြုပြင်ကာ စစ်ပွဲအတွက် လိုအပ်သည်များကို ပြင်ဆင်ကြသည်။

လေထုသည် တင်းမာလွန်းသဖြင့် ခဲသွားမတတ်ပင်။

**--**--**--**--**--**--**--**

လီမိသားစု အဓိကတပ်မကြီး၏ စစ်သည် ၃ သိန်း စစ်စခန်းချရာ နေရာ၌ စစ်စခန်းများသည် မိုင်ပေါင်းများစွာ ရှည်လျားပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးကို မြင်နိုင်စွမ်း မရှိပေ။

အိမ်ရှေ့စံ လီကျန့် စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ အမှန်တကယ်တွင် ယူနန်နှင့် ကွမ်ရှီးကဲ့သို့သော နေရာမျိုးများသည် လူသိန်းချီ ချီတက်ရန် မသင့်တော်ပေ။

သို့သော် မတတ်နိုင်ပေ။ ဘုရင်ကိုယ်တိုင် စစ်ချီလာခြင်းဖြစ်ရာ အင်အားကြီးမားပြီး ခမ်းနားထည်ဝါရပေမည်။

ထို့အပြင် ဤတိုက်ပွဲသည် တုပိုင်၏ အဓိကတပ်မကြီးကို ချေမှုန်းရုံသာမက ဖူကျိုးမြို့နှင့် ပိုင်ဆယ်မြို့ကို ပြန်လည်သိမ်းပိုက်ကာ ကွမ်ရှီးပြည်နယ်၏ ထက်ဝက်ကိုပါ သိမ်းပိုက်ရမည် ဖြစ်သည်။

လီရူဟိုင် အမြဲပြောလေ့ရှိသည့် စကားတစ်ခွန်း ရှိသည်။ တုပိုင်သည် တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင် ဖြစ်သဖြင့် သူ့ကို အမြစ်ပြတ် ချေမှုန်းရန် အစွမ်းကုန် ကြိုးစားရပေမည်။

ထို့ကြောင့် ကြက်ကလေးတစ်ကောင် သတ်ဖို့အတွက် တူကြီးကို ထုတ်သုံးသကဲ့သို့ စစ်သည်အင်အား ၃ သိန်းကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

လီရူဟိုင်သည် ထူးခြားသော စရိုက်ရှိသူ ဖြစ်သည်။ ထုံးစံအရဆိုလျှင် ဘုရင်နှင့် အိမ်ရှေ့စံ နှစ်ပါးအနက် တစ်ပါးက နန်းတော်တွင် ကျန်ရစ်ခဲ့ရမည် ဖြစ်သော်လည်း သူကမူ ထိုသို့ မလုပ်ပေ။ ထိုအစား သူ၏ မိဖုရားကိုသာ နန်းတော်တွင် နေရစ်စေခဲ့သည်။

ဘုရင့်တဲနန်းဆောင်သို့ ဝင်ရောက်လာရာ လီကျန့်သည် သူ၏ ခမည်းတော် လီရူဟိုင်က သတင်းလွှာတစ်စောင်ကို ကိုင်လျက် အံ့သြနေသော မျက်နှာထားဖြင့် ရှိနေသည်ကို မြင်လိုက်ရသည်။

အိမ်ရှေ့စံ လီကျန့်က မေးလိုက်၏။

“ခမည်းတော်... ဘာဖြစ်လို့လဲ...”

လီရူဟိုင်က သတင်းလွှာကို ကမ်းပေးလိုက်သည်။

အိမ်ရှေ့စံ လီကျန့် ယူကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။

“တုပိုင် ရူးသွားပြီလား... ဦးနှောက်ပဲ ရေဝင်သွားတာလား... သူ အပိုင်သိမ်းထားတဲ့ ဖူကျိုးမြို့မှာ မနေဘဲ အဓိကတပ်တွေကို ဦးဆောင်ပြီး တာ့လုံပေါင်ကို သွားတယ်တဲ့လား...”

သူ တကယ်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။

“ဖူကျိုးမြို့က ခိုင်ခံ့တဲ့ မြို့တစ်မြို့လေ... ခံစစ်အတွက် လွယ်ကူပြီး တိုက်စစ်ဆင်ဖို့ ခက်ခဲတယ်... တုပိုင်က အဲဒီမှာနေပြီး ငါတို့နဲ့ အဆုံးအဖြတ်တိုက်ပွဲ မနွှဲဘဲ တာ့လုံပေါင်မှာ တိုက်ဖို့ ကိုယ်တိုင် ထွက်လာပြီး ရွေးချယ်လိုက်တယ်ပေါ့...” လီကျန့် ဆက်ပြောလိုက်သည်။ “အဲဒီနေရာက ပြန့်ပြူးပြီး ကွင်းပြင်ကျယ်ကြီးလေ... ငါတို့လို စစ်သည်အင်အား အများအပြား ဖြန့်ခင်းပြီး တိုက်ခိုက်ဖို့ အသင့်တော်ဆုံးပဲ... ပြီးတော့ အဲဒီနေရာက ၁၀ နှစ်နီးပါး စွန့်ပစ်ခံထားရတဲ့ စစ်စခန်းဟောင်းကြီး... တံတိုင်းတွေကလည်း ရွှံ့တွေ သစ်သားတွေနဲ့ လုပ်ထားတာ... အမြင့်ကလည်းမီတာအနည်းငယ်တောင် မပြည့်ချင်ဘူး...”

တာ့ယန်ဘုရင် လီရူဟိုင် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters