အခန်း (၅၇၀)
Vol. 57 Ch. 570
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
အိမ်ရှေ့စံ လီကျန့်က ဆက်ပြောလိုက်သည်။
“အဲဒီတုန်းက မိုမိသားစု စစ်သည် ၃ သောင်းက တာ့လုံပေါင်ကို ကာကွယ်ခဲ့ပြီး ဆုန်ချွဲက စစ်သည် ၅ သောင်းနဲ့ လာတိုက်ခဲ့တယ်... ၁၀ ရက်တောင် မခံလိုက်ရဘူး ကျဆုံးသွားခဲ့တာပဲ... အခု တုပိုင်ဆီမှာ စစ်သည်အင်အား ၅ သောင်းတောင် မပြည့်ဘူး... ကျနော်တို့မှာ ၃ သိန်းတောင် ရှိတာ... အင်အားချင်း ၆ ဆလောက် ကွာခြားနေတဲ့အပြင် ၁၀ နှစ်လောက် စွန့်ပစ်ထားတဲ့ ဒီလို စစ်စခန်းဟောင်းကြီးတစ်ခုကို ဖြိုခွင်းဖို့ဆိုတာ လွယ်ကူလွန်းနေမနေဘူးလား...”
လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး အိမ်ရှေ့စံ လီကျန့်က ဆက်ပြောလိုက်သည်။
“ခမည်းတော်... ဘာဖြစ်လို့များ ဒီလို ဖြစ်နေရတာလဲ...”
လီရူဟိုင်က ပြန်ဖြေလိုက်၏။
“ရွှမ်ချန်နယ်စားမင်းနဲ့ ယွမ်ထျန်ကျောက်တို့ရဲ့ စစ်သည် ၁ သိန်း ၂ သောင်းက ပိုင်ဆယ်မြို့ဆီကို ဦးတည် ချီတက်နေကြပြီလေ... တုပိုင်က ပိုင်ဆယ်မြို့ကို ပြန်ကယ်ဖို့ အချိန်ရအောင်လို့ ငါတို့နဲ့ ကြိုတင်ပြီး စစ်ခင်းချင်နေတာ...”
အိမ်ရှေ့စံ လီကျန့်က ပြောလိုက်သည်။
“သူ... သူက ကျနော်တို့ရဲ့ စစ်သည် ၃ သိန်းကို အနိုင်ယူချင်သေးတာလား... ဒီလူ ရူးနေပြီ... လုံးဝ ရူးသွပ်နေပြီ...”
ဘေးနားရှိ အဘိုးအိုတစ်ဦးက ဝင်ပြောလိုက်သည်။
“အိမ်ရှေ့စံမင်းသား... လီရူလုံနဲ့ အက်စ်တို့လည်း ရှုံးနိမ့်သွားခဲ့တယ်ဆိုတာ မမေ့ပါနဲ့...”
အိမ်ရှေ့စံ လီကျန့်က တုံ့ပြန်လိုက်သည်။ “အက်စ်ရဲ့ စစ်သည် ၅ သောင်း ရှုံးနိမ့်သွားတာက သူတို့ကိုယ်သူတို့ ဖျက်ဆီးလိုက်လို့ပါ... ထောက်လှမ်းရေးသတင်းတွေအရ သူတို့ဆီက ရေနံဆီတွေ ပေါက်ကွဲပြီး မီးလောင်လို့ စစ်သည်တွေ အကုန်လုံး သေဆုံးကုန်ကြတာလို့ သိရတယ်... တုပိုင်က အခွင့်ကောင်းယူပြီး ဝင်တိုက်လိုက်တာပါ...”
ထို့နောက် အိမ်ရှေ့စံ လီကျန့်က ဆက်ပြောလိုက်သည်။
“ဘုန်းတော်ကြီးအကြီးအကဲ... ကျနော်တို့ရဲ့ စစ်သည် ၃ သိန်းက တုပိုင်ရဲ့ ၄ သောင်းကျော်လောက်ကို မချေမှုန်းနိုင်ဘူးလို့ ထင်နေတာလား...”
အဘိုးအိုက ပြန်ဖြေလိုက်သည်။
“သေချာပေါက် ချေမှုန်းနိုင်ပါတယ်... ကျနော် ပြောချင်တာက ကျနော်တို့ဘက်က အဘက်ဘက်က အသာစီးရနေပေမယ့် အိမ်ရှေ့စံမင်းသားအနေနဲ့ ရန်သူကို လျှော့မတွက်စေချင်လို့ပါ...”
လီရူဟိုင် ဖြစ်စေ ၊ လီကျန့် ဖြစ်စေ ၊ ဘုန်းတော်ကြီးအကြီးအကဲ ဖြစ်စေ... မည်သူကမျှ တုပိုင် အသက်ရှင်လွတ်မြောက်နိုင်မည်ဟု မထင်ကြပေ။
ပထမဦးစွာ တုပိုင်၏ စစ်တပ်သည် ပြင်းထန်သော တိုက်ပွဲနှစ်ခုကို ဆင်နွှဲခဲ့ပြီး မိုင်ပေါင်း ရာနှင့်ချီ၍ ချီတက်လာခဲ့ရသည်။
အရေးအကြီးဆုံးအချက်မှာ မြို့ကို အခိုင်အမာ ကာကွယ်ခြင်းမပြုဘဲ ပျက်စီးယိုယွင်းနေသော စစ်စခန်းဟောင်းကြီးတစ်ခုတွင် အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရန် ရွေးချယ်လိုက်ခြင်းပင်။ ဤသည်ကား အချိန်အခါကောင်းနှင့် မြေနေရာကောင်းကို လီမိသားစု လက်ထဲသို့ ထိုးအပ်လိုက်ခြင်းပင် ဖြစ်၏။
၃ သိန်း နှင့် ၄ သောင်းကျော်။ တုပိုင်မပြောနှင့် နတ်ဘုရားတစ်ပါး ဆင်းကယ်လျှင်ပင် ကျိန်းသေပေါက် စစ်ရှုံးပေလိမ့်မည်။
အိမ်ရှေ့စံ လီကျန့်က မေးလိုက်သည်။
“ခမည်းတော်... ဖူကျိုးမြို့ကို တိုက်ခိုက်ပြီး တုပိုင်ရဲ့ လမ်းကြောင်းကို ဖြတ်တောက်ဖို့အတွက် တပ်ခွဲလွှတ်လိုက်မလား...”
လီရူဟိုင် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“သူ့မှာ ထွက်ပြေးစရာလမ်း ရှိသေးလို့လား...”
နောက်တစ်နေ့တွင် လီရူဟိုင် အမိန့်ပေးလိုက်သည်။
စစ်သည် ၃ သိန်းသည် စစ်စခန်းမှ ထွက်ခွာကာ တာ့လုံပေါင်သို့ ခမ်းနားကြီးကျယ်စွာ ချီတက်ကြလေတော့၏။
**--**--**--**--**--**--**--**
သုံးရက် ကြာပြီးနောက်... ပိုင်ဆယ်မြို့ရိုးပေါ်တွင်...
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ကမ္ဘာမြေကြီးက ထပ်မံ တုန်ခါလာရပြန်၏။ နောက်ဆုံးစစ်ပွဲကြီး ပြီးဆုံးသွားသည်မှာ သုံးလခန့်သာ ရှိသေးသည်။
ပိုင်ဆယ်မြို့သည် ရက်စက်ကြမ်းကြုတ်သော ရန်သူများကို ထပ်မံ ရင်ဆိုင်ရပြန်ပြီဖြစ်၏။ ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်သည် ၇ သောင်းသည် ကြီးမားသော အရှိန်အဝါဖြင့် မြို့အနီးသို့ ချဉ်းကပ်လာကြသည်။
“ဧကရာဇ်ဘက်တော်သားတွေ... သစ္စာဖောက်တွေကို အပြစ်ပေးကြ... တုပိုင်ကို သတ်ကြ...”
“ဧကရာဇ်ဘက်တော်သားတွေ... သစ္စာဖောက်တွေကို အပြစ်ပေးကြ... တုပိုင်ကို သတ်ကြ...”
**--**--**--**--**--**--**--**
တာ့လုံပေါင် အတွင်း၌မူ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ မိုင်ဆယ်ဂဏန်း ပတ်လည်ရှိ ငှက်များနှင့် သားရဲတိရစ္ဆာန်များသည် အစအနမကျန် ထွက်ပြေးသွားကြ၏။ သို့မဟုတ် တွင်းအောင်းကာ တုန်လှုပ်နေကြပြီ ဖြစ်သည်။
ယာယီအမြောက်စင် ၇၀ ကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်၏။
၁၂ ပေါင်အမြောက် ၇၀ စလုံးကို အမြောက်စင်များပေါ်တွင် နေရာချထားပြီး ဖြစ်၏။ အမြောက်တစ်လက်လျှင် အမြောက်တပ်သား ၅ ဦးနှင့် စစ်သည် ၁၀ ဦး စောင့်ကြပ်ထားသည်။
မီတာ ၄,၀၀၀ ကျော် ရှည်လျားသော တံတိုင်းပေါ်တွင် လက်ရွေးစင် သူရဲကောင်းစစ်သည် ၁ သောင်းကျော် တပ်စွဲထားသည်။ ကျန်ရှိသော သူရဲကောင်းစစ်သည် ၃ သောင်းကျော်သည် တံတိုင်း၏ နောက်ဘက်တွင် သေသပ်စွာ တန်းစီနေကြ၏။
လူသောင်းချီ ရှိသော်လည်း မည်သူမျှ အသံမထွက်သလို ချောင်းပင် မဟန့်ကြပေ။ သို့သော် အသက်ရှူသံနှင့် နှလုံးခုန်သံများကိုတော့ တားဆီး၍ မရနိုင်ပေ။ ကြည်လင်ပြတ်သားသော နှလုံးခုန်သံများနှင့် အသက်ရှူသံများသည် လေထုထဲတွင် ပိုမို တိတ်ဆိတ်ပြီး ဖိစီးမှု များစေလေသည်။
ယနေ့ ရာသီဥတု အခြေအနေ မကောင်းလှပေ။ မိုးအုံ့နေပြီး လေထုမှာ စိုစွတ်ကာ အလွန်အမင်း အိုက်စပ်နေသည်။ စက်တင်ဘာလ ရောက်နေပြီဖြစ်သော်လည်း ပူအိုက်နေဆဲပင်။
“ဝုန်း... ဝုန်း... ဝုန်း...”
ရုတ်တရက် ကောင်းကင်မှ မိုးချုန်းသံ အနည်းငယ် ထွက်ပေါ်လာသည်။ တုပိုင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ မိုးတိမ်မည်းများက နေမင်းကို ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရသည်။
‘မိုးမရွာပါစေနဲ့...’
လေထုသည် ရေများ ယိုစီးကျလာမတတ် ခဲသွားသလို ခံစားရသည်။ တံတိုင်းပေါ်ရှိ သူရဲကောင်းစစ်သည် ၁ သောင်းကျော်သည် မလှုပ်မယှက် မတ်တပ်ရပ်နေကြဆဲပင်။
အမြောက်တပ်သား ရာပေါင်းများစွာသည် အမြောက်ပြောင်းများကို တိတ်ဆိတ်စွာ ပွတ်တိုက်ဆေးကြောရင်း ယမ်းမှုန့်များကို အကြိမ်ကြိမ် စစ်ဆေးနေကြသည်။
ရုတ်တရက် တုပိုင်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
‘လာပြီ...’
အဝေးတစ်နေရာမှ နဂါးမည်းကြီးတစ်ကောင် ထွက်ပေါ်လာသည်။ လီမိသားစု၏ အဓိကတပ်မကြီး ရောက်လာလေပြီ။ စစ်သည်အင်အား ၃ သိန်းတိတိပင်ဖြစ်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ထိုနဂါးမည်းကြီးသည် ပိုမို ရှည်လျားလာပြီး ပိုမို ကြီးမားလာကာ တုပိုင်တို့နှင့် ပိုမို နီးကပ်လာသည်။ ကမ္ဘာမြေကြီးတစ်ခုလုံး စတင် တုန်ခါလာလေ၏။
“ဝေါ...”
ရုတ်တရက် သစ်တောထဲမှ ငှက်ထောင်ပေါင်းများစွာ ပျံတက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားကာ ခဏအတွင်းမှာပင် အစအနမကျန် ထွက်ပြေးသွားကြသည်။
သူတို့သည် အသိုက်ထဲတွင် ပုန်းအောင်းကာ အသံမထွက်ရဲဘဲ နေခဲ့ကြသော်လည်း ယခုအခါ လီမိသားစု စစ်သည် သိန်းချီကို မြင်လိုက်ရသောကြောင့် ကြောက်လန့်တကြား ထွက်ပြေးကုန်ကြခြင်း ဖြစ်သည်။
လီမိသားစု တာ့ယန်တိုင်းပြည်၏ စစ်သည် ၃ သိန်းသည် အမှောင်ထုထဲမှ ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ တဖြည်းဖြည်း နီးကပ်လာနေသည်။
ကောင်းကင်ပေါ်မှ မိုးတိမ်မည်းများသည်လည်း နိမ့်သထက် နိမ့်ဆင်းလာသည်။ ကောင်းကင်ကြီးက မည်းသထက် မည်းမှောင်လာ၏။
လေတိုးသံ တစ်ချက်မျှပင် မကြားရပေ။
“ဘုန်း... ဘုန်း... ဘုန်း...”
မိုးချုန်းသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။
**--**--**--**--**--**--**--**
သုံးနာရီ ကြာပြီးနောက် လီမိသားစု တာ့ယန်တိုင်းပြည်၏ စစ်သည် ၃ သိန်းသည် တာ့လုံပေါင်၏ ရှေ့မှောက်သို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤသည်ကား တုပိုင်အတွက် စစ်သည် ၃ သိန်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ စစ်သည်များ ဖြန့်ခင်းလိုက်သောအခါ အဆုံးအစမရှိသော ပင်လယ်နက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်သွားသည်။
မြေပြင်တစ်ခုလုံး မည်းနက်နေပြီး အားလုံးက စစ်သည်များသာ ဖြစ်ကြသည်။ စစ်သည် ၃ သိန်း နေရာယူထားသော ဧရိယာသည် ဧက ၄,၀၀၀ ကျယ်ဝန်းသော တာ့လုံပေါင်ထက်ပင် များစွာ ကြီးမားနေပြီး တာ့လုံပေါင်တစ်ခုလုံးကို တစ်လုပ်တည်းနှင့် မျိုချပစ်နိုင်မည့် ဧရာမ အမှောင်သားရဲကြီးတစ်ကောင်နှင့် တူလှသည်။
တာ့ယန်ဘုရင် လီရူဟိုင် ကိုယ်တိုင်ပင်လျှင် ကောင်းကင်နှင့် နေမင်းကို ဖုံးကွယ်ထားနိုင်လောက်သော ဤမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က စုစည်းမှုနှင့် ချီတက်မှုများတွင် အုပ်စုများ ခွဲထားလေ့ရှိပြီး စစ်သည် ၃ သိန်းလုံး တစ်နေရာတည်းတွင် စုစည်းခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။ သူ၏ စိတ်နှလုံးသည် အလွန်တရာ ဂုဏ်ယူဝင့်ကြွားနေမိသည်။
သူသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်မည့် စွမ်းအားကို ပိုင်ဆိုင်ထားပြီဟု ခံစားလိုက်ရသည်။ ဤစစ်သည် သိန်းပေါင်းများစွာသည် ဧရာမနဂါးကြီးများကဲ့သို့ပင် စကြဝဠာကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး နေ ၊ လ နှင့် ကြယ်များကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
ဤစစ်သည် သိန်းပေါင်းများစွာနှင့် ယှဉ်လိုက်လျှင် သူ၏ ပြိုင်ဘက်ကင်း သိုင်းပညာသည် ဘာမှ မဟုတ်တော့ပေ။
“တွန်း... တွန်း... တွန်း... တွန်း...”
အားကောင်းမောင်းသန် စစ်သည်သောင်းချီက အသံကုန် အော်ဟစ်ကာ ဧရာမ ကျောက်ခဲပစ်စက် ၂၀၀ ကျော်ကို ခက်ခက်ခဲခဲ တွန်းရွှေ့လာကြသည်။
နာရီဝက်ကျော် ကြာပြီးနောက် ဧရာမ ကျောက်ခဲပစ်စက် ၂၀၀ ကျော်ကို တာ့လုံပေါင် တံတိုင်းနှင့် မီတာ ၄၀၀ အကွာသို့ တွန်းပို့လိုက်ကြသည်။
“စစ်သည်တို့... ရှေ့တက်...”
အမိန့်ပေးလိုက်သည်နှင့် အမိန့်ပေးအလံ ဒါဇင်ပေါင်းများစွာသည် တစ်ပြိုင်နက် ဝှေ့ယမ်းသွားကြသည်။ လီမိသားစု စစ်သည် သိန်းပေါင်းများစွာနှင့် စစ်ကြောင်း ရာပေါင်းများစွာသည် စနစ်တကျ ခမ်းနားစွာ ရှေ့သို့ ချီတက်လာကြသည်။
“ရပ်...”
ရှေ့တန်းစစ်သည်များသည် တာ့လုံပေါင် တံတိုင်းနှင့် ၄၃၀ မီတာ အကွာတွင် ရပ်တန့်လိုက်ကြသည်။ စစ်သည် သိန်းပေါင်းများစွာသည် အမည်းရောင် မျဉ်းကွေးကြီးတစ်ခုအဖြစ် တာ့လုံပေါင်တစ်ခုလုံးကို လုံခြုံစွာ ဝိုင်းရံထားလိုက်ကြသည်။
အိမ်ရှေ့စံ လီကျန့်သည် ဘုရင် လီရူဟိုင်၏ ရှေ့သို့ ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ လျှောက်တင်လိုက်သည်။
“ခမည်းတော်...”
လီရူဟိုင် ကိုယ်တိုင် အိမ်ရှေ့စံ လီကျန့်အား မီးလျှံနက် အလံတော်ကို ကမ်းပေးလိုက်သည်။ လီကျန့် အလံကို ယူလိုက်ပြီး ၁၀ မီတာကျော် မြင့်မားသော သစ်သားစင်မြင့်ပေါ်သို့ တက်ကာ အော်ဟစ်လိုက်သည်။
“ကျောက်ခဲပစ်စက်တွေ အားလုံး... အဆင်သင့်ပြင်...”
ရုတ်တရက် ဧရာမ ကျောက်ခဲပစ်စက် ၂၀၀ ကျော် အားလုံး ပွင့်သွားကြသည်။ တာ့လုံပေါင် တံတိုင်းပေါ်ရှိ စင်မြင့်ပေါ်တွင် တုပိုင်သည် အလံကို မြှောက်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“အမြောက်တွေ အားလုံး... အဆင်သင့်ပြင်...”
သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေလေ၏။
၁၂ ပေါင်အမြောက်ကြီးများသည် တာ့နင်အင်ပါယာ၏ စစ်မြေပြင်ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် အပြောင်းအလဲများ ပြုလုပ်ချင်သည်။ သမိုင်းကို ဖန်တီးချင်သည်။ သမိုင်းကို ပြောင်းလဲချင်သည်။
၁၂ ပေါင်အမြောက်ကြီး ၇၀ သည် အမြောက်တပ်သား ရာပေါင်းများစွာ၏ ထိန်းချုပ်မှုအောက်တွင် ပထမဆုံးအကြိမ် ချိန်ရွယ်ခြင်းကို ပြီးမြောက်သွားကြပြီ ဖြစ်သည်။
အိမ်ရှေ့စံ လီကျန့် အော်ဟစ်လိုက်သည်။
“ပစ်...”
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ဧရာမ ကျောက်ခဲပစ်စက် ၂၀၀ ကျော်သည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြပြီး ပေါင်ချိန် ၁၀၀ လေးလံသော ကျောက်တုံးဗုံးများကို အပြင်းအထန် ပစ်လွှတ်လိုက်ရာ လေထုကို ခွင်းလျက် တာ့လုံပေါင်ဆီသို့ ဦးတည် ကျရောက်လာကြသည်။
တုပိုင် အော်ဟစ်လိုက်သည်။
“ပစ်...”
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
အမြောက် ၇၀ သည် ရုတ်တရက် ဟိန်းဟောက်လိုက်ကြသည်။ ထိုအခိုက်အတန့်သည် တကယ်ကို ကမ္ဘာမြေကြီး တုန်ဟီးသွားစေသည့် အခိုက်အတန့်ပင် ဖြစ်၏။
ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များသည် အမြောက်ပြောင်းဝမှ ပန်းထွက်လာသည်။
၁၂ ပေါင် အမြောက်ဆံ အလုံးရေ ၇၀ သည် အံ့မခန်းဖွယ်ရာ အရှိန်အဟုန်ဖြင့် ပင်လယ်ပြင်ကြီးသဖွယ် ကျယ်ပြန့်သော စစ်တပ်ကြီးဆီသို့ အမည်းရောင် လျှပ်စီးတန်းများကဲ့သို့ ပျံသန်းသွားလာကြ၏။
“ရွှီး... ရွှီး... ရွှီး...”
လေထုထဲတွင် စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံများ ထွက်ပေါ်လာသည်။
ခဏအကြာတွင် ထိုအမြောက်ဆံများသည် လီရူဟိုင်၏ စစ်တပ်ထဲသို့ အလွန် ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားကြတော့သည်။ ရုတ်တရက် များပြားလှသည့် ပျက်စီးခြင်းများ ဖြစ်ပေါ်လာတော့သည်။
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၇၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team